အချိန်တန် အိမ်ပြန်ကြစို့ရဲ့။
by YePhone Kyaw on Tuesday, July 17, 2012 at 3:32pm ·
အချိန်တန်..အိမ်ပြန်ကြစို့ရဲ့။ ချေးကျရာ ပျော်တတ် ၊ရွက်ကျရာအပင်ပေါက်တဲ့ ရွက်လှပန်းလို အမျိုးအစားပေမယ့် ရေခံမြေခံသင့်ရာမှာ ဗီဇစခဲ့တဲ့နေရာ ပျော်တာ သန်တာ ဓမ္မတာပါ။ စည်းရိုးကျိုးတို့ကျဲတဲနဲ့ ဝါး၊ထရံ အိမ်လေးကနေ၊ မိုးမျှော် ရွှေအိမ်ကြီးတွေအထိ။ နွားချေးနံ့သင်းတဲ့ တို့ရွာလေးကနေ ဓာတ်ဆီနံ့ နံတဲ့မြို့ကြီးပြကြီးတွေအဆုံး။ မိသားစုတွေစိတ်ခဏခဏကောက်ကြ၊ အချစ်စမ်းကြပေမယ့်၊ ရန်ဖြစ်ပေမယ့် ပြန်ချစ်ကြမယ့်၊ ကမ္ဘာပေါ်မှာ တတိတိပျောက်ဆုံးနေတဲ့ အစိမ်းရောင်တွေ လွှမ်းနေသေးတဲ့ တို့ရဲ့အိမ်။ တူတူပြန်ကြရအောင်။ မင်းကိုသိပ်ချစ်တဲ့ မိဘတွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ၊ ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေလေးရော၊ အိမ်သူသက်ထား ဇနီးမယားကော၊ အသဲကြားကစကားတွေ အမြဲပွားထားတဲ့ ဖလန်းဖလန်းနဲ့ ဂျလန်းလေးတွေကော စောင့်နေကြလေရဲ့။
မင်းသိပ်ချစ်ရတဲ့ မြေသင်းရနံ့၊ ကိုယ့်နေရာဒေသဆိုတဲ့ နွေးထွေးမှု၊ ယုံကြည် စိတ်ချမှု၊ ချစ်ခင်မြတ်နိုးမှုဆိုတဲ့၊ ပဲကြီးလှော်နဲ့ လဲစားလို့မရသော အသိ ခံစားချက်တွေကလည်း မမြင်ရတဲ့ လက်တစ်စုံနဲ့ မင်းကို ထွေးပွေ့ပါလိမ့်မယ်။ ပြန်ခွင့်မရတဲ့အခိုက်အတန့်မှာ အချိန်ရဲ့တိုက်စားမှုတွေနဲ့၊ ရှောင်လွှဲမရတဲ့လောကဓံကြောင့် နှုတ်ဆက်ခွင့်မရလိုက်တဲ့ မိဘတစ်ချို့၊ဆွေမျိုးသားချင်းတစ်ချို့၊ သူငယ်ချင်းတစ်ချို့၊ ရဲဘော်ရဲဘက်တစ်ချို့ရဲ့ မြေပုံကို တို့နှုတ်ဆက်ရအောင်။ အခါနှောင်းပေမယ့် အလာတော့ကောင်းပါသေးတယ်။ ပြန်ကြရအောင်နော်။
ပြန်မယ်ဆိုတော့ တစ်ခုခု၊ တစ်နေရာရာဟာလည်း ကျန်ခဲ့ ချန်ခဲ့ရအုံးမှာပေါ့။ ဘယ်တတ်နိုင်ပါ့မလဲလေ။ တွေ့ဆုံကြုံကွဲဆိုတာ လောကဓမ္မတာ မဟုတ်ပါလား။ လောကဓံကို သည်းခံနိုင်ခြင်းသည်လည်း မင်္ဂလာတစ်ပါးပါပဲ။ ၄ နှစ်လောက် လှုပ်ရှား ရှင်သန်ခဲ့ရတဲ့ နေရာတစ်ခုရဲ့ အမှတ်တရများကလည်း မဆန့်မပြဲ ကျန်အုံးမှာပါပဲ။ အကောင်းတွေသယ်သွားပြီး။ အစုတ်တွေချန်ခဲ့ရအောင်။ ကိုယ့်မှာလည်း အစုတ်တွေကခပ်များများရယ်မဟုတ်လား။ ဟိုနေ့ကတောင် အခန်းရှင်းရင်း အစုတ်တွေလွှင့်ပစ်လိုက်သေးတယ်။ အမှန်လည်း အစုတ်ပဲရှိတာပါ။ ကောင်းမိကောင်းရက်နဲ့ ဗလွတ်ရွှတ်တောက်တွေက စလာပြီ။ အိပ်ထဲထည့်ယူသွားလို့မရတဲ့ အကောင်းလေးတွေလည်းရှိနိုင်ပါတယ်။ နေရာအနှံ့ကနေ ကိုယ်စီသယ်လာကြမှ အိမ်မှာ အပေါက်လေးတွေဖာနိုင်မှာမဟုတ်လား။
တစ်ချိန်ကကမ္ဘာ့ ကွန်မြူနစ်ခေါင်းဆောင်နိုင်ငံတစ်ခုရဲ့ တော်ပုံများရော၊ လျှော်ပုံများကလည်း ပြောမဆုံးပေါင် တောသုံးထောင်။ အနောက်လည်းမကျ၊ အရှေ့လည်းမကတော့တဲ့ နိုင်ငံတစ်ခုရဲ့ ဖားတစ်ပိုင်း၊ ငါးတစ်ပိုင်းစရိုက်လေးကလည်း စိတ်ဝင်စားစရာပါပဲ။ ကိုယ်ပိုင်စာပေ၊ ယဉ်ကျေးမှု၊ ပညာရပ်တွေနဲ့ ဆိုဗီတစ်ယက်တည်း ယက်ခဲ့ဘူးတော့လည်း ခုချိန်မှာ အားမလိုအားမရ မရိုးမရွဖြစ်နေတဲ့ မျိုးဆက်တစ်ဆက်ကလည်း ကျန်သေးသပ။ ယောက်ျားဘသားများက စစ်တိုက်၊ မိန်းကလေးများနဲ့ အကျိုးအပဲ့ အကန်းများက လေယာဉ်ထုတ်၊သေနတ်ထုတ်၊ တင့်ကားထုတ်၊ မုန့်ဖုတ် ဆိုတဲ့ ခေတ်ကလူတွေပေါ့။ ကားလ်မက်စ်ရဲ့ ကွန်မြူနစ်ဘုံကြီးကို လီနင်က အင်စတော်လေးရှင်း လုပ်ချင်ခဲ့ပေမယ့်လည်း ဘုံအတက် တစ်ဝက်လောက်မှာ အပိတ်ဓာတ်တွေများသွားလို့ ကွန်မြူဘုံပိတ် ကြီးဖြစ်ခဲ့ရပေါ့။ ဒို့တော့ ဘာဘုံပိတ်ကြီးဖြစ်ခဲ့တယ်မသိဘူး။ အမယ်..အထင်တော့မသေးလိုက်ပါနဲ့။ ကမ္ဘာကြီးကို တစ်ဝက်လောက်နင်းချင်ချင်ဖြစ်နေတဲ့ ဆိုဗီယက်ကြီးကို ကွန်မြူနစ်ဘုံဆီသို့ဆွဲခေါ်ရာမှာ သူကခရီးအပေါက်ခဲ့ဆုံးလို့ဆိုရမှာပဲ။ သူတို့ဘဝမှာလည်း လူကြမ်းတွေကော၊ မင်းသားတွေကော၊ လူပျက်တွေကော၊ ချော်လဲရောထိုင်တွေကော စုံလို့ စိလို့။ ရယ်တော့ရယ်ရသား။ စနစ်ဆိုတဲ့ဟာကြီးကို လူတွေက လုပ်လုပ်လာပြီးတော့..ပြီးရင် ဒီလူတွေပဲ ဝါးဝါးစားပလိုက်ကြတာ။ ခုလည်းကမ္ဘာတစ်ခြမ်းမှာက ဝါးစားခံရတော့မလိုလိုတွေ လိုလိုတွေ ဖြစ်နေပြီ။ တို့ကတော့ ခုမှ မုန့်ဖုတ်ဖို့ ဂျုံဝယ်ရန်အတွက် အကြွေစေ့စုတုန်း။ တားပြောတာ မုန့်ကိုပြောတာနော်။
စတာလင်တို့လို ဆိုက်ကိုတစ်ခ် တွေခေတ်မှာတော့ သီအိုရီက Socialism in one country။ ဆိုရှယ်လစ်စနစ်ဆိုတာ ကွန်မြူနစ်ဘုံ သွားတဲ့ လမ်းပါခင်ဗျ။ တော်ပီနော်။ ကိုယ့်ဖာသာဆက်တွေးတော့။ ပါတီတွင်းအတိုက်အခံတွေကို Great Purge လုပ်ပစ်တာ ကုန်ပါရောလား။ Participatory Democracy စပျောက်တာပဲလေ။ ဒါပေမယ့်မောင် တစ်ခြားစာမျက်နှာရှိတယ်။ သူ့လက်ထက်မှာ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို အမျိုးမျိုးထိပါးခံနေရတဲ့အချိန်၊ နာဇီကတစ်မျိုး၊ ဂျပန်ကတစ်မျိုး မရိုးအောင်ရှိခဲ့တယ်။ ရုရှားသမိုင်းမှာ အင်မတန်မှမျိုးချစ်စိတ်ပြင်းထန်ခဲ့တဲ့ Great Patriotic War ဖြစ်ခဲ့ပါတယ်။ မော်စကိုထိရောက်လာတဲ့ နာဇီကို ပြန်ဆော်ခဲ့ရပါတယ်။ ဖက်ဆစ်စနစ်ဆိုးကို တိုက်တဲ့နေရာမှာလဲ သူ့စာမျက်နှာပါတယ်။ စာမျက်နှာတစ်ဖက်တည်းကို ထောင်ကြည့်ကြည့်ပါလား။ တခြားစာမျက်နှာက အကုန်ပြောင်းပြန်ချည်းပဲ။ စစ်တိုက်နေပါတယ်ဆို စနစ်ကဘယ်လာကောင်းနိုင်ပါတော့မလဲ။ အမယ်..သူလည်းအချဉ်တော့မဟုတ်ဘူး။ ဒီလူက လှည်းခေတ်၊ နွားခေတ်မှာမွေးပြီး နိုင်ငံကြီးကို စက်မှုနိုင်ငံတော်ကြီး၊ အနုမြူနိုင်ငံတော်ကြီးအဖြစ်ထားရစ်သတဲ့။ ဘာပဲပြောပြော ကမ္ဘာပေါ်မှာ Participatory Democracy ရှိတဲ့ ကွန်မြူနစ်စနစ် စစ်စစ်ကို မြင်နိုင်တာ မက်စ် နဲ့ လီနင် နှစ်ယောက်ပဲရှိပါသဗျာ။ ကျန်တာတွေက ကွန်မြူနစ်မဟုတ်ပါဘူး ကွန်မြူလစ်တွေချည်းပါပဲ။ ဒို့ဆီက ဦးဦး တွေကိုတော့ ပြောတော့ဘူးနော်။ ဒီအကောင်ကွန်မြူနစ်ထင်တယ်တော့ တံဆိပ်လာမကပ်နဲ့။ ကပ်ခံထားရတဲ့ တံဆိပ်များစွာနဲ့ ပစ်ပေါက်ပလိုက်မယ်။ ဟိဟိ။ စနစ်တစ်ခုကို ခပ်ပါးပါး တီးခေါက်ကြည့်ချင်းပါ။ အမှားပါရင်ပြင်ပေးပါနော်။
လက်ဝဲရဲ့ မြစ်ဖျားခံရာက အရှင်းရှင်တွေရဲ့ ပါးပါးလှီးခြင်းကိုခံနေရတဲ့ စက်မှုတော်လှန်ရေး ခေတ်ကြီးဖြစ်ခဲ့ပါတယ်။ အကွပ်မဲ့တဲ့ကြမ်းပရမ်းပတာ ဆိုသလို ကြမ်းချင်သလိုကြမ်း ရမ်းချင်သလိုရမ်းနေတဲ့ခေတ်။ ပစ္စည်းမဲ့လူတန်းစားများကိုမြစ်ဖျားခံပြီး လက်ဝဲ ဆိုတာဖြစ်လာရတာ။ သူ့အချိန် သူ့ကာလနဲ့သူတော့ မှန်ခဲ့တာပေါ့။ ဒီလိုအချိန်မှာ လက်ဝဲတွေမှန်သမျှ အမှန်ချည်းပဲဆိုတဲ့လူလည်း တစ်ခန်းလွတ်နေတာပဲ။ လက်ယာမှန်သမျှ အမှန်ချည်းဆိုလည်း အဲ့လူက ငါးမူးလောက်လိုနေတာဖြစ်မယ်။ သစ္စာလေးပါးကလွဲလို့ ကျန်တဲ့အမှန်တရားဟူသမျှဟာ အချိန်ကာလ၊နေရာဒေသ ပေါ်မှာပဲ မူတည်ပြီးပဲ မှန်ပါလိမ့်မယ်။ ဒီနေ့မှာမှန်နေပေမယ့်၊ နောက်တစ်နေ့မှန်ချင်မှမှန်မယ်။ ဒီဘက်စာမျက်နှာမှာမှန်နေပေမယ့်၊ ဟိုဘက်စာမျက်နှာမှာ မှားချင်မှားနေမှာပဲ။ အရေးကြီးဆုံးက အချိန်၊ ကာလ၊ဒေသ အလျောက် အရှိအကိုအရှိအတိုင်း လက်တွေ့ကျကျ မြင်နိုင်ဖို့က အရေးကြီးဆုံးပါပဲ။ ပညတ်တွေကိုကျော်ကြည့်ရအောင်လေ။ ဒါတွေနဲ့ ကျနော်တို့ ထထချနေကြတာ နှစ်တွေအတော်ကြာပြီပဲ။ ကျနော်တို့လိုနေတာ ဆိုရှယ်လစ်လည်းမဟုတ်ဘူး၊ ကွန်မြူနစ်လည်းမဟုတ်ဘူး၊ ခေတ်စားနေတဲ့ ဝမ်းဒါးပေါင်မုန့်ကြီးလည်းမဟုတ်ဘူး။ အရှိကိုအရှိအတိုင်းမြင်နိုင်တဲ့ Realist တွေပဲလိုတာပါ။
မထူးဇာတ်ခင်းပြီး မဆိုင်တာတွေ လေရှည်အုံးမှ။ အမှန်ဆို ကျနော်တို့ ဗိုလ်ချုပ်ဟာ သနားစရာ။ သူ့မှာ လူတစ်ယောက်လက်ထဲရောက် တံဆိပ်တစ်ခုကပ်ခံနေရတဲ့ဘဝ။ ဆိုရှယ်လစ်လက်ထဲရောက်တော့ ဗိုလ်ချုပ်ဟာ ဆိုရှယ်လစ်ကြီး။ ကွန်မြူနစ်လက်ထဲရောက်တော့ သူက ကွန်မြူနစ်ကြီး။ ဒီမိုကရေစီလက်ထဲရောက်တော့လဲ သူက ကရေစီကြီးကိုဖြစ်လို့။ သနားစရာနော်။ လေးလည်း လေးစားရသလို သနားလည်းသနားရပါတယ်။ ဒါဆိုကျနော့်ရဲ့ စစ်တပ်ပညာရေးနဲ့ ဥာဏ်မှီသလောက် ခွဲကြည့်ပါရစေ။ ဆိုရှယ်လစ်၊ အရင်းရှင်ဆိုတာက စီးပွားရေးစနစ်သက်သက်သာဖြစ်ပါတယ်။ ဗိုလ်ချုပ်ဟာ ကွန်မြူနစ်ပါတီရဲ့ အတွင်းရေးမှူးဖြစ်ခဲ့သလို၊ အချိန်တန်ရင်ပြည်သူပိုင်သိမ်းရမယ်လို့ပြောခဲ့ဘူးတယ်။ ဒါပေမယ့် သူကိုယ်တိုင် ဒီပါတီကို ဖဆပလက ကန်ထုတ်ခဲ့တာပဲ။ တိုင်းပြည်ရဲ့နိုင်ငံရေးကို ပါလီမန် ဒီမိုကရေစီနဲ့ထားခဲ့တယ်။ အဟဲ အထင်တော့မသေးနဲ့မောင်။ တစ်ယောက်ထဲနဲ့တောင် နှစ်ပါတီကွဲချင်တဲ့ ကိုယ့်လူအကြောင်းတော့ ကိုယ်အလွန်ကြေတယ်။ သူတစ်လူ ငါတစ်မင်းဖြစ်နေတဲ့ ပါတီတွေကို ဖဆပလ ဆိုပြီး ဆွဲစိသဗျ။ ဟိဟိ။ အကွက်လေးလှသနော်။ မျိုးဆက်ကတော့ လက်ရည်ချင်းအတော်ကွာသဗျ ။ Street Smart ကွာသွားတာဖြစ်ပါလိမ့်မယ်။
လွတ်လပ်ရေးရဖို့က သူ့ရဲ့ သန္ဓိဌာန်။ ကမ္ဘာနိုင်ငံရေးအရ ဂျပန်နဲ့ပေါင်းပြီး အင်္ဂလိပ်ကိုတွယ်တယ်။ ကမ္ဘာနိုင်ငံရေးအရပဲ အင်္ဂလိပ်နဲ့ပေါင်းပြီး ဖက်ဆစ်ကိုပြန်ဆော်တယ်။ ပြောတော့သာ စာနှစ်ကြောင်းထဲရယ်ပါ။ သူနဲ့ အိုင်ကျူ လယ်ဗယ်မတူတဲ့ ဟိုးအောက်ခြေက လူတွေအနေနဲ့စဉ်းစားကြည့်ပါအုံး။ ကိုယ်နဲ့လည်ပင်းဖက်ပြီး သေမတူရှင်မကွာတိုက်လိုက်ကြ၊ ပြီးရင် ဒီကောင်တွေကိုပြန်ဆော်လိုက်ရနဲ့ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ အုပ်ချုပ်မှု ဘယ်လောက်ခက်ခဲလိုက်မလဲ။ ခေါင်းဆောင်မှု ဘယ်လောက်ကောင်းသလဲပြောပါတယ်။ ဖောရှော Leader မဟုတ်လို့သာပေါ့။ အင်္ဂလိပ်နဲ့ ဂျပန်က အသိအမှတ် မပြုလို့မရလို့သာ ပြုထားရတာ။ လက်မခံလို့မရလို့သာ လက်ခံထားရတာ။ အမှန်တော့ သိပ်ကြည်တာမဟုတ်ဘူးရယ်။ သူတို့ဘက်က ကြည့်ရင် ဗိုလ်ချုပ်ဟာ သစ္စာဖောက်ပဲလေ။ ဆိုလိုတာက ဗိုလ်ချုပ်ဟာ ဆိုရှယ်လစ်နဲ့မှ၊ကွန်မြူနစ်နဲ့မှ၊ ဒီမိုကရေစီနဲ့မှ သာရွေးနေခဲ့ရင်၊ ပညတ်ချက်တွေနဲ့ တိမ်မြုပ်နေခဲ့ရင် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့မှာမဟုတ်ပါဘူး။ ပျော့သင့်တဲ့အချိန်ပျော့၊ ကြမ်းသင့်တဲ့အချိန်ကြမ်းမယ်။ သူ့လိုရင်းက လွတ်လပ်ရေး။ ခုလို အဝင်မှာတင် ပညတ်ချက်တစ်ခုနဲ့ တစ်နေရင်များ ဘယ့်နှယ့်လုပ်ရပါ့။ ရင်ဘတ်စည်တီး ရှိုက်ကြီးတငင် ထိုင်ငိုဖို့သာရှိတော့မပေါ့။ ဗိုလ်ချုပ်ဟာ ဘာလစ်၊ ဘာနစ်၊ ဘာစီဆိုတာတွေထက် Realist စစ်စစ်ကြီးတစ်ယောက်ဆိုတာကိုကော ဘယ်သူမှ မမြင်ခဲ့ကြဖူးလားဗျာ။ တံဆိပ်တွေများ ရောင်းကောင်းပါ့။
ဒီက အထင်ကရပြတိုက်ကြီးတွေ၊ စက်ရုံကြီးတွေ၊ အရေးပါတဲ့အဆောက်အအုံကြီးတွေမှန်သမျှဟာ တူ၊တံစဉ် တံဆိပ်တွေနဲ့ချည်းပဲများတယ်။ တော်လိုက်တာနော်။ ငါ့ခေတ်ရောက်လို့ ငါ့တံဆိပ်ဖြုတ်မတပ်ဘူး။ အဲ့လိုသာဆို ပူတင့်ပါတီတံဆိပ်ချည်းဖြစ်နေရမှာ။ သူတို့များတော့ ဒီလိုမလုပ်ပေါင်။ သူ့သမိုင်းနဲ့သူ။ သူ့ခြေရာ လက်ရာနဲ့သူ။ ဒီကလူတွေဟာ အလုပ်လုပ်တယ်ဆိုရင် ဘာအလုပ်လုပ်နေလုပ်နေ လူလူချင်းလေးစားတယ်။ အောက်တန်းစားအလုပ် အထက်တန်းစားအလုပ်ရယ် ဘယ်သူမှ မျက်စိဒေါက်ထောက်ကြည့်ပြီး ကလက်စ် ခွဲမနေဘူး။ လမ်းဘေးဈေးရောင်းနေတဲ့ အဘွားကြီးတစ်ယောက်ဟာ မရှိမဖြစ် ဝမ်းစာလိုလို့ ရောင်းတာဖြစ်ချင်ဖြစ်မယ်၊ သူ့ဖာသာ ထိုင်မနေချင်လို့ ဝါသနာပါလို့ရောင်းတာဖြစ်ချင်ဖြစ်မယ်။ ဘယ်သူမှ အောက်တန်းစားဆိုပြီး မကဲ့ရဲ့ဘူး။ မလိုအပ်တဲ့ အပိုအတွေးမျိုးတွေ မတွေးကြဘူး။ လူတိုင်းအလုပ်လုပ်ရင် ကျေနပ်နေကြတာပဲ။ ကျောင်းသားများဆို ကျောင်းတက်ရင်းအလုပ်လုပ်နေကြတာများတယ်။ ဒီလို လုပ်တာကို သူတို့က ဂုဏ်ယူတယ်။ အလုပ်ဆိုလို့ အဲကွန်းခန်းထဲက အလုပ်လို့တော့မထင်လိုက်နဲ့။ စတိုးဆိုင်မှာ ပစ္စည်းဖုန်ခါတဲ့အလုပ်၊ ကားရေဆေးတဲ့အလုပ်ကနေ၊ လမ်းမှာ ကြော်ငြာဝေတဲ့အလုပ်ထိဝင်လုပ်ကြတယ်။ မြန်မာနိုင်ငံမှာလို ဆိုက်ကားရှိရင် ဆိုက်ကားလည်း နင်းမယ့်သဘောမှာရှိတယ်။
လမ်းဘေးကခွေးတစ်ကောင်နဲ့ သူတောင်းစားတစ်ယောက်တောင် နောက်ဆုံး ကုန်ကုန် ခွေးသူတောင်းစားလို့ ဆဲဖို့တော့ အသုံးဝင်တာပဲ ဆိုတာကိုပဲ သဘောပေါက်ကြသလားမသိဘူး။ သူ့နေရာနဲ့သူ တာဝန်ယူနေကြတဲ့ သမာအာဇီဝ ဘာအလုပ်လုပ်နေလုပ်နေ ဂုဏ်ငယ်စရာအလုပ်လို့ မသတ်မှတ်ကြတာ။ အဲ့တော့ လူလူချင်းယှဉ်တော့ ကွာသွားတာ၊ နိုင်ငံချင်းယှဉ်တော့ ကွာသွားတာဟာ အထူးအဆန်းမှမဟုတ်တာ။ ဒီမှာ ဒါချာလို့ခေါ်တဲ့ နွေရာသီအိမ်လေးတွေကို အတော်တန်ဖိုးထားကြတယ်။ သစ်ပင်ပန်းမန်ကို အင်မတန်မြတ်နိုးကြတယ်။ နှစ်ဝက်လောက်က နှင်းဖုံးနေတော့ စိုက်လို့ရတဲ့အချိန်လေးကို တန်ဖိုးထားကြတယ်။ ကိုယ့်ခြံလေးထဲ တနိုင်တပိုင် စိုက်ပျိုးလို့ ရလာတဲ့အသီးအနှံလေးကို ဆောင်းတွင်းအတွက် စုဆောင်းကြတယ်။ ပိုတာလေးတွေပြန်ရောင်း။ ကြက်သွန်ဖြူ တစ်ဥကအစ ချရောင်းတယ်။ ဒါမျိုးအလေ့အထတွေက မော်စကိုလို နေရာမျိုးမှာတော့ ရှားပါလိမ့်။
ဘယ်နေရာရောက်ရောက်တန်းစီတဲ့စရိုက်၊ ဟွန်းသံကင်းမဲ့ဇုံဆိုပြီး အရေးယူဖို့မလိုပဲ တကယ်လိုအပ်မှ ကားဟွန်းတီးတဲ့စရိုက်။ ဒီမှာဟွန်းသံဆိုတာ အတော်ကြားရခဲပါတယ်။ ခြေလျင်လျောက်နေတဲ့ လူတွေလမ်းကူးဖို့ ကားပေါ်ကလူတွေက အသာတကြည်၊ ဆူဆူဆောင့်ဆောင့်၊ မျက်နှာရှစ်ခေါက်ချိုးနဲ့မဟုတ်ပဲ၊ စိတ်ပါလက်ပါ ရပ်ပေးတဲ့ စရိုက်။ တစ်ခါတစ်လေ ကားပေါ်ကလူက အတော်အလျင်လိုနေတယ်ဆိုရင်တောင် လက်ထောင်ပြပြီး တောင်းပန်သွားတတ်တယ်။ ဒို့ဆီက ကားပေါ်ရောက်ရင် ကားစီးမှန်းသိအောင် အလိုလိုနေရင်း ဟွန်းတီးနေချင်တဲ့ အကျင့်က ဘယ်ကပါလာတယ်မသိဘူး။ ဟိဟိ။ တစ်ချို့ဘတ်စ်ကား ဒရိုင်ဘာတွေဟာ မိန်းမကြီးတွေ။ လိင်ခွဲခြား ကန့်သတ်မှုစရိုက် ဒီမှာ အတော်နည်းတယ်ပြောရမယ်။ ကဒ်စနစ်မသုံးထားတဲ့ လူ ၁၀ ယောက် ၁၅ ယောက်ဆံ့တဲ့ လိုင်းကားလေးတွေ ရှိသေးတယ်။ စပယ်ယာမလိုဘူးခင်ဗျား။ ပါစင်ဂျာတွေက ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် လက်ဆင့်ကမ်းပြီး ဒရိုင်ဘာဆီရောက်အောင်ပို့တယ်။ ဟိုက အမ်းစရာရှိတာပြန်အမ်းရုံပဲ။ ကြားကနေ..ဖြတ်နှိုက်ထားတာ၊ ပိုက်ဆံမပေးပဲဆင်းသွားတာ ရှိမှမရှိပဲ။ လုပ်ရိုးလုပ်စဉ်တစ်ခုလိုပဲ။ ဒီနိုင်ငံဟာ အများအသိ စနစ်ဆိုးကြီးနဲ့ ဖြတ်သန်းလာတဲ့ နိုင်ငံ။ ကူးစက်ရောဂါ ကပ်ဆိုးတွေ ဆိုက်ခဲ့ဘူးတယ်။ ပေါင်မုန့် တစ်ချပ်နဲ့ ဆန်ပြုတ်ကို တန်းစီယူခဲ့ရဘူးတယ်။ ကုန်းကောက်စရာမရှိအောင်လည်း ငတ်ခဲ့သေးသဗျာ။ စစ်ဆိုတာကလည်း တိုက်ခဲ့လိုက်ရသမှ။ ဒါပေမယ့် ဒီကလူတွေဆီမှာ ဘာလို့ ဒီလိုမျိုး စိတ်ဓာတ်လေးတွေကျန်နေသလဲ။ စဉ်းစားစရာပဲနော်။ စနစ်ဆိုတာ လူ့စရိုက်အပေါ် အပြည့်အဝသက်ရောက်မှု ရှိတယ်ဆိုရင် ကမ္ဘာ့စနစ်ဆိုးကြီးနဲ့ ဖြတ်သန်းခဲ့ရတဲ့နိုင်ငံဟာ စုတ်ပြတ်သပ် နေရမှာ။ လူတွေရဲ့ စိတ်ဓာတ်တွေ မြေကြီးထဲရောက်နေရမှာ။ ဆိုလိုချင်တာက လူတွေသောက်ကျင့်မကောင်းတိုင်း ပြင်ဖို့မကြိုးစားပဲ စနစ်ကိုပဲ လက်ညှိုးထိုးနေတာကို စဉ်းစားကြည့်တာပါ။ မဆိုင်ဘူးမဟုတ် ဆိုင်လိုက်သမှ။ ဒါပေမယ့် တစ်ချို့အရာတွေကျတော့ လူကလူ စနစ်ကစနစ်ဗျ။ ရောချလို့မရတဲ့အရာတွေရှိတယ်။ ကွဲကွဲပြားပြားမြင်တတ်ဖို့ပဲလိုပါတယ်။
သိပ်လျှို့ဝှက်တဲ့နိုင်ငံ။ အမှန်တော့ သူ့တို့ဘာသာစကားက လူသိနည်းတာလည်းပါတယ်။ ခက်တယ်။ အေဘီစီဒီမတတ်ပဲနဲ့ အရပ်ထဲကို ဝင် ဆိုတဲ့စာချိုးရှိသလို ဒီမှာလည်း အာဘယ်ဗယ်ဂယ်ဒယ် မတတ်ပဲရုရှားလာလို့ကတော့ ရေတောင်သောက်ရမှာမဟုတ်ဘူး။ အင်တာနေရှင်နယ်လန်းဂွေ့နဲ့ လက်မထောင်ပြီး ပါးစပ်ထဲမော့တဲ့ပုံတော့ သွားမလုပ်လေနဲ့။ ဟင်း..ဟင်း..ဟင်း။ အယူအဆတွေမတူဘူး။ ဘဝပါပျက်သွားမယ်။ သဘောပေါက်တယ်ဆိုရင်တောင် ကြိတ်ရယ်ခြင်းခံရလိမ့်မယ်။ လေယာဉ်ဆိပ်လောက်ကထားတော့ မီသရိုစီးတာနဲ့ ရွာစပတ်ပြီသာမှတ်။ သူတို့ကလည်း သူ့တို့ ဘာသာစကား မှ သူတို့။ ခက်တာကို ဂုဏ်ယူတဲ့အထဲ သူတို့ပါတယ်။ သိပ်ခက်တာပဲလို့ပြောရင် ကျေနပ်နေတာ။ အဲ့ဒါ အသုံးမကျခြင်းပဲ။ခက်ရင်လွယ်အောင်လုပ်၊ ကြီးရင်သေးအောင် လုပ်နေရတဲ့ခေတ်။ ခက်တာကြီးကို ရင်ဝယ်ပိုက်ပြီး နောက်ဆုံးတော့ ခက်တဲ့ဟာကြီးနဲ့ ကိုယ်နဲ့ပဲ ကျန်ခဲ့တော့တာပဲ။ ကိုယ့်ပစ္စည်းလူသုံးစေချင်တယ်ဆိုရင် ခက်တာကိုလူသုံးလား လွယ်တာကိုလူသုံးလားကြည့်ရမှာပဲ။ လူမသုံးစေချင်ဘူး ငါ့ဟာနဲ့ငါပဲဆိုရင်တော့ ရတယ်။ အေးဆေးပဲ။ လူလည်းသုံးစေချင်သေး..ခက်တာကြီးကို ရင်ဝယ်ပိုက်ဂုဏ်ယူနေရင်တော့ မဟန်ပါဘူး။ သူတို့စကားက ကာရံယူပြောတယ်ပဲပြောရမယ်။
သဒ္ဒါအကန့်အသတ်တွေသိပ်များတယ်။ အပြောင်းအလဲတွေသိပ်များတယ်။ လက်တင်ကဆင်းသက်တာခြင်းတူတာတောင် မူတွေအတော်ကွဲသွားတယ်။
Republic of Russia ၊ ပါတီစုံ စနစ်ကျင့်သုံးနေတဲ့နိုင်ငံမှာ အရွယ်ရောက်ပြီးတဲ့ နိုင်ငံသားတိုင်း နှစ်နှစ်စစ်မှုထမ်းရပါတယ်။ ခုတော့ ၁ နှစ်ခွဲလို့ကြားတယ်။ မထမ်းချင်ရင်တော့ ကင်းလွတ်ခွင့် နည်းလမ်းတွေတော့ရှိတယ်။ ကျန်းမာရေး အဆင့်မမှီအောင် ကိုယ့်ဖာသာမကျန်းမာအောင်နေ။ ပညာရေးထူးချွန်အောင်လုပ်၊ ဒါမှမဟုတ် စောစောစီးစီး မိန်းမယူ၊ ကလေး နှစ်ယောက်လောက်မွေးထားလိုက်။ ဟိဟိ။ အဲနောက်တစ်ခုရှိသေးတယ်။ စစ်မှုမထမ်းပဲ လူမှုဝန်းထမ်း လုပ်လို့ရတယ်။ လခမရဘူး။ ဆေးရုံသန့်ရှင်းရေးတို့၊ စည်ပင်မှာ လမ်းသန့်ရှင်းရေးတို့လိုနေရာတွေမှာ။ နိုင်ငံသားတစ်ယောက် လုပ်ရမယ့်အလုပ်ကို ရှောင်လွှဲတဲ့ လူဆိုရင် ဒီမှာ လူစဉ်မမှီတဲ့လူလိုပဲ။ လူတိုင်းက နိုင်ငံအတွက် မလုပ်မဖြစ်လုပ်ရမယ့် အလုပ်တစ်ခုလို့ ခံယူထားကြတယ်။ ဒီနိုင်ငံကလူတွေက စစ်ကိုအင်မတန်မုန်းကြပါတယ်။ စစ်သွေးကြွတွေမဟုတ်ပါဘူး။ လီရိုတော်စတွိုင်းရဲ့ စစ်နဲ့ငြိမ်းချမ်းရေး က သူတို့ နှလုံးသားထဲမှာရှိတယ်။ အရင်ကလူတွေက ဒါကိုမဖတ်ဖူးရင် သူတို့ လူမျိုးမဟုတ်ဘူးတောင် ပြောလေ့ရှိကြတယ်။ မကောင်းဘူးဆိုတာမှန်သမျှဟာလည်း သူတို့ဆီမှာရှိတယ်လို့ ပြောမှာပဲ။ ဘာတွေဘယ်လိုခွဲခြားနေနေ လူတွေဟာ လူတွေ ဖြစ်နေလို့ပါ။ ကောင်းတာတွေသာ မတူကြတာရယ်။ မကောင်းတာကတော့ တူလိုက်သမှ ချွတ်စွပ်။
စီးပွားရေးမှာတော့ အက်ဒမ်စမစ်ရဲ့ Invisible hand ကို လက်ခံသော်လည်း ယုံကြည်မထားပါဘူး။ ၂၀၀၇ ခရစ်ဇစ် မှာသူက ထင်သလောက် ပွဲမပျက်ဘူး။ Risk တွေသိပ်များတာကို ကြိုက်ပုံမရဘူး။ နိုင်ငံအကြီးကြီးကို အမှားမခံပဲ အသာအယာပဲသွားနေတဲ့ပုံ။ ပညာရေးမှာကတော့ စာအုပ်ထဲက အလွတ်ကျက်တဲ့စာထက် ကိုယ့် idea နဲ့ကိုယ် ထွက်လာတာကို လိုချင်တယ်။ သူတို့ပြောပြောနေတာကတော့ “ своими словами”။ ဒါဆို ဘာကိုအသားပေးလဲ မှန်းလို့ရပါပြီ။ အဖြေမှန်ပြီး တွက်နည်းမတူလို့ အမှတ်မရတဲ့ အမှတ်ပေးစဉ်းမျဉ်းမျိုးမရှိဘူး။ ဘယ်မှာရှိသလဲတော့မသိဘူး။ နိုင်ငံခြားဆက်ဆံရေးကတော့ ရှင်းတယ်။ ဟောင်ပွာ ဟောင်ပွာမလုပ်ဘူး။ သူ့အမျိုးအသားအကျိုး စီးပွားနဲ့ အချုပ်အခြာအာဏာကို ရန်စတယ်ထင်ရင် နျူသုံးမယ်တဲ့။ ကာချုပ်က ဒီလောက်ပဲကြေငြာတယ်။ အမေရိကန်က တရုတ်နဲ့သာ ဟောင်ပွာ ဟောင်ပွာလုပ်တာ။ သူနဲ့ဆို နင်မဲငစ ခွပ်နေတာ သိပ်မတွေ့ရသလိုပဲ။ ကြိတ်တော့ ခွပ်နေမှာပေါ့။
ပေါက်ကရတွေရေးထားတာ ဖတ်ပေးတယ်ဆိုရင်ပဲ အလွန်ကျေးဇူးတင်နေရပြီ။ တစ်ခုလေးတော့ ပြောပါရစေအုံးနော်။ ကျနော်တို့ သမ္မတကြီးကို ဂိုဘာချော့ဖ် နဲ့ နှိုင်းနှိုင်းနေတဲ့ကိစ္စ။ ဟိုတစ်နေ့ကလည်း အင်တာဗျူးမှာထပ်မေးသွားတာ ဖတ်လိုက်ရတယ်။ ဂိုဘာချော့ဖ် အပေါ်ကို အနောက်အမြင် နဲ့သူတို့အမြင်မတူပါဘူး။ ရုရှားက ဂိုဘာချော့ဖ် လက်ထက်မှာ ဆိုဗီယက်ပြိုကွဲခဲ့ရတယ်၊ အမှန်က မကွဲလို့ မရတော့တဲ့ အခြေအနေလည်းရောက်နေတာကိုး။ သူတို့ကျဆုံးခဲ့ရတယ် လို့ သတ်မှတ်ထားတဲ့လူများတယ်။ အရင်တုန်းကတော့ မုန့်ဝေနေတာပဲ။ တုတ်ဝေတဲ့အလှည့်ကျမှ အလှည့်ရောက်နေတာကတော့ မပြောတတ်ဘူး။ ပုဂ္ဂိုလ်ရေးအရ မှတ်ချက်မပေးလိုပါဘူး။ ဒါကို အမေရိကန်က နိုဗယ်ဆု ပစ်ပေးပလိုက်တယ်။ အမြင်ချင်း မတူကြပါဘူး။ ဒါကိုပဲ ခဏခဏလိုက်မေးနေတာဟာ သူတို့မှာ သံတမန်ရေးရာ တွစ်လေးရှိတယ်လို့မြင်တယ်။ ပြောချင်ရာ ပေါက်ကရများ ပြောလို့လဲ ဝသွားပြီဆိုတော့ ဝရုန်းသုန်းကားနဲ့ပဲ အဆုံးသတ်ပါရစေတော့နော်။ ရှေ့က ရုရှားလေးနှစ်တာ နုတ်စ် များရဲ့ နောက်ဆုံးလို့လည်း မှတ်ပေးပါ။ နောက်လည်း ရေးနိုင်တော့မယ်မထင်ပါဘူး။ ရုပ်ရှင်တွေထဲကလိုပဲ မေမေနဲ့ ဖေဖေ ဒီစာကိုဖတ်နေတဲ့အချိန်မှာ သားမီး လင်နောက်လိုက်သွားပါပြီဆိုတာလိုပဲ သူငယ်ချင်း၊မိတ်ဆွေများ ဒီစာကိုဖတ်နေတဲ့အချိန်မှာ သားသား ပြန်တော်ပြန်လေယာဉ်ပေါ်မှာ ဝီစခီနဲ့ ငြိမ့်နေပါပြီလို့လေ။ ဟိဟိ။
အချိန်တန်..အိမ်ပြန်ကြစို့ရဲ့။ချေးကျရာ ပျော်တတ် ၊ရွက်ကျရာအပင်ပေါက်တဲ့ ရွက်လှပန်းလို အမျိုးအစားပေမယ့် ရေခံမြေခံသင့်ရာမှာ ဗီဇစခဲ့တဲ့နေရာ ပျော်တာ သန်တာ ဓမ္မတာပါ။ စည်းရိုးကျိုးတို့ကျဲတဲနဲ့ ဝါး၊ထရံ အိမ်လေးကနေ၊ မိုးမျှော် ရွှေအိမ်ကြီးတွေအထိ။ နွားချေးနံ့သင်းတဲ့ တို့ရွာလေးကနေ ဓာတ်ဆီနံ့ နံတဲ့မြို့ကြီးပြကြီးတွေအဆုံး။ မိသားစုတွေစိတ်ခဏခဏကောက်ကြ၊ အချစ်စမ်းကြပေမယ့်၊ ရန်ဖြစ်ပေမယ့် ပြန်ချစ်ကြမယ့်၊ ကမ္ဘာပေါ်မှာ တတိတိပျောက်ဆုံးနေတဲ့ အစိမ်းရောင်တွေ လွှမ်းနေသေးတဲ့ တို့ရဲ့အိမ်။ တူတူပြန်ကြရအောင်။ မင်းကိုသိပ်ချစ်တဲ့ မိဘတွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေ၊ ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းဆွေလေးရော၊ အိမ်သူသက်ထား ဇနီးမယားကော၊ အသဲကြားကစကားတွေ အမြဲပွားထားတဲ့ ဖလန်းဖလန်းနဲ့ ဂျလန်းလေးတွေကော စောင့်နေကြလေရဲ့။ မင်းသိပ်ချစ်ရတဲ့ မြေသင်းရနံ့၊ ကိုယ့်နေရာဒေသဆိုတဲ့ နွေးထွေးမှု၊ ယုံကြည် စိတ်ချမှု၊ ချစ်ခင်မြတ်နိုးမှုဆိုတဲ့၊ ပဲကြီးလှော်နဲ့ လဲစားလို့မရသော အသိ ခံစားချက်တွေကလည်း မမြင်ရတဲ့ လက်တစ်စုံနဲ့ မင်းကို ထွေးပွေ့ပါလိမ့်မယ်။ ပြန်ခွင့်မရတဲ့အခိုက်အတန့်မှာ အချိန်ရဲ့တိုက်စားမှုတွေနဲ့၊ ရှောင်လွှဲမရတဲ့လောကဓံကြောင့် နှုတ်ဆက်ခွင့်မရလိုက်တဲ့ မိဘတစ်ချို့၊ဆွေမျိုးသားချင်းတစ်ချို့၊ သူငယ်ချင်းတစ်ချို့၊ ရဲဘော်ရဲဘက်တစ်ချို့ရဲ့ မြေပုံကို တို့နှုတ်ဆက်ရအောင်။ အခါဆိုတာနှောင်းတယ်ရှိပေမယ့် အလာကတော့အမြဲကောင်းမှာပါ။ အားလုံး…အားလုံး ပြန်ကြရအောင်နော်။
0 comments:
Post a Comment