Monday, July 2, 2012

ကျန်စစ်သား ဘုရင့်နောင် အထကကျောင်းအသင်းများ မှတ်ပုံတင်မည် (၅)သိန်း ပေးကြပါ ။


by Naing Ko Zaw on Monday, July 2, 2012 at 5:45am 


ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (ABSU) ကို  ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (All Burma Federations of the Students' Union - ABFSU ) အဖြစ် ၁၉၅၁ ခု ၊ ကြဂုတ်လ ၁၅ ရက် နေ့မှာ ဖွဲ့စည်းခဲ့ကြပါတယ်။ ဗကသများအဖွဲ့ချုပ် ဖွဲ့စည်းပုံ စည်းမျဉ်း ဥပဒေ နဲ့ အလံ ၊ တံဆိပ် အမှတ်အသားများကို ဆုံးဖြတ်သတ်မှတ်ခဲ့ပါတယ်။

နယ်ချဲ့တိုင်းတစ်ပါးသားတွေ လက်အောက် ကျရောက်နေစဉ် ၁၉၃၁ ခုနှစ်မှာ စတင်ပေါ်ပေါက်လာတဲ့ (တကသ) တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကို အခြေပြုပြီး ၁၉၆၂ ခု ဇူလိုင်(၈)ရက် နံနက်ထိ အတိအလင်းရပ်တည်ခဲ့ပြီး၊ ယနေ့ထိ တရားမဝင်ကြောင်း သော်လည်းကောင်း ၊ မတရားသင်း ကြေငြာ၍ သော် လည်းကောင်း အမိန့် တစ်စုံတစ်ရာ မရှိပါပဲ နှင့် ယနေ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လမ်းနေပါပြီ ၊ကျွန်တော်တို့ နောက်ပြန် မလှည့်ပါဘူး ဟုပြောကြားထား   သော ပြည်ထောင်စု အစိုးရ လက်ထက်တွင်မှ ဗကသ ဆိုသည်မှာ တရားဝင်ဖွဲ့စည်းထားတဲ့ အဖွဲ့ မဟုတ်၍ ဆိုလာတဲ့ တိုင်းဒေသကြီးများ၊ မြို့၊မြို့နယ်များမှ အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များ ကို မည်သို့ နားလည်ရမည်နည်း။ သမ္မတကြီးက လူကြားကောင်းအောင် ပြောနေတဲ့ ပုံစံဖြစ်အောင် ပြည်ထောင်စု အစိုးရက အမှန်တကယ်   ပြောင်းလဲရေးကို   ရေးဆွဲနေချိန် အောက်ခြေ အုပ်ချုပ်ရေးတွေက ခြေ နဲ့ လိုက်ဖျက်နေတာ လို့ မြင်မိပါတယ်။

ကိုယ်က မန္တလေးသားဆိုတော့ မန္တလေး အမြင်နဲ့ပဲ စဉ်းစားပါတယ်။
အခြားအကြောင်းအရာတွေ ကြားညှပ်ပြောချင်ပါသေးတယ်.. ရသာစုံ ဖတ်ရတာပေါ့ဗျာ ။

ဘာကြောင့် မပြောင်းလဲချင်တာပါလဲ...။

ဘောလုံးပွဲတွေ၊ နှစ်လုံးထီ ၊ သုံးလုံးထီ ၊ တွေက အစ ပြည့်တန်ဆာအိမ် အဆုံး ဘာကြောင့် လည်ပတ်လုပ်ကိုင်နေကြသေးတာလည်း လို့ စဉ်းစားတဲ့ အခါ .. ထိုလုပ်ငန်းတွေကနေ နယ်ထိန်းတွေကနေ တဆင့် ဝင်ငွေ ရလမ်း ရှိနေပြီး ၊ လူလိုသူလို နေထိုင်နိုင်တဲ့ အခြေအနေ ကနေ.. အကယ်၍ ဖမ်းစရာရှိတာ ဖမ်းမယ် ... ဒီလို အလုပ်တွေ ပပျောက်သွားမယ် ဆို လူလို သူလို မပြောနဲ့ အရက်ဖိုးတောင် လက်ဖြန့် လို့ ရတဲ့အိမ် ရှိတော့မှာ မဟုတ်ပါဘူး။ အထက်လူကြီးတွေ မသိဘူးလားလို့ အတွင်းကျကျ လေ့လာကြည့်ရင် အဘကို တစ်လ ဘယ်လောက် ရှာပေးနေရတာ ဆိုတဲ့ အရပ်ဒေသတွေ ရှိနေတာ ကြောင့် ဆက်မစဉ်းစားချင်ပါဘူး ။

နောက်တစ်မျိုး

တရားရုံးမှာ (၃) နှစ်ကြာအောင် တရားမမှု တစ်ခုကို ရင်ဆိုင်ပြီး အနိုင်ရတဲ့ တရားလိုကို တရားရှုံးက တရားစရိတ်ပေးဖို့ တရားရုံးစာရွက်မှာ တိုင်းတရားသူကြီး လက်မှတ်နဲ့ ဖော်ပြထားတဲ့ကိန်းကိုကြည့်ပြီး ဟားတိုက် ရယ်မိပါတယ်။ ကျပ်တစ်သောင်းနှင့် ငါးရာ ကျော် လို့ ရေးထားလို့ပါ..။ ဘာတဲ့ ရှေ့နေက ၅၀၀ိ/၊ ရုံးအခွန်က ၃ိ/ တဲ့..အမိန့် ချရမယ့် ရက်တွေ အကြိမ်ကြိမ်ချိန်းဆိုပြီး မြန်မြန်ချဖို့ ရေလောင်းရတာ တင်ကိုက ကျပ်တစ်သိန်းဖြစ်ပြီး အစအဆုံး သိန်း၆၀ကျော် ကုန်ထားတဲ့ တရားလိုကို သနားနေမိပါတယ်။ အပြင်မှာပေးရတဲ့ ရှေ့နေက သိန်း ၂၀ ကို ရုံးတော်က ၅၀၀ိ/လိုရေးထားတာ ရှက်တတ်ရင် လဲသေဖို့ကောင်းပေမယ့်.. သူတို့ကတော့ အပြုံးမပျက် ရုံးဆင်းရုံးတတ် မပျက်ပါဘူး။

အဲတာကြောင့်....။

ဒီကနေ့ဝန်ထမ်းတွေ လစာ အမြှောက် အဆမတန် ဂဏန်း ညီမျှခြင်း ဆိုမှ ရနိုင်တဲ့ ဇိမ်ခံကားကြီးတွေနဲ့ တိုက်တာ အဆောက်အဦးတွေ ဟာ နိုင်ငံတော်ကြီး တကယ် ပြောင်းလဲ လိုက်ရင် ..... အဲဒီ ဝန်ထမ်းတွေက အသက်ပေး ကာကွယ် မယ့်သဘောရှိပါတယ် (သို့) သေမလောက်ကြောက်ပါတယ်။ ဦးခင်ညွန့်နှင့် အပေါင်းအပါတွေလို ဇာတ်မျိုးကရမှာလည်း စိုးထိပ်နေပါတယ်။ အဲတော့ အစိုးရကို တာဝန်ကျေသလိုနဲ့ လမ်းဟောင်းအတိုင်း ဆက်လျှောက်ဖြစ်နေအောင် တွန်းပို့ပါတော့တယ်..။

နိုင်ငံတော်ဟာ အသစ်တစ်ဖန် ပြည်လည် တည်ဆောက်နေချိန်မှာ လိုအပ်တဲ့ စီးပွားရေး ဖွံ့ဖြိုးမှု မရသေးပါဘူး ။ ယိုယွင်းနေတဲ့ အရပ်ဘက်ဆိုင်ရာ၊ ဌာနဘက်ဆိုင်ရာ စီမံကိန်းတွေကြောင့် ငွေကြေးဟာ မလုံလောက်ပါဘူး။ ဒီအတွက် နိုင်ငံ ဝန်ထမ်းတွေရဲ့ လစာ တွေကို ပြည်မှီလုံလောက်အောင် မဖြည့်တင်းနိုင်သေးတဲ့ ကာလ ဖြစ်နေပါတယ်။

လတ်တလော အမြင် ။

ယနေ့ အချိန်မှာ အရပ်ဘက် လူ့အဖွဲအစည်းတွေ နှင့်ပတ်သက်ပြီး ယခင် ဥပဒေဟောင်းဖြစ်တဲ့ ၆/၈၈ ကို ကိုင်စွဲပြီး တရာားင် ဖွဲ့စည်းခြင်းဆိုတာတေါ လုပ်လာပြန်ပါပြီ။ ပရဟိတ အသင်းတွေ နှင့် အတူ အရပ်ဘက် လူ့ အဖွဲ့အစည်းတွေ ဟာ အစိုးရ ဌာန ဆိုင်ရာအချို့ရဲ့ အနေအထားတွေ ကို ခြိမ်းခြောက်လာတဲ့ အပိုင်းတွေ ရှိပါတယ်။ ကယ်ဆယ်ရေးဆိုင်ရာတွေ မှာ အရေးပေါ် ဆောင်ရွက်ရာမှာ အပြိုင်လုပ်ရတဲ့ အခါတွေ ၊ ဆုံးရှုံးမှု ကိန်းဂဏန်းဆိုင်ရာတွေ မှာ ပါ သူတို့ ဟာ မလိုလားပါဘူး ။ဥပမာ သဘာဝ ပတ်ဝန်းကျင်သမားတွေ ပလပ်စတစ်ကောက်တာ အမှန်တရားပေမယ့် စည်ပင် သာယာ နှင့် ထွေ /အုပ် ကတော့ သူတို့ မြို့ပြကြိးအပေါ် လစ်လျူ ရှုထားတာတွေ ဖော်ကောင် လုပ်တယ် လို့ မြင်ပါ လိမ့်မယ်။

အဲဒီလိုပါပဲ အခြားဌာနဆိုင်ရာတွေ ကလည်း မိဘမဲ့တွေ စောင့်ရှောက်တာ ၊ အခမဲ့မညာသင်တာ ၊ အခမဲ့ဆေးခန်းတွေ ဖွင့်တာ ... ဒါတွေ ဟာ သိကခာလိုက်ချနေတာလို့ မြင်တဲ့ ဌာနတွေ ရှိပါတယ်။ ပုးပေါင်းဆောင်ရွက်မယ်..။ ငါတို့ လစ်ဟင်းတာတွေ ဖြည့်စည်းပေးကြတာပဲ လို့ ဝမ်းမြောက်တဲ့ သူက နည်းပါနေပါတယ်။ ဒီလိုပဲ အရပ်ဘက် အဖွဲ့အစည်း တွေ အားကောင်းလာတာနဲ့ အမျှ အသိအမြင်တွေ ပြည်သူထဲမှာ ကျယ်ပြန့်လာမှာကို အချို့ဒေသတွေ (နယ်တွေမှာ) မသိစိတ်ရော၊ သိစိတ်ကပါ စိုးရိမ်နေကြပါတယ်။

နမူတာတစ်ခုက -

လားရှိုးမြို့ မှာ မှတ်ပုံတင် ပြုလုပ်ဖို့ လျှောက်လွှာ တစ်စောင်ကို ကျပ်နှစ်သောင်းတောင်းပါတယ်။ ရန်ကုန်က ပြောင်းလာတဲ့ လူမှု အဖွဲ့အစည်းမှာလှုပ်ရှားခဲ့တဲ့ ညီမက အိမ်ထောင်စု ဇယားအတွက် ရုံးကြီးစု အောက်ထဲဆင်းသွားရတဲ့ လဝက ရုံးမှာ မျက်မြင်တွေ့လိုက်တဲ့ အခါ သူရဲ့ မူလစိတ်လေး ပြန်ပေါ်လာပါတော့တယ်။ ဒါနဲ့ အဖွား ဘယ်သူအတွက်လည်း ဆိုတော့     မြေးမလေးအတွက်တဲ့ ... လာကျွန်မ လိုက်လုပ်ပေးမယ် ဆိုပြီး လျှောက်လွှာ လိုက်ဝယ်ပေးတော့ ရုံးအပြင်က  မိတ္တူဆိုင်ကို ညွှန်းပါတယ်...။ အဲဒီမှာ သွားဝယ်ပါတဲ့ ... ။သူတို့ အစအဆုံး ဖြည့်တာက အစ လုပ်ပေးလိမ့်မယ်..သူတို့က အမှားမပါအောင်ဖြည့်ပေးလိမ်မယ်...အဲမှာ နှစ်သောင်းပေးလိုက်တဲ့...(ချိတ်ဆက်လုပ်တတ်ပုံက)။ ညီမက ချက်ချင်းပြန်မေးပါတယ်..  မှတ်ပုံတင်ကို လဝက ကလုပ်ပေးတာလား မိတ္တူဆိုင်က လုပ်ပေးတာလားမေးလိုက်တော့ ဒီမှာအလုပ်တွေ နဲ့ လုပ်ချင်လုပ် မလုပ်ချင်နေလို့ ပြန်ပြောပါတယ်။ ဒါဖြင့်လည်းပြီးတာပဲလို့ ညိမက ပြောပြီး ဥိးစီးရုံးခန်းထဲ ဝင်ချသွားပြီး လျှောက်လွှာဝယ်လိုကြောင်း သွားပြောလိုက်တော့ ဦးစီးက အံ့အားသင့်စွာနဲ့ အပြင်မှာရောင်းတာလေ ဒီကို ဘာလို့လာပြောတာလဲ ပြန်ပြောပါတယ်။ အပြင်မှဝယ်တာ မရောင်းလို့ပါပြောလိုက်တဲ့အချိန် ခုဏက အရာရှိ အမျိုးသမီးက လိုက်လာပြီး မြွေဖမ်းတယ်ဆိုတဲ့ မျက်နှာပေးနဲ့ လာ  လာ  ဆိုပြီး လာခေါ်တယ်။ နောက် လျှောက်လွှာကို ၅၀၀ ကျပ်နဲ့ ရောင်းသတဲ့..။ ဒါနဲ့ ညီမလေးက အစောင်(၃၀) ဝယ်ချင်တာ ပြောလိုက်တော့ ကြောင်သွားပါတယ် ... ဘာလုပ်ဖို့လဲတဲ့  ပြန်မေးပါတယ်။ ညီမလေးက ရပ်ကွက်ထဲ မသိနားမလည်တဲ့ တိုင်းရင်းသားတွေ ကို အရင်းအတိုင်း ၅၀၀ နဲ့ ဖောင်ဖြည့်ပြီးတဲ့ အထိ ပရဟိတ ကုသိုလ် လုပ်မလို့ လို့ ပြောလိုက်တော့ .. အော် ပရဟိတ အဖွဲ့ကလားတဲ့... ချက်ချင်း မျက်နှာပြောင်းပြီး ညီမလေးကလည်း လိုသလောက် မိတ္တူ ကူးလိုက်လေတဲ့ ဒီမှာ၅၀၀ ဆို ဘယ်နည်းမလည်းတဲ့.. အကြံတောင်ပြန်ပေးလိုက်သတဲ့..။

စာကို ပြန်ဆက်ရအောင်--

ကျောင်းသားသမဂ္ဂကို ရည်ရွယ်ချက်ရှိရှိ တားမြစ်နေတာ ဘာကြောင့်ပါလဲ...။ အခြား အဖွဲ့အစည်းများစွာထက် ဗကသကို ဖိအားပိုမိုစွာ ပေးနေခြင်းကို နားလည်ထားတာတွေ ရှိသည်။

၁။ ၁၉၆၂ ခုတွင် ဖြစ်ပေါ်ခဲ့သော တကသ အဆောက်အဦ ကို ဖြိုချဖျက်ဆီးခဲ့တဲ့ သမိုင်း အကြွေး တည်ရှိနေခြင်း။
၂။ ကျောင်းသားများသည် ပြည်သူများ၏ ရင်သွေးဖြစ်သည့် အတွက် နောက်ခံ အင်းအားသည် မည်သည် အဖွဲ့အစည်း နှင့်မှ မတူပဲ ၊ ကိုင်တွယ်ရခက်ခဲခြင်း။
၃။ သမိုင်းတစ်လျှောက်တွင် အကျိုးအမြတ်မတွက်သော စိတ်ဓါတ်များကြောင့် မည်သို့သော မတရားမှုကိုမှ လက်မခံပဲ အမှန်တကယ် သေရဲသည့်အထိ ဆောင်ရွက်နိုင်စွမ်း ရှိခြင်း။
၎။ ခေတ်ပြောင်းလဲသော်လည်း ကျောင်းသားဟူသည် အစိုးရကို အခက်တွေ့စေသူ၊ တော်လှန်သူ ဟူသော နိုင်ငံရေးအမြင် မရှိသော ပုဂ္ဂိုလ်များ၏ အားနည်းချက်ကြောင့် တိုင်းပြည်၏ပြောင်းလဲမှုကို လိုက်လျောညီထွေ ဆောင်ရွက်နိုင်စွမ်းမရှိခြင်း။

နှင့် အခြားသော ပညာရေးဆိုင်ရာအားနည်းချက်များ က ဒု နှင့်ဒေး ရှိနေသည်များကြောင့် ပိုမို ဖိအားပေးနေသလား ဟု နားလည်ထားသည်။

တရားဝင် ဆိုသော အသုံးအနူန်းကို တွင်ကျယ်ကျယ် သုံးလာသည့်အပေါ် အငေါ့တူး ဖြေချင်တာ ရှိတယ်လို့ ကော်မတီဝင် တစ်ဦးက ပြောပါတယ်။

(ဗကသ ဆိုတာ ကျောင်းထဲမှာ ဖွဲ့စည်း ကျောင်းထဲမှာ ရပ်တည် ကျောင်းသားတွေ နဲ့ ဖွဲ့တာ ... ဒါကို မှတ်ပုံတင်ရမယ်ပြောရအောင် အရပ်ဘက် အဖွဲ့အစည်း မဟုတ်ဘူးဆိုတာ နားမလည်နိုင်လောက်အောင် အသိတရား မရှိတာ စိတ်ပျက်စရာပဲ... ကောင်းပြီ အထက ကျောင်းတွေထဲမှာ ရှိတဲ့ ကျန်စစ်သား ၊ ဘုရင့်နောင် ဆိုတဲ့ အသင်းတွေကိုရော  မှတ်ပုံတင်ဖို့ လိုအပ်လား မေးချင်ပါတယ်..။ သမဂ္ဂ ဆိုတာ နားလည်ဖို့ကောင်းတယ်..။ အဲဒီ အသင်း တွေ အသင်းအကြီးစား လို့ မြင်ကြည့် ...လိုက် ။ ဘယ်နဲ့ဗျာ.. ကျောင်းသားအရေး ကျောင်းထဲ မှာရပ်တည်ဖို့ ကျောင်းထဲမှာ ကျောင်းသားတွေ ဖွဲ့စည်းတာ တရားမဝင် ဘူးဆိုတော့  နိုင်ငံတော် အစိုးရကိုယ်စား ဒီလိုလူတွေ တိုင်းပြည်တာဝန် ယူထားတာ ရှက်ဖို့ကောင်းလိုက်တာ....။  ဒီသမဂ္ဂခေါင်းဆောင်ထဲမှာ ဗိုလ်ချုပ် အပါအဝင် ကျောင်းသားခေါင်းဆောင်တွေ လွတ်လပ်ရေးကြိုးပမ်းပေးခဲ့လို့ ဒီလူတွေ ကျွန်လိုမနေရပဲ အချုပ်အချာ အာဏာနဲ့ နေရတာ နားလည်ရဲ့လား မသိလောက်ပါဘူးဗျာ...) ဟု ပြောသွားသည်။

ဤစာရေးနေစဉ်မှာပဲ ရန်ကုန်မှာ ကျင်းပဖို့ လျာထားတဲ့ ဆဲဗင်းဂျုလိုင် အခမ်းအနားကို လက်မခံဖို့ ကျင်းပမယ့် တော်ဝင်နှင်းဆီ ခန်းမကို ဗဟန်းမြို့နယ် သက်ဆိုင်သူများမှ လာရောက်တားဆီသလို လက်ခံပါက ဆိုင်ကို တားဆီးပိတ်ပင်သည် အထိ အရေးယူမယ်လို့ ခြိမ်းခြောက်မှု ပြုသွားပါတယ်....။

အထက်က စာပေါင်းစုံ ခြုံကြည်လိုက်ရင်--

ကျွန်တော် မျက်လုံးထဲ မြင်နေတာက နောက်ပြန် မလှည့်တော့ဘူးလို့ ပြောပြီး  ကျောဘက်ကနေ ရှေမူပြီး လျှောက်နေသလားလို့ ....။

သမ္မတကြိးဦးသိန်းစိန် နှင့် ပြည်ထောင်စု အစိုးရ ကို လက်နဲ့ရေးရင် ခြေနဲ့ချက်မယ် ။ မျက်နှာ အိုးမဲ သုတ်မယ် လို့ မထီမဲ့မြင် ပြုနေတာလား...။ဒါမှ မဟုတ် အမိန့် တစ်စုံတစ်ရာလား.... အတွေးတွေကြောင့်  ရေးတဲ့စာတွေ ရူးကြောင် မူးကြောင် ဖြစ်သွားရင် ခွင့်လွှတ်ပါဗျာ....။

နိုင်ကိုဇော်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...