Thursday, June 7, 2012

ပြောင်းလဲလေပြင်း တိုက်ခတ်ချိန် နဲ့ ကျား၊မ ခွဲခြားရေး အခြေအနေ ( Gender Equality and the Winds of Change)


by Myint Myint Thein on Thursday, June 7, 2012 at 8:04am 



          မြန်မာအမျိုးသမီးတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော် ပျူခေတ်ကစပြီး မျှတတဲ့ အခွင့်အရေးတွေ အခြားအခြားကမ္ဘာရှိ အမျိုးသမီးများနဲ့ မတူ ထူးခြားစွာ ရရှိထားခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ယခုကမ္ဘာကတော့ မသိကြပါဘူး။ အနှစ် ငါးဆယ်လောက် တိုင်းပြည်ကို အမှောင်တံခါးပိတ်ပြီး နေတာဆိုတော့ မသိကြတာလည်း မဆန်းပါဘူး။
အခုခေတ် လူငယ်လူရွယ်တွေကလည်း ဒီအချက်ကို ဖြစ်ဖြစ်မြောက်မြောက် သိထားပုံ မပေါ်ပါဘူး။ စစ်အာဏာ အဆက်ဆက် အောက်မှာ ကြီးပြင်းလာသူတွေ ဖြစ်တော့ ဒီလို သမိုင်းဗဟုသုတ ခေါင်းပါးနေတယ်ဆိုတာလည်း ဖြစ်သင့်ဖြစ်ထိုက်တာ ဖြစ်လာတာလို့ ပြောနိုင်ပါတယ်။

          တကယ်တော့ အခုခေတ်စားနေတဲ့ space ဆိုတဲ့ အင်္ဂလိပ်ဝေါဟာရနဲ့ အဓိပ္ပာယ်တူလောက်တယ် ဆိုတဲ့ မြန်မာစကားရှိပါတယ်။ ဒါကတော့ ‘ နေရာပေး နေရာထားတယ်’ ဆိုတဲ့ စကားပါပဲ။ မြန်မာ အမျိုးသမီးတွေဟာ နေရာပေးခြင်းခံခဲ့ရပါတယ်။ ပုဂံခေတ်ကျောက်စာ အထောက်အထားအရ အဲဒီတုန်းကဆိုလျှင် အမျိုးသမီးတွေက စာတတ်တယ်။ ပျူခေတ် ဘီစီ ၅၀၀-၈၀၀ လောက်ကတည်းက ဆယ်ရာခိုင်နှုန်းသော သူတွေ စာတတ်ကြတယ်။ အဲဒီထဲမှာ အမျိုးသမီး က လေးရာခိုင်နှုန်းရှိသတဲ့။ ပုဂံခေတ်မှာလည်း ဒီပုံစံဆက်လက်တည်ရှိပုံပေါ်ပါတယ်။ ဒီတော့ ပုဂံခေတ်မှာ အမျိုးသမီးတွေဟာ အစိုးရပိုင်း ဆိုင်ရာမှာ အဆင့်မြင့်ရာထူးတွေရခဲ့တယ်။ ‘သံပျဉ်’ တို့ ‘ ကလန်’ ‘ စာချီ ’ တို့ဟာ အရေးပါတဲ့ အထက်တန်းအစိုးရဝန်ထမ်းတွေပါ။ သူကြီးဆိုတာလည်း ဒီလိုပါပဲ။ စာချီဆိုတာ အခုခေတ် ယူအက်(စ) အစိုးရရဲ့ Sceretary of State (လက်ရှိ ဟီလာရီ ကလင်တန် တာဝန်ယူနေသောရာထူမျိုး) နဲ့ နှိုင်းလို့ ရတဲ့ အဆင့်ပါ။ တရားစီရင်ရေးမှာ ဂျူရီလို နေရာမျိုးမှာလည်း အမျိုးသမီးတွေ ရှိခဲ့ပါတယ်။ သူကြီးဆိုရာမှာ မျိုးစဉ်မျိုးဆက် ဆက်ခံနိုင်တဲ့ ရာထူးမို့ အမျိုးသမီး သူကြီးတွေရှိခဲ့တာဟာ ကုန်းဘောင်ခေတ် ၁၈၈၅ ခုအထိပါပဲ။ ဒါ့အပြင် အခုမရှိတော့ပြီ ဖြစ်တဲ့ ဘိက္ခူနီတွေလည်း ရှိပါတယ်။ ဘိက္ခူနီတွေဟာ ဘိက္ခူ (အမျိုးသားဘုန်းကြီး) နဲ့ ရည်တူတန်းတူပါပဲ။ အခုတော့ သီလရှင်ပဲ ရှိပါတော့တယ်။

          မြန်မာလူမျိုး သမိုင်းရဲ့ ခေတ်ဦးလို့ ခေါ်ရမယ့် နှစ်ပေါင်း တစ်ထောင်နီးပါးက စတဲ့ အစဉ်အလာဟာ မြန်မာ့သမိုင်းအဆက်မှာ ဆက်လက်တည်ခဲ့တယ်လို့ ပြောနိုင်ပေမယ့် နိမ့်လျှောသွားတယ် လို့တော့ဆိုရလိမ့်မယ်။ ဒါကြောင့်မြန်မာ အမျိုးသမီးတွေဟာ ပုဂံခေတ်မှာ လွတ်လပ်မှု အရှိဆုံး၊ ယောက်ျားတွေနဲ့ အဆင့်တန်း တူညီမှု အရှိဆုံးလို့ ဆိုနိုင်မယ်ထင်ပါတယ်။ နောက်ဆုံးမှာ အဆိုးဆုံး ရရှိပြီးသားနှင့် ရှိနေဆဲ အခွင့်အရေး တွေ ဆုံးရှုံးပြီး နောက်ပြီး ရှေ့ကို ဘယ်လိုမှ မတိုးနိုင်လောက်အောင် ဖြစ်သွားတာကတော့ တိုင်းပြည်က စစ်အာဏာအောက်မှာ နေခဲ့ရတဲ့ အချိန်တွေမှာ ဖြစ်တယ်။ ဒါကလည်း အနှစ်ငါးဆယ် နီးပါး ရာစု တစ်စုရဲ့ ထက်ဝက်လောက် ကြာတာဆိုတော့ မြန်မာအမျိုးသမီးတွေရဲ့ အခြေအနေဟာ သိသိသာသာ ထိုးဆင်းသွားတာတော့ အမှန်ပဲ။  စစ်သား စစ်အာဏာပိုင်ဆိုတာ သဘာဝအလျောက်ကိုကပဲ Male Chauvinism ဝါဒကို မြဲမြဲဆုပ်ကိုင်ထားသူတွေ မဟုတ်လား။ Male Chauvinism ဆိုတာက လောကမှာ ယောက်ျားသာလျှင်အရေးကြီးဆုံး၊ အထက်တန်းမှာ ရှိနေတာလို့ ယုံကြည်တဲ့ မူဝါဒပါ။ ဒီတော့ အမျိုးသမီးတွေဟာ ယောက်ျားတွေထက် အဆင့်တန်းနိမ့်တယ်လို့ အလိုလျောက်ယူဆပြီး ဒီလိုပဲ ဆက်ဆံသွားတာ။ တော်လှန်ရေး အစိုးရကအစ နောက်ပိုင်း လက်ရှိအချိန်ထိ အရေးကြီး အဆင့်မြင့်တဲ့ရာထူးတွေမှာ ဥပမာ ဝန်ကြီး၊ ညွှန်မှုးချုပ်၊ သံအမတ် စတဲ့နေရာတွေမှာ မိန်းမတွေ ရှိခဲ့သလား စဉ်းစားကြည့်ကြပါ။ တစ်ယောက်မှ မရှိခဲ့ပါဘူး။ ပုဂံခေတ်နဲ့တော့ ကွာချင်တိုင်းကွာတာပဲ ဆိုရတော့မယ်။ စစ်တပ်ထဲမှာလည်း အမျိုးသမီးစစ်သည်တော်တွေ ရှိုပေမယ့် အများစုက ဆရာဝန်၊ သူနာပြုတွေဖြစ်ပြီး ရာထူးဆိုလည်း သိပ်ပြီး မတက်ကြပါဘူး။ အမြင့်ဆုံး ဗိုလ်မှုးကြီး အဆင့်ပဲ ရှိပါတယ်။ ပြင်ပကမ္ဘာမှာတော့ သိကြတဲ့အတိုင်း အရင်တုန်းက ကျွန်မတို့မြန်မာအမျိုးသမီးတွေ ကို ဘယ်လိုမှ မမှီခဲ့တဲ့ အမျိုးသမီးတွေဟာ (ကုလသမဂ္ဂ ) ရဲ့ ကြိုးပမ်းမှု၊ (UN Decade for Women 1975 – 1985) ကြောင့် အခွင့်အရေးတွေ ဘယ်တုန်းကနဲ့မှ မတူအောင် ရခဲ့ပါတယ်။ ခုန်ပျံကျော်လွှားပြီး တိုးတက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ တော်ပါသေးရဲ့၊ မြန်မာအမျိုးသမီးတွေက နဂိုမူလ ပုဂံခေတ်ကတည်းက အချို့သော အခြေခံကျတဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေ ရရှိခဲ့လို့ အခုနောက်ဆုံး ‘အမှောင်မိုက် ကန့်လန့်ကာ’ နောက်က ထွက်လာတဲ့အချိန် အခြားအခြားသော အမျိုးသမီးတွေနဲ့ သိပ်မကွာသေးဘူး။ ဒါပေမဲ့ ယုန်နဲ့ လိပ်လိုဖြစ်မှာတော့ စိုးရတယ်။




          လွန်ခဲ့သော နှစ်ပေါင်း ၆၀ ကျော်လောက်က ဒေါ်ခင်ကြည်ဟာ ပထမဦးဆုံးသော အမျိုးသမီ မြန်မာ သံအမတ် ဖြစ်ခဲ့တယ်။ အဲဒီစဉ်က ကမ္ဘာမှာ အမျိုးသမီး သံအမတ်ဆိုတာ ရှာမှ ရှားပါပဲ။ ကမ္ဘာမှာ ပထမဆုံးသော အမျိုးသမီး သံအမတ်တောင် ဖြစ်လောက်တယ်။ မဟုတ်ရင်လည်း အနည်းစုထဲမှာ ပါမှာပါ။ အခု ၁၀ နှစ်လောက် အတွင်း အပြည်ပြည်မှ မြန်မာပြည်ကိုလာ တာဝန်ထမ်းဆောင်တဲ့ ယူကေ၊ သြစတြေးလျ၊ ဖိလစ်ပိုင် စတာတွေက သံအမတ်တွေဟာ အမျိုးသမီးတွေ ဖြစ်တယ်။ အချို့တိုင်းပြည် ဥပမာ သြစတြေးလျဆို နှစ်ကြိမ် သုံးကြိမ်လောက် အမျိုးသမီးသံအမတ်ပဲ ခန့်ပြီး ပို့နေပါတယ်။ မြန်မာပြည်မှာတော့ အမျိုးသမီးတွေ ဒီလိုမျှော်လင့်ချက် မထားနိုင်ပါဘူး။ ၁၀ နှစ် ကြာသည့်တိုင် ဖြစ်လာပါ့မလား။ ဒီလို အခြေအနေမျိုး ဆိုတော့      “ မြန်မာ အမျိုးသမီးတွေဟာ အခွင့်အရေး အများကြီး ရထားသူတွေပါ၊ အခြေခံ သဘောတရား၊ ဓလေ့နဲ့ တရားရေးရာတွေမှာ တော်တော်မျှတမှု တွေ ရှိပါတယ် ”လို့ (ကျွန်မ ကိုယ်တိုင် ) ပြောခဲ့ပေမယ့် ပြင်ပကမ္ဘာမှာတော့ ယုံမယ့်သူမရှိပါဘူး။ ထူးခြား သီးခြား ပညာတတ် အထက်တန်းလွှာက အမျိုးသမီးတစ်ဦးက သူ့တိုင်းပြည် သူ့လူမျိုးနဲ့ သူတို့ အမျိုးသမီးတွေကို မြှောက်စားပြီး ခုခံချေပ (defend) လုပ်နေတာလို့ ထင်ကြတာ။ ဒီလိုပဲ ပွင့်ပွင့်လင်းလင်း ကျွန်မကို ချေပသွားတဲ့ ဥရောပ တိုင်းပြည် တစ်ခုရဲ့ အမျိုးသမီး သံအမတ်နဲ့ အချေအတင် ပြောခဲ့ဖူးပါတယ်။ သူက အထက်ပါအတိုင်း ကျွန်မကိုစွပ်စွဲသွားတာပါ။ နောက် နိုင်ငံခြားသားတွေ ပြောတာတစ်ခု ရှိပါသေးတယ်။ “ မင်းတို့ မြန်မာ အမျိုးသမီးတွေဟာ ယောက်ျားမှာ ဘုန်း ရှိလို့ မင်းတို့ ကိုယ်တိုင်က သူတို့ဟာ မိန်းမတွေထက်သာတယ်၊ အထက်တန်းမှာ ရှိတယ်၊ အမျိုးသမီးတွေနဲ့ မတူဘူးလို့ ယုံတယ်မဟုတ်လား၊ ဒီတော့ မင်းတို့ဆီမှာ ကျား၊ မ မျှတမှုဘယ်ရှိနိုင်မှာလဲ ” လို့ ငြင်းချက်ထုတ်ကြပြန်သေးတယ်။ “ဘုန်း ” ဆိုတာ အကန့် အသတ်နဲ့ပါ၊ ဘုရားဆု မပန်နိုင်၊ ဘုန်းကြီး မလုပ်နိုင်၊ (ယခင်က မိန်းမလည်း ဘုန်းကြီးနဲ့ တန်းတူ ဖြစ်တဲ့ ဘိက္ခူနီ လုပ်နိုင်တယ်၊ ဘိက္ခူနီ ပျောက်ကွယ်သွားရခြင်း အကြောင်းကလည်း Male Chauvinism  နောက်ဆက်တွဲ ရလာဒ် ပဲ ဖြစ်ပါလိမ့်မယ်) ဒါလောက်ပါပဲ။ အခြားဘဝမှာ နေထိုင်ရေးနဲ့ ဥပဒေအရ တရားမျှတရေး တို့မှာ ဘုန်း နဲ့ မဆိုင်ပါဘူး လို့ ရှင်းပြတော့လည်း  အထက်ပါအတိုင်း ကျွန်မ သက်သက်မဲ့ ခံစစ် လုပ်နေတာ လို့ ထင်ကြပါတယ်။ သူတို့က ကျွန်မဟာ “ ချဲ့၊ ကား” ပြောနေတာပါ လို့ သံသယ ရှိနေလျှင် သူတို့ ကို အဆိုးမဆို နိုင်ပါဘူး။ လက်တွေ့ ဖြစ်ပျက်နေပုံ အခြေအနေကလည်း သူတို့ ဒီလိုထင်အောင် သက်သေတွေ ပြနေတာပဲ။

          ကျွန်မသိတဲ့ ၁၉၈၀ ကျော်နှစ် ကာလမှာ အမျိုးသမီးညွှန်ချုပ် (Director General) တစ်ယောက်ပဲ ရှိတယ်။ ဘယ် ကဏ္ဍ၊ ဘယ်ဌာန မှာမှ အမျိုးသမီးတွေ အထက်ရာထူးကြီးတွေကို တက်လှမ်းခွင့်မရှိနိုင်ပါဘူး။ ဆေးပညာလောကမှာလည်း ပါမောက္ခ၊ ဌာနမှုးတွေ ရှိခဲ့ပေမယ့် ညွှန်မှူးချုပ်ကတော့ ၁၉၈၀ ဆယ်စုနှစ် နောက်ပိုင်းကျကျ မှာ တစ်ယောက်ဖြစ်လာခဲ့တာပါ။ မြန်မာ အမျိုးသမီးတွေ မတော်လို့ မထိုက်တန်လို့ လား လို့ မေးတောင် မေးဖို့ မလိုဘူး ထင်ပါတယ်။ မြန်မာ အမျိုးသမီးတွေဟာ ထက်မြက်စွမ်းအင်ရှိကြတဲ့ လူတွေပါ။ ဒါကို သမိုင်းမှာ ကွက်ကွက်ကွင်းကွင်း ထင်ထင်ရှားရှား ပြခဲ့ပြီးသားပါ။ ၁၅ - ၁၆ ရာစုမှာ ဗဂိုး (ပဲခူး) ဟာ ပင်လယ်ကမ်းခြေ ဆိပ်ကမ်းမြို့တော်ကြီး ဖြစ်ပြီး ကုန်သွယ်စီးပွား ထွန်းကားလွန်းလို့ လူတွေဟာ မြို့တွင်းမှာ ပျားပန်းခတ်မျှ လှုပ်ရှားနေကြတယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ အမျိုးသမီးတွေကလည်း ထင်ရှားစွာ သွက်သွက်လက်လက် တက်တက် ကြွကြွပါတယ် လို့ နိုင်ငံခြားသား ကုန်သည် ဥရောပ လူမျိုးတစ်ယောက်က မှတ်တမ်းတင်ထားခဲ့ပါတယ်။ အထက်က ဆိုခဲ့တဲ့ “အမျိုးသမီး အမှောင်ခေတ်”  အနှစ်ငါးဆယ်လောက် အတွင်းမှာလည်း အာဏာပိုင်တွေက ဝင်မစွက်ပဲ လွှတ်ထားတဲ့ အပိုင်း၊ ကုန်သွယ်စီးပွားရေး အပိုင်းမှာ မြန်မာအမျိုးသမီးတွေဟာ ဘိုးစဉ်ဘောင်ဆက်က စရိုက် အတိုင်း တက်ကြွ အောင်မြင်စွာ လုပ်ကိုင်နေကြတာပါ။ အမျိုးသမီးတွေဟာ ကြီးကြပ်မှုနဲ့ စီမံခန့်ခွဲရေးမှာ တော်သူ ကျွမ်းသူတွေပါ။ အိမ်ကို ကြီးကြပ်ရသူတွေ မဟုတ်လား။ သမိုင်းဦးက စပြီး ကြီးကြပ် စီမံ လုပ်ခဲ့ရတာ လုပ်တာကိုင်တာ ပိရိတယ်၊ သပ်ယပ်တယ်၊ အချိန်လေးစားတယ်၊  တာဝန်သိတယ်၊ (Good Mananger ) ထူးချွန် မန်နေဂျာ တွေ လို့ ခေါ်ဆိုနိုင်ပါတယ်။ တနည်းပြောလျှင် (efficient) ဖြစ်တယ်။

          အနှစ်ငါးဆယ် အတွင်းမှာ ထူးချွန်ထက်မြက်ပါတယ်၊ အစဉ်အလာ အလွန်ကောင်းခဲ့ပါတယ် ဆိုတဲ့ မြန်မာ အမျိုးသမီးတွေဟာ အင်မတန်အောက်တန်းကျသွားပြီဆိုတာသိရပါပြီ။ အခုခေတ် “ ပြောင်းလဲလေပြင်းကြီး ” (The Winds of Change) ဝင်ပြီး တိုက်လာတယ်ဆိုတဲ့ခေတ်၊ ပါတီစုံ ဒီမိုကရေစီခေတ်မှာ ဘယ်လို အခြေအနေ ရှိတယ် ဆိုတာ ဘေးက လူတစ်ယောက် အမျိုးသမီးတစ်ယောက် အနေနဲ့ ထောက်ရှုပြီး တွေ့ရတာကို တင်ပြချင်ပါတယ်။

          ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ ဒုတိယ အစည်းအဝေး ၁၁ ရက်မြောက်နေ့မှာ လွှတ်တော်ဆိုင်ရာ ကော်မတီ ၁၉ ခုတွင် ပါဝင်သည့် အဖွဲ့ဝင်ဦးရေ အမည်စာရင်း ကော်မတီ အတွင်းရေးမှုးတို့၏ စာရင်းများ ထုတ်ပြန်သွားပါတယ်။
          စာရင်းကို သုံးသပ်လို့ တွေ့ရှိရတာကတော့-

                    အဖွဲ့ ကော်မတီပေါင်း                          ၁၉
                    အမျိုးသမီး ပါတဲ့အဖွဲ့                           ၈     ဖွဲ့
                    အမျိုးသမီး မပါတဲ့အဖွဲ့                       ၁၁     ဖွဲ့
                 အဖွဲ့ဝင်ပေါင်း                                  ၂၈၅
                    အမျိုးသမီး အဖွဲ့ဝင်                             ၁၄
                    အမျိုးသမီး အဖွဲ့ဝင်၊ အားလုံး အဖွဲ့ဝင်များ    ၄.၄ ရာခိုင်နှုန်း

          ကမ္ဘာရှိ ဘယ်နေရာ ဘယ်တိုင်းပြည်မှာ မဆို သဘာဝအလျောက်ကိုက အမျိုးသမီးဟာ အမျိုးသားထက် အရေအတွက်မှာ များပါတယ်။ မြန်မာမှာ ၅၁ ရာခိုင်နှုန်း ရှိတယ်။ ဒီလောက် အချိုးရှိတဲ့ သူတွေကို မျှမျှတတ နေရာပေး၊ နေရာထား၊ အလေးပေးမှသာ တရားမျှတမှု ရှိတော့ မှာပေါ့။ ဒါကြောင့် အခုဖြစ်နေတဲ့ ၄.၄ ရာခိုင်နှုန်း ဆိုတဲ့ ကိန်းဂဏန်းထက်  မပိုသင့်ပေဘူးလား။ မဟုတ်ရင်လည်း လွှတ်တော်မှာ အမျိုးသမီးကိုယ်စားလှယ် ဒီမျှလောက်ပဲ ရှိလို့လား။ ဒီလိုဆိုလည်း အမျိုးသမီးတွေဟာ နေရာ မရနေဘူးလို့ သတ်မှတ်ရတော့မှာပဲ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဘာတွေ ဖြစ်ခဲ့လို့လဲ။  ရွေးကောက်ပွဲ ကို ပြန်သုံးသပ်ပြီး သင်ခန်းစာ ယူထိုက်ပါတယ်။
          အမျိုးသမီးပါဝင်တဲ့ အဖွဲ့များ
          (၁) တိုင်းရင်းသားရေးရာနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ -
                    ဒေါ်ဘူဒွဲ (အင်ဂျန်းယန်)                      အတွင်းရေးမှုး
                    ဒေါ်မိရင်ချမ်း (ဘားအံ)                       အဖွဲ့ဝင်
          (၂) စီမံကိန်းများနဲ့ ဘဏ္ဍာရေး တိုးတက်ဖွံ့ဖြိုးမှု ကော်မတီ -
                    ဒေါ်ခင်စောဝေ (ရသေ့တောင်)
                    ဒေါ်တင်နွယ်ဦး (ဒဂုံမြောက်)
          (၃) တောင်သူလယ်သမား အလုပ်သမားနဲ့ လူငယ်ရေးရာ ကော်မတီ -
                    ဒေါ်နန်းစေအွာ (ဘားအံ)
          (၄) ရင်းနှီးမြုပ်နှံမှုနဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ -
                    ဒေါ်မိမြင့်သန်း (ရေး)
          (၅) ပညာရေးမြှင့်တင်မှု ကော်မတီ -
                    ဒေါ်နန်းနွံ (ရှားတော)
          (၆) တရားစီရင်ရေးနဲ့ ဥပဒေရေးဆိုင်ရာ ကော်မတီ -
                    ဒေါ်နန်းနုဝါ (ကွန်ဟိန်း)
          (၇) အမျိုးသမီးများနှင့် ကလေး ကာကွယ်စောင့်ရှောက်ရေး ကော်မတီ -
                    ဒေါက်တာ ဒေါ်အေးမြင့် (ရွှေတောင်)
                    ဒေါ်လဲ့လဲ့ဝင်းဆွေ (တာမွေ)
                    ဒေါ်ခင်သန်းမြင့် (ငပုတော)
                    ဒေါ်ဇာတလန်း (ထန်တလန်)
                    ဒေါ်ဝင်းမော်ထွန်း (ရေနံချောင်း) ပေါင်း ၅
          (၈) ပြုပြင်ပြောင်းလဲရေးနဲ့ ခေတ်မီ ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေး ကော်မတီ -
                    ဒေါ်စုစုလှိုင် (ဒဂုံတောင်)

          အမျိုးသမီး အဖွဲ့ဝင် မပါဝင်တဲ့ ၁၁ ဖွဲ့ထဲမှာ အလွန် အရေးကြီးပြီး အမျိုးသမီးတွေ ပါကိုပါမှ ဖြစ်မည့် အဖွဲ့တွေကို ထောက်ပြချင်ပါတယ်။

          (၁) နိုင်ငံသားများရဲ့မူလ အခွင့်အရေး၊ ဒီမိုကရေစီ အရေးနဲ့ လူ့အခွင့်အရေး (Human Rights)                     ကော်မတီ။

          ဒီအဖွဲ့မှာ အမျိုးသမီး တစ်ယောက်မှ မထည့်ထားတာတော့ မတရားလွန်းတယ်လို့ ထင်မိပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့ တိုင်းပြည်တွေ နေရာတွေ အများကြီး ရှိပါတယ်။ ကျား မ မရွေးပါ။ မိန်းမတွေ လည်း လူထဲက လူတွေပဲ ဆိုတော့ သူတို့လည်း မတရားလုပ်ခြင်းခံခဲ့ရမှာပဲ။ အမျိုးသမီးတွေက မတရား လုပ်တာ ခံရတာ ပိုများပါတယ် လို့ ဆိုနိုင်ပါတယ်။ လူကုန်ကူးမှု၊ အမျိုးသမီးများကို အကြမ်းဖက်ခြင်း၊ နှိပ်စက် ကလူပြုခြင်း ဆိုတာတွေက “အမျိုးသမီးရေးရာနဲ့ ကလေးများကာကွယ် စောင့်ရှောက်ရေး” မှာ ပါပေမယ့် အခြေခံ လူ့အခွင့်အရေးမှာလည်း ပါထိုက်ပါတယ်။ မဟုတ်လျှင်တော့ အမျိုးသမီးတွေရဲ့ အရေးအခင်း အကြောင်း အရာ တွေကို မေ့ထား (သို့) အလေးမထားသလို ဖြစ်သွားနိုင်ပါတယ်။

          (၂) ကျန်းမာမှုမြှင့်တင်ရေး ကော်မတီ

          ဒီကော်မတီမှာ အမျိုးသမီး တစ်ယောက်တလေမှ မပါတာဟာ ကြီးမားတဲ့ ဟာကွက်ပဲလို့ ဆိုရမယ်။ တစ်ဦးမက ပါထိုက်တာပါ။ အမျိုးသမီးတွေဟာ အမျိုးသားတွေ ထက် အသက်ပိုရှည်ပေမယ့် ရောဂါဘယ ထူတဲ့သူတွေပါ။ သားဖွားနဲ့ မီးယပ်ရောဂါများနဲ့ပင် အမျိုးသမီး ကျန်းမာရေးက ပြဿနာတွေ အများကြီး တက်လာတာပါ။ ဒါ့ပြင် နောက် အရေးကြီးတဲ့ အကြောင်းက ကျန်းမာရေးမှာ ကာကွယ်ရေး (preventive) ရဲ့ ရှေ့တစ်ဆင့် ဖြစ်တဲ့ ကျန်းမာရေး ကောင်းမွန်အောင် ပြုစု ပျိုးထောင်ပေးခြင်း (promotive) မှာ အမျိုးသမီးတွေဟာ အင်မတန် အရေးပါတဲ့ အပိုင်းက လုပ်ဆောင်ပေးနိုင်ပါတယ်။ သူတို့ကသာ မိသားစုရဲ့ အစာ အဟာရကို စီစဉ်ပေးနေတာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာကို သူတို့ကသာ ဖန်တည်းပေးမှာ။ ကာကွယ်ဆေးထိုးရာမှာလည်း ဒီအတိုင်းပါပဲ။ ဒီတော့ ကျန်းမာရေး ပညာပေး အပိုင်းမှာ သူက အဓိက ဇာတ်ဆောင်သွားမှာပါ။ သူ့ရဲ့ (contribution) အကြံဥာဏ်နဲ့ လုပ်အားလိုပါတယ်။

          (၃) စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း တိုးတက်ရေး ကော်မတီ

          ဒီမှာလည်း အမျိုးသမီးသိပ်ပါဖို့ ကောင်းပါတယ်။ မြန်မာအမျိုးသမီးတွေ စီးပွားကုန်သွယ်ရေးမှာ ဘယ်လောက်စွမ်းတယ်ဆိုတာ သမိုင်းအသိပါ။ လက်ရှိကာလမှာလည်း တက်ကြွ အောင်မြင်စွာ လုပ်နေကြတဲ့သူတွေ အများ အစားရှိပါတယ်။ အမျိုးသမီးတွေသာ ပါလာလျှင် ကောင်းသော အကြံဥာဏ်နဲ့ ကောင်းသော လုပ်အားရမှာသေချာပါတယ်။

          (၄) စိုက်ပျိုးရေးနဲ့ မွေးမြူရေးဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ

          ဒီအဖွဲ့မှာလည်း အမျိုးသမီး အဖွဲ့ဝင် ရှိသင့်တယ် ဆိုတာ ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။ ဒီလောက ဒီကဏ္ဍတွေမှာ အမျိုးသမီးတွေပါ လှုပ်ရှားနေကြတာပဲ။ ဒီအပိုင်းနဲ့ဆိုင်တဲ့ အထက်တန်းကျတဲ့ ပညာရေး၊ ခေတ်မီသိပ္ပံပညာတွေမှာလည်း အမျိုးသမီးတွေ ပါနေကြတယ်။ ပါလည်း ပါသင့်ပါတယ်။
ဒါမှ မဟုတ် ဒီကဏ္ဍမှာ အမျိုးသမီး အပိုင်းဟာ ကောက်စိုက်မ လောက လောက်ပဲ ရှိနေတယ် ထင်ကြတာလား လို့ မေးခွန်းထုတ်ရတော့မယ်။

          အလားတူပဲ -
          (၅) အားကစားနဲ့ ယဉ်ကျေးမှု
          (၆) သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်သိမ်းရေး တို့မှာလည်း အမျိုးသမီး အဖွဲ့ဝင် ရှိထိုက်ပါတယ်။
          အခုလို မဟာ အပြောင်းအလဲ ကာလကြီးမှာ လုပ်စရာလုပ်ငန်းနဲ့ ကိစ္စတွေ မရေမတွက်နိုင်လောက်အောင် များနေတဲ့ အချိန်ဖြစ်လို့၊ ရှိသမျှ အင်အားစုကို သုံးရမှာဖြစ်ပါတယ်။ အမျိုးသမီးတွေကို များများသုံးကြည့်စေချင်ပါတယ်။ ဒီလို လုပ်တာဟာ ကောင်းသော “ရင်းနှီးမြှုပ်နှံမှု”  ဆိုတာ ချက်ချင်းလိုလိုသိသာလာမှာပါ။ တော်တတ်ပြီး ဝီရိယရှိရှိ တာဝန်သိသိ လုပ်တဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။ သူတို့ပါဝင်လာအောင်ဖိတ်ခေါ် ဖိအားပေးပါ။ သိမ်းသွင်းပါ။ ပါလီမန်မှာ အမျိုးသမီး ကိုယ်စားလှယ် တိုးပွားလာအောင်လည်း လုပ်ရပါလိမ့်မယ်။ နိုင်ငံတကာက ကိန်းဂဏန်း ပုံစံနဲ့ ယှဉ်လျှင် မြန်မာပုံစံဟာ အမျိုးသမီး အမတ်ဦးရေ နည်းလွန်းနေပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက သင်ခန်းစာတွေ ယူပြီး အစွမ်းထက်တဲ့ အမျိုးသမီးတွေ များများ ပါလာအောင် အားစိုက် အားထုတ်ရပါလိမ့်မယ်။



ဒေါက်တာ မြင့်မြင့်ခင်
၅၊ စက်တင်ဘာ၊ ၂၀၁၁

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၂၊ အမှတ် ၆၀၊ ၁၅၊ စက်တင်ဘာ၊ ၂၀၁၁)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...