Monday, June 4, 2012

Change to Democracy (C to D) ဒီမိုကရေစီ အပြောင်းအလဲ . . . စီမှဒီသို့


by General Knowledge on Monday, June 4, 2012 at 3:51am ·

Written by ဒေါက်တာခင်မောင်ညို |  Monday, 04 June 2012 11:11

“၂၀၁၁-၂၀၁၂ ဟာ အပြောင်းအလဲ အများဆုံးနှစ်လို့ ဆိုရပေမယ်။ ဒီအပြောင်းအလဲဟာ မြန်မာနိုင်ငံမှာသာ မဟုတ်ဘူး။ နိုင်ငံတကာမှာလည်း ပြောင်းလဲမှုတွေ အတော်လေးများတယ်။ Arab Spring လို့ပြောနေကြတဲ့ “အာရပ်နွေဦး” ပြောင်းလဲမှု ဟာလည်း အင်မတန်အရေးပါတဲ့ ပြောင်းလဲမှုတွေ ဖြစ်တယ်”


ပါမောက္ခဦးသစ်သည် လူသားအရင်းအမြစ်သစ် အကြောင်းကို သင်ကြားပို့ချနေသည်။ သင်ကြားရင်းနှင့် သူ၏လက်ချာသည် ငြီးငွေ့စရာ ကောင်းလာသည်။ တပည့်များ ငိုက်မျဉ်းလာ၏။ ထို့ကြောင့်သူ၏ နည်းဗျူဟာသစ်ကို စတင်အသုံးပြုလိုက် လေတော့သည်။

ထိုနည်းကား မေးခွန်းမေးခြင်း (Question Shooting) ဖြစ်သည်။

“တပည့်တို့ကို မေးစရာရှိတယ်ကွဲ့။ ခု မျက်မှောက်ရေးရာတွေနဲ့ ပတ်သက်ပြီး အင်္ဂလိပ်အက္ခရာ A, B,C,Dလေးလုံးအနက် ဘယ်အက္ခရာက အရေးကြီးဆုံးလဲ”

ဒါမျိုးဆို တုတ်ကြီးခေါ်ငွေထွန်း က အင်မတန်လျင်သည်။
“C   ပါဆရာ”သူထပြောသည်။


လူဆိုတာ အားလုံးတူတူပဲကွ၊ စနစ်မှန်မယ်၊ အခွင့်အရေး တူညီစွာ ရမယ်ဆိုရင် လူတွေဟာ အတူတူပါပဲ။

လူဖြူထဲက အချို့တော်မယ်၊ အချို့ညံ့မှာပဲ။

ဒီအတိုင်းပဲ လူမည်းထဲကလည်း အချို့တော်မယ်။ အချို့ညံ့မှာပဲ။


သို့သော် ကျော်မြင့်ကထပြော ပြန်သည်။
“D ပါဆရာ”
“ဆရာကတော့ C ဟာ D ထက် ပိုအရေးကြီးတယ် ထင်တာပဲ။ ကဲကျော်မြင့် ဘာကြောင့် D အရေးပိုကြီးတယ်ဆိုတာ လင်းစမ်းပါဦး”
“D ဟာ ပိုအရေးကြီးတာပေါ့ ဆရာ။ ယနေ့ Doctors  တွေဟာ အရေးပါတယ်လေ ဆရာ။ ၁၀ တန်း အောင်စာရင်းမှာ D တွေများလေ ကောင်းလေပဲ ဆရာရယ်။ ဟုတ်လား”

“ဒါကတော့ မင်းအမြင်ပါပဲ။ D ဆိုတာ Distinction လို့ ယူဆတာကိုး။ မင်းတို့က ဂုဏ်ထူးလို့ ယူဆပေမယ့် D ဟာ ဆုံးရှုံးတာ စာမေးပွဲကျတဲ့ Down ဆိုတာလည်း ဖြစ်နိုင်တာကို မမေ့ပါနဲ့”
“Down ဆိုတာလည်း အဆင်ပြေတဲ့နေရာ ပြေတာပဲဆရာ”

“ဟေ၊ ပြောပါဦး”

“ကျွန်တော့် သူငယ်ချင်း ခင်မောင်တင့်အကြောင်း ပြောချင်ပါတယ် ဆရာ။ သူစာမေးပွဲကျသွား တော့ မိန်းမရသွားတယ်”

“ဒါဟာ Down လို့ ခွေး(Dog) ဖြစ်သွားတာပဲ မဟုတ်လား။ ဟား ဟား”
“ခွေးမဖြစ်ဘူးဆရာ သူက Dancer လုပ်ပြီး ကြီးပွားနေတယ်”

“အင်း၊ စဉ်းစားစရာပဲ”
“ဟုတ်ကဲ့ ဆရာ။ ကျွန်တော်တို့ ဒီခေတ်မှာ အရေးကြီးဆုံးက Democracy မဟုတ်လား ဆရာ”

“အေး၊ ဒါပေမယ့် ဆန္ဒပြတယ် ဆိုတဲ့ Demonstration တွေနဲ့ဆိုရင် ပန်းတိုင် Destination ကိုရောက်ဖို့ နှောင့်နှေး (Delay) ဖြစ်နေမှာပါပဲ”

“ဟုတ်ကဲ့ဆရာ။ Democracy မှာ Destination  ကိုရောက်ဖို့ Demonstration တွေ လုပ်တာတွေ ရှိပါတယ်။ ဒါဟာ D  ရဲ့အရေးပါတာကို ပြောတာပေါ့ ဆရာရယ်။ နောက်တစ်ခုထပ်ပြောဦးမယ်။ ယနေ့ခေတ်မှာ Digital  တွေ ဘယ်လောက်အရေးပါလဲ။ ကျွန်တော်တို့ ယနေ့ တိုးတက်လာတဲ့ ဆက်သွယ်ရေးတွေ အတွက် ကွန်ပျူတာတွေ ကင်မရာတွေ အားလုံးဟာ Digital  တွေပဲ မဟုတ်လားဆရာ”

“အေး၊ မင်းကတော့ အပြောကောင်းတာပဲ”
ပါမောက္ခဦးသစ်သည် D သည် အာဏာရှင် Dictator လည်း ဖြစ်နိုင်ကြောင်း ကျောင်းသားတွေကို မပြောမိအောင် ကြိုးစားခဲ့သည်။ ထို့ ကြောင့် ငွေထွန်းဘက်လှည့်ကာ “ကဲ ငွေထွန်း မင်းအယူအဆကိုပြောပါဦး”       “ဟုတ်ကဲ့ဆရာ။ စောစောက ကျော်မြင့်ပြောတဲ့ စကားထဲမှာပါတယ်။ Computer တို့ Camera တို့ဟာ C တွေပါ။ ဒီခေတ်မှာ ပြောင်းလဲခြင်း Change တွေ အင်မတန်များတယ်။ ဒါကြောင့် အက္ခရာ C  ဟာ အရေးကြီးတယ်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ သူရဲ့ သမ္မတမဲဆွယ် တရားပွဲမှာကြွေးကြော်သံ Slogan က Changeတစ်လုံးတည်းပါပဲ။ မဲဆွယ်တရားဟောတာဟာ Campaign လို့  ခေါ်တော့ C ပေါ့ဆရာ”

“အေး၊ ကောင်းတယ်ကွာ၊ Change တစ်လုံးတည်းဆိုတော့ ပိုစတာဆွဲရသူတွေလည်း လွယ်တာပေါ့။ ဒီ Changeဆိုတဲ့ စကားတစ်လုံးတည်းဟာ ဘာကြောင့် ထိရောက်လဲသိလား”

ပါမောက္ခဦးသစ်၏ အမေးကို ကျောင်းသားအများက ဖြေကြသည်။

“သိပါတယ်ဆရာ။ ပြည်သူတွေက ပုံမှန်လမ်းကြောင်းကို ငြီးငွေ့နေလို့ပါ”
“ဟုတ်တယ်၊ ကြက်သားဟင်းကို အမြဲစားနေရရင် အရွက်ကြော်လေးကိုလည်း စားချင်လာတာ ဓမ္မတာပဲကွ။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စုမှာ ဥရောပနွယ်ဖွား အဖြူတွေ ကြီးစိုးနေတာကြာလှပြီ။ လူမည်းတွေကတစ်ခါမှ သမ္မတ ဖြစ်မလာသေးဘူး။ သူတို့ပြောင်းလဲသုံးစွဲ လိုတယ်”

“ဒါပေမယ့်ဆရာ လူမည်းတွေဆိုတာ တစ်ခါက အာဖရိက က ဖမ်းခဲ့တဲ့ ငွေဝယ်ကျွန်တွေဆီကနေ ပေါက်ဖွားလာတာတွေ မဟုတ်လား”

“ဟုတ်တယ်။ ဒါပေမယ့် လူ ဆိုတာ အားလုံးတူတူပဲကွ၊ စနစ်မှန်မယ် အခွင့်အရေးတူညီစွာ ရမယ်ဆိုရင် လူတွေဟာ အတူတူပါပဲ။ လူဖြူထဲ က အချို့တော်မယ်၊ အချို့ညံ့မှာပဲ။  ဒီအတိုင်းပဲ လူမည်းထဲကလည်း အချို့တော်မယ်။ အချို့ညံ့မှာပဲ။ အိန္ဒိယမှာ လူမျိုး (ဇာတ်နိမ့်ဇာတ်မြင့်) ဆိုပြီး ခွဲခြားတာရှိတယ်။

 ဒါကို Caste Discrimination လို့ခေါ်တယ်။ ယနေ့ထိပဲ၊ ဗုဒ္ဓက အဲဒါကိုချေဖျက်ခဲ့တယ်။ ရဟန်းတွေမှာ ဇာတ်ဆိုတာကို သူလက်မခံဘူး။ အသက်လည်း အရေးမပါဘူး။ ရဟန်း အရင်ဖြစ်သူကိုနောက် ဖြစ်သူက ကန်တော့ရတာပါပဲ”

“ဒါဆိုရင် B လည်းအရေးပါတာပေါ့နော်”

မောင်မျိုးက ထပြောပြန်သည်။
“ဘာဖြစ်လို့လဲ”
“B က မြတ်စွာဘုရား ဗုဒ္ဓ (Buddha) လေ။ကျွန်တော်တို့လည်း Buddhists တွေပါ”
“ဒီလိုလျှောက်ပြောရင် ဗြိတိသျှ British တို့ ဘောသမား Beckham ပါ ပါလာလိမ့်မယ်”

“ဟုတ်ကဲ့ ဆရာ။ ဘေးထိုင် ဘိုင်ကျဘု ပြောတာကို ထည့်လိုက်ရင် 3B တောင်ရတယ် ဆရာ”
“ဟား ဟား ဟား”

“ဒီထက် Bullet ကလည်း အရေးကြီးတာပဲလေ။ Bullet ဆိုတဲ့ ကျည်ဆန်ဟာ တစ်ချိန်က ကမ္ဘာကို အုပ်စိုးနိုင်ခဲ့တယ်”

“သူတို့ပြောသလိုဆိုရင် A လည်း အရေးပါတယ်လေ။ A က American ပေါ့”
ရှေ့တန်းမှာ ထိုင်နေသည့် သစ်သစ်က ဆိုပြန်သည်။

A,B,C,D ဆိုတဲ့ စာလုံးတွေကို စဉ်းစားနေကြကြောင်း တွေ့ရ၍ ပါမောက္ခဦးသစ် သဘောကျပါသည်။ ထိုစကားလုံးများ၏ အရေးပါမှုကို သိကြ၍ ထိုစကားလုံးများကို အထင်ကြီး မကိုးကွယ်ကြရန် ရှင်းရပေဦးမည်။

“ဆရာက ဒီနေရာမှာ မင်းတို့စဉ်းစားတဲ့ပုံစံကို စုစည်းလိုက်တာပါ။ A,B,C,D ဆိုတဲ့စာလုံးတွေဟာ ဒီအတိုင်း အရေးမကြီးလှပါဘူး။ ဒါပေမယ့် မင်းတို့က ဒါကိုအခြေခံပြီးစဉ်း စားလိုက်တော့ အဖြေတွေ အများကြီး ထွက်လာတယ်။ ဆရာကြီး ဦးဖိုးကျား က ကျောင်းသားတွေရဲ့ အတွေးတွေကို မှန်အောင်ပြောခဲ့တဲ့ စကားတစ်ခု ရှိတယ်။ အဲဒါကတော့ “အခမဲ့ကူလီ ထမ်းခြင်းအကျိုး” ဆိုတဲ့ ၀တ္ထုတိုလေး ထဲမှာပါ။ အဲဒီခေတ်က ကောလိပ်ကျောင်းသားဆိုတာဟာ အင်မတန် ရှားပါးတဲ့ သတ္တ၀ါပဲ”
ကျောင်းသားများ ရယ်ကြသည်။

“ဒီတော့ ဦးဖိုးကျားဝတ္ထုထဲက ကျောင်းသားဟာ ဘ၀င်မြင့်နေတယ်။ ဦးဖိုးကျားကို “အင်္ဂလိပ်စာလုံး H နဲ့  O ပေါင်းလိုက်ရင် ရေဖြစ်တယ်အဘ” လို့ ပြောတော့ ဦးဖိုးကျားက ‘မောင် ရင်ရယ် မင်းတို့ အင်္ဂလိပ်စာ H နဲ့ O မပေါ်ခင်ကတည်းက ရေရှိနေတာပဲ မဟုတ်လား’လို့ ပြောလိုက်တယ်”

“ဟုတ်ကဲ့ ပြောသင့်ပါတယ် ဆရာ၊ စာတွေဟာ လူတွေကိုအထောက်အကူပြုတာပဲ၊ ဒါပေမယ့် ဘာကြောင့် စာတစ်လုံး ဘုရားတစ်ဆူ လို့ ဆိုနေရတာလဲ”

“ရှင်းပါမယ်။ တကယ်တမ်း စာတွေဟာ အင်မတန် အကျိုးပြုတယ်ကွ။ ရှေးခေတ် (၁၇)ရာစုလောက်က တရုတ်ရဲ့ ယဉ်ကျေးမှုဟာ အတော်လေး ထိပ်တန်းရောက်နေတယ်။ ဥရောပဟာ သူ့ထက် အများကြီးနိမ့်တယ်။ နှစ်တစ်ရာလောက်နောက်ကျ ကျန်နေတယ်။ ဒါပေမယ့် Gutenberg က ပုံနှိပ်စက်ကို တီထွင်ပြီးနောက်မှာ ဥရောပက ထိုးတက်သွားတာပဲ”

“တရုတ်က မင်နဲ့စက္ကူ ထွင်တယ် မဟုတ်လား ဆရာ”

“ဟုတ်တယ်။ သူတို့က Block Printing ကိုလည်း တီထွင်ခဲ့တယ်။ ဒါပေမယ့် Gutenberg က စာလုံးတွေလဲလို့ရတဲ့ ပုံနှိပ်စက်ကို တီထွင်လိုက်တော့ စာအုပ်တွေကို ဈေးပေါပေါနဲ့ ၀ယ်လို့ ရလာတယ်။ ဒီလိုနဲ့ ဥရောပဟာ တရုတ်ထက်ရှေ့နှစ် ၁၀၀ ကျော်ကျော် တက်သွားတယ်။ တကယ်တမ်း စာဖတ်တာလည်း အရေးပါတယ်”

“ကျွန်တော်တို့က ဆရာပြောသလို တွေးရတာကို ကြိုက်တယ် ဆရာ”
“ဒါပေမယ့် တွေးဖို့က အခြေခံ လိုတယ်။ ပထမအခြေခံက စာလေ။ စာကိုဖတ်ရမယ်။ စာတွေဟာ ရိုသေ ထိုက်တဲ့အရာလို့ ဆိုပေမယ့် ထိုင်ကန်တော့နေစရာမလိုဘူး။ သူ့ကို ကောင်းကောင်း ထိန်းသိမ်းထားရမှာပေါ့။ စာကောင်းပေကောင်းတွေကို လူအားလုံးဖတ်နိုင်အောင် စာကြည့်တိုက်တွေ ထားရှိရတာပေါ့။ စာဆိုတာ စကားကို မှတ်တမ်းတင်ထားတာ။ ဆရာတွေ မိဘတွေဟာ နေရာတကာ လိုက်ပြောလို့ မရဘူး။ အချိန်တိုင်း လည်းလိုက်ပြောနေလို့ မရဘူး။ ဒီအတွက် စာအုပ်တွေက တာဝန်ယူတယ်လေ။ စာအုပ်တွေဟာ ကျေးဇူးရှင်တွေလို့ မှတ်တာကြောင့် စာတစ်လုံး ဘုရားတစ်ဆူလို့ ပြောတာပဲ”

“ဆရာ ဒီနေ့သင်တာ စာမေးပွဲမှာ မေးမှာလား”
“ဘာမဆို စာမေးပွဲမှာ မေးနိုင်တယ်။ ဒါပေမယ့် စာမေးပွဲအတွက် သက်သက်စာဖတ်လို့ မရဘူး။ မိမိကိုယ်တိုင် နားလည် သဘောပေါက်အောင် ကြိုးစားတာပါ။ ကျောင်းနေတယ်ဆိုတာ စာဖတ်တတ်တွေးတတ် လာမယ်ဆိုရင် ပထမအဆင့် အဆင်ပြေတာပဲ။

ဒုတိယအဆင့်ကတော့ ဒီလိုဖတ်ပြီး တွေးတတ်တာကို အကောင်အထည်ဖော်တဲ့ ကိစ္စပါပဲ။ ဆိုလိုတာက မင်းတို့တစ်တွေဟာ တွေးရုံသက်သက်မရဘူး။ ရေးချလို့ရတဲ့ အထိကြိုးစားဖို့ ၀ီရိယလိုတယ်။ မင်း တို့ဘ၀မှာ ပြဿနာတစ်ခုကို ရင်ဆိုင်ရရင် ဘယ်လိုဖြေရှင်းမလဲ။ အဲဒီအခါ တွေးရုံတင် မဟုတ်တော့ဘူး။ လက်တွေ့ဆောင်ရွက်ရတယ်”

“လက်တွေ့ဆောင်ရွက်ဖို့ တတ်နိုင်သူတွေကတော့ နောက် C  တစ်လုံးပါဆရာ”
ငွေထွန်းက ထပြောသည်။

အားလုံး စိတ်ဝင်တစား နားထောင်နေကြသည်။
“ဘယ်သူတွေက လက်တွေ့ အကောင်အထည်ဖော် နိုင်ကြတာလဲ”
Cronies တွေပါဆရာ”

“ရှင်းပါဦး”
Cronies (ခရိုနီ) တွေဟာ အာဏာရှိသူတွေနဲ့ ပေါင်းသင်းပြီး စီးပွားလုပ်သူတွေဖြစ်တယ်”
“အေးလေ Crony ရဲ့ အဓိပ္ပာယ်ကိုက ‘ပေါင်းစားသူ’လေ”

“ဟုတ်တယ်ဆရာ၊ ခေတ်အပြောင်းမှာ သူတို့စိတ်ကောင်း စေတနာကောင်းနဲ့ ကူညီရင် ကျွန်တော်တို့ နိုင်ငံကြီးအရမ်းကို တိုးတက်လာမှာ အသေအချာပါဆရာ”

“ဒါပေမယ့်ဆရာ” ကျော်မြင့်က ကြားဖြတ်ဝင်လာသည်။
“ဘာလဲကျော်မြင့်”

“ဒီ Cronies တွေဟာ Cunning (ကောက်ကျစ်စဉ်းလဲ)ရင် အတော်ဆိုးမှာပါ”

“သူတို့ကို စိတ်စေတနာကောင်းတွေ ပေါ်လာအောင်တော့ Lobby လုပ်ရမှာပေါ့။ မြန်မာစကားရှိတယ်။ ဆင်းရဲလေလေသံဝေဂရတဲ့။ ဆင်းရဲတဲ့အခါ သံဝေဂရရင် သူဘယ်သူ့ကိုမှ သိပ်ကြီး ကူညီနိုင်မှာ မဟုတ်ဘူး။ချမ်းသာတဲ့လူတွေ စေတနာကောင်းပေါ်လာဖို့ အရေးကြီးတယ်။ ချမ်းသာမှ အလှူကြီးတွေ ပေးနိုင်တယ်။ င်္ Foundation တွေလုပ်နိုင်တယ်။

“ကဲ ဒီ နေ့တော့ ဒီလောက်ပါပဲ။ မင်းတို့ အတန်းချိန်လည်း လွန်နေပြီ။ အကောင်းဆုံးက တို့တစ်တွေ Change to Democracy C မှ D  သို့ဆိုတဲ့ အတွေးကို အလေးထားကြဖို့ပါပဲ”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...