အင်ဂျင်နီယာပညာရေးစနစ်နှင့် ပတ်သက်သည့် သုံးသပ်ချက်များ
by Kyaw Swar Myint Thein on Sunday, June 24, 2012 at 7:28am
ဒီလိုခေါင်းစဉ်တပ်ထားပေမယ့် ကျွန်တော်နားလည်သလိုပဲ ရှင်းရှင်း လင်းလင်း နားလည်နိုင်ကြဖို့ကို အဓိကထား တင်ပြသွားမှာပါ။ ကျွန်တော်ဟာ လူလတ်ပိုင်း၊ ရန်ကုန်စက်မှုတက္ကသိုလ်မှ မြို့ပြ အင်ဂျင်နီယာဘွဲ့ရတစ်ဦးဖြစ်ပါတယ်။ အားလုံးနဲ့ သက်ဆိုင်ပေမယ့်လို့ ကျွန်တော်က မြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်လို့ ကိုယ်သန်ရာအမြင်နဲ့ပဲ အချို့ကိစ္စတွေ ကို သုံးသပ်ပြမှာဖြစ်ပါတယ်။ ကျွန်တော်ဟာ တည်ဆောက်ရေးစီမံကိန်းတစ်ခုကို အကြီးအမှူးပြုပြီး ဆောင်ရွက်ခဲ့ရတဲ့ အချိန်မှာ တွေ့ကြုံရတာလေးတွေကို အရင်တင်ပြမှာပါ။ ကျွန်တော်ရဲ့ လက်အောက်မှာ BE, B-TECH, AGTI ဘွဲ့ရ ၀န်ထမ်းများစွာ ရှိပါတယ်။ သူတို့နဲ့ ထိတွေ့လုပ်ကိုင်တဲ့ အခါမှာတော့ သူတို့ အသီးသီးရထားတဲ့ဘွဲ့နဲ့ မလျှော်ညီမှု တွေကို တွေ့လာရပါတယ်။ Technician က Technician အလုပ်တွေကို မနိုင်နင်းသလို Engineer ဆိုသူများကလည်း Engineer ပီပီသသလုပ်ကိုင်နိုင်စွမ်းမရှိတာကို တွေ့လာရပါတော့တယ်။
သူတို့ဘွဲ့/ဒီပလိုမာရတဲ့နှစ်များကို ကြည့်တော့ ၂၀၀၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ရရှိခဲ့ကြတာကိုတွေ့ရပါတော့တယ်။
အရင်ဦးဆုံး ကျွန်တော်တို့ခေတ်က Engineer ပညာရေးအကြောင်း တစေ့တစောင်းတင်ပြပါရစေ။ ရန်ကုန်စက်မှု တက္ကသိုလ်လို့ ခေါ်တဲ့ ကျောင်းကြီးတစ်ကျောင်းထဲရှိခဲ့ပြီး နောက် ၁ နှစ် ၂ နှစ်မှာ မန္တလေး စက်မှု တက္ကသိုလ်ကို ဖွင့်လှစ်ခဲ့ပါသည်။ မူလရေးဆွဲအတည်ပြုထားပြီးသော အပြည်ပြည်ဆိုင်ရာသင်ရိုး ညွှန်းတမ်းများနဲ့ အညီကိုက်ညီ ရေးဆွဲခဲ့တဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားခဲ့ပါတယ်။ တစ်နှစ်မှာ ကျောင်းသား ၁၀၀၀ အောက်ကိုသာလက်ခံခဲ့ပြီး အမှတ်နဲ့ ရွေးချယ်ရတဲ့ စနစ်ကို အခြေခံခဲ့ပါတယ်။ ဆရာများသည်လည်း အနိမ့်ဆုံး service ၈ နှစ်ရထားသော နည်းပြ များ၊ အသက် (၅၀) ခန့် ပါမောက္ခများနှင့် အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံ၊ သင်ကြားရေးအတွေ့အကြုံ ၀နေ သော ဆရာများဖြစ်ကြပါတယ်။ စုစည်းရလျှင် ကျောင်းသား၊ ဆရာ၊ သင်ရိုးနဲ့ သင်ထောက်ကူပစ္စည်းများပြည့်စုံ တယ်လို့ ပြောလို့ ၏ရခဲ့ပါတယ်။ ထူးခြားချက်ကတော့ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ် နဲ့ ဆဋ္ဌမနှစ်များမှာ Industrial လက်တွေ့ အနေနဲ့ Field ဆင်းခဲ့ရပါတယ်။ စာမေးပွဲစနစ်ဟာလည်း ဒါသင် ဒါကျက်မဟုတ်ပါဘူး။ တွေ့ဖူး မြင်ဖူးးတဲ့ ပုံစံနဲ့ ၄၀% ခန့်သာမေးပြီး၊ လုံးဝမမြင်မတွေ့ဖူးတဲ့ ပုံစံနဲ့ ၆၀% လောက်ဖြေဆိုရပါတယ်။ အချို့ဘာသာရပ်တွေမှာ Open Book စနစ်ဖြင့်ပါ ဖြေဆိုခဲ့ရပါတယ်။ အဲသလို ၆ နှစ်ဆက်တိုက် မှတ်ကျောက်အတိုက်ခံ၊ ဇလုတ်အတိုက်ခံပြီးမှ အင်ဂျင်နီယာ ဘွဲ့တစ်ခုကို ရရှိခဲ့တာ ဖြစ်ပါတယ်။
(၂၀၀၀ - ၂၀၁၁) ကာလမှာတော့ အင်ဂျင်နီယာနှင့် Technician ရောပြွမ်းပညာရေးစနစ်တစ်ခုကို တွေ့ကြုံခံစားခဲ့ရ ပါတယ်။ အင်ဂျင်နီယာအတတ်ပညာ ထိပ်တန်းရောက်နေတဲ့ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်များရဲ့ သင်ရိုးညွှန်းတမ်း တွေနဲ့ လုံးဝသွေဖည်ပြီး၊ တောင်မရောက် မြောက်မရောက် ရောကျော် သင်ရိုးညွှန်းတမ်းဖြစ်ခဲ့တယ်လို့ပဲ အားမနာတမ်း ပြောပါရစေ။ ရှင်းလင်းအောင် ပြောရမယ်ဆိုရင်တော့ လှေကားထစ်ပုံစံ သင်ရိုးညွှန်းတမ်း ဖြစ်ခဲ့ပါတယ်။ Technician သင်ရိုးဖြစ်တဲ့ AGTI Level မှာ စပြီးလက်တွေ့အားနည်းခြင်း ၊ ပညာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများ ဆက်စပ်မှု မရှိ တာကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။ B.E ဘွဲ့ရတစ်ဦးတတ်သင့်သည့် ပညာနှင့် ကျွမ်းကျင်မှု AGTI/ B. Tech တစ်ဦးတတ်သင့်သည့် ပညာနှင့် ကျွမ်းကျင်မှုခြင်း မတူညီပါ။ ထို့ကြောင့် Educational Objectives များ တိတိကျကျသတ်မှတ်ထားခြင်းမရှိသည့်အခါတွင် သင်ရိုးများ သည်လည်း ဝေေ၀၀ါးဝါး ဖြစ်လာခဲ့ပါသည်။ Technician သင်ရိုးတွင် Engineer သင်ရိုးထက် လက်တွေ့ကို များများလုပ်ခွင့်၊ လေ့ကျင့်ခွင့် ပေးရပါမည်။ သို့မှသာ ကျွမ်းကျင်သော Technician များကို မွေးထုတ်ပေးနိုင်ပေမည်။ သို့သော် ဖွင့်ထားသော တက္ကသိုလ်အရေအတွက်၊ လက်ခံသောကျောင်းသားအရေအတွက်တို့နှင့် ချိန်ထိုးကြည့်ပါက လုံလောက်သော၊ ခေတ်မီသော Workshop များ၊ Lab များမရှိကြောင်းကို အချက်တစ်ချက်အနေဖြင့်လည်းကောင်း၊ ဆရာအင်အားနည်းပါးမှုနှင့် အရည်အသွေး နိမ့်ကျမှု ကို အချက်တစ်ချက်အနေဖြင့်လည်းကောင်း တွေ့ရပေမည်။ ထိုသို့ အင်ဂျင်နီယာနှင့် နည်းပညာဆိုင်ရာ တက္ကသိုလ်/ ကျောင်းများတွင် စာသင်ခန်းရှိရုံဖြင့် မပြီးဘဲ အခြားလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် လိုအပ်ခဲ့သည်ကို တွေ့နိုင်ပါ သည်။ အဆိုပါ ပညာရေးစနစ် (AGTI – B. Tech – B.E) စနစ်မျိုးကို ကမ္ဘာကျော် အမေရိကန်စက်မှုတက္ကသိုလ်များမှာ သုံးခဲ့ပါသလား။ အနီးစပ်ဆုံး (Asian Institute of Technology – AIT) မှာ သုံးတယ်လို့ရော ကြားမိပါသလား။ မရှိခဲ့ပါ။ ထိရောက်သော စနစ်မဖြစ်နိုင်သောကြောင့် အသုံးမပြုခဲ့သည်မှာ ထင်ရှားပါသည်။ အချို့သောအဖွဲ့အစည်း များက အချို့သောတက္ကသိုလ်များနှင့် ချိတ်ဆက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် စီးပွားရှာလေ့ရှိသော ပုံစံမျိုးကို အတုခိုးမှားခဲ့ပါတယ်။
နောက်တစ်ချက်မှာ ကာလတိုအတွင်း ကျောင်းများစွာဖွင့်လှစ်၍ ကျောင်းသားများစွာလက်ခံလိုက်ရာ၊ ကျောင်းသားနှင့် ဆရာအချိုးမမျှတတော့ဘဲ ဆရာများမှာ မနိုင်မနင်းဝန်ပိလာပါသည်။ ဆရာတစ်ဦးတည်းက ဘာသာရပ်များစွာ၊ အတန်းများစွာ သင်ကြားနေရသဖြင့် ထိုဆရာသည်ပင်လျှင် တစ်ဖြေးဖြေးကျွမ်းကျင်မှု အားနည်းလာပါတယ်။ ပိုဆိုး သည်မှာ စံပြအင်ဂျင်နီယာဟုခေါ်သည့် အရေးပေါ်ဆရာဖြစ်သင်တန်းဆင်းဆရာများ ဖြစ်သည်။ အထက်တန်း
စာမေးပွဲ၌ အင်္ဂလိပ်စာနှင့် သချာင်္အမှတ်ပေါင်း (၁၅၀) ရသူများကို အထူးအခွင့်အရေးနှင့် အထူးသင်တန်းပေးကာ၊ အားနည်းသောလက်တွေ့၊ ရှားပါးသော အတွေ့အကြုံ၊ ကိုးကားမှုနည်းသော စာကြည့်တိုက် အသုံးပြုမှုနည်းသော B.E၊ M.E၊ Ph.D များအဖြစ် တောက်လျှောက်သင်ကြားအောင်မြင်စေခဲ့သည်။ ထို့နောက် မတန်တဆရာထူးကြီးများပေးကာ မြှောက်စားပြီး သွေးခွဲအုပ်ချုပ်မှုကို အစပျိုးခဲ့သည်။ တက္ကသိုလ်သမိုင်း တွင် ထိုကဲ့သို့ ဖြစ်ရပ်မျိုးမရှိခဲ့ဖူးပေ။ ယခင်က Instructor အဆင့်မှ Assistant Lecturer အဆင့်သို့ တက်ရန် (၁၀) နှစ်ခန့် အလုပ်လုပ်ရပါသည်။ အလားတူ အသက် (၅၀)အောက်ပါမောက္ခဖြစ်သူ ဟူ၍လည်း မရှိသလောက်ပင်။ ယခုအခါ အသက် (၃၀) အောက်ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များ မြောက်များစွာ ရှိလာပါတော့သည်။ ထို့ကြောင့် အဆိုပါ နည်းပညာတက္ကသိုလ်များတွင် တက္ကသိုလ်၏ အစဉ်အလာ (Tradition) များနှင့် တန်ဘိုး (Value) များအားလုံး ကမောက်ကမဖြစ်လာပြီး လွယ်လွယ်နဲ့ ဘွဲ့ရ၊ လွယ်လွယ်နဲ့ ရာထူးရဆိုသည့် အဖြစ်မျိုးနှင့် ကြုံတွေ့ရတော့သည်။ ၂၀၀၄ ခုနှစ် CAFEO ညီလာခံ၌ စာတမ်းဖတ်ပွဲတစ်ခုတွင် ကျွန်တော်က အနှီ ပါမောက္ခချုပ် ဒေါက်တာလေးတစ်ဦးအား အခြေခံအကြောင်းအရာလေးတစ်ခုကို မေးကြည့်ရာ ထိုဆရာလေးမျက်ရည်လည်ရွှဲဖြစ်ခဲ့၍ ကျွန်တော်လည်း မိမိတို့ Profession အပေါ် ၀မ်းနည်းခဲ့ရဘူးပါသည်။ မဲမဲမြင်ရာ ပါမောက္ခဖြစ်လာသော ခေတ်တွင် ရာထူးတစ်ခု၊ ဘွဲ့တစ်ခုပေးပြီးလျှင် ပြန်ရုပ်သိမ်းရန် မဖြစ်နိုင်တော့သောကြောင့် အဆိုပါ နည်းပညာတက္ကသိုလ်များမှာ ဘွဲ့ရ - ပညာမတတ်နှင့် ဘွဲ့ရ - ပညာနိမ့်များ မွေးထုတ်ပေးရာ ရပ်ဝန်းများ ဖြစ်သွားတော့သည်ကို ကြေကွဲဝမ်းနည်းဖွယ်ရာ တွေ့မြင်ရပါသည်။
ကျွန်တော်တို့ အထက်တန်းအောင်၍ စက်မှုတက္ကသိုလ်စတက်ရာတွင် အမှတ်ဖြင့် ၀င်ခွင့်သတ်မှတ်ခဲ့ရာ ဆေးတက္ကသိုလ်များ နှင့် ဒုတိယနေရာ (သို့) တစ်တန်းတည်းတွင်ရှိသော အမှတ်များဖြင့် ရွေးချယ်ခဲ့ပါသည်။ ထိုစဉ်အခါက လူအများ၏ တန်ဘိုးထားလေးစားရာ အင်ဂျင်နီယာတက္ကသိုလ်ဖြစ်ခဲ့သော်လည်း ယခုအခါတွင် ခပ်ပေါပေါပဲပဲ နည်းပညာ တက္ကသိုလ် များအဖြစ်သို့ ကျဆင်းသွားခဲ့ပါသည်။ ယခင်က လူငယ်များ၏စိတ်တွင် အင်ဂျင်နီယာဖြစ်ချင်ရင် RIT ရအောင်ကြိုးစား၊ အဲသည် ခြေလှမ်းလှမ်းရင် အဲသလိုဖြစ်မယ်ဟု ဒက်ထိသိရှိအားထုတ်ခဲ့ကြသော်လည်း၊ ယခုအခါ အင်ဂျင်နီယာကောင်းတစ်ယောက်ဖြစ်ရေး လမ်းစမှာ ဝေေ၀၀ါးဝါးသာလျှင် ဖြစ်တော့သည်။ ဥာဏ်ရည် ဥာဏ်သွေး၊ ကိုယ်ရည်ကိုယ်သွေး နိမ့်သောသူများဝင်လာသဖြင့်၊ စာကိုလျှော့သင်၊ မေးခွန်း လွယ်လွယ်မေး၊ မအောင်မရှိ ငါ့တပည့် စနစ်ဖြစ်လာသည်။ စည်းကမ်း လျော့ရဲသဖြင့်လည်း၊ ဆရာများအပေါ် လေးစားမှုလျော့ရဲလာသည်။ အရေအတွက် များများကို ပြယုဂ်အဖြစ် ဦးတည်သောကြောင့် အလိုလိုက်၊ အလျှော့ပေးသဖြင့် အရည်အသွေးများ သိသိသာသာ နိမ့်ပါးလာသည့်အဖြစ်သို့ရောက်သွားတော့သည်။
ကဲ.. ဆိုးတာတွေပဲ ပြောနေမှာလား၊ ကောင်းအောင်ဘာတွေလုပ်မလဲ၊ဘာတွေပြုပြင်ကြမလဲ၊ ဘာတွေပံ့ပိုးကြမလဲ၊ ဒါတွေကို ဆက်လက်ဆွေးနွေးသွားပါမယ်။ အသေချာဆုံးတစ်ခုကတော့ အခုတလော ကျယ်ကျယ်လောင်လောင် ကြားနေရသလို (၆)နှစ် နှစ်ပြည့် သင်ရိုးညွှန်းတမ်းနဲ့ ပထမနှစ် အင်ဂျင်နီယာသင်တန်းတွေပြန်ဖွင့်ဖို့ပါပဲ။ ဒါပေမယ့်လို့ ကျွန်တော်တို့ဆီမှာ ဖွင့်ထားတဲ့ ကျောင်းတွေက (၄၀) နားနီးနီးဖြစ်နေတော့ အဲဒါတွေကို ဘာလုပ်မလဲ တွေးစရာ ရှိလာ ပါတယ်။ ကျွန်တော်အကြံပြုလိုတာကတော့ ရန်ကုန်နဲ့ မန္တလေးနည်းပညာတက္ကသိုလ်တွေမှာ ပုံမှန်တန်းတွေ စတင်ဖွင့် လှစ်ပြီး ယခင်က ရှိခဲ့ဖူးတဲ့ စနစ်နဲ့ ခပ်ဆင်ဆင် အခြားကျောင်းတွေကို သင်ရိုးညွှန်းတမ်း ပြောင်းလဲပေးရင် ပိုပြီးအကျိုး ရှိလာနိုင်ပါတယ်၊ ရန်ကုန်နဲ့ မန္တလေး ကျောင်း (၂) ကျောင်းက B.E ဘွဲ့စစ်စစ်ကို ပေးပြီး အခြား ကျောင်းတွေက AGTI – B.Tech ဘွဲ့ကိုပေး၊ ဒီထက်ထူးချွန်သူ၊ qualify ဖြစ်သူတွေထဲမှာ စိစစ်ပြီး ရာခိုင်နှုန်းတစ်ခုကို ရန်ကုန်နဲ့ မန္တလေး နည်းပညာတက္ကသိုလ်တွေမှာ BE ဆက်တက်စေမယ်ဆိုရင် ပိုကောင်းလာနိုင်ပါတယ်။ မြန်မာနိုင်ငံ အင်ဂျင်နီယာ အဆင့်အတန်းကို ကိုယ်စားပြုမည့် ထိပ်တန်းတ္ကသိုလ် Centre of Excellenc (CEO) ၂ ခုအပြင် ရန်ကုန်နှင့် မန္တလေးတွင် ထားရှိလိုက်လျှင် အထူးအာရုံစိုက်၍ အချိန်နည်းနည်းနှင့် မြန်မြန်ဖွံ့ဖြိုးတိုးတက် လာအောင် ပြုလုပ်နိုင်မည်ဖြစ်သည်။ အထက်တွင်ဆိုခဲ့သလို တက္ကသိုလ် (၄၀) ခန့်ကို တစ်ချိန်တည်း၊ တပြေးညီ မြန်မြန်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရန်မလွယ်ကူပါ။ နှေးကွေးပြီး အခက်အခဲပေါင်းများစွာ၊ စစ်မျက်နှာများစွာနှင့် ရင်ဆိုင် ဖြေရှင်းရမည်ဖြစ်ပါသည်။ ထိုကဲ့သို့သော စနစ်တွင် YTU နှင့် MTU များသို့ ၀င်လာမည့် ကျောင်းသားများမှာ ဥာဏ်ရည် ဥာဏ်သွေး မြင့်မားသူများဖြစ်လာခြင်း၊ ဆရာများအရည်အချင်း မြင့်မားလာစေရေးအတွက် စိစစ်ခြင်း၊ အစိုးရ၏ ဘတ်ဂျက်အပြင် ပုဂ္ဂလိကနှင့် ပြည်ပထောက်ပံ့မှုများ လက်ခံရရှိလာအောင် ဆောင်ရွက်ခြင်းများ ရှိလာပါက မကြာမီအရှေ့တောင်အာရှအဆင့်သို့ ပြန်လည်ရောက်ရှိနိုင်မည် ဖြစ်သည်။ အထက်တွင် ပြဆိုခဲ့သလို ကျောင်း (၄၀)ခန့် ကို ဖြန့်ပြီး နောင်အနှစ် (၃၀-၄၀) အထိ ပြဿနာတွေနဲ့ သွားမလား၊ ကျောင်း ၂ ကျောင်းကို ဗဟိုပြုပြီး (၁၀) နှစ်အတွင်း နိုင်ငံတကာ ကျောင်းများအဖြစ်ကိုသွားမလားရွေးရတော့မည့် လမ်းခုလတ်ဖြစ်နေပြီဖြစ်သည်။
နိဂုံးချုပ်အားဖြင့် တင်ပြရလျှင် ယနေ့ခေတ်မွေးထုတ်ခဲ့သော အင်ဂျင်နီယာနှင့် Technician များသည် အခြေခံအကျ ဆုံးသိသင့်သိထိုက်သည်များကိုပင် မသိရှိဘဲ စာရွက်မျှသော ဘွဲ့များကို ပိုင်ဆိုင်ထားခြင်း၊ လက်တွေ့နယ်ပယ်များ၌ ထဲထဲဝင်ဝင် လုပ်ဖူးကိုင်ဖူးမရှိခြင်း၊ မိမိကိုယ်ကို အထင်ကြီး ဘ၀င်မြင့်နေခြင်း များသာအဖတ်တင်ပြီး လက်တွေ့တွင် သုံးမရခြင်း စသည်များကို လက်တွေ့နယ်ပယ်များတွင် လူကိုယ်တိုင်၊ ကုမ္ပဏီများ၊ ၀န်ကြီးဌာနများများ၌ မကြာခဏ တွေ့ရ မြင်ရ ကြားနေရပါသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ပညာရေးစနစ် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှု၊ အထွေထွေချို့ယွင်းချက်၊ အစီအစဉ် ကျနမှုမရှိခြင်းနှင့် ပညာရေး လွတ်လပ်မှုကင်းမဲ့ခြင်း တို့ကြောင့်ပင်ဖြစ်သည်။
0 comments:
Post a Comment