Thursday, June 21, 2012

လဇ္ဇီ နှင့် အလဇ္ဇီ ခွဲခြားသိတတ်၍ လဇ္ဇီ များအောင်ကြိုးစားပါ



ဤလောက၌ လူဟူသည် တစ်ယောက်တည်း နေ၍ရသည်မဟုတ်။ ပတ်ဝန်းကျင် အသိုင်းအဝိုင်းနှင့် နေမှ ရသည်ချည်း ဖြစ်၏ ။ သို့ရာတွင် လူသည် ပတ်ဝန်းကျင် အသိုက် အဝန်း၌ နေရစေကာမူ စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြင့် နေချင်သည်ချည်း ဖြစ်၏ ။ ထို့ကြောင့် လူသည် ပတ်ဝန်းကျင် အသိုက် အဝန်း၌ နေရစဉ် စိတ်ချမ်းသာ ကိုယ်ချမ်းသာ နှင့် နေလိုပါက စိတ်ချမ်းသာကိုယ်ချမ်းသာ နှင့်နေရအောင် အားထုတ်ဖို့ပဲ လို၏ ။ စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့်နေရအောင် အားထုတ်နည်းကို ငါးပါးသီလ ဟူ၍ ကျမ်းဂန်များတွင် ဆို၏ ။
ငါးပါးသီလသည် လောကလူ့ဘောင်ငြိမ်းချမ်းသာယာရေးအတွက် လူလူချင်းဆက်ဆံရာ၌ လိုက်နာကျင့်သုံးရန် ပြဋ္ဌာန်းထားသည့် စည်းမျဉ်းဖြစ်၏ ။ လူလူချင်း ဆက်ဆံရေးဆိုရာ၌ ပတ်ဝန်းကျင် တစ်ခုလုံးနှင့် ဆက်ဆံရေးလည်း ပါဝင်၏ ။ သို့ရာတွင် လောက လူ့ဘောင်၌ ငြိမ်းချမ်းသာယာမှု ဖြစ်ထွန်းအောင် ဆောင်ရွက်ရာတွင် လူလူချင်းဆက်ဆံရေးသည် ပို၍ ပဓာန ကျသောကြောင့် လူလူချင်းဆက်ဆံရေးကို အဓိကအားပြု၍ ဆိုခြင်းဖြစ်၏ ။ အမှန်အားဖြင့် လူလူချင်း ဆက်ဆံရေးကောင်းမွန်မှသာ လူ့ဘောင်လောကသည် ငြိမ်းချမ်းသာယာမည် ဖြစ်၏ ။ လူလူချင်းဆက်ဆံရေးကောင်းမွန်ခြင်း ဟူသည်မှာလည်း ငါးပါးသီလ စောင့်ထိန်းမှု အပေါ်၌ တည်၏ ။ ငါးပါးသီလ စောင့်ထိန်းသည်နှင့် အမျှ လူလူချင်းဆက်ဆံရေးသည် ကောင်းမွန်နေမည် ဖြစ်၏ ။ လူလူချင်းဆက်ဆံရေး ကောင်းမွန်နေသည်နှင့်အမျှ လောကလူ့ဘောင်သည် ငြိမ်းချမ်း သာယာနေမည် ဖြစ်၏ ။ ထိုအခါ လူ့ဘဝ ရခြင်းသည် မနုဿတ္တ ဘာဝေါ ဒုလ္လဘော ဟူသည်နှင့် အညီ ထိုက်ထိုက်တန်တန်ရခြင်းမည်၏ ။ ရခဲသော လူ့ဘဝကို ထိုက်ထိုက်တန်တန် ရခြင်းဖြစ်ပါက လောလောဆယ် ပစ္စုပ္ပန်၌လည်း ချမ်းသာမည် ဖြစ်၏ ။ တမလွန်၌လည်း ချမ်းသာမည် ဖြစ်၏ ။ ယုံမှားဖွယ်ရာ ဘာမှ မရှိ။

ငါးပါးသီလဟူသည် လူတို့ အနေဖြင့် အမြဲစောင့်ထိန်းနေအပ်သောကြောင့် နိစ္စသီလ ဟူ၍ ဆို၏ ။ အမြဲစောင့်ထိန်းခြင်းကို ခါးဝတ်ပုဆိုးကဲ့သို့မြဲနေအောင် သတိဖြင့် စောင့်ထိန်းခြင်းဟု တင်စား၍ ဆိုလေ့ရှိကြ၏ ။ ခါးဝတ်ပုဆိုးကျွတ်သွားပါက လောကတွင် ရှက်ဖွယ် ဖြစ်သကဲ့သို့ ငါးပါးသီလ မမြဲပါကလည်း လောကတွင် ရှက်ဖွယ်ဖြစ်၏ ။ သို့ရာတွင် လူတို့အနေဖြင့် ပုဆိုးကျွတ်ခြင်းကိုသာ လောကတွင် ရှက်ဖွယ်အဖြစ် မှတ်ယူတတ်ကြပြီး ငါးပါးသီလ မမြဲခြင်းကိုမူ လောကတွင် ရှက်ဖွယ် အဖြစ် မမှတ်ယူတတ် ခြင်းက ပို၍မိုက်မဲရာကျ၏ ။ တိရစ္ဆာန်တို့ အမြင်နှင့် မထူးခြားရာလည်း ကျ၏ ။ အမှန်အားဖြင့် တိရစ္ဆာန်တို့သည် ခါးဝတ်ပုဆိုး မရှိခြင်းကိုမူ ရှက်စရာဟူ၍ မထင်မှတ်ကြသလို လူမိုက်တို့သည်လည်း ငါးပါးသီလ မမြဲခြင်းကို ရှက်စရာဟူ၍ မမှတ်ထင်ကြ။ ထို့ကြောင့် တိရစ္ဆာန်တို့၏ အသိနှင့် လူမိုက်တို့၏ အသိသည် လောကလူ့ဘောင် ငြိမ်းချမ်းသာယာရေး ရှုထောင့်မှကြည့်လျှင် ပြီး ခြားနားလှမည် မဟုတ်ကြောင်းကို တွေ့ရမည် ဖြစ်၏ ။ အမှန်အားဖြင့် ဤလောက၌ ငြိမ်းချမ်းသာယာမှု မရှိခြင်းမှာလည်း လူမိုက်တို့က များသောကြောင့်ဖြစ်၏ ။ အရေအတွက်အားဖြင့် ဤလောက၌ လူမိုက်တို့က များသော အခါ အရေအတွက် အားဖြင့် လည်း စီမံဖန်တီးခွင့်ရှိသော နေရာကောင်းများကို လူမိုက်တို့ကပင် အရများကြ၏ ။ ထိုအခါ လောကလူ့ဘောင်၌ ငြိမ်းချမ်းသာယာမှုထွန်းကားအောင် ဆောင်ရွက်ဖို့ အတော်ပင်ခက်၏ ။

ဓမ္မတာ အရ သီလမရှိသဖြင့် အရှက်မရှိသော အလဇ္ဇီ တစ်ယောက်သည် သီလမရှိသဖြင့် အရှက်မရှိသော အလဇ္ဇီ တစ်ရာကို ဖန်တီးရန်လွယ်ကူပါ၏ ၊ ဓမ္မတာအရပင် သီလရှိသဖြင့် အရှက်ရှိသော လဇ္ဇီ တစ်ယောက်သည် သီလရှိသဖြင့် အရှက်ရှိသော လဇ္ဇီ တစ်ရာကို ဖန်တီးရန် အတော်ပင်ခက်ပါ၏ ။ ခက်ပါသော်လည်း ဖန်တီးရန်တာဝန်သည် သီလ ရှိသဖြင့် အရှက်ရှိသော လဇ္ဇီတိုင်း၌ ရှိ၏ ။ ဒေသနာတော် အရလည်း အဓမ္မ ဝါဒီအများ၏ အလယ်၌ အဓမ္မဝါဒကို အင်အားဖြင့် အတည်ပြုသော အခါ ဓမ္မဝါဒီ အနေဖြင့် ကိုယ်နှုတ်တို့ဖြင့် ကန့်ကွက်ခွင့် မရပါက “ နမေတံ ခမတိ ” ငါ မထောက်ခံဘူးဟု စိတ်ဖြင့် ကန့်ကွက်ဖြစ်အောင် ကန့်ကွက်ရမည် ဟူ၍ဆို၏ ။ ထို့ကြောင့် လောက လူ့ဘောင်၌ ငြိမ်းချမ်းသာယာရေးကို လိုလားသူ ဟူသမျှသည် ဤလောက၌ လူမိုက်များ မည်မျှပင် များစေကာမူ မိမိ၏ တာဝန်အရ ငါးပါးသီလကို မိမိအနေဖြင့်လည်း စောင့်ထိန်းရမည် ဖြစ်၏ ။ သူတစ်ပါးကိုလည်း စောင့်ထိန်းဖြစ်အောင် စွမ်းနိုင်သမျှ ဆွဲဆောင်ရမည် ဖြစ်၏ ။ သို့မှသာ မိမိ အပေါ်ကျရောက်သော တာဝန်ကို တတ်နိုင်သမျှ ကျေပြွန်အောင် ဆောင်ရွက်ရာ ရောက်ပေလိမ့်မည် ။

ငါးပါးသီလတွင် ပထမ သိက္ခာပုဒ်မှာ ပါဏာတိပါတ သိက္ခာပုဒ် ဖြစ်၏ ။ ယင်းသိက္ခာပုဒ်ကို ကြင်နာမှုအပေါ် တည်ဆောက်ထားခြင်းဖြစ်၏ ။ ကြင်နာမှုကို ပါဠိဝေါဟာရအားဖြင့် အဒေါသ ဟူ၍လည်းကောင်း၊ မေတ္တာ ဟူ၍လည်းကောင်း ဆို၏ ၊ အမှန်အားဖြင့် ကြင်နာမှု၌ လက်တွေ့အားဖြင့် ချစ်ခြင်းသဘောလည်း ပါ၏ ။ သနားခြင်းသဘောလည်း ပါ၏ ၊ ထို့ကြောင့် လူလူချင်း ဆက်ဆံရာ၌ တစ်ဦးအပေါ်တစ်ဦးက ကြင်နာမည် ချစ်မည် ဆိုပါလျှင် အချင်းချင်း ဆက်ဆံရေး၌ မပြေပြစ်စရာ ဘာမျှ မရှိ၊ မချောမွေ့စရာ ဘာမျှ မရှိ ။ ထိုအခါ အချင်းချင်း၌ မငြိမ်းချမ်းစရာ ဘာမျှမရှိ။ မသာယာစရာလည်း ဘာမျှမရှိ။ အစစ အရာရာ အားလုံးငြိမ်းချမ်း သာယာနေမည် ဖြစ်၏ ။ ထိုအခါ တစ်ဦးကို တစ်ဦးက သတ်ဖို့ မဆိုထားနှင့် တစ်ဦး၏ အကျိုးစီးပွားကို တစ်ဦးက ထိခိုက်အောင် နစ်နာအောင် လုပ်ဖို့ပင် မရှိချေ။ ထိုကြောင့် ပါဏာတိပါတ သိက္ခာပုဒ်ကို အလိုလိုစောင့်ထိန်း မိလျက်သား ဖြစ်ချေမည် ။

“ ပဲနိ ကိုသာ မိမိက ထိန်းသိမ်းနိုင်ပါလျှင် ပေါင် သည် သူ့ကိုယ်သူ ထိန်းသိမ်းပြီးသာ ဖြစ်၏ ” ဟူ၍ ဆိုရိုးစကားရှိ၏ ။ ထို့ကြောင့် ပါဏာတိပါတ သိက္ခာပုဒ်အရ မိမိနှင့် ဆက်ဆံရသူများ အပေါ် မိမိကသာ တကယ်တမ်း ချစ်မည်၊ တကယ်တမ်း ကြင်နာမည်၊ တကယ်တမ်းမြတ်နိုးမည် ဆိုပါလျှင် မိမိအနေဖြင့် ပါဏာတိ ပါတ သိက္ခာပုဒ်ကို လုံခြုံအောင် ထိန်းသိမ်းရာ ရောက်ပြီး ကျန်သော သိက္ခာပုဒ်များကို လုံခြုံအောင် ထိန်းသိမ်းဖို့လည်း ဘာမျှ မခက်ခဲ၊ ကျန်သော သိက္ခာပုဒ်များသည် သူတို့ကိုယ်ကို ပင် သူတို့ကပင် ထိန်းသိမ်းကြပေလိမ့်မည်။ ထို့ကြောင့် ငါးပါးသီလတွင် ပါဏာတိပါတ သိက္ခာပုဒ်ကို လုံခြုံအောင် ထိန်းသိမ်းဖို့ အရေးကြီးပါ၏ ။ ပါဏာတိပါတ သိက္ခာပုဒ်ကို တကယ်တမ်း လုံခြုံအောင် ထိန်းသိမ်းမည် ဆိုပါလျှင် မိမိအနေဖြင့် မိမိနှင့် ဆက်ဆံရသူများအပေါ် တကယ်တမ်း ကြင်နာတတ်ဖို့ လိုပါ၏ ။ ကြင်နာသည်ဆိုရာ၌ မေတ္တသုတ် ပရိတ်တော်လာ အတိုင်း မိခင်ဖြစ်သူက မိမိ၏ တစ်ဦးတည်းသော သားအပေါ် ကြင်နာခြင်းမျိုးဖြင့် ကြင်နာနိုင်လေ ပါဏာတိပါတ သိက္ခာပုဒ်သည် ပို၍လုံခြုံလေ ဖြစ်၏ ။ ကြင်နာမှုသည် ထိုထက် ပိုနည်းလျှင် လုံခြုံမှု ပိုနည်းလေ ဖြစ်ပေလိမ့်မည် ။

အမှန်အားဖြင့် ပါဏာတိပါတ သိက္ခာပုဒ် လုံခြုံမှုနှင့်စပ်လျဉ်း၍ ဆိုရလျှင် သူတဖက်သား အပေါ် ကြင်နာမှုသည် များစွာပြဋ္ဌာန်းထား၏ ။ ထို့ကြောင့် သူတစ်ဖက်သားအပေါ် ကြင်နာမှု မပါဘဲနှင့် ပါဏာတိပါတ သိက္ခာပုဒ်ကို စောင့်ထိန်းခြင်းသည် လူ့ဘောင်လောက ငြိမ်းချမ်းသာယာရေးအတွက် သိပ်ပြီး ထိရောက် လှမည် မဟုတ်ချေ။

သူတစ်ဖက်သား အပေါ် ကြင်နာဖို့ဆိုသည်မှာ တာဝန်သိစိတ်ရှိမှ ကြင်နာ၍ရသည်။ မိခင်သည် မိမိ၏သားကို မွေးမြူဖို့ တာဝန်ရှိ၏ ။ ထိုတာဝန်ကို မိခင်က သိ၏ ။ ထို့ကြောင့် မိခင်က သားကို ကြင်နာခြင်း ဖြစ်၏ ။ သားကလည်း မိမိ၏ မိခင်ကို ပြုစုဖို့ တာဝန်ရှိ၏ ။ ထိုတာဝန်ကို သားက သိ၏ ။ ထို့ကြောင့် သားက မိမိ၏မိခင်ကို ကြင်နာကြခြင်းဖြစ်၏ ။ ညီအစ်ကို မောင်နှမများသည်လည်း အချင်းချင်း ယိုင်းပင်းဖို့ တာဝန်ရှိကြ၏ ။ ထိုတာဝန်ကို သူတို့ သိကြ၏ ။ ထို့ကြောင့် ညီအစ်ကိုမောင်နှမများသည် အချင်းချင်း ကြင်နာခြင်း ဖြစ်၏ ။ ပဋ္ဌာန်း ဥပနိဿယ ပစ္စည်း အရ ဤမြေ ဤရေ ဤနိုင်ငံသားများသည် မိမိအပေါ် ဥပနိဿယ ပစ္စည်းဖြင့် ကျေးဇူးပြုကြ၏ ။ ထိုကျေးဇူးကို ပြန်ဆပ်ဖို့ မိမိ၌ တာဝန်ရှိ၏ ။ ထိုတာဝန်ကို မိမိက သိပါလျှင် မိမိအနေဖြင့် ဤမြေဤရေ ဤနိုင်ငံသားများအပေါ် မကြင်နာနိုင်စရာ ဘာမျှ မရှိ ။ တာဝန်ကို ကျေပြွန်အောင် ဆောင်ရွက်သော အားဖြင့် ဤမြေ ဤရေ ဤနိုင်ငံသားများ အပေါ် ကြင်နာရိုးမှန်ပါလျှင် ဤမြေ ဤရေ ဤနိုင်ငံသားများ၏ အကျိုးစီးပွားကို ထိခိုက် နစ်နာအောင် ဘာမျှလုပ်လိမ့်မည် မဟုတ်။ ဤသဘောသည် ပါဏာတိပါတ သိက္ခာပုဒ်ကို လုံခြုံအောင် ထိန်းသိမ်းခြင်း၌ အတွင်းဝင်၏ ။ ထို့ကြောင့် ပါဏာတိပါတ သိက္ခာအနက်သည် သဒ္ဒတ္ထအားဖြင့် သူတစ်ပါး၏ အသက်ကို မသတ်ခြင်း ဖြစ်သော်လည်း အဓိပ္ပာယတ္ထ နှင့် သာဝတ္ထအားဖြင့် မိမိအပေါ်ရှိသော သူတစ်ပါ၏ ကျေးဇူးကို ပြန်ဆပ်ရန် တာဝန်ကို သိခြင်း၊ ကြင်နာခြင်း နှင့် ပြုစုပျိုးထောင်းခြင်းတို့ ဖြစ်ကြလေ၏ ။

အသိဟူသည် အဆင့်အားဖြင့် သုံးဆင့်ရှိ၏ ။ ပထမအဆင့်မှာ “စာပေသိ ” ဖြစ်၏ ။ ဒုတိယအဆင့်မှာ “ လောကသိ ” ဖြစ်၏ ။ တတိယအဆင့်မှာ “ ဘဝသိ ” ဖြစ်၏ ။ ထို့ကြောင့် အသိဟူသည် စာပေအဆင့်တွင် မရပ်ကောင်း၊ လောကသိ အဆင့်သို့ ရောက်အောင် သွားရ၏ ။ လောကသိ အဆင့်သို့ ရောက်ပြန်ပါကလည်း လောကသိအဆင့်တွင် မရပ်ကောင်း၊ ဘဝသိ အဆင့်သို့ ရောက်အောင် သွားရ၏ ။ ဘဝသိ အဆင့်သို့ ရောက်မှသာ အသိသည် ပြည့်စုံ၏ ။ သို့မဟုတ်ပါက အသိသည် မပြည့်စုံချေ ။ ပြည့်စုံသော အသိသည် လောကအတွက် လည်းကောင်း၊ မိမိအတွက်လည်းကောင်း မှန်ကန်သော အကျိုးကို ဖြစ်စေနိုင်၏ ။ မပြည့်စုံသော အသိသည် လောကအတွက် လည်းကောင်း၊ မိမိအတွက်လည်းကောင်း မှန်ကန်သော အကျိုးကို မဖြစ်စေတတ်၊ တစ်ခါတစ်ရံ အစွန်းရောက် သဘောကို ဆောင်တတ်သဖြင့် အန္တရာယ်ကို ဖြစ်စေတတ်၏ ။

အသိသုံးဆင့်တွင် စာပေသိကို သဒ္ဒတ္ထမှ ရ၏ ။ လောကသိကို အဓိပ္ပာယတ္ထမှ ရ၏ ။ ဘဝသိကို ဘာဝတ္ထမှရ၏ ။ ဘဝသိကို ခန္ဓာသိဟူ၍လည်းဆိုကြ၏ ။ ထို့ကြောင့် ပါဏာတိပါတပုဒ်နှင့်စပ်လျဉ်း၍ အနက်ကို ဆိုသောအခါ သူ၏အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ ဟူသော သဒ္ဒတ္ထတွင် မရပ်ဘဲ ယင်းအနက်မှ အစဉ်လျှောက်၍ တာဝန်ကိုသိခြင်း၊ ကြင်နာခြင်း၊ ပြုစုပျိုးထောင်ခြင်း အထိ ယူရခြင်း ဖြစ်၏ ။ အမှန်အားဖြင့် ဥပနိဿယ ပစ္စည်းအရ တာဝန်ရှုထောင့်မှ ကြည့်လျှင် လောကတွင် ကျေးဇူးရှင် နှင့် ကျေးဇူးစား ဟူ၍ နှစ်မျိုးသာ ရကောင်း၏ ။ ဤသည်မှာ ပဋ္ဌာန်းဥပနိဿယ ပစ္စည်းအရ နှစ်မျိုးခွဲခြင်း ဖြစ်၏ ။ သို့ဖြစ်၍ သက်ရှိသက်မဲ့ ဖြစ်သော ပတ်ဝန်းကျင်သည် ကျေးဇူးရှင် ဖြစ်လျှင် မိမိသည် ကျေးဇူးစား ဖြစ်၏ ။ မိမိသည် ကျေးဇူးစား ဖြစ်လျှင် မိမိအပေါ်တင်ရှိသော ပတ်ဝန်းကျင်ကျေးဇူးကို ပြန်ဆပ်ဖို့တာဝန်ရှိ၏ ။ ထိုကဲ့သို့ ပတ်ဝန်းကျင်ကို ကျေးဇူးရှင်အဖြစ်မြင်ပါမှ ပတ်ဝန်းကျင်ကို မိမိ၏ ကျေးဇူးရှင် အဖြစ် လေးစားလာမည် ဖြစ်၏ ။ ကြင်နာလာမည် ဖြစ်၏ ။ ထိုအခါမှသာ မိမိသည် ပတ်ဝန်းကျင်၏ အကျိုးစီးပွားကို ဆောင်ရွက်ချင်လာမည် ဖြစ်၏ ။ မိမိပတ်ဝန်းကျင်ဟူသည် ပဓာနအားဖြင့် မိမိ၏ နိုင်ငံ မိမိ၏ လူမျိုးနှင့် မိမိ၏ ယဉ်ကျေးမှု ဖြစ်၏ ။ အမှန်အားဖြင့် ပတ်ဝန်းကျင်တွင် အခြားနိုင်ငံ အခြားလူမျိုးနှင့် ယင်းတို့၏ ယဉ်ကျေးမှုများ ပါဝင်သော်လည်း မိမိအပေါ် ကျေးဇူးပြုခြင်း၌မူ မိမိနိုင်ငံ မိမိလူမျိုးနှင့် မိမိ ယဉ်ကျေးမှုက ပို၍ ပဓာနကျ၏ ။ ထို့ကြောင့် ကျေးဇူး ဆပ်ရာ၌ ပဓာန သဘောအရ ယင်းတို့အပေါ်ထက် မိမိ နိုင်ငံအပေါ် မိမိ လူမျိုးများအပေါ် မိမိ ယဉ်ကျေးမှုအပေါ် ပို၍ ကျေးဇူးဆပ်ရမည် ဖြစ်၏ ။ ပို၍တာဝန်ကို သိရမည် ဖြစ်၏ ။ ပို၍ ကြင်နာရမည် ဖြစ်၏ ။ ပို၍ ကြင်နာသည်နှင့်အမျှ ပါဏာတိပါတ သိက္ခာပုဒ်သည် ပို၍လုံခြုံ၏ ။

တကယ်တမ်း ကြင်နာလာပြီဆိုပါလျှင် မိမိ ကြင်နာရသူထံမှ မပေးဘဲ သူ့ပစ္စည်းကို ယူဖို့ မဆိုထားနှင့် ပေးသောပစ္စည်းကိုပင် ယူလိုစိတ်မရှိဘဲ မိမိကသာ မိမိ ကြင်နာရသူအား မိမိ ပစ္စည်းကို ပေးချင်၏ ။ သူ့အကျိုးကျေးဇူး ရှိရေးအတွက် အဘက်ဘက်မှ ပံ့ပိုးချင်၏ ။ ထိုအခါ ငါးပါးသီလတွင် အဒိန္နာဒါန သိက္ခာပုဒ်ကို လုံခြုံအောင် စောင့်ထိန်းရာ၌ သူမပေးဘဲ သူ့ဥစ္စာကို မယူခြင်း သက်သက်သည်ပင် သီလသဘောအရ ဤသိက္ခာပုဒ်ကို လုံခြုံအောင် ထိန်းသိမ်းရာ ရောက်ပါ၏ ။ သို့ရာတွင် ထိုကဲ့သို့ ထိန်းသိမ်းခြင်းကား ပါရမီသဘောမပါလျှင် လောကပါလ တရားအနေဖြင့် လောက၌ ငြိမ်းချမ်းသာယာမှု ဖြစ်ပေါ်လာအောင် ထိရောက်စွာ စွမ်းဆောင်နိုင်ဖို့ အခွင့်အလမ်း သိပ်မရှိချေ။ ထို့ကြောင့် ပါရမီသဘောအရ အဓိသီလအနေဖြင့် ဤသိက္ခာပုဒ်ကို လုံခြုံအောင် ထိန်းသိမ်းရာ၌ မိမိဘက်မှ အနစ်နာခံသည့် သဘောပါရ၏ ။

အနာခံခြင်း ဟူသည်မှာ လောဘကို သတ်ခြင်းဖြစ်၏ ။ လောဘသေပါမှ နိဗ္ဗာန်ချမ်းသာကို ရမည် ဖြစ်၏။ လောဘကို သတ်ရာတွင် အလောဘသည် ပါရ၏ ။ ဤသိက္ခာပုဒ်ကို စောင့်ထိန်းရာတွင် အလောဘအပေါ် အခြေခံပါမှ ထိုက်ထိုက်တန်တန် စောင့်ထိန်းရာ ရောက်၏ ။ ပါဏာတိပါတ သိက္ခာပုဒ်ကို စောင့်ထိန်းရာတွင် အဒေါသ အပေါ် အခြေခံရသလို အဒိန္နာဒါန သိက္ခာပုဒ်ကို စောင့်ထိန်းရာတွင် အလောဘအပေါ်အခြေခံရခြင်း ဖြစ်၏ ။ အဒေါသ သဘောပါဝင်သောအခါ ကြင်နာခြင်းသဘောသည် ပြဋ္ဌာန်း၏ ။ အလောဘ သဘောပါဝင်သောအခါ ဘာကိုမျှ မမျှော်ကိုးဘဲ လွတ်လွတ်စွန့်လွှတ်ခြင်း သဘောသည် ပြဋ္ဌာန်း၏ ။

မိဘသည် သားသမီးများကို ပံ့ပိုးသောအခါ သူတို့ထံမှ ပြန်လည်ရကောင်းစေ ဟူ၍ တစ်စုံတစ်ရာ မျှော်ကိုးခြင်း မရှိဘဲ သူတို့ကောင်းစားရေး၊ သူတို့စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ရေးနှင့် သူတို့ကြီးပွားရေး အတွက်သာ မျှော်ကိုး၏ ။ မိမိအတွက်မူ ဘာမျှ မမျှော်ကိုး။ ဤသည်မှာ အလောဘ၏ သဘောကို ပေါ်လွင်အောင် ဖော်ပြခြင်း ဖြစ်၏ ။ ထို့ကြောင့် အလောဘအပေါ် အခြေခံ၍ အဒိန္နဒါန သိက္ခာပုဒ်ကို စောင့်ထိန်းသောအခါ သူတစ်ပါးအပေါ် ပံ့ပိုးချင်သော စိတ်သက်သက်ဖြင့် မိမိစွမ်းနိုင်သလို အဘက်ဘက်မှ ပံ့ပိုး၏ ။ အကြံအား ဥာဏ်အားလိုလျှင် အကြံအား ဥာဏ်အား ဖြင့်ပံ့ပိုး၏ ။ မေတ္တာအားဖြင့်လည်း ပံ့ပိုး၏ ။

အဒိန္နဒါန သိက္ခာပုဒ်အရ သူတစ်ပါးပစ္စည်းကို သူမပေးဘဲ မယူခြင်းသည် လူလူချင်း ဆက်ဆံရာ၌ လောကငြိမ်းချမ်းသာယာမှု ဖြစ်အောင် အကြမ်းဆုံးဆောင်ရွက်မှုသာ ဖြစ်၏ ။ အထိရောက်ဆုံး ဖြစ်အောင် ဆောင်ရွက်ရာ၌မူ သူကပေးသည်ကို မယူဘဲ ကြင်နာသော စိတ်ထားဖြင့် ဘာကိုမျှ တုံ့ပြန်မျှော်ကိုး ခြင်း မရှိဘဲ မိမိတတ်နိုင်သလို အဘက်ဘက်မှ သူတစ်ပါးကို ပံ့ပိုးပေးရမည် ဖြစ်၏ ။ ထိုအခါ လူမှုဆက်ဆံရေးနယ်ပယ်၌ လူ့ဘဝကို ရခြင်းသည် ထိုက်တန်သော ရခြင်း ဖြစ်ပေလိမ့်မည် ။

(ဦးရွှေအောင်၊ ဘဝအမြင်သစ်၊ အခန်း ၅)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...