Thursday, June 7, 2012

အသက်များစွာနှင့် ရေးနေသည့် ခေတ်သစ် ဂန္ထ၀င်ပြဇာတ်

သတင်းမီဒီယာခေတ်ဟု အကြောင်းပြချက် ပေးရမည်လော။ ယခုရက်ပိုင်းအတွင်း တက်လာသော သတင်းများကို ဖတ်ကာ ကျနော့်အဖို့ ရင်ထဲမှာနင့်နေအောင် ခံစားရပါသည်။ ရခိုင်နှင့် ပတ်သက်သော သတင်းများကို ဖတ်ကာ စိတ်ထဲတွင် ဖေါ်ပြ၍ မရနိုင်သော ခံစားမှုမျိုးကို ဖြစ်ပေါ်စေခဲ့သည်မှာ အမှန်ပင်ဖြစ်ပါသည်။ ရခိုင်ဒေသ၌ ဖြစ်ပေါ်ခဲ့သည့် ဖြစ်ရပ် တခုတည်းမဟုတ် မြန်မာပြည် အနှံ့အပြား၌ နေ့စဉ်နှင့်အမျှ ပေါ်ပေါက်နေသာ မတရားမှု၊ အနိုင်ကျင့်ဗိုလ်ကျမှု၊ တိုင်းသူ ပြည်သားတို့၏ ကိုယ်ကျင့်တရား ပျက်စီးယိုယွင်းနေမှု၊ တိုက်ခိုက်သတ်ဖြတ်မှု စသည့် ဖြစ်ရပ်တို့သည် မြန်မာလူမျိုးတို့၏ နှလုံးသားကို လွှမ်းမိုး အနိုင်ယူလိုက်ပြီလားဟု ကျောင်းဆရာတဦးအနေဖြင့် တွေးနေမိသည်။

နိုင်ငံရေးသိပ္ပံနှင့် သမိုင်းဘာသာရပ်ကို သင်ကြားနေသော ဆရာတဦးအနေဖြင့် ယနေ့ဖြစ်ပေါ်နေသော ဖြစ်ရပ်တို့နှင့် ပတ်သက်၍ ကျောင်းသားများမှ မေးမြန်းလာခဲ့သည်ရှိသော် သမာသမတ်ကျသော၊ ဘက်လိုက်မှု မရှိသော (နည်းသော) အဖြေမျိုးကို ပေးနိုင်ရန် အဆင်သင့်ပြုလုပ်ထားရသည်။ ကျနော်တာဝန်ယူရသော စာသင်ခန်းလေးထဲမှာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပျက်နေသည့် အကြောင်းအရာများက လွှမ်းမိုးမှု ရှိနေစမြဲပင်။
------------------------------------
ချင်းမိုင် Grand Palace Hotel
“ကျနော်ပြောတာကို စာမရေးနဲ့နော် ကိုလှရွှေ” လို့ကြိုတင်ပြောထားသည့် စကားကို ကျနော်ယခုထိ ကြားယောင် နေမိသည်။ လွန်ခဲ့သော နှစ်တဆယ်ကျော်ကတည်းက ညီအကိုလို ခင်မင်ရသော ဒီမိုကရေစီ ဘက်တော်သား တစ်ဦး၏ စကားကို ကျနော်ထပ်ခါတလဲလဲ ပြန်လည် ကြားယောင်နေမိသည်မှာကား အခြားစကားမဟုတ်ပါ။ အတင်းစကားလည်း မဟုတ်သလို သတင်းစကားလည်းမဟုတ်ချေ။ ချင်းမိုင်မြို့၏ ဈေးအပေါဆုံး ဟိုတယ်တခု၏ အခန်းတွင် ပြောဆို ဆွေးနွေးနေကြသည်မှာ မြန်မာပြည် တနံတလျား၌ ဖြစ်ပေါ်နေသော ပြည်တွင်းစစ် အကြောင်းပင်ဖြစ်သည်။
ကျနော်သည် အဆိုပါ မိတ်ဆွေနှင့် ပြောသော စကားကို လွန်ခဲ့သောတပတ်က ပြန်လည် ကြားခဲ့ရပြီ ဖြစ်သည်။ ထူးဆန်းလှသည့် စကားတော့မဟုတ်။ သို့သော် ရင်နင့်ဖွယ်ရာ သတင်းစကား ဖြစ်နေသည်။ “ကချင်ဒေသမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲအတွင်း မြန်မာအစိုးရဘက်မှ စစ်သား (၆၀၀၀) ကျော် သေဆုံးခဲ့ပြီ ဖြစ်သည်”။ တာဝန်ရှိသူ တဦးထံမှ ကြားခဲ့ရခြင်း ဖြစ်သည်။
တနှစ်အတွင်း လူ့အသက်ပေါင်း ခြောက်ထောင်ကျော် သေကြေပျက်စီးခဲ့သည်ကို စိတ်လက်ပေါ့ပါးစွာ ပြောဆို နေကြသည့် မြန်မာလူ့အဖွဲ့အစည်း၏ သဘောသဘာဝကို ပြန်လည်သုံးသပ်မိသည်။ လူခြောက်ထောင်ရှိသော မြို့ပြတခုသည် အတန်အသင့်ကြီးမားသော မြို့ပြငယ်တခု ဖြစ်ပေသည်။ ကချင်တို့၏ မနောမြေတွင် တနှစ်အတွင်း အသက်ခန္ဓာကို ပေးဆပ်သွားခဲ့ရသော အရေအတွက်မှာကား မြို့ငယ်တခု၏ လူဦးရေသို့ပင် ရောက်ရှိခဲ့ပြီတကားဟု ဆင်ခြင်မိသည်။ တပြိုင်နက်ထဲမှာပင် တုန်လှုပ်နေမိသည်။
-----------------------------------                                                                                                            
စာကြောင်းလေး ၂ ကြောင်းနှင့် လူ ၆၀၀၀
“ကျနော်တို့ ပြည်သူတွေ ဆင်းရဲဒုက္ခ ရောက်တာကို မကြည့်ချင်တော့ဘူး၊ ဒီစစ်ပွဲကို မြန်မြန်ရပ်ချင်တယ်” လို့ပြောတဲ့ ပုဂ္ဂိုလ်က ဗိုလ်ချုပ်ကြီး အင်ဗန်လ။ KIO အဖွဲ့ကြီး၏ ဒုတိယအရေးပါဆုံး ပုဂ္ဂိုလ်။ စစ်ပွဲတွေကို ရပ်စဲချင်ပေမယ့် မရပ်စဲနိုင်သော အကြောင်းတရားများကို အသေအချာရှင်းပြသည်။ ကချင်တမျိုးသားလုံး ရင်ဆိုင်နေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဒုက္ခ အ၀၀ကို စိတ်ရှည်ရှည်ဖြင့် ရှင်းပြနေသည်။ အသက်အရွယ်အားဖြင့် ခြောက်ဆယ်ဝန်းကျင်ပင် ဖြစ်သော်လည်း ကြမ်းတမ်းသောဘ၀အချိုးအကွေ့ကို ကျော်ဖြတ်ကာ စစ်သားတို့၏ ဓမ္မတာကဲ့သို့ ဖြစ်နေသည့် ဒဏ်ရာဒဏ်ချက်တွေကြောင့် စကားပြောအပြီးတွင် ဝေဒနာ ခံစားနေရသည်ကို စိတ်မကောင်းစွာ မြင်တွေ့ခဲ့ရသည်။
စစ်ပွဲကို ရပ်ချင်ပါသော်လည်း အဘယ်အကြောင်းတရားများကြောင့် မရပ်နိုင်ပါသနည်း။ ကချင် တိုင်းရင်းသားတို့၏ တောင်းဆိုချက်မှာကား ရိုးရိုးရှင်းရှင်းလေးပင်။ နယ်ကျွန်နေသော မြန်မာစစ်တပ်များကို ရုပ်သိမ်းပေးပြီး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့ ထားရှိရေး ဆိုသော အချက်ပင်ဖြစ်သည်။ ငြိမ်းချမ်းရေးကို တည်ဆောက်လိုပါသည်ဆိုသော ပုဂ္ဂိုလ်များက မည်သည့် အကြောင်းတရားများကြောင့် လိုက်လျောမှု မပြုနိုင်ပါသနည်းဟု ဆက်၍ တွေးတောနေမိသည်။ ဤစာကြောင်းလေး နှစ်ကြောင်းမျှကို သဘောမတူသည့်အတွက် လူ့အသက်ပေါင်း ခြောက်ထောင်ကျော်ကို ရင်းရဲသော လူသားများ၏ စိတ်နေသဘောသဘာဝကို ကျနော်လေ့လာမိပြန်သည်။
လူ့အသက် ခြောက်ထောင်ကို မဆိုထားဘိ။ “သိက္ခာကျစေသည်” ဟု ယူဆသော စကားတခွန်းကြောင့် ခံစားရသောအခါ အဘယ်ကဲ့သို့ ရှိသည်ကို လူတိုင်းခံစားဖူးပေမည်။ ဤသည်မှာ စကားလေးတခွန်းကြောင့် ဖြစ်ပေါ်လာသော ခံစားမှုမျိုး။ လူ့အသက်ပေါင်း ခြောက်ထောင်အတွက် ပူဆွေးသောက ရောက်နေသူ အရေအတွက် မည်ရွှေ့မည်မျှ ရှိနေမည်နည်း။ “ဖေဖေ” “မေမေ” ဟု ပြန်လည်ခေါ်ဆိုခွင့် မရတော့သည့် လူမမည် ကလေးငယ် အရေအတွက် မည်မျှထိ ရှိမည်နည်းဟု စိတ်ထဲတွင် ရေတွက်မိသည်။
--------------------------------------------
ကျည်တလုံး ... ငွေကျပ် သိန်း ၄၀၊ ကချင်ပြည်သူများနှင့် မြန်မာပြည်က ဂျာနယ်တစ်စောင်
ဤသတင်းဆောင်းပါးသည် ဖတ်ရသည့် အကြောင်းအရာများထဲတွင် စိတ်ဝင်စားမှု အရှိဆုံးသော သတင်း ဆောင်းပါး ဖြစ်သည်။
ကချင်မြေတွင် ပစ်ခတ်နေသော ကျည်တလုံး၏ တန်ဖိုးကား မြန်မာကျပ်ငွေ သိန်း (၄၀) တန်၏။
သတင်းဆောင်းပါးကို ဖတ်ပြီးနောက် သက်ပြင်းတချက်မှုတ်ထုတ်မိသည်။ ဟုတ်မှ ဟုတ်ပါလေစဟုလည်း သံသယ ဖြစ်မိသည်။ မြန်မာအစိုးရဘက်မှ စစ်သားသောင်းချီ ကျဆုံးပြီ ဖြစ်ကြောင်း သတင်းတွေ ဖတ်ရသည်။ ရင့်နင့်အောင် ဖတ်နေရသော သတင်းတပုဒ် ဖြစ်ပါတကားဟု ကြေကွဲစွာခံစားမိသည်။ ဆောင်းပါးရှင်သည် ရိုးရိုးရှင်းရှင်းလေးပင် စစ်ပွဲ၏ အနိဌာရုံကို တင်ပြသွားသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။
ဤသတင်းကို ဖတ်ပြီးနောက် အံ့သြဘွယ် ကောင်းလေစွတကားဟု တွေးမိပြန်သည်။ နိုင်ငံတကာ သတင်း မီဒီယာများတွင် မြန်မာနိုင်ငံသည် သဘာဝ သယံဇာပေါများ ကြွယ်ဝကာ ပထ၀ီအနေအထားမှာလည်း အရှေ့တောင်အာရှ၏ အသဲနှလုံးဟု ဖေါ်ပြချက်များကို နိုင်ငံတကာ သတင်းစာမျက်နှာကို ဖွင့်တိုင်း မဖတ်ချင်အဆုံး ဖတ်နေရသော သတင်းဖြစ်နေသည်။
ဤအရာနှင့် ဆန့်ကျင်ဘက်သတင်းကို ဖတ်ရခဲလှသည်။ သယံဇာတ ပေါများသော မြန်မာနိုင်ငံ၏ အနားသတ် ပတ်ပတ်လည်တွင် သိန်းသန်းချီသော ဒုက္ခသည် လူသားများ နေထိုင်ကြသည်ကို နိုင်ငံတကာ စာနယ်ဇင်း သမားများ သိပါလေစဟု တွေးမိသည်။
နိုင်ငံတကာ စာနယ်ဇင်းသမား မဆိုထားဘိ ပြည်တွင်းက စတုတ္ထမဏ္ဍိုင် အမည်ခံများလည်း အမိ မြန်မာပြည်ကြီးမှ လူသား ခြောက်ထောင် (ယခု တစ်သောင်း) လူ့လောကမှ အပြီးအပိုင် ထွက်ခွာသွားသည်ကို သိမှ သိပါလေစ။ ရေးချင်စိတ်မှ ရှိလေစ။ သတိမှ ထားမိပါလေစဟုလည်း တွေးမိပြန်သည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအများစု၏ နားဝယ် လူသားခြောက်ထောင် (ယခုတစ်သောင်း) စစ်ပွဲအတွင်း ကျဆုံးသွားပြီ ဆိုသည်မှာ သိပ်ထူးဆန်းသောအရာ မဟုတ်သလိုပါတကားဟု တွေးတောမိကာ စိတ်မောရသည်။  ဂျာနယ်စောင်ရေပေါင်း (၂၀၀) ကျော်ရှိနေသည့် မြန်မာပြည်ကြီး၏ စတုတ္ထမဏ္ဍိုင်တွင်  လူသားတဦးချင်း၏ သတင်းများထက် အဆပေါင်းများစွာ တန်ဖိုးကြီးမားသော တိုင်းရင်းသားညီအကို မောင်နှမ ထောင်သောင်းချီ သေဆုံးနေသည်ကို ဥပေက္ခာ ပြုထား ရက်နိုင်လေခြင်းဟု မကျေမနပ် ဖြစ်မိသည်။ လူသားခြောက်ထောင်၏ အသက်သည် လူသားတဦး၏ အညှီအဟောက် သတင်းလောက်မှ တန်ဘိုး မကြီးပါတကားဟုလည်း သုံးသပ်မိပါသည်။ မြန်မာ့အစိုးရ၏ တပ်မတော်ထဲတွင် ဗမာ တိုင်းရင်းသား လူမျိုးတခုတည်းသာ ပါဝင်နေခြင်းမဟုတ် တိုင်းရင်းသားမျိုးနွယ်စု ပေါင်းစုံပါဝင်နေသည်ကို သတိထား မိပြန်သည်။
---------------------------------------------
စစ်ပွဲတွေရပ်မှ သံစဉ်တွေရပ်မယ့် သူရဲကောင်း
ကျနော် ရန်ကုန်တက္ကသိုလ် စစ်ကိုင်းဆောင်မှာ ငါးနှစ်ခန့်မျှ ခေတ္တနားခိုခဲ့ရသည်။ ကျနော်နေသော အခန်းသည်ကား “ဝေးခဲ့ပြီ ပန်းခရမ်းပြာ” ဖန်တီးရှင် ဆရာဦးအောင်ဝင်း (ဒဿနိကဗေဒဌာန) နေသည့် အခန်းနှင့် ကြောချင်းကပ်လျက်။ ယခုတော့ ဆုံးရှာပြီ။ ကိုရဲလွင်နဲ့ အပေါင်းအပါများ၏ တေးသံသာနှင့် ဂီတသံစဉ်များကို အုတ်နံရံ၏ တဘက်မှ နားထောင်ခဲ့ ရသည်။ သီချင်းများလည်း တောင်းခဲ့ဖူးသည်။ စစ်ကိုင်းဆောင် ကျောင်းသားဘ၀တုန်းက တွေ့မြင်ခဲ့ဘူးသော ကိုရဲလွင်ကား ဘာသာရေးလိုက်စားသူ ဂီတ အနုပညာသမားတဦး အဖြစ်သာ သိရှိခဲ့သည်။ ယခုအချိန် တွေ့လိုက်ရသော ဂီတသမား ကိုရဲလွင်မှာ စစ်ပွဲတွေရပ်စဲဖို့ လ္ဘက်ရည်ဆိုင်တွေ၊ လမ်းဘေးတွေမှာ သူ့ဘ၀၏ ယုံကြည်ရာကို သူပိုင်ဆိုင်သည့် အနုပညာ ဖြင့် ဖေါ်ဆောင်နေသည်ကို တွေ့ရသည့်အခါ ကြည်နူးမိသည်။ ချီးကျူးမိသည်။ စစ်ပွဲတွေ ရပ်ပါဆိုသော စကားကို သံစဉ်များနဲ့ ရေးဖွဲ့တောင်းဆိုနေသည်။ သေနတ်သံတွေ၊ ယမ်းငွေ့တွေ ဝေနေသော စစ်ပွဲတွေကြားမှာ ဘယ် ဂီတသံစဉ်မှ ချိုမြနိုင်မည်မဟုတ်သည်ကို အနုပညာသမားကြီး သိတတ်လေခြင်းဟု ချီးကျူးဂုဏ်ပြုမိသည်။
-------------------------------
မောက္ခ ပညာရေး မဂ္ဂဇင်းတိုက်
“အနုပညာ မရှိရင် အင်္ဂလိပ်စာတတ်တဲ့ အရိုင်းအစိုင်း၊ သင်္ချာတော်တဲ့ အရိုင်းအစိုင်း။ သမိုင်းတတ်တဲ့ အရိုင်းအစိုင်း၊ စာရေးတဲ့ အရိုင်းအစိုင်း” မျှသာ ဖြစ်လာလိမ့်မယ်။ လက်ရှိ သင်ရိုးတွေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မည်လော ဆိုသည့်မေးခွန်းကို မေးလာသူကား ဦးသိန်းနိုင်။ ကျောင်း၏ သင်ရိုးညွှန်းတမ်း ဆွေးနွေးပွဲတွင် ကလေးဖွံ့ဖြိုးမှု၊ သင်ရိုးနှင့် ငြိမ်းချမ်းရေးအကြောင်း တင်ပြခဲ့သူ။ ပညာရေးအတိုင်ပင်ခံနှင့် အယ်ဒီတာချုပ်။
မနက်မိုးလင်း မျက်လုံးပွင့်သည့်အချိန်မှ သတင်းဖတ်နေသည့် အချိန်တို့သည် အနိဌာရုံအတိ ဖြစ်သည့်အတွက် မောက္ခ မဂ္ဂဇင်းတိုက် တည်ရှိရာ ခြေဦးလှည့်ခဲ့သည်။ ပညာရေးအကြောင်း ဆွေးနွေးခြင်းဖြင့် စိတ်ကူးများကို လမ်းလွဲမည်ဟု စိတ်ကူးများသည်လည်း စစ်ပွဲများနှင့် ပညာရေးအယူအဆ အဆက်အစပ် နယ်ပယ်တွင် နစ်မြုပ်သွားပါတော့သည်။ လူ့အသက်ပေါင်း မြောက်မြားစွာ ရင်းနှီးနေရသော မြန်မာပြည်၏ အနိဌာရုံ ဂန္ထ၀င် ဇာတ်လမ်းကြီးကို ခေတ်အဆက်ဆက် မည်သူက ဇာတ်ညွန်း ရေးပေးလေသနည်းဟု မိမိကိုယ်ကို မေးခွန်းထုတ်မိသည်။
မြန်မာပြည် နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားတို့၏ လွတ်မြောက်နယ်မြေတွင် ပညာရေးအတိုင်ပင်ခံ တဦးအနေဖြင့် ဆယ်စုနှစ် နှစ်ခုနီးပါးမျှ လုပ်ဆောင်လာခဲ့သူ တဦး၏ အတွေ့အကြုံ။  “တဦးတယောက်ကို မုန်းတီးဖို့ သင်ပေးခံရတဲ့ ကလေးဟာ သင်ပေးတဲ့ လက်ဦးဆရာကို ပြန်လည် မုန်းတီးလာလိမ့်မည်” ဆိုသော ပညာရေးမဂ္ဂဇင်း အယ်ဒီတာ၏ စကားနှင့် အဆုံးသတ်ကာ ငြိမ်းချမ်းရေးဆိုသော စကားနှင့်ဆန့်ကျင်ဘက် မြူနှင်းများ ဝေနေသည့် မြန်မာပြည်၏ မြောက်ဖျား တောင်ပေါ်မှ စစ်ပွဲအနိဌာရုံများသည် ကျနော်၏ စိတ်အစဉ်ကို ရိုက်ခတ်နေပေအုံးမည်သာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...