Friday, June 22, 2012

အနိမ့်အမြင့် အတက်အကျ ဥပစာ


by Zeyar Htun on Thursday, June 21, 2012 at 11:16pm

ဥပစာများတွင် “စကားအခြေအတင် ပြောပွဲဟူသည် စစ်ပွဲ တစ်ပွဲ”၊ “အချိန်ဟူသည် ငွေကြေး” ဟူသကဲ့သို့ သင်ဟာ အယူ အဆ တစ်ခုချင် ဖွဲ့စည်းကာ တင်စားသုံးသော ဥပစာများ ရှိသကဲ့သို့ သဘော အယူအဆ စနစ်ကြီးတစ်ခုလုံးကို အခြေပြုကာ တင်စား သုံးသော ဥပစာများလည်း ရှိသည်။ နေရာကို ဦးတည်ဖော်ပြသော “အပေါ်-အောက်၊ အတွင်း-အပြင်၊ ရှေ့-နောက်၊ အတိမ်-အနက်၊ အချက်အချာ- အဖျားအနား”စသည့် နေရာဆိုင်ရာ သဘော တရားစနစ်ကြီး တစ်ခုလုံးကို အခြေပြု တင်စားသော ဥပစာများ သည် နေ့စဉ်အသုံးပြုနေသော စကားထဲတွင် ပျံ့နှံ့လျက် ရှိသည်။ နေရာကို ဦးတည်ညွှန်းဆိုသော ထိုဥပစာများကိုOrientational Metaphors ဟု ခေါ်သည်။
အကောင်အထည် ဒြပ်ဝတ္ထုများတွင် သုံးသော ထိုစကားများကို အကောင်အထည် မရှိသော ဒြပ်မဲ့သဘောများဆီသို့ ပြောင်းရွှေ့ တင်စားသည့် ဥပစာများ ဖြစ်သည်။ သာဓကများဖြင့် ရှင်းပြပါမည်။

ပျော်ရွှင်မှုဟူသည် အတက်၊ ၀မ်းနည်းမှု ဟူသည် အကျ (Happy is Up : Sad is Down)
ငုံ့လျှိုးနေသော အမူအရာသည် ၀မ်း နည်းသော၊ စိတ်ဓာတ်ကျသောသဘောကို ပြသည်။ ထောင်မတ်နေသော အမူအရာသည် တက်ကြွသော၊ ကြည်ရွှင်သော သဘောကို ပြသည်။ ဤသဘောကို အခြေပြု၍ ပေါ်ပေါက်လာသော ဥပစာများ ရှိသည်။ “စိတ်ဓာတ်တက်ကြွတယ်- စိတ် ဓာတ်ကျတယ်၊ အားတက်တယ်-အား လျော့တယ်၊ စိတ်ဓာတ်မြင့်မားတယ်- စိတ်ဓာတ်နိမ့်ကျတယ်။ သူ့ကိုမြှောက် တယ်-ငါ့ကို နှိမ်တယ်။ ဘ၀င်မြင့်ရောဂါ- စိတ်ကျရောဂါ” စသည့်အသုံးများတွင် အကောင်အထည် ဒြပ်ဝတ္ထုတွင် တွေ့ရင်း အမြင့်အနိမ့်-အတက်အကျသဘောကို ဒြပ်မဲ့စိတ် အခြေအနေများ အဖြစ်တင်စား သုံးထားသည်ကို တွေ့ရသည်။ 

သိစိတ်ဟူသည် အတက်၊ မသိစိတ်ဟူ သည် အကျ (Conscious is Up : Unconscious is Down)
လူနှင့်တိရစ္ဆာန်တို့သည် နိုးနေလျှင် ထောင်ထောင်မတ်မတ်နေ၍ အိပ်ပျော်နေ လျှင် လဲလျောင်းနေသည့်အသွင်အပြင် ရှိသည်။ ထိုအသွင်အပြင်ကို အခြေပြု၍ သိစိတ်ဖြင့် လှုပ်ရှားနေသည့် အသွင်ကို “အိပ်ရာထသည်-အိပ်ရာမှ နိုးထသည်” ဟူ၍ “ထ” (ထောင်ထောင်မတ်မတ်) ဟူသော စကားဖြင့် တင်စားပြီး မသိစိတ် ဖြင့်အိပ်ပျော်နေသည်ကို “အိပ်မော ကျနေသည်” ဟူ၍ “ကျ” ဟူသော စကားဖြင့် တင်စားသုံးသည်။

ကျန်းမာခြင်း၊ အသက်ရှင်ခြင်း ဟူသည့် အတက်၊ ဖျားနာခြင်း၊ သေဆုံးခြင်းဟူသည် အကျ (Health and Life are Up : Sickeness and Death are Down)
ကျန်းမာလျှင် အသက်ရှင်နေလျှင် မတ်မတ်မားမားလှုပ်ရှားနေပြီး ဖျားနာ လျှင်၊ သေဆုံးလျှင် လဲကျသွားသည့် သဘောကို အခြေပြု၍ “အဖေက ကျန်းမာ ရေးကောင်းတယ်။ မားမား မားမားနဲ့ လှုပ် ရှားနေတယ်။ အမေကတော့လဲနေတာ ကြာပါပြီ” ဟူ၍ တင်စား သုံးပုံမျိုး ရှိပါသည်။ ဖျားနာနေခြင်း၊ နာတာရှည်ရောဂါ ခံစားနေရခြင်းကို “လဲနေတယ်” ဟူ၍ တင်စားခြင်းဖြစ်သည်။ “အိမ်မှာ ငါပဲ ဦးဆောင်နေရတာမို့ မလဲအောင် ကြိုးစား နေရတယ်”ဟု သုံးပုံမျိုးလည်း ကြားရ တတ်ပါသည်။ နေမကောင်းရာမှ ပြန် ကျန်းမာလာလျှင် “နာလန် ထလာပြီ”ဟု သုံးပါသည်။ “သေရာက ထလာတယ်” ဟုလည်း သုံးပါသည်။ အိုမင်းလာသူကို “အရင်ထက် ကျသွားပြီ” “အကျပိုင်း ရောက်လာပြီ”ဟု ဖော်ညွှန်းခြင်းများလည်း ထိုသဘောပင် ဖြစ်သည်။ လုပ်ကိုင် ဆောင်ရွက်နိုင်ဆဲတွင်သာ သုံးစွဲနိုင် လောက်လာသော ငွေကြေးဥစ္စာကို မတ် တပ်စာ၊ အိုမင်း မစွမ်းနာမကျန်း ဖြစ်သော အခါ သုံးစွဲရန် ငွေကြေး ဥစ္စာကို တုံးလုံးစာဟု တင်စားခြင်းမှာလည်း ကျန်းမာသည့်အခြေအနေကို မတ်တပ်ရပ်သည့် အမူအရာ၊ မကျန်းမာသည့် အခြေအနေကို တုံးလုံးလဲသည့် အမူအရာ တင်စားခြင်း ဖြစ်သည်။


အထိန်းအချုပ် သြဇာအာဏာဟူသည် အတက်၊ အထိန်းအချုပ်ခံရခြင်း၊ သြဇာ အာဏာလွှမ်းမိုးခြင်းခံရခြင်းသည် အကျ (Having Control or Force is Up : Being Subject us Control or Force is Down)
အကောင်အထည် ဒြပ်ဝတ္ထုအရ အင်အား ကြီးမားသူသည် အပေါ်က နေရမြဲ ဖြစ်သည်။ နှစ်ယောက် သတ်ပုတ်တိုက်ခိုက် ရာတွင် နောက်ဆုံး၌ နိုင်သူက အပေါ်မှာ ရှုံးသူက အောက်မှာ ရှိမြဲဖြစ်သည်။ ထို သဘောများကို အခြေပြု၍ တင်စားရာတွင် “အထက်လူ-အောက်လူ”၊ “အထက်အရာ ရှိ-လက်အောက်ငယ်သား”၊ “အထက် အောက် ဆက်ဆံရေးမြို့စားကြီးရဲ့ သြဇာ အာဏာအောက်မှာ နေရတယ်”၊ “လှုပ်ရှားမှုတွေကို အထက်က ထိန်းချုပ် ထားတယ်”၊ “အပေါ်စီးရထားတယ်”၊ “အထက်စီးက ပြောတယ်။ သြဇာ အာဏာ တက်လာတယ်၊ သြဇာအာဏာ ကျသွားတယ်” စသည်ဖြင့် သုံးလေ့ရှိပါ သည်။ အတက်အကျ၊ အမြင့်-အနိမ့်သဘောကို အခြေခံ၍ ဥပစာတင်စားခြင်း ဖြစ်သည်။

များခြင်းဟူသည် အတက်၊ နည်းခြင်း ဟူသည် အကျ (More is Up : Less is Down)
အရာဝတ္ထုများ တစ်နေရာတွင် စုပုံ ထားလျှင် များလာလေလေ ထိုအစုအပုံသည် မြင့်တက်လာလေလေ ဖြစ်သည်။ ထိုသဘောအရ တင်စားရာတွင် ကုန် ပစ္စည်းများ ၀ယ်ယူရာ၌ ပေးရသည့်ငွေ ပိုများလာလျှင် “ကုန်ဈေးနှုန်းတက်တယ်”၊ ငွေလျော့လာလျှင် “ကုန်ဈေးနှုန်းကျတယ်” ဟု သုံးပါသည်။ အပူချိန်တက်တယ်-အပူ ချိန်ကျတယ်၊ စံချိန်တက်တယ်-စံချိန် ကျတယ်၊အထွက်နှုန်း တက်တယ်-အထွက် နှုန်းကျတယ် စသည်ဖြင့် အတက်အကျ အဖြစ် တင်စားသုံးပါသည်။


အဆင့်အတန်းမြင့်ခြင်းဟူသည် အတက်၊ နိမ့်ခြင်းဟူသည်အကျ (High Status is Up : Low Status is Down)
ရုပ်ဝတ္ထုအရ၊ လူမှုရေးအရ အဆင့်အတန်းကို အမြင့်၊ အနိမ့်သဘောထား ကာ အတက်အကျအဖြစ် တင်စားသည်။ သူရာထူး တက်သွားပြီ၊ သူကတော့ရာထူး ကျသွားတယ်။ သူ့ကို ရာထူးချလိုက်တယ်၊ ဒီပညာရပ်မှာတော့ သူက ထိပ်တန်းပဲ။ ဒီကိစ္စ အောက်ခြေကို ဆင်းကြည့်ရင် သိနိုင်ပါတယ်။ “ဒီလုပ်ငန်းနဲ့ စီးပွားတက် လိုက်တာ ကျပြန်တော့လည်း ချက်ချင်းပဲ” စသည့်အသုံးများတွင် အမြင့်အနိမ့် အတက်အကျ သဘောများကို ဆက်စပ် တင်စားထားသည်ကို တွေ့ရသည်။


ကောင်းမြတ်ခြင်းဟူသည် အတက်၊ ချို့ယွင်းခြင်းဟူသည် အကျ (Virtue is Up : Deprivity is Down)
လူ့အဖွဲ့အစည်းတွင် သတ်မှတ်ကျင့်သုံးသော စံများနှင့်အညီ ပြုမူလျှင် ကောင်း မြတ်သည်ဟု ခံယူသည်။ “သူက ခံယူချက် မြင့်မားသူပါ။ သူ့မှာ အောက်တန်း ကျတဲ့ ခံယူချက်မျိုး မရှိပါဘူး။ သူ့ကိုယ်ကျင့်တရား စံချိန်က မြင့်မားပါတယ်” စသည်ဖြင့်သုံးပါတယ်။


ဆင်ခြင်မှုဟူသည်အတက်၊ ခံစားမှု ဟူသည် အကျ(Rational is Up : Emotional is Down)
ခံစားမှု နောက်ကို လိုက်ပြီး မျောပါ သွားလျှင် ဆင်ခြင်တုံ တရားက လိုက်ပြီး ဆယ်ယူပေးရသည် ဟူသော အသုံးတွင် ခံစားမှုသည် မျောပါသွားတတ်သော အကျ သဘော အနိမ့်သဘောဖြစ်၍ ဆင်ခြင်မှုသည် ထိန်းသိမ်းဆယ်ယူ ပေးရင်သာ အတက်သဘော၊ အမြင့်သဘော ဖြစ်ပါသည်။ ပညာအရည်အသွေးဆိုင်ရာ အဆင့်မြင့်၊ ဆွေးနွေးမှုတွေမှာ ခံစားချက်တွေ ဘေးဖယ်ထားရမယ်” ဟူသော စကားမျိုး တွင်လည်း ထိုသဘောပါဝင်ပါသည်။
ဤသာဓကများကို ကြည့်လျှင် လူတို့၏ အခြေခံသဘော အယူအဆအများ စုသည် ယခု ဖော်ပြခဲ့သော အနိမ့်အမြင့် အတက်အကျဟူသည့် နေရာဦးတည်မှု အရ တင်စားသော ဥပစာများပေါ်တွင် အခြေပြု ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ထိုဥပစာများသည် အကြောင်းအရာ တစ်ခုချင်း တွေ့ရာကြုံရာ ပေါင်းစပ်ထားခြင်း မဟုတ်ဘဲ စနစ်တစ်ခု အဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။ တစ်ခုနှင့် တစ်ခု အဆက်အစပ်ရှိသည်။ ပျော်ရွှင်ခြင်း၊ ကျန်းမာခြင်း၊ အသက်ရှင်ခြင်း စသည်တို့သည် အခြေအနေကောင်းများ အဖြစ် တစ်ခုနှင့် တစ်ခု ဆက်စပ်နေသည့် သဘောကို တွေ့နိုင်သည်။

နေရာကို ဦးတည်ရည်ညွှန်းသော ဤ ဥပစာများသည် ရုပ်ဝတ္ထုအရ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အရ ရရှိသောအတွေ့ အကြုံကို အခြေခံ၍ ပေါ်ပေါက်လာသော ဥပစာများဖြစ်သည်။ ဥပစာ တင်စားထားသော သဘောအယူအဆ တစ်ခုကို ထို အတွေ့အကြုံ အခြေခံဖြင့်နားလည်နိုင်ရန် ထိုဥပစာက ထောက်ကူလမ်းညွှန် ပေးပါသည်။

အတွေ့အကြုံ ကလေးတစ်ခုဖြင့် အဆုံးသတ်ပါမည်။ တစ်နေ့တွင် ရုံးဌာန တစ်ခုမှာ တာဝန် ထမ်းဆောင်နေသော အရာရှိငယ် တစ်ယောက်က စကားတတ်စ သားကလေးကို ရုံးသို့ ခေါ်သွားသည်။ ရုံး အဆောက်အအုံ၏ အောက်ထပ်တွင် ညွှန်ကြားရေးမှူးချုပ်၏ ရုံးခန်းရှိသည်။ ထို အရာရှိငယ်က သူ့သားကလေးကို “ဒါ ဖေဖေတို့ အထက်အရာရှိကြီးရဲ့ အခန်းပေါ့သားရဲ့” ဟု ပြောသောအခါ ကလေးက စဉ်းစားပြီး သူ့အဖေကို ပြန်မေးသည်။ “ဟင် အထက် အရာရှိကြီး ဆိုပြီး ဘာဖြစ် လို့ အောက်ထပ်မှာ နေရတာလဲ ဖေဖေ” ဟူ၍ ဖြစ်သည်။ “အထက်-အောက်” ဟူသော စကားကို တိုက်ရိုက် အဓိပ္ပာယ်ဖြင့် အသုံးပြုခြင်းနှင့် ဥပစာစကား အဖြစ် အသုံး ပြုခြင်းကို မခွဲခြားနိုင်သေးသော ကလေး အမြင်ဖြင့် ပြောသည့် စကားဖြစ်၍ ပြုံးစရာ ကောင်းပါသည်။

နေ့စဉ်သုံး စကားထဲတွင် အကောင် အထည် ဒြပ်ဝတ္ထု မဟုတ်သော သဘော အယူအဆများကို ဖော်ပြသည့် အနိမ့်အမြင့် အတက်အကျ ဥပစာစကေးများ သည် ကျယ်ပြန့်စွာ ဖွဲ့ယှက် ပါဝင်နေသည်ကို သတိထား၍ လေ့လာကြည့်လျှင် စိတ်ဝင်စားစရာ ဖြစ်နိုင်ပါလိမ့်မည်။

မောင်ခင်မင် (ဓနုဖြူ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...