Sunday, June 17, 2012

ရိုးရိုးသားသားအတွေးများ


by ဗုဒ္ဓဘာသာ / အတွေးအမြင် on Sunday, June 17, 2012 at 4:24am ·

တစ်နေ့က ဦးဇင်းရဲ့ facebookက Homeထဲကို ဓာတ်ပုံတစ်ပုံနဲ့ ညစ်ညစ်ပတ်ပတ် ဆုတ်ဆုတ်ပြတ်ပြတ် ဆဲဆိုထားတဲ့ စာပိုက်တစ်ပိုဒ်ဝင်လာခဲ့တယ်။ အဲဒီအရာတင်တဲ့သူနဲ့ ဦးဇင်းနဲ့ အပြင်မှာလဲပဲ မျက်မှန်းတန်းမိကြတဲ့ အသိမည်ကာမျှမတ္တတွေဆိုပါတော့။ ဒါနဲ့ ဦးဇင်းက “ဟင် ဘယ်လိုကြီးပါလိမ့်။ အွန်လိုင်းတက်ပြီးတော့ ဆဲဖို့လိုသလား။ ထင်မထားတာကို မြင်တွေ့လိုက်ရတော့ တစ်မျိုးကြီးပဲ”ဆိုပြီးတော့ ကွန်မန့်ပေးလိုက်မိတယ်။ မြန်မာနိုင်ငံရဲ့ ထိပ်ပိုင်းရာထူးကြီးကြီးကို ရယူထားတဲ့သူရဲ့တူတစ်ယောက်လဲဖြစ် ရဟန်းသံဃာတွေနဲ့ နီးနီးကပ်ကပ်နေထိုင်ပြိးတော့ ပရဟိတတွေလဲ တက်တက်ကြွကြွလုပ်နေတဲ့ သူတစ်ယောက်ဆိုတော့ အခုလိုမျိုးကြီး facebookမှာ လာတင်လိမ့်မယ်လို့ ထင်မထားမိတော့ တကယ်ကို အံ့သြမင်သက်သွားမိလို့ ကွန်မန့်ပေးလိုက်မိတာပါ။ ကျန်တဲ့ ဘယ်လိုစိတ်နေစိတ်ထားနဲ့မှ ပေးလိုက်တာမဟုတ်ပါဘူး။


သိပ်မကြာပါဘူး “ရိုင်းတယ်ထင်ရင်လဲ ထင်ပေါ့။ အနော်တို့က တောင်ပေါ်သားတွေဆိုတော့ ရိုးသားတယ်။ စိတ်ထဲရှိတဲ့အတိုင်းပဲ ပြောတတ်တယ်။ သူများတွေလို အွန်လိုင်းမှာတစ်မျိုးနေပြီး အပြင်မှာကျတော့ နှုတ်ခမ်းနီဆိုးချင် ထမိန်ဝတ်ချင် လင်လိုချင်နေတဲ့ သူမဟုတ်ဘူး”လို့ သူက ကွန်မန့်ပြန်ပေးတယ်။ ဒါနဲ့ ကိုယ့်ပေးထားတဲ့ ကွန်မန့်ကို ပြန်ဖျက်ပြီးတော့ သူ့ကိုပါ ဘလော့လုပ်ပစ်လိုက်ပါတယ်။

သူကွန်မန်ကို ဖတ်ပြီးကာစတုန်းကတော့ ကိုယ့်ရဲ့ထုံစံအတိုင်းပဲ ဒေါသဖြစ်မိသွားပေမယ့် တစ်နာရီလောက်ကြာတော့ ခေါင်းအေးအေးနဲ့ ပြန်ပြီးတော့ စဉ်းစားသုံးသပ်မိပါတယ်။ အခုလိုမျိုး အပြောခံလိုက်ရတာဟာ ကိုယ့်ဘက်က အမှားနှစ်ခုရှိပါတယ်။

့ပဌမအမှားကတော့ Add Friendလာလုပ်သူတိုင်းကို သေချာမစိစစ်ပဲနဲ့ လက်ခံလိုက်တာပါ။

ဒုတိယအမှားကတော့ ကိုယ့်ရဲ့ Homeထဲကိုရောက်လာတဲ့ ကိုယ်မကြိုက်တဲ့အရာကို ဖျက်ပစ်လိုက်ရင် ဖြစ်ရဲ့သားနဲ့ မဖျက်ပဲ လက်ရှည်ပြီးတော့ ကွန်မန့်ပေးမိတာပါ။ ဒီလိုလေးတွေးမိလိုက်တော့ စောစောက သူအပေါ်နာကြည်းနေတဲ့ စိတ်တွေပြေပျောက်သွားပါတယ်။

ဒီလိုတွေးမိပြီးတော့ ခေါင်းထဲမှာ စာဆိုတော်ရှင်မဟာရဋ္ဌသာရရဲ့ အဖြစ်အပျက်လေးတစ်ခုက ၀င်ရောက်လာခဲ့ပါတယ်။

တစ်ခါတုန်းက အင်းဝမြို့ထဲလမ်းမတစ်ခုမှာ ရှင်မဟာရဋ္ဌသာရနဲ့ ခုံတော်မောင်ကျဘမ်းတို့ မျက်နှာချင်းဆိုင်တွေ့ကြပါတယ်။ ဒီအခါမှာ ရှင်မဟာရဋ္ဌသာရက “ဒကာကျဘမ်းဟာ ရဟန်းသံဃာတော်တွေကို ပြစ်မှားနေတယ်လို့ ကြားသိရတယ်”လို့ ပြောလိုက်ပါတယ်။

ဒီအခါမှာ ခုံတော်မောင်ကျဘမ်းက “ရဟန်းသံဃာတော်ကို မဆိုနဲ့  အရှင်ဘုရားကိုတောင် မပြစ်မှားဝံ့ပါဘူး”လို့ ပြန်ပြောလိုက်ပါတယ်။

ရှင်မဟာရဋ္ဌသာရခင်မျာ “ဟင်”ခနဲ တစ်ခွန်းပဲထွက်ပြီးတော့ ဘာမှပြန်မပြောနိုင်တော့ပဲ ထွက်သွားပါတော့တယ်။ (မောင်ကျဘမ်းက ရှင်မဟာရဋ္ဌသာရကို ပါရာဇိကကျပြီးသား သို့ ရဟန်းမဟုတ်တဲ့သူလို့ ပြောလိုက်တာပါ)

အော် ရှင်မဟာရဋ္ဌသာရကမှ “ဟင်”လို့ တစ်ခွန်းပြန်ထွက်နိုင်သေးတယ်။ ငါ့မှာတော့ “ဟင်”တစ်ခွန်းတောင် ပြန်မထွက်နိုင်ပါလားလို့ တွေးမိပြီးတော့ အားပါးတရ ဟက်ဟက်ပက်ပက် အသံထွက်ပြီးတော့ ရယ်ချလိုက်မိတယ်။ တစ်ယောက်ထဲ ခွက်ထိုးခွက်လန်ရယ်နေတဲ့ကို ကိုယ့်ကိုကြည့်ပြီးတော့ အနားကဖြတ်လျှောက်သွားတဲ့ ဦးဇင်းတစ်ပါးက ရူးသွားပြီထင်တယ်ဆိုတဲ့ အကြည့်နဲ့ကြည့်သွားပြန်တယ်။

အိပ်လို့မရတာနဲ့ ဟိုးတွေးသည်တွေး တွေးရင်းနဲ့ သူ့ကွန်မန့်က အတွေးထဲဝင်လာပြန်တယ်။

“ရိုင်းတယ်ထင်ရင်လဲ ထင်ပေါ့။ အနော်တို့က တောင်ပေါ်သားတွေဆိုတော့ ရိုးသားတယ်။ စိတ်ထဲရှိတဲ့အတိုင်းပဲ ပြောတတ်တယ်။”ဆိုတဲ့ သူ့စကားကို သေချာပြန်တွေးကြည့်မိတယ်။ သူမှမဟုတ်ပါဘူး လူတော်တော်များများကလဲ ဒီလိုပဲ ပြောဆိုနေကြတာပါပဲ။ တကယ်တမ်းတွေးကြည့်ရင်  စိတ်ထဲရှိတဲ့အတိုင်း အရာရာကို ထုတ်ဖော်ပြောဆိုတာဟာ ရိုးသားတာမဟုတ်ပါဘူး။ လူ့ကျင့်ဝတ်ကို မသိနားမလည်တာ။ ယဉ်ကျေးမှုမရှိတာ။ စကားကို အချိန်အခါနဲ့လိုက်ပြီးတော့ မပြောဆိုတတ်သာဖြစ်ပါတယ်။

ရိုးသားခြင်းဆိုတဲ့ စကားကို ကျေးဇူးတော်ရှင် ကျမ်းပြုအကျော် ရွှေကျင်နိကာယ မဟာနာယက ဥပဥက္ကဋ္ဌ-ဒုတိယရွှေကျင်သာသနာပိုင် အဂ္ဂမဟာပဏ္ဍိတ အဘိဓဇမဟာရဋ္ဌဂု သပြေကန်ဆရာတော်ဘုရားကြီး အရှင်ဝါသေဋ္ဌာဘိဝံသက “လူတစ်ယောက်ဟာ အခြားသူများရဲ့ အပေါ်မှာ ကိုယ်အားဖြင့်လည်းကောင်း နှုတ်အားဖြင့်လည်းကောင်း ကောက်ကျစ်ယုတ်မာခြင်း မရှိဘူး မလုပ်ဘူးဆိုရင် အဲဒီလူဟာ ရိုးသားဖြောင့်မတ်တဲ့သူဖြစ်တယ်” လို့ ရှင်းပြတော်မူပါတယ်။

လေးလေးနက်နက်တွေးကြည့်ရင် သုံးသပ်ကြည့်ရင် စိတ်ထဲရှိတဲ့အတိုင်း ပြောတတ်တာလေးနဲ့တင် လူတစ်ယောက်ဟာ အခြားသူတစ်ယောက်အပေါ်ကို မကောင်ကျစ်ဘူး မယုတ်မာဘူးလို့ ပြောလို့မရပါဘူး။

လူတစ်ယောက်ဟာ စိတ်ထဲရှိတဲ့အတိုင်း ပါးစပ်ကထုတ်ပြောတတ်ပေမယ့် သူများပိုက်ဆံချေးပြီးတော့ ပြန်ဆပ်နိုင်တဲ့ အနေအထားလဲရှိရဲ့သားနဲ့ ပြန်မဆပ်ဘူးဆိုရင် ဒါဟာ မရိုးဖြောင့်တာ ကောက်ကျစ်ယုတ်မာတာပါပဲ။ စိတ်ထဲရှိတာကို ပါးစပ်ထုတ်ပြောတတ်တိုင်း အကြွေးပြန်ဆပ်လိမ့်မယ်တော့ မထင်ပါနဲ့။ အဲဒီနှစ်ခုဟာ တစ်ခြားစီရယ်ပါ။ ပိုက်ဆံချေးပြီးတော့ ပြန်ဆပ်နိုင်ရဲ့သားနဲ့ ပြန်မဆပ်ရင် မရိုးဖြောင့်တာ ကောက်ကျစ်ယုတ်မာတယ်ဆိုတာ ဦးဇင်းရဲ့အာဘော်မဟုတ်ပါဘူး။ ဘုရားရှင်က သုတ္တနိပါတ်ပါဠိတော် ၀သလသုတ်တော်မှာ ဟောကြားတော်မူခဲ့တာပါ။

ဝသလသုတ်ပါ အခြားအချက်အလက်တွေနဲ့ တိုက်ဆိုင်ကြည့်ရင်လဲ စိတ်ထဲရှိတဲ့အတိုင်း ပါးစပ်ကထုတ်ဖော်ပြဆိုတတ်တာဟာ ရိုးသားတယ်လို့ ပြောလို့မရဘူးဆိုတာ သိသာမြင်သာပါတယ်။


ဒါကြောင့် ပြောချင်ပါတယ်။ စိတ်ထဲကရှိတဲ့အတိုင်း ပါးစပ်လိုက်ပြောတတ်တာဟာ ရိုးသားတာမဟုတ်ပါဘူး။ မသိနားမလည်တာလို့ တွေးရင်းနဲ့ အိပ်ချင်တာနဲ့ အိပ်ယာဝင်လိုက်ပါတော့တယ်။


.....................................................................................................................................မိုးသု(မန္တလေး)

  1 comment:

  1. "ဗုဒ္ဓဘာသာဝင်များအတွက်စေတမန်"လို့'Google'မှာရိုက်ပြီးဝင်ဖတ်ပါ..

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...