Saturday, June 23, 2012

တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော တွက်ကိန်းအလွဲများ


by Khin Maung Nyo on Saturday, June 23, 2012 at 3:59am ·

ယွန်ဆန်း (Yun SUN) တရုတ်ရေးရာ ကျွမ်းကျင်သူ
မောင်သက်မွန် (ငါန်းဇွန်) ပြန်ဆိုသည်။

          တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေး အပြောင်းအလဲ၊ နိုင်ငံခြားရေး မူဝါဒ အပြောင်းအလဲ တို့နှင့် အကျိုးသက်ရောက်မှု ရှိခဲ့သည်ကို အံအားသင်ခဲ့၊ သောကပွားခဲ့ရသည်။ ၂၀၁၁ ခုနစ်တွင် တရုတ်နိုင်ငံသည်  မြန်မာနှင့် ဆက်ဆံရေး ကျဲခဲ့ရခြင်းသည် တရုတ်မူဝါဒ ချမှတ်သူများက မြန်မာနှင့် ပတ်သက်၍ လည်းကောင်း၊ တရုတ်နှင့် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပတ်သက်၍ လည်းကောင်း၊ အခြေခံကျကျ မဟာဗျူဟာမြောင် တွက်ကိန်း အများအပြား လွဲချော်မှု ရှိနေသည်ကို ပြသသည်။
          ပထမ အချက် အနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နိုင်ငံရေး အရှိန်အဟုန်နှင့် ပတ်သက်၍ လျှော့တွက်ခဲ့သည်။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီက တရုတ် သုတေသီ အများစုက အရပ်သား အစိုးရသည် ဘာမျှ ထူးထူးခြားခြား ပြောင်းလဲမှု ရှိမည် မဟုတ်၊ ပုလင်း အသစ်ထဲ ၀ိုင်အဟောင်း ပြောင်းထည့်သလိုသာ ဖြစ်မည်ဟု တွက်ဆခဲ့ကြသည်။ ၎င်းတို့၏ အကဲဖြတ်ချက် အရ အရပ်သား အစိုးရ အဖြစ် ပြောင်းလဲခြင်းသည် စစ်တပ်ကို၊ အာဏာကို လုံးဝ လက်မလွှတ်လိုသဖြင့် ၎င်း၏ တရားဝင်မှုကို ပိုမို တောင့်တင်းရန် လုပ်သော နည်းဗျူဟာ တစ်ရပ် အဖြစ် တွက်ဆထားသည်။ ဦးသိန်းစိန်ကို ဒီမိုကရေစီ လမ်းကြောင်းကို လမ်းညွှန်ပေးမည့် ခေါင်းဆောင် တစ်ယောက် အဖြစ် မမြင်ဘဲ အစိုးရသစ်တွင် တည်ငြိမ်မှုနှင့် အာဏာထိန်းညှိမှု ရှိရန် ဆောင်ရွက်ပေးမည့် ယာယီ ရုပ်ပြတစ်ဦး အနေဖြင့်သာ မြင်ကြသည်။
          ပြည်တွင်းရေးနှင့် ပတ်သက်၍ အမြင် ပြောင်းလဲမှု မရှိခြင်းကြောင့် အနောက်နိုင်ငံနှင့် မြန်မာ ဆက်ဆံရေး ချက်ချင်းလက်ငင်း ကောင်းလာစရာ မရှိ၊ တရုတ်၏ မြန်မာတွင် လက်ရှိ ရှိနေသော အကျိုးစီးပွားများ ထိန်းသိမ်းရေးနှင့် ချဲ့ထွင်ရေး အတွက် အာမခံချက် ရှိသည်။ တရုတ်သည်သာ အထီးကျန် နိုင်ငံ တစ်နိုင်ငံအတွက် အခြေခံနိုင်ငံရေးနှင့် စီးပွားရေး အထောက်အပံ့ ဖြစ်နေဦးမည်ဟု တွက်ဆကြသည်။
          ပြည်တွင်း နိုင်ငံရေး အရှိန်အဟုန်ကို နားမလည်ကြောင်း မြန်မာနိုင်ငံရှိ တရုတ်ဆန့်ကျင်ရေး သဘောထားများနှင့် ပတ်သက်၍ ချဉ်းကပ်ပုံတွင်လည်း တွေ့ရသည်။ မြန်မာအစိုးရက တရုတ်လုပ်ငန်း စီမံကိန်းများကို ကျောထောက်နောက်ခံ လုပ်ထားသမျှ မြန်မာပြည်တို့၏ သဘောထားသည် အရေးပါသော စိန်ခေါ်မှု မဟုတ်ဟု တရုတ်တို့၏ ရှုထောင့်ဆန်ဆန် ရှုမြင်မှုသည် စစ်အစိုးရခေတ်က အင်အားကောင်းသော ချောဆီ (လာဘ်ပေးခြင်း) အသုံးပြုကာ ထိုသို့သော ထောက်ခံ အားပေးမှုမျိုးကို ရယူနိုင်သည်။ ထို့ကြောင့် မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်၍ ပြည်သူလူထု၏ ဆန့်ကျင်မှုများကို ဖြေရှင်းရာတွင် CPI ကုမ္ပဏီက အိစုးရချင်း ဆက်ဆံရေးကိုသာ အားကိုးအားထား လုပ်ခဲ့ခြင်း ဖြစ်သသည်။ ဤနည်းလမ်းကို ကြည့်လျှင် အစိုးသစ်သည် အခြေခံအားဖြင့် ယခင်အစိုးရနှင့် အတူတူပင် ဖြစ်သည်ဟု တရုတ်အစိုးရနှင့် ကုမ္ပဏီများက ယူဆက်ချက်ကို  ညွှန်ပြပြီး ယခင်က အသုံးပြုခဲ့သော နည်းလမ်းဟောင်းများကိုသာ ဆက်လက်၍ ကျင့်သုံးစေခဲ့ကြောင်း တွေ့ရသည်။
          ဒုတိယ အချက် အနေဖြင့် ၂၀၁၁ ခုနစ် နွေရာသီအထိ တရုတ်တို့က အမေရိကန်၏ ထိတွေ့ဆက်ဆံမှု မအောင်မြင်ဟု လွဲမှားတွက်ဆခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲ အပြီးတွင် အမေရိကန် အစိုးရက ရွေးကောက်ပွဲသည် လွတ်လပ်ခြင်းလည်း မရှိ၊ တရားမျှတခြင်းလည်း မရှိဟု ကျေညာခဲ့သည်ကို စွဲလမ်းနေသည်။ အမေရိကန် ပြည်တွင်း နိုင်ငံရေး၊ အထူးသဖြင့် ကွန်ဂရက် လွှတ်တော်သည် အစိုးရသစ်ကို လက်ခံမည် မဟုတ်ဟု တွက်ဆထားခဲ့သည်။ ထို့ကြောင့် တရုတ်တို့က အမေရိကန်၏ ထိတွေ့ဆက်ဆံမှုကို အာရုံမထားဘဲ တရုတ်၏ ဆက်ဆံရေး ကျယ်ပြန့်နက်ရှိုင်းရန်ကိုသာ အာရုံရောက်ကြသည်။ ဒဲရက် မစ်ချယ်ကို အထူးသံတမန်အဖြစ် ခန့်အပ်ပြီးသည့်တိုင် တရုတ်တို့က အမေရိက၏ သံတမန်ခင်း အားထုတ်မှုများသည် ချက်ချင်း လက်ငင်း အကျိုးမထူးနိုင်ဟု တွက်ဆခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်၊ တိုင်းရင်းသား အရေးနှင့် ပတ်သက်လာ၍ မြန်မာအစိုးရက မည်သည့်အခါမျှ အလျှော့ပေးမည် မဟုတ် ဟူသော ယုံကြည်ချက်ကို အခြေခံ၍ ဤကောက်ချက်ကို ဆွဲခဲ့ခြင်း ဖြစ်သည်။
          တရုတ်တို့၏ အမြင်အရ အမေရိကန်တို့ စိတ်ဝင်စားသော အဆိုပါ အကြောင်းအရာများသည် အစိုးရသစ်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်တို့ကို အခြေခံကျကျ စိန်ခေါ်မှုများအဖြစ် ရှုမြင်သည်။ ထို့ကြောင့်ပင် ဦးသိန်းစိန် အစိုးရ၏ အလျှော့ပေး သဘောတူညီမှု အဆင့်ကို တရုတ်တို့က အမြဲတမ်း အံ့အားသင့်ခဲ့ပြီး အမေရိကန် ဖိအားပေးများလျှင် မြန်မာတို့က ပြန်ကန်မည်ဟု ထပ်တလဲလဲ မျှော်လင့်ခဲ့သည်။ သို့သော် ယခု အချိန်အထိ ထိုပြန်ကန်မှုမျိုးကို မတွေ့ရသဖြင့် တရုတ်တို့ အလွန် စိတ်ပျက်ခဲ့ရသည်။
          တတိယ အချက် အနေဖြင့် တရုတ်တို့က မိမိ၏ မြန်မာနိုင်ငံအပေး နိုင်ငံရေးနှင့် စီးပွားရေးအရ သြဇာလွှမ်းမိုးမှုကို အထင်ကြီးလွန်းပြီး အတွက်လွဲခဲ့သည်။ မြန်မာနိုင်ငံတွင် အကြီးဆုံးသော ရင်းနှီးမြှုပ်နှံသူလဲ ဖြစ်၊ မြန်မာအစိုးရလို နိုင်ငံတကာ မျက်နှာစာတွင် အရေးပါပါ အကာအကွယ်ပေးခဲ့သော နိုင်ငံတစ်နိုင်ငံ ဖြစ်၍ မိမိတို့သည် ကျေးဇူး တုံ့ပြန်သည့် အနေဖြင့် အချို့သော အခွင့်အရေးများကို ခံစားရန် ထိုက်တန်သည်ဟု ယုံကြည်သည်။ အနောက်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပေးမည့် အလားအလာများ လုံးဝ မတွေ့ရသေးသည့်အတွက် မြန်မာသည် တရုတ်ကိုသာ ဆက်လက် အားကိုး အားထား လုပ်နေရမည်ဟု စိတ်ချ လက်ချ တွက်ထားခဲ့သည်။ ထို့ကြောင့် တရုတ်တို့က ပြည်သူတို့၏ တရုတ် လုပ်ငန်း စီမံကိန်းကြီးများ အပေါ် ဆန့်ကျင်မှု၊ တရုတ် ဆန့်ကျင်ရေ စိတ်ဓါတ်များ တိုးပွားမှုကို တမင် ဥပေက္ခာ ပြုခဲ့သည်။ အထီးကျန် နိုင်ငံ တစ်နိုင်ငံ အနေဖြင့် တရုတ် စီမံကိန်များကို အာခံရဲမည် မဟုတ်။ အနာဂတ် စီးပွားရေး စောင့်ရှောက်မှုကို ဖျက်လိုဖျက်ဆီး လုပ်ရဲမည် မဟုတ်ဟု တွက်ဆခဲ့ကြသည်။
          မြန်မာ့နိုင်ငံရေးနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို သေသေချာချာ ချင့်ချိန်တွက်ဆနိုင်ခြင်း မရှိခြင်းသည် တရုတ်တို့က ဖွံဖြိုးဆဲနိုင်ငံများနှင့် ပတ်သက်၍ နှစ်ရှည်လများ ကိုင်စွဲထားသော နိုင်ငံခြားရေး မူဝါဒကို ထင်ဟပ်သည်။ တရုတ်တို့က အခြား ဒီမိုကရေစီ မဟုတ်သော နိုင်ငံများကို မိမိရှုဒေါင့်၊ မိမိ အတွေ့အကြုံ အတိုင်း ရှုမြင်သုံးသပ်သည်။ တရုတ်တို့က နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို လက်ခံရန် ၀န်လေးသဖြင့် မည်သည့် ဒီမိုကရေစီ မဟုတ်သော အစိုးရမဆို မိမိ၏ အကြွင်းမဲ့အာဏာကို လိုလိုချင်ချင် စွန့်လွှတ်မည်ဟု မယုံကြည်။ တရုတ်၏ အမြင်တွင် ထိုအစိုးရများ၏ ဦးစားပေး အစီအစဉ်သည် လက်ရှိ နိုင်ငံရေး ပုံသဏ္ဍာန်ကို ထိန်းသိမ်းရန်ပင် ဖြစ်သည်။ မိမိ ဆန္ဒ အလျောက် သော်လည်းကောင်း၊ မိမိ ဆန္ဒ မပါဝင်ဘဲ သော်လည်းကောင်း၊ နိုင်ငံရေး လျင်မြန်စွာ ပြောင်းလဲခြင်းသည် တည်ငြိမ်မှုကို ခြိမ်းခြောက်သည်ဟု ရှုမြင်သည်။ ဤအတွေးကြောင့်ပင် ဦးသိန်းစိန် အစိုးရနှင့် မူဝါဒများ၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား အုပ်စုများ အပေါ် သဘောထားကို အတွက်လွဲခဲ့ခြင်း ဖြစ်သည်။
          ဤသို့ "ကိုယ်ချင်းစာ"သော သဘောထားက တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး ဆက်ဆံမှုများတွင် လွှမ်းမိုးသူ တရုတ်တို့က အစိုးရ တစ်ခု၏ တရားဝင်မှုသည် စီးပွားရေး တိုးတက်မှုနျင့် ပြည်သူပြည်သားများ၏ လူနေမှု အဆင့်မြင့်မားအောင် ပြုလုပ်နိုင်စွမ်းပေါ် မူတည်သည်ဟု ရှုမြင်သည်။ ထိုအမြင်က တရုတ်၏ ပြည်ပဆက်ဆံရေးတွင်လည်း လွှမ်းမိုးသူ သက်ဆိုင်ရာ အစိုးရများ တိုးတက်ရန်၊ ဘဏ္ဍာငွေ ရရှိရန် တရုတ်က အကူအညီ ပေးနိုင်လျှင် တရုတ်တို့ကို လိုလိုလားလား ကြိုဆိုလက်ခံမည်။ မည်သည့် အနှုတ်လက္ခဏာ အကျိုးသက်ရောက်မှုများကိုမျှ ဂရုစိုက်မည် မဟုတ်ဟု တွက်ဆသည်။
          တရုတ်နိုင်ငံ၏ သမိုင်းတွင်လည်း ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ကာစ ကာလများတွင် အလားတူ လူမှုရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဆုံးရှုံး အနစ်နာခံမှုများကို တွေ့ကြုံခဲ့ရသည်။ ထို့ကြောင့် တရုတ်ပုံစံကို မြန်မာကဲ့သို့သော ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများတွင် လက်ခံကျင့်သုံးသင့်သည်ဟု ယူဆသည်။ အခြား ရွေးချယ်စရာ များများစားစား မရှိသော နိုင်ငံများ အနေဖြင့် စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြားသော နည်းလမ်းများ ရှိနေသေးသည်ကို တရုတ်တို့က သဘောမပေါက်။ ထို့ကြောင့် အဆိုပါ နိုင်ငံများက တရုတ်တို့ကို ဆန့်ကျင်ကြခြင်းသည် ရန်လိုသော အနောက်တိုင်း နိုင်ငံများက ပြည်တွင်းတွင်  မကျေနပ်မှုများ တိုးပွားရန် သွေးထိုးပေးမှုများကြောင့်သာ ဖြစ်သည်ဟု အမြဲတမ်း တွက်ဆလေ့ ရှိသည်။
SUN,Yun (2012), China's Strategic Misjudgment on Myanmar
in Journal of Current Southeast Asian Affairs

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...