Friday, June 8, 2012

တတိယကမ္ဘာ၏ ရောဂါ


by Nyo Nyo Mar on Friday, June 8, 2012 at 6:41am

ဖွဲ့ဖြိုးစ၊ ဖွံ့ဖြိုးဆဲ ဆိုသောအသုံးအနှုန်းကို ဖွံ့ဖြိုးမှု အလွန်နောက်ကျသော နိုင်ငံများအတွက် သုံးသည်။ ဖွံ့ဖြိုးမှု အညံ့ဆုံးနိုင်ငံများကို Least Developed Country (LDC) ဟုခေါ်သည်။ Less Developed ဆိုသော အသုံးအနှုန်းတစ်ခုလည်း ရှိသေး၏။

ထို့ကြောင့် ဖွံ့ဖြိုးဆဲ Developing ဆိုသော စကားပေါ်လာရသည်။ ခုတော့ တတိယကမ္ဘာမှ နိုင်ငံများ Third World Countries ဆိုသည့် အသုံးအနှုန်းသစ် ပေါ်လာသည်။ အာရှ၊ အာဖရိက၊ လက်တင်အမေရိက နှင့် ကျွန်းစုနိုင်ငံများကို ညွှန်းခြင်း ဖြစ်သည်။

တတိယကမ္ဘာ၏ နိုင်ငံအများစုတွင် ဆင်းရဲခြင်း၊ ကျန်းမာရေးချို့တဲ့ခြင်း၊ စက်မှုမဖွံ့ဖြိုးခြင်း စသော ရောဂါမျိုးစုံ စွဲကပ်ခြင်း ခံရသည်။ ထို့ထက် ပိုဆိုးသော ရောဂါ နှစ်ခု ရှိသေး၏။
 မရှိတာကို အရှိလုပ် ကြွားချင်သော ရွှေရည်စိမ် ၀ါသနာနှင့် ရှိတာကို မရှိသလိုလုပ်ပြီး ဖုံးကွယ်ချင်သော ထုံးသုတ်ဝါသနာ ဆိုသည့် ရောဂါနှစ်မျိုးပင်။ တကယ် မတတ်ဘဲနှင့် အမြီးရှည်ရုံပဲ အသုံးဝင်သော ဘွဲ့တွေရထားသည့် ပညာတတ်များကို ထုတ်လုပ်ခြင်းသည် ပထမကိစ္စမျိုး။ ဤလို ဘွဲ့ရတွေကြောင့် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကျဆင်းလာပုံ Misemployment  ခေါ်နေရာတကျ မသုံးနိုင်ပုံတို့ကို ဖုံးကွယ်ပြီး ဘွဲ့ရတွေ ဘယ်လောက်များပါပြီ တက္ကသိုလ်တွေ ဘယ်လောက်ပေါနေပါပြီဟု ပြောခြင်းက ဒုတိယ ကိစ္စမျိုး။
လက်ငင်းအခြေအနေကို အမှန်အတိုင်း သိမှ ပြင်စရာရှိတာပြင်နိုင်မည်။ အခြေအနေမှန်ကို သိလိုလျှင် ရိုးသားသောစိတ်ရင်းခံဖြင့် ချဉ်းကပ်ရမည်။ အမှန်ကိုသိမှ ပြင်စရာကို တွေ့မည်။ တွေ့လျှင်ရိုးရိုးသားသား ၀န်ခံပြီး အမှန်ကို ဆက်လုပ်သွားရမည်။

တိုင်းပြည်ကိုချစ်လျှင် ရိုးသားဖို့ လိုသည်။ ရိုးသားသော စိတ်ရင်း Sincerity သည် အလွန်အရေးကြီးပါ၏။  Sincere ဖြစ်သူတွင် အဂတိတရားလေးပါးစလုံးကင်းသည်။ ကိုယ်ကျိုးကို လုံးဝမေ့ထားလိုက်ပြီး တိုင်းပြည်အကျိုးအတွက်သာ စဉ်းစားသည်။

တိုင်းပြည်ကိုချစ်လျှင် လူငယ်ကိုချစ်ရမည်။ ဘာကြောင့်လဲ ဆိုတော့ လူငယ်သည် အနာဂတ်သို့ တိုးဝင်ခရီးဆက်မည့်သူဖြစ်၍ပင်။

လူငယ်ကိုချစ်သည် ဆိုရာတွင် လူငယ်တွေကို အကြိုက်ကလေးတွေပေး၊ စိတ်ချမ်းသာအောင် ထားပြီးချစ်ပြရမှာလား။ ချစ်လှချည်ရဲ့ ဆိုပြီး အားတိုင်းဖက်နမ်းနေရမှာလား။

မဟုတ်ပါ။ လူငယ်တွေကို တကယ် တော် တတ် ထက်မြက်အောင် ပညာသင်ပေးရပါမည်။ သတ္တိကော၊ ပညာကော အတွေးအမြင်ပါ ရလာအောင လေ့ကျင့်ပျိုးထောင်ပေးရပါမည်။ သူတို့တစ်တွေပညာတတ်မှ တိုင်းပြည်ပိုင် သယံဇာတများကို ကိုယ့်အစွမ်းအစနှင့်ကိုယ် ထုတ်ယူသုံးစွဲတတ်မည်။ သူတို့ပညာမတတ်လျှင် နိုင်ငံခြားက လာထုတ်သွားလိမ့်မည်။ အကျိုးအမြတ်များ၏ ဝေစုကို နိုင်ငံခြားက လာထုတ်သွားလိမ့်မည်။ သို့ဆိုလျှင် တိုင်းပြည်က ဆင်းရဲမြဲ ဆင်းရဲနေလိမ့်မည်။ လူငယ်တွေ ပညာမတတ်ကြလျှင် နောင်တစ်ချိန်မှာ တိုင်းပြည်ကြီးချွတ်ချုံကျဖို့သာ ရှိသည်။

ထို့ကြောင့် တိုင်းပြည်ကိုချစ်လျှင် လူငယ်တွေကို ပညာသင်ပေးရမည်။ ဘွဲ့တွေ ပေးရမည်ဟု မပြောပါ။ ဘွဲ့ရခြင်းနှင့် ပညာတတ်ခြင်းသည် တခါတရံ လက်မတွဲကြောင်း (၀ါ) လက်တွဲမနေကြောင်း ကျွန်တော်ပြောလိုပါသည်။

(ကြည်မင်း- ပညာခရီး နှင့် ပညာမျက်စိ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...