Saturday, June 16, 2012

တစ်ခါကလို......


by Cloud Cuckoo Land on Saturday, June 16, 2012 at 3:59am 


ရှဲရှဲလား..... ရှီးရှီးလား..... မဝေခွဲတတ်ပေမဲ့ ညရဲ့ မိုးသက်အေးအေးလေးတွေကြားထဲမှာ  ၀ါးရွက်လေးတွေ လှုပ်ခတ်သွားတာကိုတော့ ... အရိပ်တွေကလွဲလို့.... သဲသဲ ကွဲကွဲ မမြင်ရပေမဲ့စိတ်မှန်းနဲ့ သိနေခဲ့တာပဲ... နောက်ပြီး ၀ါးရွက်လေးတွေရဲ့ ထိပ်ဖြားမှာမိုးစက်လေးတွေ တွဲလွဲခိုနေမယ်လို့.... မြင်မိလိုက်သေးတယ်။

                         ဘာမှ မပြောင်းလဲသေးဘူး...... သတိရခြင်း၊ လွမ်းဆွတ်ခြင်းနဲ့ တရှိုက်မက်မက်တမ်းတနေရခြင်းတွေပေါ့... ဒီလိုပါပဲ

မြိတ်မြို့ရဲ့ ရွှေတိဂုံလို့ခေါ်တဲ့ မဟာသိဒ္ဓိဇယ စေတီတော်ကြီးရယ်...... လေးကျွန်းဆီမီး သိမ်တော်ကြီး စေတီတော်ကြီးရယ်.... နောက် တက်လိုက်ကျလိုက်ဖြစ်နေတဲ့ ဒီရေတွေရယ်လေ.. အရင်ကတော့ ကောင်မလေးနဲ့ အတူ လျှောက်လည်ရင်း၊ ဘုရားတွေ ဖူးရင်း၊ ဆုတွေတောင်းရင်း၊ ဆိုင်ကယ်လေး စီးရင်းနဲ့..... အတူတူ ပျော်ခဲ့ကြဖူးတယ်...... ကောင်မလေးရေ..... အဝေးမှာရှိနေခဲ့ပေမဲ့ တကယ်တော့ အနီးဆုံးမှာအမြဲရှိနေခဲ့တယ်ဆိုတာ ယုံကြည်ပေးပါနော်......။

                          `` ကို မြိတ်ဆိုတာ ဘာအဓိပ္ပါယ်လဲ သိလားဟင်......

                          `` မသိဘူး မီးမီးရဲ့ မေးကြည့်ချင်နေတာ..... ပြောပြလေ´´

                          `` မြိတ်ဆိုတာ.... ပါဠိစကား မာရိတ်ကနေလာတာတဲ့... မာဆိုတာက မြင်း၊ ရိတ်ဆိုတာက ချည်တိုင်တဲ့လေ..... ဟိုး

ရှေးရှေးတုံးက ဘုရားအလောင်းတော် မြင်းနဲ့ လာရင်း ဒီနေရာလေးကိုရောက်တော့ စီးတဲ့မြင်းကိုကြိုးချည်ပြီး ညအိပ်ခဲ့တယ်တဲ့. ဒါကြောင့်ကာလရွေ့လျားလာတော့ မာရိတ်ကနေ မြိတ်လို့ ပြောင်းလဲလာတာ....´´

                           ``အော်...... ´´ ရှင်းပြနေတဲ့ ကောင်မလေးရဲ့ မျက်နှာကို ကြည့်ရင်းနဲ့ အတိတ်မှာ အလောင်းတော် မြင်းစီးလာတာ....

နောက်ပြီး မြင်းကိုကြိုးချည်ပြီး ရပ်နားတာတွေပေါ်လာသလိုပါပဲ၊ အထူးခြားဆုံးကတော့ စိတ်လွတ်ကိုယ်လွတ်ရှင်းပြနေတဲ့ ကောင်မလေးရဲ့

မျက်နှာလေးကို ကြည့်လို့မ၀နိုင်တာပဲပေါ့..... အရာရာ သိပ်ချစ်ခဲ့တယ် ကောင်မလေးရေ.....  အဲဒီနေ့က နှစ်ယောက်အတူ လမ်းလျှောက်

လာရင်း မိုးတွေရွာတော့လဲ လမ်းဘေးက ပိန်းရွက်ကြီး တစ်ရွက်ကို ချိုးလို့ ထီးလို ဆောင်းခဲ့ကြတယ်လေ...... ပျော်ရွှင်စွာနဲ့ မိုးရေတွေ စိုရွှဲ
လို့ပေါ့.... ကောင်မလေးကို စိုနေခဲ့တဲ့ မိုးစက်တွေကိုလဲ တယုတယနဲ့ သုပ်ပေးခဲ့ဘူးတယ်...ဆိုတာ ခုထိမှတ်နေပါသေးတယ်......။


  ဒီလိုပါပဲ...... မြိတ်မြို့ရဲ့ ဆိပ်ကမ်းလေးမှာထိုင်ရင်းလဲ..... ပင်လယ်ရေတွေ မြင့်တက်လာတာ.... နောက် ပြန်ကျသွား
တာ.... တစ်ခါ လှေကလေးတွေ ဖြတ်သွား ဖြတ်လာကြတာ..... နေ၀င်ရီတရောမှာလဲ  ပင်လယ်ထက်က ကောင်းကင်မှာ ငှက်ကလေးတွေ
အုပ်စုဖွဲ့ ပျံသန်းသွားကြတာ.. နေမင်းကြီးပင်လယ်ထဲ ငုပ်လျှိုးကွယ်ပျောက်သွားတာတွေ
ကို အတူ ထိုင်ကြည့်ဖူးခဲ့တယ်နော်. ကောင်မလေး
မှတ်မိနေဦးမလားလို့ တွေးနေမိသေးတယ်.... ဒီလို ထိုင်နေရင်း မိုးတွေ  ရုတ်ချည်းရွာချလာတော့ ခေါင်းကိုလက်နဲ့ အုပ်ရင်း  `` လ္ဘက်ရည်
ဆိုင်ထဲမှာ သွားထိုင်ရအောင်´´လို့ပြောတော့
လဲ `` ကို......က မိုးစိုမှာ ကြောက်တာလား.´´တဲ့၊ `` မီးမီးဖျားမှာ စိုးလို့ပါ.´´ ဆိုတော့... ``မဖျား

ပါဘူးကိုရဲ့ မိုးက မီးမီးတို့ရဲ့ မိတ်ဆွေပါ.....´´တဲ့လေ.....၊ အဲဒီတုန်းကလည်း မအံ့သြခဲ့ပါဘူး...။ မီးမီးက မြိတ်သူပဲလေ.. မိုးများတဲ့ အရပ်မှာ
မွေးဖွားကြီးပြင်းခဲ့တာဆိုတော့ ဘယ်ကြောက်မှာလဲနော်....... အဲဒီတုန်းကလဲ ကောင်မလေးသဘောအတိုင်း မိုးရေတွေထဲမှာပဲ အတူတူ...

ဆက်ပြီး ထိုင်ဖြစ်ခဲ့ကြတယ်..... နှာစေးခဲ့တဲ့ ညလေးတစ်ညကိုလဲ အမှတ်တရအဖြစ် သိမ်းဆည်းထားပါတယ် ကောင်မလေးရယ်.....။
                         မိုးရိပ်တွေကင်းသွားတဲ့  ဆောင်းမနက်ခင်းတစ်ခုမှာတော့....
... မြန်မာ့  ကြယ်ငါးပွင့် သင်္ဘောကြီးနဲ့ ကောင်းမလေးတို့

မိသားစု မြိတ်မြို့ကြီးနဲ့အတူ ကိုယ့်ကို ထားရစ်ခဲ့တယ်နော်...... အဲဒီတုန်းက သင်္ဘောကြီးထွက်သွားတာကို ထိုင်ကြည့်ရင်း ပင်လယ်ကြီးလဲ

မုန်းလိုက်တာ.... ၀မ်းလဲ နည်းခဲ့တယ်.... အားအင်တွေလဲ ဆုတ်လျော့သွားခဲ့ဘူးတယ်လေ... မသွားခင်ညမှာ ကောင်မလေးနဲ့ တွေ့ဖြစ်ကြ

တော့လဲ မှောင်မဲမဲထဲမှာ ၀ါးရွက်လေးတွေ လှုပ်ခတ်နေခဲ့တယ်.. အခုလိုပဲပေါ့.. မတူတာလေးတစ်ခုက အဲဒီတုန်းက မိုးတွေ မရွာခဲ့ဘူးလေ

နောက်ပြီး တစ်ကြိမ်တည်းသော အနမ်းလေးကိုလဲ ထာဝရလက်ဆောင်အဖြစ် မှတ်မှတ်ရရ ပေးအပ်ခဲ့ဖူးတယ်..... စိတ္တဇဆန်တာလား....
အစွဲအလန်းကြီးတာလား မပြောတတ်ပေမဲ့..... နူးညံ့ နုညက်နေတဲ့ ကောင်မလေးရဲ့  ပါးပြင်အေးစက်စက်လေးက  ချစ်ခြင်းတရားတွေကို

ယူဆောင်သွားခဲ့တယ်လို့ အခုတိုင် ယူဆနေမိတယ် ကောင်မလေးရယ်.......  နောက်ပြီး ကောင်မလေးက ပြောခဲ့တယ်လေ..... မိုးတွေရွာ

တိုင်း၊ ဒီရေတွေ မြင့်တက်နေတိုင်း၊ ကျသွားတိုင်း၊ ပင်လယ်ပြင်ကြီးထဲကို နေမင်းကြီး ၀င်ရောက်သွားတဲ့ နေ့တိုင်း သတိရနေမှာပါပဲ... ယုံ
ကြည်စွာ စောင့်စားနေပါရစေတဲ့........ လေ။

ကာင်မလေးပြောခဲ့သလိုပါပဲ..... ယုံကြည်စွာ သတိရနေတတ်တဲ့သူက ကိုယ်ပဲဖြစ်ခဲ့တာပေါ့နော်..... ကောင်မလေး
ထားရစ်ခဲ့တဲ့ ဒီမြို့လေးမှာ ခြောက်သွေ့လွန်းလာလို့... သွားလေရာ အရိပ်တွေ ထင်နေလို့.... သတိရ၊ တမ်းတမိတဲ့ စိတ်တွေကိုလဲ ဆက်ပြီး

သိမ်းဆည်းမထားနိုင်တော့လို့ မြိတ်မြို့ကြီးကို ခွဲခွါခဲ့လိုက်တယ်...... နည်းနည်းလေး သက်သာတယ်လို့ ပြောရမလားပေါ့... ပုံရိပ်မဲ့ တမ်းတ

ခြင်းတွေကိုတော့ ဆက်ပြီး ထွေးပိုက်ထားသေးတယ်... ဒါပေမဲ့ ကောင်မလေးရေ... ရာသီတွေ အလီလီပြောင်းခဲ့တော့လဲ... ကောင်မလေး

ပြန်ရောက်နေမလားဆိုတဲ့ မျှော်လင့်စိတ်ကလေးနဲ့ မြိတ်မြို့ကြီးကို  တစ်ခေါက်ပြန်ရောက်လာခဲ့တယ်..... ခွဲခွါသွားတုန်းကလိုပါပဲ.... ကိုယ်
တစ်ယောက်ထဲပဲလေ..... နောက်ပြီး ကောင်မလေးရဲ့ အငွေ့အသက်တွေ ထုံမွှမ်းနေတဲ့ တက္ကသိုလ်ပရ၀ုဏ်ကြီးကိုလဲ ဘာရယ် မဟုတ်တဲ့
အတွေးတွေနဲ့ ရောက်ဖြစ်ခဲ့တယ်... ဒီကျောင်းတော်ကြီးမှာ ကောင်မလေးကျောင်းတက်နေတုန်းက ကောင်မလေးရဲ့ အရိပ်တွေကိုစိတ်ကူး
လေးနဲ့ ပုံဖော်နေမိတာပါ......  ကောင်မလေးပေးခဲ့တဲ့ ကျောင်းတက်တုန်းက ဓါတ်ပုံလေးကို ထုတ်ကြည့်ရင်း......  အရာရာအတွက် လွမ်း
သလိုလို... နောက်ပြီး ဒီနေရာလေးတွေမှာ ကောင်မလေး ပျော်ရွှင်ခဲ့ဘူးတယ်လို့...  တွေးမိတော့လဲ ကျေနပ်နေသလိုလိုကောင်မလေးရေ.
                             မြိတ်မြို့ ရဲ့ တစ်ဘက်ကမ်းက... လျောင်းတော်မူ ရုပ်ပွါးတော်ကြီးကတော့... အရင်လိုပါပဲ... ပြုံးတော်မူနေလျှက်ပါပဲ
ကောင်မလေးရယ်.....

  အခုကိုယ် အရင်ကလိုတစ်ယောက်ထဲ မြိတ်မြို့ကြီးကနေ ပြန်ထွက်လာခဲ့တယ်......... ရေလှိုင်းတွေလေးတွေရယ်
မြိတ်မြို့ကြီးရယ် နောက်မှာ ကျန်ခဲ့တယ်လေ..... ပင်လယ်ပြင်ကြီးကိုကြည့်ရင်း..... အဆုံးမရှိတဲ့ ဒီပင်လယ်ပြင်ကြီးရဲ့ တစ်နေရာမှာ သတိရ
နေမလား၊ မေံနေသလား မသိနိုင်တဲ့..... အခုချိန်ထိအောင် နွေးထွေးစွာ ချစ်နေရဆဲ ကောင်မလေး ရှိနေတယ်လို့..... ခံစားမိလာတော့လဲ

အားအင်တွေ အသစ်ပြန်ဖြစ်လာသလိုပါပဲ..... ဝေးရင်း ဝေးရင်း ကျန်ရစ်ခဲ့တဲ့ နှလုံးသားလေး ဖူးပွင့်ခဲ့တဲ့ မြိတ်မြို့  လေးမှာတော့.. တစ်နေ့

ဒါမှမဟုတ် တချိန်မှာ ပြန်ဆုံချင်သေးတယ်...... ကောင်မလေးရယ်..... ပြန်ဆုံဖြစ်ခဲ့ရင် နူးညံ့စွာ ထွေးပွေ့ရင်းနဲ့  ကျန်နေသေးတဲ့ ပါးလေး
တစ်ဘက်ကိုလဲ ညင်ညင်သာသာလေးနမ်းရှိုက်ချင်ပါသေးတယ်... ချစ်သူရဲ့ပါးနုနုလေး နွေးထွေးနေမလား၊ အေးစက်မလားလို့ တွေးရင်း
ပျော်ရွှင်တဲ့ အပြုံးလေးတစ်ချက်ကိုတာ့ မြိတ်မြို့ကြီးမှာ ကောင်မလေးနဲ့ အတူ  ပြုံးချင်ပါသေးတယ်ဆိုတာ......။

ကောင်မလေးရေ......

ဒီနေရာလေးမှာ.. ဒို့နှစ်ယောက်အတူ
တစ်ခါက အပြုံးပန်းလေးတွေ

အတူပွင့်ခဲ့ကြတယ်.....

ကြည်နူးစွာနဲ့ နော်.....

...........................

နောက်တော့..... လေ

ကိုယ်... တစ်ယောက်ထဲ

ဝမ်းနည်းခဲ့ရတယ်....

တမ်းတခဲ့ရတယ်.....

စောင့်စားခဲ့ရတယ်....

ဒါပေမဲ့ ချစ်သူရေ

သတ္တိတွေ ရှိပါတယ်....

...........................

ပင်လယ်ပြင်ကြီး စီးဆင်းနေသမျှ

လွမ်းနေပါရစေ........

မိုးစက်တွေ ပြိုကျနေသမျှ

စောင့်လို့နေပါရစေ.....

နေမင်းကြီး ၀င်ထွက်နေသမျှ

ကိုယ်..... ချစ်နေပါရစေ.....နော်

.............................

ဘယ်ဆီဘယ်ကမ်းမှာဖြစ်ဖြစ်

ရေလှိုင်းလေးတွေ အဆုံးသတ်သလို

ကိုယ့်... ရင်ခုန် လှိုင်းခတ်သံတွေက

တစ်ချိန်ချိန် တစ်နေရာရာမှာတော့

ကမ်းကပ်ခွင့်ရခဲ့လျှင်

ချစ်ရသူရဲ့ ရင်ခွင်မှာပဲ
ခိုနားပါရစေလို့..........

written by ကွန်ဆူးမား
 ·  · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...