Thursday, June 14, 2012

“သက်တံ့ပေါ်မှာ ကစားမယ်”


by Soe Min on Wednesday, June 13, 2012 at 4:12am 

          အင်တာနက်စသုံးကာစတုန်းက အီးမေးအကောင့်လေးဖွင့်၊ သူငယ်ချင်းတွေဆီစာပို့။ မာကြောင်းသာကြောင်း၊ သတိရကြောင်းကလေးတွေ ရေးပို့နေရာက တခါတလေ စိတ်ကူးပေါက်ရင် Blogspots ဆိုတာတွေထဲ ၀င်ဝင်ဖတ်ရုံလောက်ပဲ ရှိပါတယ်။ နောက်တော့ Social Network တွေ ခေတ်စားလာပြီး အစပိုင်းမှာတော့ Facebook ထက် Tagged ကို ပိုသုံးဖြစ်ပါတယ်။ ဓါတ်ပုံတင်လို့လည်းလွယ်။ ဗီဒီယိုဖိုင် ရှဲချင်လည်းလွယ်၊ လူရှာချင်ရင် Profile လေးတွေနဲ့ Bronse လုပ်ရလည်း လွယ်တာကြောင့်မို့ပါ။ Tagged ကို မသုံးရမနေနိုင် စွဲသွားတာကတော့ Mafia War ဂိမ်းဆော့တဲ့အခါမှာပေါ့။ နေ့တိုင်းနေ့တိုင်း မကစားပဲနေတဲ့နေ့ကို မရှိဘူး။ ဘဏ်ဓါးပြတိုက်တာ၊ စက်လှေ အနုကြမ်းစီးတာ၊ လက်နက်လူသူစုဆောင်းတာ၊ မကောင်းမှု ဒုစရိုက်မှန်သမျှကို အားရပါးရ စိတ်ရှိတိုင်း ကျူးလွန်လို့ရတယ်လေ။ အကျင့်ပျက် ရဲတွေ မွေးထားလို့လည်းရတယ်။ ဂေါ့ဒ်ဖားသားကြီးတွေဆီ အကူအညီတောင်းလို့လည်း ရတယ်။
ကြေးစားလူသတ်သမားဆိုတာကတော့ သူ့ဆီက ငှားမလား။ ကိုယ်က အငှားလိုက်မလား။ အရည်အချင်း နဲ့ လက်နက်ကိုလိုက်လို့ သူ့ဈေးနဲ့သူပဲဗျ။ ပိုက်ဆံရှိရင် လက်နက်တွေတင်မကဘူး။ ဟယ်လီကော်ပတာတောင် ၀ယ်လို့ရတယ်။ Level တက်လာတဲ့အခါမတော့ အောင်မယ်မင်း နိုင်ငံရေးသမား Senator တွေတောင် ၀ယ်ပြီး အိပ်ထဲထည့်ထားလို့ ရတယ်ဗျို့။ မျက်လုံးကြီး ပြူးကြည့်မနေနဲ့။ ဂိမ်းထဲမှာ ပြောတာ။ မယုံ ကစားကြည့်ပါလား။ ကြိုက်သွားမယ်။ မကြိုက်ရင် ရိုက်သွား။
ဂိမ်းထဲမှာ အခက်ဆုံးအပိုင်းကတော့ မာဖီးယားဂိုဏ်းတွေ အချင်းချင်း လုယက်တိုက်ခိုက်ကြတဲ့အခါမှာ သူ့ဘက်ကိုယ့်ဘက် လူအင်အား ကျောထောက်နောက်ခံ နဲ့ လက်နက်အင်အား၊ ဗျူဟာ ပရိယာယ်တွေ အားလုံးယှဉ်ပြီးမှ ကိုယ့်ဘက်က အကျအရှုံးဘယ်လောက်၊ အပျက်အစီးဘယ်လောက်၊ သူ့ဘက်မှာ ဘယ်လောက်ဆိုတာ စာရင်းနဲ့ ထွက်လာပါတယ်။ နောက်တခေါက်တိုက်ဦးမလား။ စစ်ကူခေါ်မလား။ ခနနားပြီး အားပြန်ဖြည့်မလားဆိုတာက ကိုယ့်ဆုံးဖြတ်ချက်ပါ။ နောက်ထပ် ဘယ်နှစ်ကြိမ်တိုက်နိုင်တယ်ဆိုတာကတော့ ကိုယ့်ရဲ့ သက်လုံနဲ့ ကိုယ်ခံအားအပေါ်မှာ တည်ပါတယ်။ ကိုယ်က သူ့ထက်သာနေရင် တဖြေးဖြေး အားသာလာမယ်။ ညံ့နေရင် အလဲထိုးခံရပြီး စစ်လျော်ကြေးပေးသလို ကိုယ်စုဆောင်းထားတဲ့ လက်နက်ရိက္ခာလေးတွေ ပေးလိုက်ရမယ်။ သူကလည်း ကိုယ့်ကို လာလာတိုက်နိုင်သေးတာပဲ။ ကိုယ့်ရဲ့ စစ်အင်အားကလေး တောင့်တင်းနေဖို့အတွက် ရှာဖွေရသမျှ ပိုက်ဆံကလေးတွေ၊ ဆက်ကြေးကလေးတွေနဲ့ လက်နက်၊ ကိရိယာတွေ ၀ယ်ဝယ်ထား၊ ကမ္ဘာအရပ်ရပ်က အင်အားကြီး (Friend list အများကြီး ရှိတဲ့သူတွေ) တွေနဲ့ မဟာမိတ်ပြုထား။ မကောင်းမှု ဒုစရိုက်ဆိုတာ တကယ်မဟုတ်ပဲ စိတ်ကူးနဲ့ကျူးလွန်ရတာတောင် တယ်အရသာရှိပါကလား ပိတ်သတ်ကြီးရဲ့။
          အဲဒီနောက်တော့ Zygna က Mafia War ကို Support မလုပ်တော့ဘူးဆိုလို့ စိတ်နာနာနဲ့ Tagged ကို လုံးဝ မသုံးတော့ပဲ Facebook ကို ပြောင်းသုံးဖြစ်ပါတယ်။ ဒီဘက်မှာ အားသာတာကတော့ Notes တွေ၊ Status တွေ ရေးရေးတင်ရတာ ပို အရသာရှိပါတယ်။ Game ကစားချင်ရင် Upload လုပ်နေတာ စောင့်ရတာနဲ့ စိတ်မရှည်ပဲ မကစားဖြစ်တော့ဘူး။ ပြီးရင် ဟိုလူ့ Request လုပ်ရ၊ သည်လူ့ Request လုပ်ရနဲ့ အလုပ်ရှုပ်တယ်။ အခုလောလောဆယ်မှာတော့ မြန်မာ Facebooker တွေ အားလုံး အားတက်သရော ၀င်ကစားနေကြတဲ့ အွန်လိုင်းကစားပွဲအသစ်ကြီး ပေါ်နေတယ်ခင်ဗျ။ မွှေတဲ့လူကလည်းမွှေလို့၊ ဘေတဲ့လူကလည်း ၀င်ဝင်ဘေလို့။ ဆော်တဲ့သူကလည်းဆော်လို့၊ အော်တဲ့သူလည်းအော်၊ ညှော်တဲ့သူလည်း ၀င်ဝင်ညှော်ကြလေရဲ့။ ဗြင်းတဲ့သူတွေကလည်း ၀င်ဝင်ဗြင်း၊ ငြင်းတဲ့သူတွေကလည်း တွင်တွင်ငြင်း၊ တင်းတဲ့သူတွေကလည်း မဆင်မခြင်တင်းကြတယ်ဗျ။ ကဲတဲ့သူကဲ၊ ဆဲတဲ့လူဆဲ၊ ဖြဲတဲ့လူဖြဲ၊ ကွဲတဲ့လူတွေလည်း ကွဲကုန်ကြပြန်ရော။ အခြားအခြားသော ဂိမ်းတွေနဲ့ အပြတ်အသတ်သာတာကတော့ အကျိုးအမြတ်ရစရာရှိရင် အပြင်မှာ တကယ့် ပိုက်ဆံအစစ်ကြီးတွေကို သပိတ်ဝင် အိပ်ဝင်ရကြပေသကိုး။ ရေရေလည်လည် ဆိုးတဲ့အချက်ကတော့ ကိုယ်မွှေရင်မွှေသလို၊ အပြင်မှာ သေတဲ့သူတွေ တကယ်သေကုန်ကြပြီး၊ ကိုယ်ရှို့ရင်ရှို့သလို အပြင်မှာလည်း လောင်မီးကျနိုင်တာပ။ ဒီကစားပွဲမှာ Facebooker တွေတင်မကဘူး။ အင်တာနက်ပေါ်က ကိုကို မမ ဘဘ ဒေါ်ဒေါ်အကုန်လုံးအပြင် ပြည်တွင်းပြည်ပ မီဒီယာကြီးများပါမကျန် ၀က်ဝက်ကွဲ ၀င်သမနေလိုက်ကြတာ၊ တကယ်သေကြေ ပျက်စီးဆုံးရှုံးရတာကတော့ ရခိုင်ရော ကုလားရော နှစ်ဘက်စလုံးမှာဆိုတော့ လူ့အသက်တွေဟာ ကစားစရာမဟုတ်ပါဘူး ဆိုတဲ့အကြောင်းကလေး သတိပေးလိုက်ပါရစေလားဗျာ။
          လက်ရှိအလုပ်လုပ်နေတဲ့အမ်းမြို့ဆိုတာ ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရုံးစိုက်ရာအရပ်ဆိုတော့ အင်္ဂလန်၊ အမေရိက က သူတွေနဲ့စာရင်တော့ ရခိုင်တွေနဲ့ ပိုနီးစပ်တာ ပြောစရာမလိုဘူးပေါ့။ ဆေးကုနေတဲ့သူတွေကလည်း ရခိုင်လူမျိုးတွေဖြစ်တဲ့အတွက် ရခိုင်လူမှုအသိုင်းအ၀ိုင်း ကွန်ယက်ထဲကို ထဲထဲဝင်ဝင် တီးခေါက်မေးမြန်းဖို့လည်း သိပ်မခက်လှပါဘူး။ ကိုယ်ကရော စပ်စပ်စုစု စိတ်ဝင်တစား ရှိတတ် မရှိတတ်၊ အကဲခတ်တတ် မခတ်တတ်သလား ဆိုတာကတော့ အရင်ရေးခဲ့တဲ့စာတွေကိုသာ ဖတ်ကြည့်ကြပါတော့။ အမ်းသူအမ်းသားတွေမှာ စစ်တွေ၊ မြောက်ဦး၊ ဘူးသီးတောင်၊ ကျောက်တော်၊ အမျိုးတွေ ပြေးမလွတ်အောင်ရှိကြတဲ့အတွက် ဟိုမှာ ဘာတွေဖြစ်နေတယ်ဆိုတာလည်း မသိမကြားနိုင်လောက်အောင် အလှမ်းမဝေးပါဘူး။ သို့သော်လည်း ဘီဘီစီ ဗီအိုအေက မိုက်ခွက်ကြီးတွေနဲ့တော့ အလှမ်းဝေးသပေါ့။ ဒီအခါမှာ သူတို့အသံလွှင့်တဲ့သတင်းတွေ ကြားလိုက် ဖတ်လိုက်ရတဲ့အခါတိုင်း မြတ်စွာဘုရား လို့ တ မိတယ်ဗျ။ မိုးနတ်မင်းကြီးသာ တကယ်ရှိရိုးမှန်ရင် လူချင်းယှဉ်ရပ်ပြီး မှားတဲ့သူ မိုးကြိုးပစ်ကြေးကွာ လို့တောင် လောင်းလိုက်ချင်သေး။ ရှုပ်ထွေးနေတဲ့ ကျီးလန့်စာစားအခြေအနေမှာ သူတို့ဆီက နိုင်ငံခြားသတင်းထောက် မပြောနဲ့ ကိုယ့်ဆီက ပြည်တွင်းသတင်းထောက်တွေတောင် မလာရဲလို့ ဖုန်းတစ်လုံးနဲ့ အင်တာဗျူးပြီး အီးမေးနဲ့ ဓါတ်ပုံပို့ခိုင်းနေရတဲ့အချိန်မှာ သူတို့ဘက်က ဘာအထောက်အထားမှ မရှိတဲ့ တဘက်သတ်ပြောစကားတွေကို တကမ္ဘာလုံးသိအောင် လွှင့်ထုတ်နေတာဟာဖြင့် သတင်းသမားတို့ရဲ့ သိက္ခာဆိုတာ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲပါပေတယ်။
          ဟိုးအရင်တုန်းက မောင်မောင်မြင့်တို့ နွဲ့နွဲ့စန်းတို့ပါတဲ့ ပေါ်လစီဇာတ်လမ်းတစ်ခုကို အားကြီးမုန်းတယ်ဗျ။ ဘီဘီစီတွေ ဗီအိုအေတွေ ငါ့အိမ်မှာ လာမဖွင့်နဲ့။ ငါ့မှာ နှလုံးရောဂါ၊ သွေးတိုးရောဂါရှိတယ် ဆိုတဲ့ ဇာတ်လမ်းလေ။ အခုတော့ အဲဒီအတိုင်းဖြစ်နေလို့ တိုင်နဲ့ခေါင်းနဲ့သာ ဆောင့်ဆောင့်ပြီး ငိုချင်တော့တယ်။ မမှန်တာချင်း အတူတူဆိုရင်ဖြင့် ကျုပ်တို့ မြန်မာ့အသံကလေး နားထောင်တာကမှ ဘာပဲပြောပြော ကြားရတာ စိတ်အေးချမ်းသာ အပူအပင် သောကကင်းတယ် မဟုတ်ဘူးလား။ သူကလည်းပြောရှာပါတယ်။ မိဘပြည်သူများကို မလိုအပ်ပဲ စိတ်မပူပင်စေချင်လို့ပါတဲ့။ သမ္မတကြီးရဲ့ စေတနာပေါ့ဗျာ။ ဟုတ်တာမဟုတ်တာ အပထား။ သတင်းနားထောင်ပြီးရင် တော်ပါသေးရဲ့ဆို အလုံးကြီးကျသွားရော။ သူကလည်း စောစောက ပြည်ပမီဒီယာတွေက အသံလွှင့်ချက်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပြန်ရော။ ဟိုဘက်ကမှားတယ်ဆိုရင် သူကမှန်တာပေါ့ လို့ ပြောမလို့လား။ လောကကြီးမှာ အဖြူနဲ့အမည်း နှစ်ရောင်တည်းရှိတယ် မထင်နဲ့။ အဲဒါဆို ခင်ဗျားလည်း မှားသွားပြီ။ လေလှိုင်းကြားမှာ အမှန်တရားရှာချင်ရင် လေဆင်နှာမောင်းထဲပါသွားတဲ့ ဘိနပ်တစ်ဘက် လိုက်ကောက်တာကမှ အရင်တွေ့လိမ့်ဦးမယ်။ နောက်ဆုံးတော့ ဘာသွားတွေ့သလဲဆိုရင် ခင်ဗျားတို့ ကျုပ်တို့ Mafia War ဆော့သလိုမျိုး၊ သူတို့အချင်းချင်း လေလှိုင်းထက်မှာ စစ်တိုက်စစ်ဆင်လုပ်နေကြတာဗျ။ အခုခေတ်က သတင်းမှန်ကို မရမကလိုက်တဲ့ခေတ် မဟုတ်တော့ဘူး။ ကိုယ်ရေးတဲ့သတင်း မှန်လာအောင် အပြင်က အခြေအနေတွေကို လိုသလို ကစားယူလို့ရတဲ့ခေတ် ဖြစ်နေပြီ။ ဒီဘက်ကိုဆွလိုက်ရင် ဒီအဖြေရလိမ့်မယ်။ ဟိုဘက်ကိုဖွလိုက်ရင် ဟိုအဖြေရလိမ့်မယ်။ သေသေချာချာ တွက်ချက်ပြီးမှ အမွှေဇယား ကျားကွက်ရွှေ့ကြတယ်ဗျ။ Facebook ပေါ်မှာ ကိုယ်တွေလို မဖြစ်ညစ်ကျယ် Notes ကလေးတွေ ရေးရေးတင်နေတာ၊ ဟိုလူ့စာမျက်နှာသွားဆဲ၊ သည်လူ့စာမျက်နှာ သွားချဲလုပ်နေတာတွေက ကလေးအထာတွေပါ။
          အကျိုးဆက်ကတော့ သတင်းမလာခင်က ဟိုဘက်အိမ် သည်ဘက်အိမ် နေခဲ့ကြတဲ့ ကုလားတွေ ရခိုင်တွေက တစ်ယောက်ကိုတစ်ယောက် မယုံကြတော့ဘူး။ ကျောခိုင်းလိုက်ရင် ငါ့ဓါးနဲ့ထိုးသွားလေမလား လို့ သံသယစိတ်တွေရှိလာတယ်။ အလကားနေ လမ်းထွက်ရင်တောင် ငါတစ်ယောက်တည်းသွားတုန်း တစ်ဘက်ကလူအုပ်နဲ့တွေ့ရင် အသတ်ခံရချေရဲ့ဆို ကျီးလန့်စာစားဖြစ်လာတယ်။ ဖြစ်လည်းဖြစ်စရာပ။ တစ်သက်လုံး မောင်းတောမှာ အလုပ်လုပ်လာခဲ့တဲ့ မောင်းတောဇာတိဆရာဝန်တောင်မှပဲ အိမ်ဖော်ဘင်္ဂါလီမက ဓါးနဲ့ထိုးသွားတာ မဟုတ်လား။ မျက်စိအောက်တင် ဟိုနားမီးလောင် သည်နားမီးလောင်နဲ့ မြင်ရကြားရတာကလည်း အခါခါ။ သည်လိုနဲ့ပဲ ရခိုင်ကြား ကုလားမနေ၀ံ့။ ကုလားကြား ရခိုင်မနေ၀ံ့ ဖြစ်လာရော။ ဝေသာလီဗျိုင်းကလေးတွေလို ပလာကိုယ်ကျွတ် ပြောင်းရွှေ့သွားလာနေတာမဟုတ်တဲ့အတွက် သူတို့လည်း ကိုယ်နေထိုင်ရာအသိုက်အမြုံကို မလွှဲသာလို့ စွန့်ပစ်ထွက်ပြေးရတဲ့အခါ စိတ်မနာပဲ ဘယ်နေပါ့မလဲနော်။ ငါ့အိမ်ငါမနေရရင်ဖြင့် သူများတက်နေတာတော့ မခံနိုင်ဘူးဆိုပြီး ဆုတ်ရှို့ရှို့သွားတဲ့ မီးတွေဟာ စစ်တွေမှာ ငြိမ်းမနိုင်အောင်ပါပဲ။ ဘေးလွတ်ရာဆိုပြီး သူတို့တတွေ ခိုဝင်ထွက်ပြေးသွားတဲ့အရပ်တွေကတော့ တကယ်တမ်းမှာ ပြဿနာကို မီးမွှေးသွားတဲ့သူတွေရှိရာအရပ် ဖြစ်နေပါတယ်။ နဂိုကတည်းက ပင်လယ်ဘက်ထွက်ပြီး ဆိုးခိုးတိုက်ခိုက်စားတဲ့ ဥပဒေပြင်ပအရပ်မှာ လောင်စေချင်လို့ လေပင့်ပေးရုံတင်မဟုတ်ဘူး။ ဓါတ်ဆီပါလောင်းပေးမယ့်သူတွေက ဒေါသမီးတွေကို ငြိမ်းရမယ့်အစား တဟုန်းဟုန်းတောက်လောင်လာအောင် မြှောက်ပေးပါလေရော။ တစ်အိမ်ထောင် နှစ်ဒါဇင်လောက်မွေးထားတဲ့အမျိုးမို့ လူ့အသက်ဟာ နှစ်ပြားသာသာပဲ တန်တယ်ထင်တဲ့သူတွေကို ဘာသာရေးအစွန်းရောက်ယောင်ယောင်၊ စစ်သွေးကြွယောင်ယောင်နဲ့ အယ်လ်ကိုင်ဒါတွေပါ ဆိုပြီး ပင့်ပေးလွှတ်လိုက်တဲ့အခါ ပုဒ်မ ၁၄၄ အောက်မှာကိုပဲ စက်လှေတွေနဲ့ ညကြီးမင်းကြီး သူပုန်တွေ ၀င်စီးတဲ့ဇာတ်ကို ဆက်ကကြပါတယ်။ ရသလောက်သတ်ခဲ့။ လောင်သလောက်ရှို့ခဲ့။ မင်းတို့သေရင် တို့ဘာသာမှာ သူရဲကောင်းအဖြစ် မှတ်တမ်းတင်ပေးမယ်။ ဟိုဘက်က သေနတ်သံကြားတာနဲ့ သေသေ မသေသေ တစ်ကမ္ဘာလုံးကြားအောင် အော်ပေးမယ်။ သူ့အသက်ရင်းရတာ မဟုတ်တိုင်း။ အချိန်တန်တော့ အထောက်အပံ့ရရင် သူချည့်စားမှာ။ သူ့သားသမီးတွေတော့ သေမှာစိုးလို့ အင်္ဂလန်ပို့ထားတာ။ ဘယ်လိုပဲ စဉ်းစားစဉ်းစား၊ အဲဒါ ဘာသာရေးတိုက်ပွဲလည်း မဟုတ်ဘူး။ လူမျိုးရေးတိုက်ပွဲလည်း မဟုတ်ဘူး။ နိုင်ငံရေးအမြတ်ထုတ်မယ့် လူယုတ်မာကြီးတွေအကျိုးစီးပွားအတွက် ကုလားတွေလည်းသေရတယ်။ ရခိုင်တွေလည်း သေရတယ်။ ဘာလို့ အဲသလောက်တောင် အ ရ န ရတာတုန်းဗျာ။ အခုပြောနေတဲ့အထဲမှာ ကုလားကုလားလို့ ပြောနေတာဟာ အပြစ်မဲ့တဲ့ ပြည်တွင်းနေ မွတ်စလင်လူမျိုးများဆိုတာကိုပဲ ရည်ရွယ်ပါတယ်။ အစကတည်းက သည်မီးကို မလောင်လောင်အောင် ရှို့မယ့် ရိုဟင်ဂျာတွေအတွက်ကတော့ သဗ္ဗေသတ္တာ အဝေရာဟောတု ဒင်းတို့ကို ဟိုဒင်းမပြုပါဗျာ။ ကြားကနေ တုတ်ရောင်းဓါးရောင်းတင် မဟုတ်ဘူး။ လက်နက်အပြည့်အစုံပါ ထောက်ပံ့ပေးတဲ့ အန်ဂျီအိုအရေခြုံ တို့မီးရှို့မီးသမားများလည်း တူသောအကျိုး ပေးကြစေကုန်သတည်းပေါ့။ ကုန်းချောစကားပြောရုံနဲ့တင် ဘယ်လောက်ဝဋ်ကြီးသလဲဆိုတာ ဗုဒ္ဓဘာသာဝင်တိုင်း သိပြီးသားမို့ အထူးပြောစရာမလိုတော့ပေမယ့် ဘယ်ဘုရားသခင်အဆုံးအမအောက်မှာမှ မရှိတဲ့သူတွေကတော့ ငရဲကလူ ပြာပူမကြောက်တာ မဆန်းပါဘူး။ ဒီလိုအပြုအမူမျိုးနဲ့ အစ္စလာမ်သာသနာတော်ကြီး ချဲ့ထွင်ယူရတယ် ဆိုတာလောက် အလ္လာအရှင်မြတ်ကို သိက္ခာကျစေနိုင်တာ ရှိပါဦးမလား။
           အခု စာရေးနေတုန်း အချိန်မှာတောင် စစ်တွေမှာ နာဇီရွာတို့၊ အောင်မင်္ဂလာရွာတို့ မီးဟုန်းဟုန်းတောက်နေပြီလို့ ဖုန်းသတင်းတွေ မပြတ်ဝင်ဆဲပါ။ စိတ်တိုတိုနဲ့ မတော်ကြသေးဘူးလားဗျို့ လို့ကို ဟစ်လိုက်ချင်ပါတယ်။ အရင်ဆုံး တော်ကြပါတော့လို့ မေတ္တာရပ်ခံချင်တာကတော့ မမှန်သတင်းများကို ထင်သလိုထုတ်လွှင့်ပေးနေတဲ့ မီဒီယာမာစတာကြီးများကိုပါ။ အပြင်မှာ လူတွေ တကယ်သေနေရပါတယ်ဗျာ။ အိမ်တွေ တကယ်မီးလောင်နေရပါတယ်ဗျာ။ ရခိုင်တွေက အကြမ်းဖက်နေလို့ မဟုတ်ပါဘူး။ မွတ်စလင်တွေ အကြမ်းဖက်နေတာလည်း မဟုတ်ပါဘူး။ ခင်ဗျားတို့မြှောက်ပေးခြောက်ပေးလို့ သွေးပျက်သွေးကြွ နေတဲ့သူတွေရဲ့စနက်ပါ။ နဂိုကမှ ဖွံ့ဖြိုးမှုနှေးကွေးလို့ ဆင်းရဲသားစာရင်းထဲမှာ ဘိတ်ရှေ့ရောက်နေတဲ့ပြည်နယ်။ မီးမလာလို့ ကယ်ဆယ်ရေးအဖွဲ့က ဝေတဲ့ ခေါက်ဆွဲခြောက်ထုပ်ကလေးတွေတောင် ပြုတ်မစားနိုင်ပဲ စာကလေးခွေလို သည်အတိုင်းဝါး၊ ရေနဲ့မျှောချရတဲ့အရပ်။ ထမင်းနပ်မှန်ဖို့ သူများသလိပ်ကို ပါးစပ်ထဲမျိုရတဲ့ကုလားလေးတွေ။ မျက်စိထဲမှာ မြင်ကြည့်စမ်းပါဗျာ။ ငါရေးတဲ့သတင်းဟာ အဟုတ်ချည့်ပဲလို့ထင်ရင်တော့ လူကိုယ်တိုင်ကြွခဲ့စမ်းပါ လို့ ဖိတ်ခေါ်ပါတယ်။ အီရတ်က စစ်မြေပြင်မှာတောင် အသက်စွန့်ပြီး သတင်းယူခဲ့ကြသေးတာပဲဆို။ (သတင်းထောက်ကို ဘက်နက်နဲ့ထိုးသတ်တဲ့ ညှပ်ဖိနပ်စီး စစ်သားကြီးတွေကို ကြောက်နေလို့ မလာရဲတာလားမသိ)။ လေဆိပ်ကဆင်းလာ၊ ဘဘကြီးနဲ့ဝင်တွေ့၊ မေမေကြီးနဲ့ဝင်တွေ့၊ ပြီးတာနဲ့ လှည့်ပြန်သွားရင် အပင်ပန်းခံပြီး လာမနေပါနဲ့။ MRTV လေး မှန်မှန်နားထောင်ပြီး ဘာသာပြန်လိုက်ရင် ရပါတယ်။ သူတို့ဖိတ်တဲ့ သတင်းစာရှင်းလင်းပွဲတက်ပြီး မေးခိုင်းတဲ့ မေးခွန်းလေးတွေ မေးပေးလိုက်ပေါ့။ မိကျောင်းမင်း ရေကင်းလည်း မပြရဲပါဘူး။ သတင်းသမားတွေရဲ့ သိက္ခာ၊ သတင်းသမားတွေရဲ့ သတ္တိ၊ သတင်းမှန်ဘက်က ရပ်တည်မှုဆိုတာတွေကို တကယ့်သတင်းသမားအစစ် ဘိုးတော်ကြီးက ဆင်းသက်လာတဲ့ သားမြေးတွေတောင်မှနားမလည်နိုင်တာ၊ ပြည်ထောင်စုတည်ထောင်ခဲ့သူ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေရဲ့မျိုးဆက်တွေက ပြည်ထောင်စုရဲ့တန်ဖိုး၊ ကိုယ့်တိုင်းရင်းသားတွေရဲ့ အရေးကို အလေးမထားတော့တာ အင်မတန် ၀မ်းနည်းစရာကောင်းပါတယ်။ ပြည်ပမှာ အမြင်တွေကျယ်လာပြီး ကမ္ဘာကြည့်ကြည့်ကုန်ကြလို့ ထင်ပါရဲ့။ အရင်တုန်းကတော့ သတင်းကို အမှောင်ချတယ်။ နောက်တော့ သတင်းကို လိုသလို တည်းဖြတ်တယ်။ ခုတော့ သတင်းကို ဖန်တီးယူတယ်။ တဖြေးဖြေးနဲ့ နိုင်ငံရေးကစားတဲ့သူတွေဟာ သတင်းကတဆင့် အပြင်မှာ ကိုယ်လိုချင်သလို ဖြစ်လာအောင် စစ်တိုက်သလိုတိုက်တယ်။ ဂိမ်းကစားသလို အင်အားတွေစမ်းကြတယ်။ အဆုံးသတ်တနေ့ကျတော့လည်း ကိုယ်လိုချင်သလို တရားခံရော သက်သေပါ စုံလင်စွာနဲ့ သတင်းပုံပြင်တစ်ခု ခင်းပြတဲ့အခါ ပြတယ်။  ၀ါသနာကို တားမရဘူးဆိုရင်လည်း တကယ့်အသက်တွေမပါပဲ Bengalo-Arakanese War ဆိုပြီး ဂိမ်းတစ်ခု ထွင်လိုက်ကြရောပေါ့ဗျာ။ ဒေါသတွေ ကစားရင်းပြေပျောက်သွားပြီး အပြင်မှာတော့ ချစ်ချစ်ခင်ခင် ပြန်နေကြရအောင်။

“ကစားမယ်။ ကစားမယ်။ သက်တံ့ပေါ်မှာ ကစားမယ်။ မိုးစက်ခုံးဝယ် တူတူပုန်းမယ်။ တိမ်တိုက်တွေကြားတော့ ပြေးဆော့ကာရယ်။ သက်တံ့ဝင်ရိုးစွန်း မိုးယွန်းယွန်းထိကွယ် လရထားနဲ့ တိမ်များကိုစီးကာရယ်။ ကစားမယ် ကစားမယ်။ သက်တံ့ပေါ်မှာကစားမယ်။ ကစား ….. ရအောင်ကွယ်။”

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...