ပဟေဠိပန်း
Written by ခင်အောင်အေး Tuesday, 19 June 2012 02:03
(သရုပ်ဖေါ် ဒီဂျစ်တယ် အနုပညာ winthan)
ကြာဆိုလို့
ကြာလိုက်တယ်
အနှစ်၂၀ အနှစ်၄၀ စသဖြင့်
ကြာသွားတယ်
ဒါပေါ့
ကြာနီတွေရော ကြာဖြူတွေရော
ဆိုရှယ်လစ်ပန်းတိုင် ဆိုတာတွေရောပေါ့
ခုတော့ ဒီမိုကရေစီဆိုပဲ
တစ်ပြားမှ မလျှော့နိုင်ဘူးတဲ့..
စပါယ်တွေ
စပါယ်တွေ
မသေသေးချင်အောင် တဖျင်းဖျင်း အဆိပ်တက်
မကြားဝံ့ ငါမခေါ်
အော် သူရဲကောင်းကြီး ဘုန်းဘုန်းလဲကျခဲ့ပြီ*
ဆိုတဲ့ တပေါင်နဲ့အတူ
သူရဲကောင်းတွေ
တစ်ယောက်ပြီး တစ်ယောက်
ဘုန်းဘုန်းလဲကျခဲ့ကြ
တချို့ မနည်းကို ကြံ့ကြံ့ခံခဲ့ကြ
တချို့ ယဲ့ယဲ့ပဲ ကျန်ကြ
ပိတောက်လို
တစ်ယောက်ပျိုလဲ
အနှစ် ၂၀ ကျော်ကျော် တော်လှန်ရေးခရီးမှာ
အသက်အရွယ် ထောက်လာခဲ့
အကြမ်းမဖက်နည်းကို ဖက်တွယ်ရင်း
စခန်းတစ်ဖက်ကို နီးသထက်နီးအောင်ကြံဆောင်ရင်း
အော် အသက် ၆၇ နှစ်ထဲ ချဉ်းခဲ့ပြီ
တောပန်းကလေးတွေ
ဖွေးဖွေးလှုပ်လှုပ်
ဘယ်လို ဈေးကွက်တန်ဖိုးအရနဲ့မှဖြစ်စေ
ချိန်စက် သတ်မှတ်ခြင်းငှာ မစွမ်းသာခဲ့ဘူး
သန်းခြောက်ဆယ် လူထုမှာ ဘာအဆောင်အယောင်မှ
မှန်းစရာ..လွမ်းစရာ..ရယ်လို့ မရှိခဲ့စဖူးဘူး
(တစ်ခုပဲ..
လူလိုနေပြီး
လူလို သေချင်ကြတယ်)
ဒါဟာ
အခြေခံ လူ့အခွင့်ရေးပဲပေါ့
ဒါမှမဟုတ် ဒီမိုကရေစီ လူ့ဘောင်ပေါ့ လို့
ပါးစပ်ကြီးတစ်လုံးနဲ့ တစ်ယောက်ယောက်က
ဒါမှမဟုတ်
အဖွဲအစည်း တခုခုက
ပြောချင်ပြောပလေ့စေ
ပြောခွင့်ပေးလိုက်ပါ။
အလေ့ကျ
တောပန်းကလေးတွေကတော့
ရေငုံနှုတ်ပိတ်
အဆိပ်မရှိ
အတိတ်မသိ၊ ပစ္စုပ္ပန်၊ အနာဂါတ်ဆိုတာလဲ
ဂ ဃ န ဏ မသိပဲ
ဒီလိုပဲ လိုလို နဲ့သာ
စခန်းသွားနေရအုန်းမှာပါပဲ
အဲ့ဒါ
ဘယ်လောက်အထိ ကြာအုန်းမလဲ
ဟုတ်စ..။ ။
ခင်အောင်အေး
၁၇၊ ဇွန်၊ ၂၀၁၂ ဖရာ့ပရာဒင်၊ ဘန်ကောက် ၁၂း၃၂ နာရီ
* (၃၅ ကြိမ်မြောက်မှော်ဆရာ - အောင်ချိမ့်) မှ စာသား
0 comments:
Post a Comment