Wednesday, June 20, 2012

21.06.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Wednesday, June 20, 2012 at 3:17pm ·

ဂရိမှာ အစိုးရ ဖွဲ့နိုင်ပြီ
ညွန့်ပေါင်း အစိုးရ ဖွဲ့နိုင်ဖို့ သုံးရက်ကြာ ဆွေးနွေး ခဲ့ရ
ဂရိ နိုင်ငံမှာ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေး အတွက် သဘော တူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေ နေ့က ရွေးကောက်ပွဲမှာ ပွတ်ကာ သီကာ အနိုင်ရခဲ့တဲ့ ဗဟို လင်္ကျာ ယိမ်း ဒီမိုကရေစီ ပါတီသစ် (New Democracy Party) ခေါင်းဆောင် အန်တိုနီးစ် ဆမ်းမရပ်စ်(Antonis Samaras) ဟာ ဝန်ကြီးချုပ် အဖြစ် ဒီကနေ့ပဲ ကျမ်း သစ္စာ ကျိန်ဆို လိမ့်မယ်လို့ မျှော်လင့်ရ ပါတယ်။

သူ့ရဲ့ ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲမှာ ဂရိ ဆိုရှယ်လစ် ပါတီ ပါဆော့ခ် (PASOK) နဲ့ ပိုမို သေးငယ်တဲ့ လက်ဝဲယိမ်း ဒီမိုကရက်တစ် ပါတီ တို့ ပါဝင် ပါတယ်။
ဂရိ နိုင်ငံက ဆိုရှယ်လစ် ပါတီ ခေါင်းဆောင် အယ်ဗန်း ဂလော့စ် ဗီယန်နီဇဲလော့စ်(Evangelos Venizelos) ကတော့ နိုင်ငံ တကာရဲ့ ငွေကြေး ဆိုင်ရာ ထောက်ပံ့ ကျားကန် ပေးမှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်း တွေကို စေ့စပ် ညှိနှိုင်းရေးက ပထမဆုံး အကြိတ် အနယ် ဆွေးနွေး မှုပဲ ဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
ဂရိ နိုင်ငံမှာ နိုင်ငံရေး မတည် မငြိမ်မှုတွေက ယူရို ငွေရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး သံသယတွေ တိုးပွား စေခဲ့ ပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ ငြိမ်း အဖွဲ့ ထပ်တွေ့
KIO ကချင် လွတ်လပ်ရေး အဖွဲ့က ကိုယ်စားလှယ် တွေနဲ့ မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ က ကိုယ်စားလှယ်တွေ ဇွန်လ ၂၀ ရက် ဗုဒ္ဓဟူး နေ့က တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပါတယ်။
ကေအိုင်အို ဘက်က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ယောက်ပါ အဖွဲ့နဲ့ အစိုးရ ဘက်က ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့တို့ ဟာ ကချင်ပြည်နယ် မိုင်ဂျားယန် မြို့မှာ သုံးနာရီ လောက် ကြာအောင် ဆွေးနွေး ခဲ့ကြ တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
အစိုးရ ဘက်က စစ်တပ် အရာရှိကြီးတွေ ပါဝင်တဲ့ တရားဝင် ဆွေးနွေး မှုတွေကို လာမယ့် ဇူလိုင် လဆန်းမှာ ပြုလုပ် နိုင်လိမ့်မယ်လို့ မျှော်လင့် ကြောင်းလည်း သူက ပြောပါတယ်။
ဒီတကြိမ် ဆွေးနွေးပွဲဟာ သုံးကြိမ်မြောက် နှစ်ဘက် အလွတ် သဘော တွေ့ဆုံ ဆွေးနွေးမှု လည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ဒုက္ခသည် ၆ သောင်းကျော် ရှိနေ
ဇွန်လ ၁၆ ရက်နေ့က စစ်တွေ မြို့မှာ တွေ့ရတဲ့ ဒုက္ခ သည်များ
ရခိုင်ပြည်နယ်မှာ ရခိုင် တိုင်းရင်းသား တွေနဲ့ ပြည်နယ် တွင်းက မွတ်ဆလင် တွေကြား ဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု တွေကြောင့် အိုးအိမ် စွန့်ခွာ ခဲ့ကြရသူ ခြောက်သောင်း လောက်ကို စားနပ် ရိက္ခာ ထောက်ပံ့ နေတယ် လို့ မြန်မာ နိုင်ငံ အတွင်းမှာ ကူညီ ကယ်ဆယ်ရေး တွေ လုပ်ဆောင်နေတဲ့ WFP ကမ္ဘာ့ ဟားနပ် ရိက္ခာ အစီအစဉ်က ပြောပါတယ်။
အဲဒီ အိုးအိမ်စွန့် ထွက်ပြေး ကြရသူ တွေဟာ ရခိုင် တိုင်းရင်းသား တွေ ဘက်ကရော၊ မွတ်ဆလင်တွေ ဘက်ကပါ နှစ်ဘက် စလုံး ပါဝင်ပြီး တကယ်တန်း အိုးအိမ် စွန့် ထွက်ပြေး ခဲ့ရသူတွေ အခုထက် မက များနိုင် တယ်လို့ WFP က ပြောပါတယ်။
WFP ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ ဒါရိုက်တာက သူတို့ အနေနဲ့ လူအများကြီးကို စားနပ် ရိက္ခာ အကူ အညီ ပေးနေ ရလို့ အရေ အတွက် အတိ အကျ ပြောဖို့ ခက်တယ်၊ ခန့်မှန်း ခြေ သာ ပြောနိုင်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
အိုးအိမ် စွန့်ခွာ ကြရသူတွေကို ဒေသတွင်းက WFP ဝန်ထမ်းတွေက တဆင့် လိုအပ်သူတွေကို အကူအညီတွေ ဖြန့်ဝေ ပေးနေတာ ဖြစ်ပြီး လူ ဘယ်လောက်ကို ဘယ်လောက် ကြာကြာ ပေးရမယ် ဆိုတာ နောက် တဆင့် အနေနဲ့ စိစစ် လုပ်ဆောင်သွားမယ်လို့လည်း သူက ပြောပါတယ်။
ရခိုင်ပြည်နယ် အတွင်းမှာ ပဋိ ပက္ခတွေ စတင် ဖြစ်ကတည်းက လုပ်လက်စ လုပ်ငန်း တွေကို ရပ်ဆိုင်းထားခဲ့တဲ့ MSF နယ်စည်း မခြား ဆရာဝန်များ အဖွဲ့ ကလည်း ရခိုင်ပြည်နယ် အတွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှု အခြေ အနေကို စိုးရိမ် တယ်လို့ ပြော ပါတယ်။
ဒေသတွင်း ကနေ ပြန်ခေါ် ထုတ်လို့လည်း မရ တဲ့ သူတို့ ဝန်ထမ်း သုံးရာ လောက် ရှိနေပြီး ကလေးငယ်တွေ အာဟာရ ချို့တဲ့မှု၊ ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုတွေ ရှိပြီး သေဆုံးသူ တချို့ ရှိတယ် ဆိုတဲ့ သတင်းတွေ ရတယ်လို့ ရခိုင် ပြည်နယ် ကနေ ပြန်လာ တဲ့ MSF အဖွဲ့ရဲ့ Operation Manager က ပြောပါတယ်။
အရေးပေါ် ဆေးဝါး လိုအပ်နေပြီး ဆက်သွယ်လို့ မရဘဲ သီးခြား ဖြစ်နေတဲ့ နေရာမျိုးတွေကို နိုင်ငံ တကာနဲ့ မြန်မာ ဝန်ထမ်းတွေ စေလွှတ်ချင်ပေမဲ့ အစိုးရ ဆီက ခွင့်ပြုချက် မရ သေးဘူးလို့ လည်း သူက ဆိုပါတယ်။
ရခိုင်ပြည်နယ် အတွင်းမှာ ရက်အတန်ကြာ တည်ငြိမ်မှု ရှိနေရာက ဇွန်လ ၁၉ ရက်နေ့က ရသေ့တောင် မြို့နယ်မှာ ရခိုင်ရွာ တစ်ရွာ ထဲကို မွတ်ဆလင်ရွာက လို့ ယူဆရတဲ့ လူတချို့ လာရောက် မီးရှို့ တိုက်ခိုက် မှု ထပ်မံ ဖြစ်ပွား ခဲ့တဲ့ အတွက် လူ သေဆုံးမှု တွေ ရှိခဲ့ ပါတယ်။

ကချင် ဒုက္ခသည် စခန်းက လူတွေကို အစိုးရက ဖမ်းခေါ်သွားနေ
ဒုက္ခသည် ဖြစ်နေရတဲ့ ဘဝမှာ ဖမ်းဆီး ခံရမှာလည်း စိုးရိမ်နေကြ
စစ်ပြေး ဒုက္ခသည်တွေ ရှိနေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားက ဒုက္ခသည် စခန်း နှစ်ခု အတွင်းကို သက်ဆိုင်ရာက လာရောက်ပြီး ကချင် လွတ်လပ်ရေး တပ်မတော်နဲ့ ဆက်သွယ် တယ် ဆိုတဲ့ စွပ်စွဲ ချက်တွေနဲ့ ဒုက္ခသည် တွေကို ဖမ်းဆီးမှုတွေ ရှိခဲ့ ပါတယ်။
ဒုက္ခသည် စခန်းက လူတွေကို ကေအိုင်အေနဲ့ အဆက် အသွယ်ရှိတယ်၊ ဖောက်ခွဲမှုတွေနဲ့ ပတ်သက်တယ် ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ဖမ်းဆီးတာ ဖြစ်ပြီး တွေ ရှိပြီး ဘယ်မှာ ဖမ်းထားတယ် ဆိုတာ မသိရဘူးလို့ မြစ်ကြီးနား မြို့ခံ ရှေ့နေ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
နောက်ဆုံး ဖြစ်ရပ် တစ်ခုမှာ ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က မြစ်ကြီးနား မြို့မှာ ရှိတဲ့ နှစ်ချင်း ခရစ်ယာန် အသင်းတော် တစ်ခု အတွင်းက ဒုက္ခသည် စခန်း အတွင်း အထိ စစ်ဘက် ရေးရာ လုံခြုံရေး အဖွဲ့(စရဖ)နဲ့ ရဲတွေ လာရောက်ပြီး ဦးလထော် ဘရန်ရှောင် ဆို တဲ့ ကချင် အမျိုးသားကို ဖမ်းဆီး သွားခဲ့တယ်၊ သူ့ကို ဖောက်ခွဲမှု ပုဒ်မနဲ့ မသင်္ကာလို့ ဆိုပြီး လာဖမ်း သွားတာ လို့လည်း အဲဒီ မြို့ခံ ရှေ့နေက ပြောပါတယ်။
အလားတူပဲ ပြီးခဲ့တဲ့ မေလ ၃ဝ ရက်နေ့ ကလည်း မြစ်ကြီးနား မြို့ပေါ် ကက်သလစ် ဘုရားကျောင်းက ဒုက္ခသည် စခန်း တခု အတွင်းက ဦးမနန်တူး ဆိုသူ ကချင် အမျိုးသား တစ်ယောက် ကိုလည်း သက်ဆိုင်ရာက လာရောက် ဖမ်းဆီးသွား ခဲ့တယ် လို့လည်း မြစ်ကြီးနား မြို့ခံ ရှေ့နေက ပြောပါတယ်။
သူတို့ကို ဘယ်မှာ ဖမ်းဆီး ထားတယ် ဆိုတာ သက်ဆိုင်ရာ မိသားစုက လိုက်လံ စုံစမ်း ပေမဲ့ မသိရသေးဘူး သူက ဆိုပါတယ်။
ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေနဲ့ မြန်မာ အစိုးရ စစ်တပ်ကြား တိုက်ပွဲတွေ ပြန်လည် စတင်ခဲ့ တဲ့ မနှစ်က ဇွန်လ ၉ ရက်နေ့ ကနေ အခုချိန်ထိ မတရား အသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ အရ ဖမ်းဆီး ခံထားရသူ ၃၀ နဲ့ အထက်မှာ ရှိပြီး ဖောက်ခွဲမှု ပုဒ်မနဲ့ ဖမ်းဆီး ခံထားရသူ တွေက မြစ်ကြီးနား မှာတင် ၁၀ ယောက် အထက်မှာ ရှိတယ်လို့ စောစောက ရှေ့နေက ပြောပါတယ်။
အဲဒီထဲက အဆက် အသွယ် မရဘဲ ပျောက်ဆုံး နေသူ လူ၂၀ လောက် ရှိတယ် လို့လည်း အဲဒီ ရှေ့နေက ပြောပါတယ်။

အီဂျစ်ခေါင်းဆောင်ဟောင်း မူဘာရက် နောက်ဆုံး အချိန် ရောက်ပြီ
By ဗွီအိုအေ (မြန်မာဌာန)
  • လူထုဆန္ဒပြပွဲတွေကြောင့် ရာထူးကဖယ်ရှားခံခဲ့ရတဲ့ အီဂျစ်သမ္မတဟောင်း Hosni Mubarak သေဆုံး သွားပြီလို့ အီဂျစ် အစိုးရသတင်းအေဂျင်စီတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို အတည်ပြု ဖို့ စောနေသေးတယ်လို့ လုံခြုံရေး အရာရှိတွေက သတင်းအေဂျင်စီတွေကို ပြောခဲ့ပါတယ်။
အသက် ၈၄ နှစ်အရွယ် မစ္စတာမူဘာရက်ဟာ အင်္ဂါနေ့နှောင်းပိုင်းက သေဆုံးသွားပြီလို့ သူရဲ့ဆရာဝန်တွေ က ပြောဆိုတဲ့ အကြောင်းကို အီဂျစ်သတင်းအေဂျင်စီ မီနာက ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် သူ့နှလုံးက စက်ကိရိယာ အကူအညီတွေနဲ့တော့ ခုန်နေတုန်းပဲလို့ လုံခြုံရေးအရာရှိတွေက နောက်ပိုင်း မှာ ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးရုံကို သယ်ဆောင်သွားပြီလို့လည်း သိရပါတယ်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက ၁၈ ရက်ကြာ လူထုဆန္ဒပြပွဲတွေကြောင့် ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ အချိန်အထိ မစ္စတာမူဘာရက်ဟာ အီဂျစ်နိုင်ငံကို နှစ် ၃၀ ကျော် အုပ်ချုပ်ခဲ့တာဖြစ်ပါတယ်။
တရားရေးဝန်ကြီးဌာန အရာရှိတစ်ယောက်ရဲ့သားဖြစ်သူ မစ္စတာမူဘာရက်ဟာ အီဂျစ်လေတပ်မှာ တာဝန်ယူခဲ့ပြီးနောက် အဲ့ဒီကမှ တပ်မှူးကြီး၊ နောက်ဆုံး လက်ထောက်ကာကွယ်ရေးဝန်ကြီးအဖြစ် ရာထူးအဆင့်ဆင့် တာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
၁၉၇၅ ခုနှစ်မှာ သမ္မတ အမ်ဝါဆာဒတ်ရဲ့ လက်ထောက်အဖြစ် အမည်တင်သွင်းခံခဲ့ရပြီးတော့ ၁၉၈၁ ခုနှစ် မှာ ဆာဒတ်ကို အစွန်းရောက်တွေက လုပ်ကြံသတ်ဖြတ်ခံရတဲ့အချိန်အထိလည်း ဆာဒတ်ဘက်က ရပ်တည်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး မှာတော့ သမ္မတရာထူးကို ရယူခဲ့ပြီး အစ္စရေးနဲ့ ၁၉၇၉ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုတဲ့နေရာမှာ အသိအမှတ်ပြုခံရပြီးတော့ အနောက်နိုင်ငံတွေက ယုံကြည်စိတ်ချရတဲ့ မဟာမိတ်တစ်ယောက်နေရာမှာ အရယူပြီး သူ့ရဲ့အာဏာကို ဆက်လက် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

အာရှမှာ မီလျံနာ အများဆုံး
By ဗွီအိုအေ (မြန်မာဌာန)
  • အာရှတိုက်က သန်းကြွယ်သူဌေး အရေအတွက်ဟာ မြောက်အမေရိကတိုက်နဲ့ယှဉ်ရင် ပထမဆုံးအကြိမ်အဖြစ် မနှစ်က ပိုများလာခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းနဲ့ မရေရာတဲ့ စီးပွားရေး အခြေအနေတွေကြောင့် ချမ်းသာကြွယ်ဝမှု အတိုင်းအတာတော့ လျော့ကျသွားတယ်လို့ ဆိုပါတယ်။
အခု နောက်ဆုံးထွက်လာတဲ့ ကမ္ဘာ့ချမ်းသာကြွယ်ဝမှု အစီရင်ခံစာအရ အာရှ-ပစိဖိတ်ဒေသအတွင်း အမေရိကန်ဒေါ်လာ တသန်းထက် ကျော်လွန်ပြီး ရင်းနှီးမြှုပ်နှံနိုင်သူ ၃.၃၇ သန်းရှိတယ်လို့ ဆိုပါတယ်။ ဒါဟာ အရင်တနှစ်ကထက်စာရင် ၁.၆ % ပိုများလာတာလည်း ဖြစ်ပါတယ်။
မြောက်အမေရိကတိုက်မှာတော့ အဲဒီလို ပမာဏနဲ့ ရင်းနှီးမြှုပ်နှံနိုင်သူအရေအတွက် ၃.၃၅ % ရှိတာကြောင့် ၁ % သာသာ လျော့ကျသွားတာ ဖြစ်ပါတယ်။ ဥရောပတိုက်မှာတော့ အဲဒီလို ချမ်းသာကြွယ်ဝသူ ၃.၁၇ % ရှိတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့သန်းကြွယ်သူဌေး အရေအတွက်ကတော့ ၁၁ သန်းလောက်နဲ့ ပုံမှန်ရှိနေပြီး သူတို့အားလုံးရဲ့ စုစုပေါင်း ချမ်းသာကြွယ်ဝမှုပမာဏဟာ ၁.၇ % လျော့ကျသွားပြီး ၂၀၁၁ ခုနှစ်အတွင်းမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၂ သန်း ဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို ကြွယ်ဝမှုနှုန်း ကျဆင်းသွား တာဟာ ဥရောပတိုက်က ယူရိုငွေကြေး သုံးစွဲတဲ့နိုင်ငံတွေမှာ စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာနဲ့ အမေရိကန် စီးပွားကျဆင်းနေတာ တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်အမေရိကတိုက်ကတော့ ၁၁.၄ ထရီလီယံနဲ့ ကမ္ဘာ့အချမ်းသာဆုံး ဒေသအဖြစ် ဆက်လက်တည်ရှိနေပြီး အာရှတိုက်က ၁၀.၇ ထရီလီယံနဲ့ ဒုတိယ၊ ဥရောပတိုက်က ၁၀.၁ ထရီလီယံနဲ့ တတိယ အသီးသီး လိုက်နေကြတာပါ။ အရှေ့အလယ်ပိုင်း ဒေသအတွင်းမှာရှိနေကြတဲ့ သန်းကြွယ် သူဌေးတွေသာ သူတို့ရဲ့ ပိုင်ဆိုင်မှု အနည်းငယ် မြင့်တက်ခဲ့တယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

UNHCR ရခိုင်မှာ လုပ်ငန်းပြန်စ
By ဗွီအိုအေ (မြန်မာဌာန)
  • ရခိုင်ပြည်ဘက်မှာ ဖြစ်ခဲ့တဲ့အကြမ်းဘက် အဓိကရုဏ်းတွေကြောင့် လုပ်ငန်းတွေ ယာယီရပ်ခဲ့တဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က သူတို့ရဲ့လုပ်ငန်းတွေကို အပြည့်အဝ ပြန်စဖို့ ပြင်ဆင်နေ ပါပြီ။ အခြေအနေအရ ရခိုင်အခြေစိုက် ၀န်ထမ်းတွေကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့တာဖြစ်ပြီးတော့ အခုတော့ အကူအညီတွေ ပြန်ပေးနိုင်ဖို့အတွက် လေ့လာမှုတွေ လုပ်နေပါပြီ။ ရခိုင်ပြည်နယ်မှာ အခြေအနေတွေ တည်ငြိမ်နေပေမဲ့ မနေ့တုန်းကဆိုရင် ရသေ့တောင်မြို့နယ်ထဲက ကျေးရွာတခုမှာ ထိခိုက်သေဆုံးတဲ့အထိ အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါသေးတယ်။ နေရပ်စွန့်ပြီး ဘေးလွတ်ရာ နေနေကြသူတွေမှာလည်း  အနေအစား ဆင်းရဲနေကြပါတယ်။ ရခိုင်ဘက်က အခုလို အခြေအနေတွေကို ဘန်ကောက်ကနေ ဆက်သွယ်မေးမြန်းထား တဲ့ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဖြစ်ခဲ့ပြီးတဲ့နောက် UNHCR ၀န်ထမ်းတွေကို သူတို့ လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကစပြီး ရွှေ့ပြောင်းထားပြီးတော့ လုပ်ငန်းတွေ လည်း ရပ်ထားတာပါ။ ဒါ့အပြင် အဲဒီအချိန်က လူ ၅၀၀ လောက်ဟာ UNHCR ရုံးဝင်းထဲမှာ လာရောက် ခိုလှုံနေကြပြီးတော့ အဲဒီလောက်လူများများကို ဆက်ပြီး စောင့်ရှောက်ဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက်ကြောင့် လည်း ၀န်ထမ်းတွေရဲ့လုံခြုံရေးကို အဓိကထားပြီး စီစဉ်ခဲ့ရတာဖြစ်တယ်လို့ UNHCR ရဲ့ ဘန်ကောက် အခြေစိုက် အာရှ-ပစိဖိတ်ဒေသဆိုင်ရာရုံးက ပြောခွင့်ရသူ မစ္စ ကစ်တီ မက်ကင်းဇီး (Kitty McKenzie) က ဗွီအိုအေကို ပြောပါတယ်။ သူဟာ ဒီကနေ့မှာပဲ ရန်ကုန်မြို့မှာရောက်နေတာဖြစ်ပြီး UNHCR ရဲ့ လုပ်ငန်းတွေ ပြန်စနိုင်ဖို့ စပြီး လေ့လာနေပြီလို့ ပြောပါတယ်။ 

“သတင်းကောင်းကတော့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဘက် ငါးဦးဟာ အခု ရခိုင်ပြည်နယ်၊ စစ်တွေမြို့ဆီ ပြန် သွားကြပါပြီ။ သူတို့ဟာ အဲဒီကအခြေအနေတွေကို လေ့လာနေကြပြီးတော့ ရခိုင်ပြည်နယ်က လူထုကို ပြန်ပြီး အကူအညီပေးဖို့ ဘာတွေ လုပ်နိုင်မယ်ဆိုတာ ကြည့်ရှုနေကြပါတယ်။” လို့ ကစ်တီ မက်ကင်းဇီးက ပြောပါ တယ်။

UNHCR အနေနဲ့ ဒုက္ခရောက်နေသူတွေအတွက် အရင်ရှိထားပြီးသား အကူအညီ ပစ္စည်းတွေ ပေးခဲ့ပြီးပြီဖြစ် ပြီး ရေတိုအတွက်ရော ရေရှည်မှာပါ ဘာတွေလိုအပ်မယ်ဆိုတာကို သိဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။

စစ်တွေမြို့ပေါ်က ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့အဖွဲ့တွေထဲက တခုဖြစ်တဲ့ ရက္ခအလင်းတန်းအဖွဲ့က တာဝန်ရှိသူတဦး ကတော့ အကူအညီတွေ ပေးနေကြတယ်ဆိုပေမဲ့လည်း ဒုက္ခသည်တွေမှာ လိုအပ်ချက်တွေ ရှိနေတုန်းပဲလို့ ဆိုပါတယ်။

“အဲဒီမှာ ကြာတော့ ကြာပြီပေါ့နော်။ ဒါပေမဲ့ စား၊ ဝတ်၊ နေရေးကတော့ လှူတဲ့အလှူတွေနဲ့ သူတို့နေထိုင်ရတာနဲ့ တော့ တကယ် ဆင်းရဲတာပေါ့နော်၊ မလုံလောက်ဘူးပေါ့။ နေရတာကလည်း ဘုန်းကြီးကျောင်းအောက်တွေ မှာဆိုရင် တမံသလင်းတွေပေါ်မှာ နေရတယ်။ မိုးတွေကလည်း ရွာတယ်ဆိုရင် အကုန်လုံး စိုစွတ်နေ တာပေါ့။ ဈေးဝယ်ရတာကအစ အရမ်းခက်တယ်။ ဈေးတွေ ဘာတွေလည်း အကုန်ပိတ်ထားတော့ သား၊ ငါးဈေးတွေလည်း မရှိဘူး။ ကြက်ဥရယ်၊ ပဲရယ်၊ အာလူးရယ်ပဲစားနေရတယ်။”

တဘက်မှာလည်း UNHCR ဟာ ရခိုင်ပြည်နယ်မှာ ဘက် တဘက်ထဲကိုပဲ အကူအညီပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေက ရှိထား ပါတယ်။ မစ္စမက်ကင်းဇီးကတော့ ဒါကို အခိုင်အမာငြင်းဆိုခဲ့ပါတယ်။

“လူမှုအ၀န်းအ၀ိုင်းတခုကို တခြားတခုထက် ပို မျက်နှာသာပေးပြီးတော့ ကျမတို့က ကူညီနေတယ်ဆိုတာ လုံးဝ မမှန်ပါဘူး။ ကျမတို့က လိုအပ်ချက်ရှိနေတာကို အကူအညီပေး တာပါ။ တခါတလေမှာ အဖွဲ့အစည်းတခုခု သို့မဟုတ် အစိုးရက အစုတခုထက် တခြားအစုတခုကို ပိုပြီး စောင့်ရှောက်နိုင်တာမျိုး ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ဟာ လူတွေကို ခွဲခြားဆက်ဆံတာ လုံးဝ မလုပ်ပါဘူး။ ကျမတို့ဟာ ဒုက္ခသည်အေဂျင်စီဖြစ်ပြီး ဘေး ဒုက္ခ ရောက်သူတွေ၊ ခွဲခြားဆက်ဆံခံရသူတွေကို အကူအညီပေးတဲ့ အဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူ့ ဘယ်သူကိုမှ ခွဲခြားဆက်ဆံဖို့ အဲဒီမှာ ကျမတို့ လုပ်ဆောင်နေတာမဟုတ်ပါဘူး။ ကျမတို့က လူမှုအ၀န်းအ၀ိုင်း အတွင်း ဟန်ချက်ညီ မျှတစေဖို့အတွက် လုပ်ဆောင်နေတာပါ။” - လို့ မစ္စကစ်တီ မက်ကင်းဇီးက ပြောခဲ့ပါ တယ်။

ရခိုင်ပြည်နယ်တွင်း မြို့နယ် အတော်များများမှာ အခြေအနေတွေ တည်ငြိမ်သလောက် ရှိနေပြီဖြစ်ပေမဲ့ ပဋိပက္ခဖြစ်နေတဲ့ ဘက် နှစ်ဘက်အကြားမှာ တဘက်နဲ့တဘက် စိုးရိမ်မှုနဲ့ သတိထားစောင့်ကြည့်နေကြ ဆဲဖြစ်ပြီး အဲဒီကနေ ပေါက်ကွဲထွက်တဲ့ ဖြစ်ရပ် တချို့လည်း ရှိနေဆဲပါ။ ဇွန်လ ၁၉ ရက်၊ အင်္ဂါနေ့တုန်းကပဲ ရသေ့တောင်မြို့နယ်၊ ဂူတောင်ကျေးရွာမှာ ရုန်းရင်းဆန်ခတ်ဖြစ်လို့ လူအသေအပျောက် ရှိခဲ့ပါသေးတယ်။

“ဂူတောင်ကျေးရွာမှာ မနေ့ကတော့ မီးရှို့ခံရသေးတယ်။ ပထမတော့ ရခိုင်ရွာအစမှာပဲ မီးရှို့တယ်။ အဲဒီအခါ ရခိုင်တွေက ဒေါသဖြစ်ပြီး ကုလားရွာထဲဝင်ပြီး ခုတ်ကြတယ်၊ ပြန်မီးရှို့တယ်။ အဲဒီမှာ အပြန်အလှန် ခုတ်ကြ တာပေါ့။ ကုလားနှစ်ဦး သေတယ်ပြောတယ်။ ရခိုင်ကတော့ တဦးသေတယ်၊ ၁၀ ဦးကပျောက်နေတယ်။ ဒီနေ့ နောက်ဆက်တွဲအချိန်ကတော့ ငြိမ်သွားပြီခင်ဗျ။ နေရာအတော်များများ တပ်က လုံခြုံရေးတပ် ထွက် သွားတာတွေ့တယ်။ သူတို့ထိန်းရင် အစကတည်းက ဒီလောက် မဆူပါဘူး။ ကျနော့်အမြင်ပြောတာလေ- လုံခြုံရေးထိန်းတာ နောက်ကျလို့ အခုလိုမျိုး ဆူဆူပူပူဖြစ်သွားတာ။”

အခင်းဖြစ်ပွားရာ ရသေ့တောင်မြို့နယ်က ဒေသခံတဦး ပြောသွားတာပါ။

ဒေသတွင်းနေထိုင်သူတွေကြားမှာ မယုံကြည်မှုတွေ၊ သံသယတွေ၊ စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေဆဲဖြစ်တာ မို့ ပြည်နယ်မြို့တော် ဖြစ်တဲ့ စစ်တွေမှာတောင်မှပဲ အခြေအနေတွေက ခုထိ ပုံမှန်မဖြစ်သေးပါဘူး။ UNHCR အနေနဲ့တော့ ကုလသမဂ္ဂရဲ့ တခြား အေဂျင်စီတွေ၊ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ဒေသတွင်း အဖွဲ့ အစည်းတွေ၊ အထူးသဖြင့်တော့ အစိုးရတာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းပြီး အကူအညီပေးရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့ ပြောခွင့်ရသူ ကစ်တီ မက်ကင်းဇီးက ပြောခဲ့ပါတယ်ခင်ဗျား။

ရသေ့တောင်မြို့နယ်တွင်း သတ်ဖြတ်မှုများ ဖြစ်ပွား
နေမျိုး | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၁၀ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ရခိုင်ပြည်နယ် ဒေသအများစု၏ အခြေအနေကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ကြောင်း အစိုးရက ကြေညာထားသော်လည်း ရသေ့တောင်မြို့နယ်တွင် အကြမ်းဖက် မီးရှို့သတ်ဖြတ်မှုများ အင်္ဂါနေ့က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အိမ်ခြေ ၂ဝ ခန့်သာ ရှိသည့် ကူတောင်ရွာရှိ ရခိုင်တိုင်းရင်းသားတို့၏အိမ်များအား အနောက်ပြင်ကျေးရွာမှ ဘင်္ဂါလီ ရိုဟင်ဂျာများက နံနက်ပိုင်းတွင် လာရောက်မီးရှို့ခဲ့ပြီး သတ်ဖြတ်မှုများကြောင့် အနည်းဆုံး ကိုးဦး သေဆုံးခဲ့ရကြောင်း သတင်းရရှိသည်။

ထိုသို့ အကြမ်းဖက်မှုများ ဖြစ်ပေါ်လာမည့် သတင်းများ ကြားသိနေရ၍ ယခင် ရက်များကတည်းက ကူတောင်ရွာရှိ အမျိုးသမီးများနှင့်ကလေးများ တိမ်းရှောင်နေခဲ့ကြပြီး ဖြစ်သည်ဟု အမျိုးသား လွတ်တော်အမတ် ဦးခင်မောင်လတ်ကပြောသည်။

“သူတို့လာတော့ ဓါးနဲ့ခုတ်ပြီးတော့ ဒီအတိုင်း အလောင်းတွေကို ဆွဲသွားတယ်။ တချို့လူတွေကိုလည်း ဆွဲသွားတယ်။ အဲဒီရွာပြင်မှာပဲ သူတို့ခုတ်တဲ့ နေရာမှာပဲမြှုပ်တယ်။ အဲဒါကို ဒီအတိုင်း မြင်နေရတယ်။ နောက်တော့ ရသေ့တောင် စစ်တပ်က ၃ဝ လောက် အဲဒီရွာထဲ ဝင်သွားတယ်။ ပျောက်နေတဲ့ လူတွေရှာတယ်။ အလောင်းတွေ တောင်းတယ် လို့ ပြောတယ်။ တွေ့မတွေ့ မသိရသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

ကူတောင်ရွာတွင် ရဲစခန်းရှိသော်လည်း ရဲအင်အား နဲပါးကာ အခင်းဖြစ်ပွားမှုကို ထိန်းသိမ်းနိုင်ခြင်း မရှိကြောင်းနှင့် ရခိုင်အိမ်တချို့ မီးတိုက်ခံခဲ့ရကာ အလောင်း ၉ လောင်း ရှာဖွေတွေ့ရှိထားပြီး နောက်ထပ် ၄ ဦး ပျောက်ဆုံးနေကြောင်းဒေသခံတဦးဖြစ်သည့် ကိုဆန်းအေး က ပြောသည်။

“မနက် ၈ နာရီလောက်က မီးရှို့တာ။ မီးရှို့လို့ ငါတို့ရွာကို အကူအညီတောင်းလို့ ငါက သွားတာ။ အနီးအနားက ရွာတွေကို အကူတောင်းတာ။ ငါက ဦးကာရွာက။ ရွာတွေက နီးနီးလေး အရမ်းမဝေးဘူး။ ဓါတ်တိုင် တတိုင်လောက်ပဲဝေးကြတာ။ သူတို့က လာပြီး မီးရှို့တာကို ဒီရွာက ခုခံတာကို ဓါးနဲ့ခုတ်လို့သေတာ။ အကုန်လုံး ရခိုင်သားတွေ ချည်းပဲ” ဟု မဇ္ဈိမကို ပြောသည်။

ကူတောင်ကျေးရွာသည် စစ်တွေနှင့် ရသေ့တောင် ကြားရှိ ငါးစိမ်းကျွန်းပေါ်တွင် တည်ရှိပြီး ၎င်းကျွန်းတလျှောက်ကျေးရွာပေါင်း ၂၄ ခန့်ရှိသည်။ ကူတောင်ရွာ အနီးတွင် ဘင်္ဂါလီ ရိုဟင်ဂျာများ နေထိုင်သည့် အနောက်ပြင်နှင့်ညောင်ပင်ကြီး ကျေးရွာများရှိကာ အိမ်ခြေ ၁,ဝဝဝ ခန့်ရှိကြောင်း သိရသည်။

အေအက်ဖ်ပီ သတင်းတရပ်တွင်မူ သေဆုံးသူ ၃ ဦးရှိပြီး “သေဆုံးသူ အရေအတွက် ထိထက်ပိုရှိနိုင်ပါတယ်” ဟု မြန်မာအရာရှိတဦးအား ကိုးကားဖော်ပြထားသည်။

စစ်တပ်မှ ဝင်ရောက်လာသည့်အတွက် ငြိမ်သက်နေပြီး ညနေပိုင်းက ကူတောင်ရွာအား လာရောက် ကူညီရန်ရောက်ရှိနေသည့် အနီးအနား ရွာများမှ ရခိုင်လူမျိုးများအား စစ်တပ်မှ ပြန်ခိုင်း၍ ပြန်သွားကြကြောင်း သိရသည်။

တပြည်နယ်လုံး အရေးပေါ်အခြေအနေ ကြေညာထုတ်ပြန်ထားသည့် ရခိုင်ပြည်နယ်တွင် ဇွန်လအတွင်း အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် လူပေါင်း ၆၀ ခန့် သေဆုံးခဲ့ရပြီး အိုးအိမ်မဲ့ ဒုက္ခသည်ပေါင်း ၉၀,၀၀၀ ခန့်ရှိနေကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။

ဘာသာရေးနှင့် လူမျိုးရေး အခြေခံသည့် မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုများ ရှေ့တန်းတင် လှုံ့ဆော်မှုများကြောင့် မင်းမဲ့စရိုက်များ ကျယ်ပြန့် ကြီးမားလာ၍ အခြေအနေများ တည်ငြိမ် အေးချမ်းသွားစေရေးအတွက် ပြည်သူများ အနေနှင့် အစိုးရနှင့် လက်တွဲကာ ပူးပေါင်းပါဝင် ထိန်းသိမ်းဖော်ဆောင်ပေးကြရန် သမ္မတ ဦးသိန်းစိန်က မေတ္တာရပ်ခံ ထားသည်။

တပ်ရုတ်သိမ်းရေး အစိုးရတပ်နှင့် KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံမည်
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၉ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။      ။ မြန်မာအစိုးရတပ်မှ သက်ဆိုင်ရာ တပ်ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြရန် ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြောင်း KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တဦးဖြစ်သည့် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

ပြည်ထောင်စု မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ပညာရေးဌာနမှ တာဝန်ခံ ဆရာကြီး ဆွမ်းလွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် ငါးဦးအဖွဲ့တို့ KIO ၏ တပ်မဟာ ၃ နယ်မြေ တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်မြို့ရှိ မိုင်ဂျာယန် ဟိုတယ်တွင် သုံးနာရီကြာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“စစ်တပ်နဲ့ပတ်သက်လို့ ဆွေးနွေးကြတယ်။ တပ်ရုပ်သိမ်းဖို့ ကျနော်တို့တပ်နဲ့ သူတို့ တပ်တွေ ဘယ်မှာ ဘယ်လိုတွေ့ကြ မယ်။ ဦးအောင်မင်းက အထက်လူကြီးတွေနဲ့ တင်ပြထားတဲ့ အကြောင်းတွေ။ မြေပုံက ဘယ်လို system သုံးတယ်။ သူတို့သုံးတဲ့ မြေပုံနဲ့ ကျနော်တို့ ဘယ်မြေပုံ ညှိပြီး ဘယ်နေရာမှာ ဘယ်လို ရွှေ့မယ်ဆိုတာ ထပ်ဆွေးနွေးကြမယ်” ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင် က မဇ္ဈိမကို ပြောသည်။

အစိုးရ တပ်စခန်းပေါင်း ၆၁ နေရာအား ရုပ်သိမ်းပေးရန် ဇွန်လ ၁ ရက် ဆွေးနွေးပွဲအတွင် KIO ဘက်မှ တောင်းဆိုချက် အချို့ကို ကာကွယ်ရေးဦးစီးချုပ်မှ သဘောတူပြီး တချို့အား ဆက်လက် ညှိနှိုင်းဆွေးနွေးရန် လိုအပ်သေးကြောင်း ဝန်ကြီးဦးအောင်မင်းက ပြောဆိုခဲ့သည်ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

“ကျနော်တို့ တင်ပြလိုက်တဲ့ တပ်တွေကို တချို့ သဘောတူတယ်။ သူတို့ ကာ/ချုပ် မှာလိုက်တဲ့ စကား။ တချို့ကဆွေးနွေးဖို့ လိုသေးတယ်။ ဒါကြောင့် တပ်အချင်းချင်းတွေ့ဖို့ မြေပုံညွန်ပြဖို့ လိုလာပြီ” ဟု ပြောသည်။

ထို့ပြင် KIO ဘက်မှ တပ်ကိစ္စများကို ပြည့်ပြည့်စုံစုံ တင်ပြပေးသည့်အတွက် သမ္မတ ဦးသိန်းစိန်က ကျေးဇူးတင်ကြောင်း စကားပါးလိုက်သည်ဟုလည်း ပြောသည်။

နောက်တကြိမ် တွေ့ဆုံသည့်အခါတွင် အစိုးရ၏ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)နှင့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)တို့မှ တာဝန်ရှိသူများ တက်ရောက် လာနိုင်မည်ဟု သူက ဆိုသည်။

ဝန်ကြီး ဦးအောင်မင်းတို့နှင့် KIO ကိုယ်စားလှယ်များ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးနေစဉ်ပင် ရှမ်းပြည်နယ်မြောက်ပိုင်း မုန်ဂိုဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင် က ပြောသည်။

အစိုးရ ကိုယ်စားလှယ်များနှင့် KIO ခေါင်ဆောင်းများ ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်တွင် တိုးတက်မှု ရှိသည်ဟု ရှုမြင်ကြောင်း အကျိုးဆောင် ဦးလှမောင်ရွှေက သုံးသပ်ပြောဆိုသည်။


အလွှာပေါင်းစုံ ပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ် WLB လိုလား
ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၀ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၂ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။       ။ စစ်မှန်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်တွင် အလွှာပေါင်းစုံမှ ပြည်သူများ ပါဝင်နိုင်ရန် တိုင်းရင်းသားအမျိုးသမီးအဖွဲ့ ၁၃ ဖွဲ့ ပူးပေါင်းဖွဲ့စည်းထားသည့် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်) WLB က ကမ္ဘာ့ ဒုက္ခသည်များနေ့တွင် တိုက်တွန်း တောင်းဆိုလိုက်သည်။ 

မြန်မာ့အမျိုးသမီးသမဂ္ဂ၊ ကချင်၊ ကရင်၊ ကယန်း၊ ချင်း၊ ကူကီး၊ လားဟူ၊ ပလောင်၊ ပအိုဝ်း၊ ရခိုင်၊ ရှမ်း၊ ထားဝယ် စသည့် တိုင်းရင်းသားအမျိုးသမီးအဖွဲ့အစည်းများက စစ်မှန်၍ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဖြစ်စဉ်တွင် ပြည်သူတရပ်လုံး ပါဝင်ရန် လက်မှတ် ကောက်ခံသည့် လှုပ်ရှားမှုကို ဖေဖေါ်ဝါရီလက စတင်ခဲ့ခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာအမျိုးသမီးတွေ မပါဘဲနဲ့ ငြိမ်းချမ်းရေးမရနိုင်ဘူး။ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ စစ်ပွဲရဲ့ ဒဏ်ကို အများဆုံးခံရတာ ဖြစ်တယ်။ သူတို့ အသံတွေ၊ ခံစားချက်တွေ ပါဖို့ အမျိုးသမီးတွေ ပါဝင်ဖို့ စဉ်းစားရမယ်။ အလေးအနက် ထားရမယ်။ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ အမျိုးသမီးတွေ မပါဘဲ လုပ်လို့ မရဘူးဆိုတာကို ပြောချင်ပါတယ်” ဟု WLB ၏ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညို က  ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၂ဝ ရက်နေ့က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုလိုက်သည်။
အလွှာပေါင်းစုံ ပါဝင်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်အား ဖော်ဆောင်ရန် တိုက်တွန်းတောင်းဆိုနေသည့် အမျိုးသမီးအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူး ဒေါ်တင်တင်ညို အား ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဇွန်လ ၂ဝ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်။ (ဓါတ်ပုံ - မဇ္ဈိမ)
ပြည်တွင်းဌာနေမဲ့ ဒုက္ခသည်များ၊ စခန်းအတွင်း နေထိုင်သော ဒုက္ခသည်များနှင့် ရွှေ့ပြောင်း အလုပ်သမားများ၏ လက်မှတ်ပေါင်း ၁၇,ဝ၆၃ ရေးထိုးတောင်းဆိုထားသည့် အိတ်ဖွင့်ပေးစာကို သမ္မတ ဦးသိန်းစိန် အစိုးရ အပါအဝင် တပ်မတော်၊ ဒီမိုကရေစီအရေး လှုပ်ရှားမှု အသင်းအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပြည်ပရောက် အတိုက်အခံ မဟာမိတ် အဖွဲ့အစည်းများ ထံလိပ်မူ၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှတင့် ပေးပို့ လိုက်ခြင်း ဖြစ်သည်။

ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ် စသည့် နယ်စပ်ဒေသများရှိ စစ်ပြေးဒုက္ခသည်များ၊ ပြည်တွင်း ဌာနမဲ့ ဒုက္ခသည်များထံမှ လက်မှတ်များ ကောက်ခံရာတွင် အခက်အခဲ များစွာ ကြုံတွေ့ခဲ့ရကြောင်းလည်း မတင်တင်ညိုက ရှင်းပြသည်။

“ပြန်တိုက်မှ တကယ့်ငြိမ်းချမ်းရေး ရမယ်လို့ နားလည် နေတဲ့လူတွေလည်း အများကြီး ရှိနေသေးတယ်။ ဒီလိုမျိုးကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေး တကယ်သယ် ဖန်တီးပေးနိုင်တာက စစ်ပွဲမဟုတ်ဘူး။ ဒီထက်ပိုပြီး ပညာပေးမှုတွေ၊ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ လိုတယ်ဆိုတာ လေ့လာတွေ့ရှိရတယ်” ဟု ပြောသည်။

၂ဝ၁၂ ခုနှစ် ကမ္ဘာ့ ဒုက္ခသည်များနေ့ ဆောင်ပုဒ်မှာ “ရှင်သန်ဆဲ မျှော်လင့်ချက် ” ဟု ဖြစ်ပြီး ပြည်တွင်း ဌာနေမဲ့ ဒုက္ခသည်များနှင့် စခန်းအတွင်း ဒုက္ခသည်များအား မိမိနေရပ်ပြန်ပြီး လုံခြုံစိတ်ချစွာ နေထိုင်နိုင်ရန်အတွက်ပြည်လုံးကျွတ် အတိုင်းအတာ ငြိမ်းချမ်းရေး ဖြစ်စဉ်မျိုး လိုအပ်ကြောင်း တိုက်တွန်းထားသည်။

“နည်းပေါင်းစုံနဲ့ ဒုက္ခရောက်နေတဲ့ ဒုက္ခသည်တွေအတွက် သူတို့ မျှော်လင့်ချက်တွေ ရှင်သန်နေနိုင်အောင် ကျမတို့အနေနဲ့ ဒုက္ခသည်တွေ အနေနဲ့ ကိုယ့်နေရာမှာ လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့အတွက် တကယ်ပဲ အလွှာပေါင်းစုံက လူထုအားလုံး တက်တက်ကြွကြွ ပါဝင်လာတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တခု လိုအပ်တယ်ဆိုတဲ့ဟာ ဒီနေ့မှာ ထပ်လောင်း တိုက်တွန်း နိုးဆော်ချင်တာ ဖြစ်တယ်” ဟု ဒေါ်တင်တင်ညိုက ပြောသည်။

နှစ်ပေါင်း ၆ဝ ကျော်ကြာ ပြည်တွင်းစစ်နှင့် နိုင်ငံရေး ပဋိပက္ခများဖြေရှင်းရာတွင် အစိုးရနှင့် လက်နက်ကိုင် အဖွဲ့အစည်းများအကြား ဆွေးနွေးညှိနှိုင်းရုံဖြင့် ရရှိလာမည် မဟုတ်ဘဲ အလွှာပေါင်းစုံ ပြည်သူတရပ်လုံး ပါဝင်မှသာ လုံခြုံစိတ်ချနိုင်သော၊ အခြေခံ လူ့အခွင့်အရေးကို အပြည့်အဝ အာမခံပေးနိုင်သည့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဟု WLB ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကချင်ပြည်နယ်တွင် စစ်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပြီး ဒုက္ခသည်များ များပြားလာခြင်း၊ ရခိုင်ပြည်နယ် အကြမ်းဖျက်မှုများကြောင့် ဒုက္ခသည်များ ပိုမိုရှိလာသဖြင့် စိုးရိမ်ကြောင်းနှင့် ဒုက္ခသည်များ၏ ဘဝ လုံခြုံစိတ်ချနိုင်သည့် အနေအထား တခုဖြစ်ရေးအတွက် ကမ္ဘာ့ ဒုက္ခသည်များနေ့ကို ရွေးချယ်၍ ရှင်းလင်းပွဲ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဒေါ်တင်တင်ညို က ပြောသည်။

“ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုကြောင့် ဒုက္ခသည်စခန်း ဖွင့်ထားပေမယ့် အစားအသောက် နေရာထိုင်ခင်း လုပ်ပေးရမဲ့ အနေအထား တွေ့ရတယ်။ အစိုးရကိုယ်တိုင် ထိထိရောက်ရောက် လုပ်နေတာ မတွေ့ရဘူး။ ဒီအပေါ်မှာ ကျမတို့ အရမ်း စိုးရိမ်တယ်။ နောက်တခုစိုးရိမ်တာက ဒီပြဿနာကို တမင်သက်သက် လုပ်နေခဲ့သလား။ ဒီလိုလုပ်ခြင်းအားဖြင့် ကချင်ဘက်က ဖြစ်နေတဲ့ ပြဿနာကိုများ မှေးမှိန်အောင် လုပ်နေသလားဆိုတာ”ဟု ပြောဆိုသွားသည်။

ရခိုင်ပြည်နယ်တွင်းတွင် ဇွန်လအတွင်း အကြမ်းဖက်တိုက်ခိုက် ဖျက်ဆီးမှုများကြောင့် အိုးအိမ်မဲ့ ဒုက္ခသည် ၇ဝ,ဝဝဝ ခန့် အရေးပေါ်အကူအညီ လိုအပ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ဆိုသည်။

ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူပေါင်းမှာ ၈ဝ,ဝဝဝ ခန့်ရှိကြောင်း ဒုက္ခသည် အကူအညီပေးရေးအဖွဲ့များက ခန့်မှန်းပြောဆိုကြသည်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် လူဦးရေ သုံးသိန်းခန့် ရှိနေပြီး ပြည်တွင်း ဌာနေမဲ့ ဒုက္ခသည်ဦးရေ ၂ဝ,ဝဝဝ ခန့်ရှိကြောင်း ထိုင်းမြန်မာ နယ်စပ် ပူးပေါင်းဆောင်အဖွဲ့ TBBC ၏ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ စာရင်းများအရ သိရသည်။

ထို့ပြင် အိန္ဒိယ-မြန်မာ နယ်စပ်တွင်လည်း ချင်းလူမျိုးဒုက္ခသည် တသိန်းခန့် ရှိနေကြောင်း မတ်လ အတွင်းက ထုတ်ဝေသည့် အစီရင်ခံစာစောင်က ဆိုသည်။ နယူးဒေလီမြို့တွင်မူ မြန်မာနိုင်ငံသားဒုက္ခသည် ၉,ဝဝဝ ကျော် ရှိနေသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တရားဝင် အသိအမှတ်ပြု မြန်မာဒုက္ခသည်ပေါင်း ၂၉,၃ဝဝ ရှိပြီး ဒုက္ခသည်ကဲ့သို့ နေထိုင်သူပေါင်း နှစ်သိန်းရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၏ ထုတ်ပြန်ချက်အရ သိရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...