Thursday, May 17, 2012

”သံလိုက်ကြီးနှင့် ကျွန်တော်” (စောစံဖိုးသင်)


by Haythi Moe on Monday, January 16, 2012 at 11:57pm

၁၉၇၀ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် အိုးဝေဂျာနယ် အမှတ် ၄၆ မှာ ဖော်ပြခဲ့တဲ့ စောစံဖိုးသင် ရေးသားထားတဲ့ ”သံလိုက်ကြီးနှင့် ကျွန်တော်” ဆိုတဲ့ ဆောင်းပါးကို ဖေ့စ်ဘုတ်ပေါ်က သူငယ်ချင်းမိတ်ဆွေတွေကို လက်ဆောင်မျှဝေ ပေးလိုက်ပါတယ်။ အဲဒီ့ခေတ်ကာလရဲ့ စာအရေးအသားအတိုင်း စာရိုက်ပေးထားပါတယ် ကျမတို့လို အခုခေတ်လူငယ်တွေ ဗဟုသုတအဖြစ် ဖတ်ရှု့လေ့လာနိုင်ဖို့အတွက် ဤစာကောင်းပေကောင်း လေးတွေကို မျှဝေပေးလိုက်ပါတယ်။ မေတ္တာဖြင့်... ဟေသီမိုး
  
”သံလိုက်ကြီးနှင့် ကျွန်တော်” (စောစံဖိုးသင်)
အိုးဝေဂျာနယ် အမှတ် (၄၆) ၁၃၃၂ ခု၊ နယုန် လဆုတ် (၁၂) ရက်၊ (၁ . ၇ . ၁၉၇၀) စာမျက်နှာ ၁၃


၁၉၄၃ ခုနှစ်က ဖြစ်၏ ထိုနှစ် သြဂုတ်လတွင်၊ ဂျပန်နေထွက် ဘုရင်ကြီးက၊ ကျွန်တော်တို့ မြန်မာနိုင်ငံအား လုံးဝလွတ်လပ်ရေးကို ပေးခဲ့သည်၊ သို့သော် ထူးခြားသည်မှာကား၊ လွတ်လပ်ရေးပြီး ကာမှပင်၊ ကိုရွှေဂျပန်တို့သည် မြန်မာအမျိုးသားထုကြီးအပေါ်တွင် လူမဆန်သော ညှင်းဆဲမှုများ ပိုမို လုပ်ဆောင် ကျင့်ကြံ လာကြခြင်းဖြစ်၏။

သည်းမခံနိုင်
ထိုအချိန်က ကျနော်သည် ပုသိမ်ခရိုင်နောက်ပိုင်း၊ ကြာကန်ဒေါင့် ရွှာတွင် ရှိနေလေ၏။ ထိုနေရာမှ နေပြီး အဓိပတိကြီး ဒေါက်တာဘမော်နှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ သတင်းကို ကြားသိနေရသည်။ ကျွန်တော်တို့ ရွာမှ တောသူတောင်သား လူထုအများမှာ တနေ့ထက်တနေ့ ခါးသီးလာသော ဂျပန်လွတ်လပ်ရေးကြီး၏ အရသာကို သည်းမခံနိုင်ကြတော့၍ ကျွန်တော့ကို လာပြောကြသည်။
”ဗိုလ်ကြီးရယ် ရန်ကုန်သွားပြီး ကြည့်စမ်းပါဦး ဘယ်လိုဖြစ်ကုန်ကြသလဲမသိ၊ ဒီလွတ်လပ်ရေး ဆိုတာ ဘာလွတ်လပ်ရေးလဲ၊ လက်လွတ်ထွက်ပြေးရမယ့် အပေါက်ရောက်နေပြီ” ။

ရန်ကုန်သို့
ထို့ကြောင့် ရွှေရည်စိမ် လွတ်လပ်ရေး ရပြီး သုံးလအကြာ ကျွန်တော် ရန်ကုန်သို့ ထွက်လာခဲ့သည်။ စမ်းချောင်းရှိ မိတ်ဆွေကြီး သခင်ဗိုလ်ဆီသွားရာ သူက ဝမ်းသာအားရ ကြိုဆိုလက်ခံထားပါ၏။ သခင်ဗိုလ်က ဝန်ကြီးသခင်အောင်ဆန်းနှင့် ဆက်သွယ်ပေးသည်။ ထိုစဉ်က စစ်ရုံးချုပ်မှာ ယခု မြေနီကုန်းရှိ (စိန့်ဖီးလို့မီနာကျောင်း) စမ်းချောင်း အထက ၂ နေရာတွင် ဖြစ်သည်။ ဝန်ကြီးသခင်အောင်ဆန်းမှာ ဖြူသလား မဲသလားမသိ။ သူ့တပ်တွေနှင့်သာ ကျွန်တော့ တပ်တွေ ရင်ဆိုင်တိုက်ခိုက်ဘူးပါသည်။
သူက ကိုယ့်ကို ဘယ်လိုဆက်ဆံမည်လဲဟု တွေးတောပြီး နေစဉ်ပင် သူ့ရုံးခန်းထဲ ရောက်သွားသည်။ သခင်အောင်ဆန်းသည် သူ့ရုံးခန်းထဲတွင် စစ်ဝတ်စုံနှင့် အလုပ်လုပ်လျက် ရှိသည်။
သူ့ရှေ့တွင် ဂျပန်ဒါးရှည်ကြီးကို ထောင်ထားသည်၊ ခေါင်းတုံးထား၍ သူ့မျက်နှာမှာ ထင်းထင်းကြီးပေါ်လေသည်။ သူထိုင်နေသော စားပွဲမှာ အလွန်ကြီးလဲ မဲညစ်လျက် သပိတ်ရောင် ပေါက်နေသည်။

ဘယ်သူလဲ
ကျွန်တော်က သူ့ရှေ့တွင် ရပ်နေကာ အတန်ကြာမှ သူမော်ကြည့်ကာ မေးလိုက်သည်။ ”ခင်ဗျား ဘယ်သူလဲ” မေးရိုးကားကား အသားညိုညို၊ ပါးစပ်ပေါက်ကျယ်ကျယ်နှင့် စစ်သားအသံဖြင့် အော်မေးလိုက်သော သူ့အသံကြားသော အခါ ကျွန်တော် ဘာပြန်ပြောရမှန်းမသိပါ။ အတန်ကြာမှ ကျွန်တော်က အမှန်အတိုင်း ပြန်ပြောလိုက်သည်။ ”ကျုပ် ခင်ဗျားရဲ့ ရန်သူပဲ၊ စောစံဘိုးသင် ဆိုတာ ကျွန်တော်ပဲ”

ရန်သူမိတ်ဆွေ
သူက ကျွန်တော့ကို ခဏစိုက်ကြည့်ပြီးမှ တဖြည်းဖြည်း ပြုံးလာသည်။ ထို့နောက်မှ သူက ထ၍` လက်ဆွဲနုတ်ဆက်သည်။ ”သတ္တိရှိတဲ့ ရန်သူဟာ အကောင်းဆုံး မိတ်ဆွေဘဲ ထိုင်ဗျာ” ဟုဆို၍ ဂျပန်ထုံးစံအတိုင်း လဘက်ရည်ကြမ်း တခွက် ငဲ့ပေးပါသည်။

သံလိုက်ကြီး
ကျွန်တော်သည် ထိုစကား တခွန်းတည်း ဖြစ်ပင် သူ့ကို အကျကြီး ကျသွားမိသည်။ သူ၏ သံလိုက်ကဲ့သို့ ဆွဲဆောင်သော ညှိ့ဓါတ်ကို အစွဲကြီး စွဲသွားမိသည်။ သူနှင့် အတော်ကြာမျှ ထိုင်စကား ပြောပြီးနောက် ကျနော်က သူ့ကို မေးလိုက်၏။ ”ဘယ့်နှယ်လဲဗျ။ ခင်ဗျားခေါ်လာတဲ့ လူတွေက တယ်ဆိုးပါလား”

ချရမယ်
သူက လွှတ်ကနဲ ပြောလိုက်ပါသည်။ ”ဒီငပုတွေကို ချရတော့မယ်” သူ့စကားကို ကြားသောအခါတွင် ကျွန်တော်က သူ့အပေါ်တွင် ပိုမိုယုံကြည်လာပြီး။ ”ခင်ဗျားတို့ချရင် ကျွန်တော်လည်း ပါမယ်ဗျာ” ဟု ပြောလိုက်မိသည်။

စောကြာဒိုး
ထိုအချိန်က နှစ်ယောက်သား ထိုင်၍ တဝကြီးစကားတွင် ပြောလိုက်ကြပါသည်။ ဗမာ့တပ်မတော် တည်ထောင်ရေးနှင့် ပတ်သက်၍ ကျွန်တော်က ဗိုလ်ကြီးစောကြာဒိုးကို ခေါ်ပေးမည်ဟု ပြောရာ သူက ချက်ချင်းဘဲ သွားခေါ်ဗျာဟု ပြောလေသည်။

ရေထမ်းနေသူ
ထိုစဉ်က စောကြာဒိုးမှာ သူဌေးကုန်းရှိ သူ့ယောက္ခမကြီး၏ အိမ်တွင် မျက်နှာငယ်စွာဖြင့် ရေထမ်းနေသည့် အချိန်ဖြစ်သည်။ ကျွန်တော်သည် စောကြာဒိုးကို သွားခေါ်ရာ ရေဘုံဘိုင်တွင် ရေထမ်းရင်း တွေ့ရပါသည်။ ကျွန်တော်က အကျိုးအကြောင်းပြောပြသော အခါ - စောကြာဒိုးက - မာနကြီး အခွဲသားနှင့် ဒီဂျပန်စစ်တပ်ထဲတော့ မဝင်ချင်ဘူးဗျာ ဟု ဆိုပါသည်။
ကျွန်တော်က သူ့ကို ကျွန်တော်၏ သံလိုက်ကြီးဖြစ်သော သခင်အောင်ဆန်း ပြောပြသည့် အချက်များကို - ပြန်ပြောပြ၏ - သို့သော်လည်း သူက မလှုပ်…။
ထို့ကြောင့် ကျွန်တော်က ”ခင်ဗျား ဘယ်လိုလူလဲ.. ပါနီဝါလား လုပ်နေတာနဲ့ ကြေနပ်တော့မှာလား - ခင်ဗျားဟာ အင်္ဂလိပ်လို စစ်ဗိုလ်ဘဲ၊ ဂျပန်က ခင်ဗျားကို ဖမ်းချင်နေတာ လက်ယားနေပြီ စိတ်ကူးမလွဲပါနှင့် လိုက်ခဲ့ပါ” ဟု ချောက်တခါ ချော့တလှည့်ဖြင့် သူစိတ်ပါအောင် ပြောတော့မှ - ကျွန်တော်နှင့် အတူ လိုက်လာပါသည်။

ပြန်ပြေးသူ
ကျွန်တော်တို့ နှစ်ယောက်ထဲ သူဌေးကုန်းမှာ နေ၍ မြေနီကုန်းသို့ စကားပြောရင်း လမ်းရှောက်လာကြပါသည် ထိုစဉ်တွင် စောကြာဒိုးမှာ နောက်လှဲ့ပြန်ပြေးရန် နှစ်ကြိမ်သုံးကြိမ် ကြိုးစားသဖြင့် ကျွန်တော် အတော်ပင် ဆွဲထားရပါသည်။
သို့သော် ကြာကြာမနေပါ သူ့ကို - သံလိုက်ကြီး သခင်အောင်ဆန်းရှေ့သို့ ခေါ်လာသော အခါတွင် သခင်အောင်ဆန်း၏ အပြောကို သူမလွန်ဆန်နိုင်တော့ပါ ဗိုလ်မှုးရာထူးကို လက်ခံ၍ - တပ်မတော်တွင် ဝင်ရောက် အမှုထမ်းဆောင်ခဲ့သည်။

သူရှိစေချင်
ယခုအချိန်တွင် - မြန်မာနိုင်ငံ၏ ဝဲယာ - ဝန်းကျင်တလွှား၌ ဖြူနီကြောင်ကြား ရန်သူအမျိုးမျိုးတို့ နှောက်ယှက်ခြင်း ရန်စခြင်းများ ပြုလုပ်နေချိန်ဝယ် ကျွန်တော် စွဲလန်းတွယ်တာခဲ့သော သံလိုက်ကြီး သခင်အောင်ဆန်းကို များစွာ သတိရလွမ်းဆွတ်မိသည်။ သူသာ ရှိလျင် ကျွန်တော်တို့ တတွေ စုရုံးပေါင်းစည်းလျက်၊ ပြည်တွင်းပြည်ပ မြေပေါ် မြေအောက် ရန်သူတွေကို အရိုးကြေကြေ အရေခမ်းခမ်း တပွဲတလမ်း တိုက်လိုက်ချင်စမ်းပါဘိ ဟု တွေးမိပါသည်။

စောစံဖိုးသင်
”သံလိုက်ကြီးနှင့် ကျွန်တော်”
အိုးဝေဂျာနယ် အမှတ် (၄၆) ၁၃၃၂ ခု၊ နယုန် လဆုတ် (၁၂) ရက်၊ (၁ . ၇ . ၁၉၇၀) စာမျက်နှာ ၁၃

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...