ရှဥ့် နှင့် ပျား
မအိမ်သူ
စီးပွားရေး လုပ်ငန်းတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးရတယ်လို့ အပြစ်တင် ခံရတတ်ပါတယ်။ သူတို့ရဲ့ စွန့်ပစ်ပစ္စည်းတွေက သဘာဝ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်။ လယ်ယာ၊ သားငါး လုပ်ငန်းတွေကို ထိခိုက်စေတယ်။ သောက်သုံးရေ ရှားပါးစေတယ်။ လူတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေတယ်။ ကိုယ့် လုပ်ငန်းတော့ အကျိုးရှိပါရဲ့။ သူများကျတော့ ထိခိုက်နစ်နာရတယ် ဆိုတာကျတော့လဲ တရားတယ်လို့ မဆိုနိုင်။ "ရှဥ့်လဲ လျှောက်သာ၊ ပျားလဲ စွဲသာ" ဆိုသလို ကိုယ့်အကျိုးလဲ ဖြစ်စေ၊ သူများ အကျိုးလဲ မထိခိုက်စေဆိုတဲ့ နည်းလမ်းမျိုးနဲ့ အလုပ်လုပ်မှ လောကကောင်းကျိုး ဖြစ်မှာပါ။
စာရေးသူ မုံရွာ စီးပွားရေး တက္ကသိုလ်မှာ တာဝန်ကျတုန်းက MBAကျောင်းသူ တစ်ယောက်ရဲ့ မဟာဘွဲ့ စာတမ်း အတွက် သုတေသန တစ်ခု လုပ်ခဲ့ဖူးပါတယ်။ သုတေသန လုပ်ငန်းက မုံရွာ စက်မှုဇုန်မှာ ရှိတဲ့ ပဲကြာဇံ လုပ်ငန်းတွေက စွန့်ပစ်တဲ့ ရေဆိုးတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးရတော့ အကျိုးဆက် အနေနဲ့ အနီးက ရွာရဲ့ စီးပွားရေး လုပ်ငန်းများ ထိခိုက်ရပုံကို လေ့လာထားတာ ဖြစ်ပါတယ်။
အဲဒီ သုတေသနကို မအိမ်သူတို့ ဆရာတပည့် နှစ်ယောက် ပြဿနာ ရှာဖို့ ရေးကြတယ်ဆိုရင် မမှားပါဘူး။ ပြဿနာ ရှာတယ်ဆိုတာ ဖြစ်ရခြင်း အကြောင်းရင်းကို ဖော်ထုတ်ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာတာ ဖြစ်ပါတယ်။ "ဟို အပြစ်တင်၊ ဒီ အပြစ်တင်၊ ကမ္ဘာနဲ့ ချီပြီးတော့ ပြောရင်"ဆိုသလို လုပ်ငန်းရှင်တွေကြောင့် ကမ္ဘာကြီးက ဘာဖြစ်ရတာပေါ့၊ ညာဖြစ်ရတာပေါ့လို့ တရားခံရှာပြီး အပြစ်တင်ဖို့ မရည်ရွယ်ပါဘူး။
မုံရွာမြို့၊ နတ်လူထိပ်ပန် ရပ်ကွက်မှာ ဆင်သောက်ကန်အင်း ဆိုတာ ရှိပါတယ်။ မိုးအခါ ရေပြည့်ပြီး နွေအခါ နေရာ တော်တော်များများမှာ ရေခန်းသွားလေ့ ရှိပါတယ်။ အင်းရဲ့ အနောက်ဖက်မှာ ရှိတဲ့ ဆားကျင်းကြီး ရွာသားတွေဟာ အင်းကို အမှီပြုပြီး စီးပွားရှာကြပါတယ်။ ငါးဖမ်းတယ်။ ကန်စွန်းစိုက်တယ်။ နွေစပါးစိုက်တယ်။
၁၉၉၈ ခုနစ်လောက်မှာ ဆင်သောက်ကန်အင်း၊ အရှေ့ဖက်က မုံရွာစက်မှုဇုန် (၂) ကို ပဲကြာဇံ ထုတ်လုပ်တဲ့ လုပ်ငန်းတွေ ပြောင်းရွှေ့လာကြပါတယ်။ ပဲကြာဇံ လုပ်တဲ့ လုပ်ငန်း သဘောက ပဲရေစိမ်တာ၊ အရောင်ချွတ်တာ၊ မုန့်ညှစ်တာ၊ မုန့်ဖတ် အအေးခံတာတွေမှာ ရေအများကြီး သုံးရပါတယ်။ သုံးပြီးတဲ့ ရေဆိုးတွေကို မြောင်းသွယ်ပြီး ဆင်သောက်ကန်အင်းထဲကို ဖောက်ချကြပါတယ်။ ရေဆိုးတွေထဲမှာ ပဲပုတ်ရေတွေ၊ အရောင်ချွတ်ဆေးတွေ၊ ဆာလဖာတွေ ပါတော့ အရောင် ညိုညစ်ညစ်နဲ့ အနံ့လဲ ဆိုးပါတယ်။ ရေဆိုးမြောင်း အသီးသီးက လာတဲ့ ရေဆိုးတွေကို လှိမ့်ပြီး လက်ခံနေရတဲ့ ဆင်သောက်ကန်အင်းလဲ ပျက်စီးလာပါတယ်။
ဆင်သောက်ကန်အင်းရဲ့ ယိုယွင်းမှုကို စပြီး ထိတွေ့ရသူကတော့ ဆားကျင်းကြီး ရွာသားတွေပါ။ ရေလုပ်သားတွေ ငါးမရတော့ဘူး။ အခုဆိုရင် အသက်ပြင်းတဲ့ ငါးရှဥ့်တွေပဲ ကျန်တော့တယ်။ သူတို့ ကျက်စားနေရတဲ့ ရေဆိုးတွေ အကြောင်းကို တွေးမိရင် ငါးရှိတောင် မစားရဲစရာပဲ။ နွေစပါးလည်း မထွက်တော့ပါဘူး။ ကန်စွန်းရွက်တွေက လှီပြီး သက်ကြီးပုတွေ ဖြစ်ကုန်တယ်။
စာရေးသူ သွားကြည့်ဖူးတော့ ကန်ထဲမယ် ရေပွက်ကလေးတွေ တွေ့ရပါတယ်။ ငါးပွက်တယ်လို့ ထင်တာ။ မဟုတ်ဘူး။ အက်စစ်များလို့ ရေပွက်လေးတွေ ထတာလား မပြောတတ်ပါဘူး။
သုတေသနအတွက် ရေနမူနာ၊ မြေနမူနာတွေ ယူပြီး ဓါတ်ခွဲခန်းကို ပို့ကြပါတယ်။ ဓါတ်ခွဲခန်းက ရေထဲမှာ Electrical Conductivity (EC) တန်ဖိုး များနေလို့ သောက်ရေ၊ သုံးရေ အဖြစ် သုံးဖို့ မသင့်တော်ဘူးလို့ မှတ်ချက်ပေးလိုက်ပါတယ်။ မြေကလည်း ဆားပေါက်မြေ ဖြစ်နေလို့ သီးနှံ မစိုက်နိုင်တဲ့ စွန့်ပစ်မြေ ဖြစ်နေသတဲ့။
ဆင်သောက်ကန်အင်း အလည်မှာ ရေချိုတွင်းကြီး တစ်တွင်း ရှိပါတယ်။ အလှူရှင် မိသားစု တစ်စုက တူးပြီး လှူထားတာပါ။ တစ်ရွာလုံး သောက်ရေကို အဲဒီတွင်းကပဲ ခပ်ယူသုံးကြပါတယ်။ မိုးတွင်းမှာ အင်းရေပြည့်လာတော့ အင်းထဲက ရေဆိုးတွေက ရေတွင်းထဲ စီးဝင်ကုန်တာမို့ တွင်းရေကို သောက်လို့ မရတော့ဘူး။
၂၀၀၆ ခုနစ်လောက်မှာ ဆားကျင်းကြီး ရွာသားတွေက အဲဒီ တွင်းရေရယ်၊ နောက်ထပ် ရွာထဲက ရေတွင်း (၂) တွင်းက ရေရယ်ကို နမူနာယူပြီး ဓါတ်ခွဲခန်းကို ပို့ကြည့်ပါတယ်။ ဓါတ်ခွဲခန်းက Total Solids, မဂ္ဂနီဆီယမ်နဲ့ ဆာလဖိတ်ဓါတ်တွေ သိပ်များနေလို့ သောက်သုံးဖို့ မသင့်တော်ဘူးလို့ ဆိုပါတယ်။
အခုတော့ ရွာသားတွေ ရေ၀ယ်သောက်ရတယ်။ မတတ်နိုင်ရင်လဲ အနီးအပါး ရွာတွေနဲ့ ချင်းတွင်းမြစ် အထိ ရေခပ်ဆင်းနေရတယ်။
ဆားကျင်းကြီး ရွာသားတွေက အကြိမ်ကြိမ် တင်ပြလို့ ပြဿနာကို ဖြေရှင်းဖို့ အမျိုးမျိုး ကြိုးစားဖူးပါတယ်။ ဆင်သောက်ကန်အင်းဘေးမှာ ရေစစ်ကန် တူးတယ်။ ရေဆိုးတွေကို ရေစစ်ကန်ထဲပဲ စွန့်ပစ်ကြဖို့ပေါ့။ ရေစစ်ကန်ဆိုပေမယ့် မြေကျင်း အကြီးစားပါပဲ။ ရေသန့်စင်စေတဲ့ နည်းပညာ တစ်ခုခုတော့ မပါဘူး။ စွန့်ပစ်ရေဆိုး ပမာဏနဲ့ ရေစစ်ကန် အရွယ်အစားက မမျှတော့ ရေဆိုးတွေ လျှံထွက်ပြီး အင်းထဲကို စီးတာပါပဲ။
ဗေဒါက အညစ်အကြေး စုပ်တယ်ဆိုလို့ ဗေဒါ စိုက်ကြည့်သေးတယ်။ အပင်တွေ သေကုန်တာပါပဲ။ ၀ါးကပ်ကာပြီး ရေဆိုးစွန့်ပစ်မဲ့ ဧရိယာကို ခွဲခြားထားဖို့ ကြိုးစားကြတယ်။ မအောင်မြင်ပါဘူး။ ကုန်ကျစရိတ်တွေကို ပဲကြာဇံ လုပ်ငန်းရှင်တွေ မျှခံကြရတယ်။ ဆိုလိုချင်တာကတော့ သူတို့လဲ တတ်နိုင်သလောက် ဖြေရှင်းကြတယ်။ ဒါပေမယ့် နည်း မတွေ့သေးဘူး။ ဆေးမြီးတိုနဲ့ ရှင်းသလို ဖြစ်နေတယ်။
ပြဿနာကို ပြေလည်စေနိုင်မယ့် လမ်းစဟာ "ရေစစ်ကန်တစ်လုံး" များ ဖြစ်နေမလားလို့ စာရေးသူက တွေးမိပါတယ်။ ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်က FAME ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းမှာ ထွက်သမျှ ရေဆိုးတွေကို ရေစစ်ကန်ထဲမှာ စစ်ပြီးမှ စွန့်ပစ်ပါတယ်။ ရေစစ်ကန်ထဲမှာ ရေစစ်ဖို့ ထည့်ရတဲ့ ပစ္စည်းကလဲ ကျောက်မီးသွေး၊ သဲနဲ့ အုန်းဆံဖတ်ပါပဲ။ အဲဒီ ပစ္စည်းတွေကို တစ်လ တစ်ခါတော့ လဲလှယ်ပေးရပါတယ်။ ရေစစ်ကန် တည်ဆောက်ဖို့ စရိတ်စက မကြီးလှသလို နည်းပညာကလဲ မခက်ခဲလှပါဘူး။ လုပ်ငန်းတစ်ခု အနေနဲ့ တတ်နိုင်လောက်ပါတယ်။
တကယ်လို့များ ပဲကြာဇံ လုပ်ငန်းတွေက ရေဆိုးကို ရေစစ်ကန်ထဲမှာ သန့်စင်ပြီးမှ စွန့်ပစ်ရင် ဆင်သောက်ကန်အင်းထဲ စီးဝင်လာတဲ့ ရေတွေဟာ သန့်ရှင်းတဲ့ရေတွေ ဖြစ်လာမယ်။ တဖြေးဖြေးနဲ့ သန့်ရှင်းတဲ့ ရေတွေ များလာရင် ရေညစ်ညမ်းမှုက တဖြေးဖြေး အားပျော့ ပျက်ပြယ်သွားနိုင်မလားလို့ မျှော်လင့်မိတယ်။ ပဲကြာဇံလုပ်ငန်းရဲ့ စွန့်ပစ်ရေကေို သန့်စင်ဖို့ သင့်တော်တဲ့ ရေစစ်ကန် စနစ်ကိုတော့ ကျွမ်းကျင်တဲ့ ပညာရှင်တွေကို အကြံဥာဏ် တောင်းရပါမယ်။
သုတေသန အတွက် မြေနမူနာ စစ်ဆေးမှု လုပ်တော့ ဓါတ်ခွဲခန်း မှတ်ချက်ထဲမှာ အကြံပြုချက်လေး ထည့်သွင်းဖော်ပြထားပါတယ်။ "မြေကို ပြုပြင်ရန်မှာ ဆိုဒီယမ် ပါဝင်မှု လျှော့ချစေရန် ဂေါ်ဒန်ကျောက်မှုန့် ထည့်သွင်းပြီး ရေပျော်ဆား ပါဝင်မှု လျှော့ချစေရန် ရေသိုလှောင်ပြီး ပျော်ဝင် စိမ့်ထွက်စေရန်နှင့် ရေကို ရေနှုတ်မြောင်းဖြင့် ထုတ်ပစ်ခြင်း စသည်တို့ကို အချိန်ယူ လုပ်ဆောင်မှသာ ပြန်လည် စိုက်ပျိုးမြေ ဖြစ်လာနိုင်ပါသည်။"လို့ အကြံပြုပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့သာ တိုင်ပင်ကြည့်ရင် ဒီလိုပြဿနာမျိုးကို စနစ်တကျ ဘယ်လို ဖြေရှင်းနိုင်မယ်ဆိုတာ သိလာမှာပါပဲ။
သုတေသန လုပ်တုန်းက လုပ်ငန်းရှင်တွေကို သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ်ရေး အတွက် ပူးပေါင်း ဆောင်ရွက်ပေးချင်တဲ့ ဆန္ဒ ရှိမရှိကို လေ့လာခဲ့ပါတယ်။ သူတို့က သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ချင်တဲ့ ဆန္ဒ၊ ထိန်းသိမ်းရေး အတွက် ကုန်ကျစရိတ်တွေကို ထည့်ဝင်ချင်တဲ့ ဆန္ဒနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းပညာတွေကို အသုံးပြုချင်တဲ့ ဆန္ဒတွေ ရှိကြောင်း ပြောကြပါတယ်။
မုံရွာ စက်မှုဇုန်က လုပ်ငန်းရှင် တစ်ယောက်ကလည်း "လုပ်ငန်းရှင်တွေက ကိုယ့်လုပ်ငန်းလေး ကောင်းကောင်းမွန်မွန် ဆက်လုပ်နိုင်ဖို့ဆိုရင် ငွေကုန်ကြေးကျခံမှာပါ။ တကယ်လို့သာ ကိုယ့်လုပ်ငန်းကို သူများတွေက မကျေနပ်လို့ တောင်းဆိုမှုတွေ များလာရင် လုပ်ငန်း ပိတ်ရတာတို့၊ တခြားကို ပြောင်းရတာတို့ ဖြစ်လာရင် ဒီထက် ပိုပြီး နစ်နာနိုင်တယ်လေ"လို့ သူ့အမြင်ကို ပြောပြဖူးတယ်။
စာရေးသူရဲ့ အမြင်ကို ပြောရရင် ဒီလို ပြဿနာမျိုးဟာ မဖြေရှင်းနိုင်တဲ့ ပြဿနာ မဟုတ်ဘူး။ အားလုံး ပူးပေါင်းပြီး ၀ိုင်းဝန်း ဖြေရှင်းကြရင် ပြေလည်သွားနိုင်တဲ့ ပြဿနာလို့ ထင်တယ်။ ကျွမ်းကျင်သူတွေရဲ့ အကူအညီလဲ လိုအပ်တယ်။ လုပ်ငန်းရှင်တွေနဲ့ ရွာသားတွေမှာ ပူးပေါင်း လုပ်ကိုင်လိုစိတ်နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ချင်တဲ့ အသိစိတ်ဓါတ်တွေ ရှိလာအောင် စည်းရုံး ပညာပေးဖို့လည်း လိုတယ်။ ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း သဘာဝ ပတ်ဝန်းကျင် ထိန်းးသိမ်းမှုနဲ့ ပတ်သက်ပြီး စည်းကမ်းတွေ ချမှတ်ရမယ်။ လိုက်နာအောင်လည်း ကြပ်မတ်ရမယ်။
ဒီလို ပြဿနာမျိုးကို နေ့ချင်းပြီး ဖြေရှင်းလို့ ရမှာတော့ မဟုတ်ဘူး။ ရေရှည် စိတ်ဓါတ်ကောင်းကောင်းနဲ့ ပြုပြင်ယူဖို့ လိုတယ်။ အစပိုင်းတော့ အားလုံး တက်တက်ကြွကြွ ရှိပြီး အဆုံးထိ ရောက်အောင် မလိုက်ကြရင် အောင်မြင်မှာ မဟုတ်ဘူး။ အဆုံးထိ ပါအောင်လည်း စိတ်ရှည်ရှည်နဲ့ အားပေး စည်းရုံးယူရမယ်။
စာရေးသူ ဂျာမဏီနိုင်ငံ၊ ဘရေမင်မြို့မှာ ပညာသင်ရတုန်းက သတင်းစာထဲမှာ မြစ်ထဲက ငါးတွေ့တဲ့ သတင်း ပါလာပါတယ်။ မြစ်ထဲမို့ ငါးတွေ့တာ ဆန်းသလားလို့ မေးကြည့်တော့ မြစ်ရေ ညစ်ညမ်းနေလို့ ငါး မတွေ့တာ ကြာပြီ။ တဖြေးဖြေး ၀ိုင်းပြီး စောင့်ရှောက်လို့ မြစ်ထဲမှာ ငါးပြန်တွေံရတယ်လို့ ဆိုပါတယ်။ ဒီတော့ ဆင်သောက်ကန်အင်းကိုလည်း ၀ိုင်းဝန်း စောင့်ရှောက်ကြရင် အင်းထဲမှာ ငါးတွေ ပြန်တွေ့ရမယ် ထင်တယ်။
အင်းထဲက ထွက်တဲ့ ငါးကင်ကို စက်မှုဇုန်ထဲက ထွက်တဲ့ ပဲကြာဇံသုပ်ကလေးနဲ့ တွဲဖက်စားပြီး ရွာသူတွေ ရေခပ်အဆင်းကို ကြည့်ရတဲ့ ကြည်နူးမှုလေးကို တစ်နေ့နေ့မှာများ ရနိုင်မလားလို့ မျှော်လင့်မိတယ်။
(ဤဆောင်းပါးသည် မုံရွာစီးပွားရေးတက္ကသိုလ်မှ MBA ကျောင်းသူ မဖြူဖြူဝင်း၏ A Study on Environmental Externality of Vermicelli Mills အမည်ဖြင့် မဟာဘွဲ့အတွက် တင်သွင်းထားသော ကျမ်းစာကို အခြေခံ၍ ရေးသားထားခြင်း ဖြစ်သည်။ စာရေးသူသည် အဆိုပါကျမ်း စာကြီးကြပ်သူ ဖြစ်သည်။ ဤဆောင်းပါးကို စာတမ်းရှင်၏ သဘောတူညီချက်ဖြင့် ရေးသားသည်။)
0 comments:
Post a Comment