Wednesday, May 30, 2012

အလံပြာအောက်ကလူ



(၁)................
ရှေးရှေးတုန်းက ပုံပြင်တပုဒ်....
တိုင်းပြည်တခုမှာ မိန်းမ(မိဖုရား) ကို အင်မတန်ကြောက်ရတဲ့ ဘုရင်ကြီးတပါး နန်းစံဖူးသတဲ့။ ဒီသတင်းက တိုင်းပြည်တခွင် ကြေးနင်းခတ်ကြေညာသလို ဟော်လေးတကျိုး ဟိုးလေးတကျော် ပြန့်နှံ့သွားလေတော့ ဘုရင်ကြီးခမျာ ဟန်ကိုယ့်ဖို့ အနေအထားတောင် ဣိနြေ္ဒမဆည်နိုင် ဖြစ်ရရှာတယ်။
တိုင်းသူပြည်သားတွေအနေနဲ့ မိဖုရားသြဇာ မလွန်ဆန်နိုင်တဲ့ သူ့ကို အထင်သေး အမြင်သေးနဲ့ မယဉ်မကျေး ပြုမူဆက်ဆံလာမှာကိုလည်း စိုးရိမ်တော် မူရရှာတယ်။ ဒါကြောင့် ကိုယ့်သိက္ခာကိုယ် ပြန်ပြီး အဖတ်ဆယ်ဖို့ စဉ်းစားကြံဆရင်း အချိန်တွေ ကုန်လွန်နေလေရဲ့။

တနေ့မှာတော့ ဘုရင်ကြီး အကြံရလာပြီး ချက်ချင်းပဲ သူ့အကြံအစည်ကို အကောင်အထည် ဖော်ဖို့ကြိုးစား တော့တယ်။ သူ့ရဲ့အာဏာ သက်ရောက်တဲ့ တိုင်းနယ်တခွင်အတွင်း မှီတင်းနေထိုင်ကြကုန်သော ကျေးတော် ကျွန်တော်မျိုး များမှအစ မှူးမတ်သေနာပတိ မင်းမှုထမ်းများပါမကျန် အိမ်ထောင်ဦးစီး ယောက်ျားတိုင်း နန်းနေပြည်တော်ရှေ့ ကွင်းပြင်ကျယ်ကြီးထဲမှာ လာရောက်စုရုံးကြဖို့ မောင်းခတ်ကြေငြာခိုင်းတော့တယ်။
ချိန်းဆိုထားတဲ့နေ့ သတ်မှတ်ချိန်အရောက်မှာ အိမ်ထောင်ရှိ ယောက်ျားသားအားလုံး နေပြည်တော် ရှေ့မှာ စုရုံးစုရုံး တအုံးအုံး။ တို့ဘုရင်ကြီး ဘယ်လိုအကြံအစည်တော် ရှိလို့ ခုလိုလုပ်တာလဲ။ တခြားတပါးတိုင်းနိုင်ငံကို စစ်ဆင်ဖို့များ ရှိလေရော့သလား... အတွေးတွေ ကိုယ်စီနဲ့ ဘုရင်ကြီး ကြွချီလာချိန်ကို စောင့်စားနေကြတယ်။
ဘုရင်ကြီး ကြွမြန်းရောက်ရှိတော်မူတဲ့အခါ ပရိသတ်အားလုံးကို နှုတ်ခွန်းဆက်ပြီး ကွင်းပြင်အလယ်မှာ ထိုးထားတဲ့ မဏ္ဍပ် ၂ ခုကို လက်ညှိုးထိုးပြကာ မိန့်တော်မူသတဲ့...
“တိုင်းသူပြည်သား မင်းခယောက်ျား အပေါင်းတို့ ငါကိုယ်တော်မြတ် မိန့်တော်မူမယ်.. အသင်တို့ထဲက မိန်းမ ကြောက်တဲ့သူများရှိရင် အလံနီစိုက်ထူထားတဲ့ မဏ္ဍပ်ထဲမှာ နေကြ။ မိန်းမ မကြောက်တဲ့သူကတော့ ဟိုဘက်က အလံပြာစိုက်ထူထားတဲ့ မဏ္ဍပ်အောက်ကိုဝင်... ကိုယ်ကြိုက်သလို ဆုံးဖြတ်နိုင်တယ်”
ဘုရင်ကြီးရဲ့ အမိန့်တော်အပြီးမှာ မင်းယောက်ျားအပေါင်း အလံနီအောက်ကို သူ့ထက်ငါ အလုအယက် တိုးဝှေ့ ဝင်ရောက်နေတာကို တွေ့ရတော့ ဘုရင်ကြီးခမျာ သက်ပြင်းသက်မချ နှုတ်ခမ်းမွှေးတော်ကို အသာအယာ ပွတ်သပ်ပြီး ပြုံးတော်မူသတဲ့။
အဲဒီအချိန်မှာ အရိပ်သုံးပါးနားမလည် မလိမ္မာ မယဉ်ကျေးဟန်ရှိတဲ့ လူမိုက်တောသားတဦးကတော့ အလံပြာ စိုက်ထူထားတဲ့ မဏ္ဍပ်ရှိရာကို တယောက်တည်း ငိုက်စိုက် ငိုက်စိုက် သွားနေတာ မြင်ရတော့... ဘုရင်ကြီး ဦးခေါင်းမတ်မတ်ထောင် မျက်မှောင်ကြုတ်သွားရပြန်တယ်။ “တယ်ထူးဆန်းတဲ့ မြင်ကွင်းပါလား ဒီတောသား ဘယ်လိုကောင်များလဲ ပေါ့”
ဒါနဲ့ အဲဒီတောသားကို ရှေ့တော်သွင်း လျှောက်ထားစေတယ်။ “ဒီတိုင်းပြည်မှာ ရှင်ဘုရင်ရဲ့ အမူအကျင့်ကို တောင် ယှဉ်ပြိုင်အံတုပြီး မိန်းမမကြောက်ဘဲ နေရဲတဲ့သတ္တိကို လျှောက်တင်စမ်း”... မိန့်လိုက်တဲ့အခါ... ကျေးတောသား အမိုက်အမဲ သတ္တိခဲက ရုတ်ခနဲ မတ်တတ်ရပ်ကာ ခေါင်းမော့ရင်ကော့ လျှောက်ထား လိုက်ပုံက...
“မှန်လှပါ အရှင်မင်းကြီးဘုရား.. တပည့်တော် ဒီကိုထွက်မလာခင်မှာ အိမ်သူသက်ထား ကျေးတောသူမက အသေအချာ အမှာစကားပါးလိုက်ပါတယ်။ ‘ရှင် နန်းတော်ကိုရောက်လို့ ရှင်ဘုရင်က တခုခုလုပ်ခိုင်းရင် သူများတွေ လုပ်တဲ့အတိုင်း လိုက်မလုပ်နဲ့ သူများလုပ်တာနဲ့ဆန့်ကျင်ပြီးလုပ်.. ကျုပ်ပြောတဲ့မလုပ်ရင်တော့ ကျုပ်အကြောင်း ကောင်းကောင်းသိစေရမယ်’ ဆိုလို့ အလံပြာရှိတဲ့ မဏ္ဍပ်ထဲကို ဝင်လိုက်ရတာပါ ဘုရား”.. တဲ့။
ဒီပုံပြင်ကို ကြားဖူး ဖတ်ဖူးသူ အတော်များများ ရှိမှာပ....။
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
(၂).................
မကြာမတင် နှစ်များအတွင်းက နိုင်ငံတော်တခုမှာ အာဏာငန်းငန်းတက် ယစ်မူးတဲ့ ခေါင်းဆောင်ကြီး အုပ်ချုပ် ခဲ့တယ်။
သူရက်စက် ယုတ်မာမှုတွေက တိုင်းပြည်တွင်းသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ သိသာထင်ရှား မကောင်း သတင်းတွေ ကျော်ကြားနေတာကြောင့် တဖြည်းဖြည်းနဲ့ ကမ္ဘာ့အလယ်မှာ အထီးကျန် ထင်ရာစိုင်း ငါတကော အာဏာရှင်ကြီး အဖြစ် ဂုဏ်သတင်းမွှေးနေရသူ ဖြစ်လာတယ်။
သူနဲ့ဆက်ဆံဖို့ ဟိုလူက နှာခေါင်းရှုံ့ ဒီလူက မျက်နှာလွှဲ။ သူနဲ့ပနံရသူ တချို့တလေလေး ကျပြန်တော့လည်း သူထက် အမိုက်ကန်းကုန်သူ၊ သူနဲ့ ပိန်မသာ လိမ်မသာ သူတွေချည်း။
ကြာတော့ သူလည်း ဒီဘဝကို စိတ်ကုန်လာပုံပေါက်တယ်။ လူပုံအလယ်မှာ မျက်နှာပန်းပွင့် တင့်တယ်မှုကို ခံယူ ချင်လာတယ်။ ဒါပေမဲ့ သူ့ရဲ့အမိုက်ဇာတ်ကို ဝန်ခံခဝါချ လုပ်ရမှာကို ဝန်လေးနေတယ်။ ဒါကြောင့် အပြင်ပန်း လူမြင်ကောင်းပြီး သူ့ကိုလည်း မထိခိုက်နိုင်တဲ့ သနပ်ခါးလူး ပြောင်းလဲမှုလေး သူလုပ်ချင်နေတယ်။
ဒါပေမဲ့ သူကိုယ်တိုင် လူရှေ့ထွက်ပြီး လူထုမေတ္တာ ခံယူဖို့ကလည်း မဖြစ်နိုင်တော့ သူ့အတွက် ဖြစ်နိုင်မယ့် ထွက်ပေါက် ကို အချိန်ယူ အကြံထုတ် စဉ်းစားတယ်။ အခိုင်အမာ စီမံအကွက်ချတယ်။
အားလုံးပိုင်လောက်ပြီ ဆိုမှ နေပြည်တော်မှာ ရှိတဲ့ သူ့လက်အောက်ငယ်ကျွန်တွေကို မျက်စိတဖက်မှိတ်ပြပြီး.. “မင်းတို့အထဲမှာ အာဏာရှင်စနစ်ကို ကြိုက်တဲ့လူတွေ အလံနီမဏ္ဍပ်အောက်ကို ဝင်ကြ။ ဒီမိုကရေစီ နှစ်သက် လိုလားသူတွေကတော့ အလံပြာမဏ္ဍပ်အောက်ကို သွားရပ်ကြ” တဲ့။ ပုံပြင်ထဲက မယကဘုရင်ကြီး သုံးခဲ့တဲ့ နည်းအတိုင်း မှီးလိုက်တာ...
 အမယ်... ဒီတခါတော့
လူတွေ... လူတွေ... အလံပြာမဏ္ဍပ်ဆီကို အပြေးအလွှားသွားပြီး နေရာဦးကြလိုက်တာ.. ခေါင်းဆောင်ကြီး အနီးအပါးမှာ မသန်မစွမ်း အိုနာကျိုးကန်း တချို့သာ ခိုကပ်ကျန်ရစ်နေတော့တယ်... မသိရင် ခေါင်းဆောင်ကြီး ကိုတောင် အာခံရန်ပြုတော့လေမလား စိုးတထိတ်ထိတ် ရှုစားရတဲ့ မြင်ကွင်း။
ဒါပေမဲ့ အာဏာရှင်ခေါင်းဆောင်ကြီးက အပြုံးမပျက်ပါဘူး.. သူချမှတ်ခဲ့တဲ့ အစီအမံ အောင်ပွဲခံတဲ့ ပုံမျိုးနဲ့ ခန့်ခန့်ကြီးပဲ ကန့်လန့်ကာနောက်ကို ဝင်သွားတယ်။
ကဲ...... ဒီတကြိမ် အလံပြာအောက် စုပြုံရောက်လာကြသူတွေထဲမှာ ဘယ်သူကဖြင့် ဒီမိုကရေစီစနစ်ကို တကယ်သက်ဝင် ယုံကြည်မှုရှိသူ၊ ဘယ်သူက အာဏာရှင်စနစ်ကို အကာအကွယ်ပေးမယ့်သူလဲ ခွဲခြား စမ်းသပ်စစ်ဆေး မှတ်ကျောက်တင်ပေးဖို့က ပြည်သူလူထုရဲ့ မဟာတာဝန်။
ပွဲစနေတာ အချိန်အတော်ကြာသွားပြီ.. ကိုယ့်ရှေ့မှာ လာရပ်နေသူဟာ သူဌေးသားလား အကြွေးထူလား လူရွေးမမှားဖို့ အရေးကြီးပြီ....ကွယ်ရို့...............။

စေတနာ မေတ္တာဖြင့်.......
http://pyithuhittaing.blogspot.com/2012/05/blog-post_30.html

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...