Sunday, May 27, 2012

အမျိုးသမီးများ လှပခြင်း၏ လျှို့ဝှက်ချက်


by General Knowledge on Saturday, May 26, 2012 at 4:56pm ·

Written by 7Day News| Saturday, 05 Mar 2011 00:09


  
အလှအပသည် အမျိုးသမီးတိုင်းအတွက် ရတနာတပါး ဖြစ်သကဲ့သို့ သဘာဝ၏ ဆုလာဘ်တစ်ခုလည်း ဖြစ်သည်။  ထိုသို့ အမျိုးသမီးများအတွက် မရှိမဖြစ် လိုအပ်သည့် အလှအပများအား ဖန်တီးပေးလျက်ရှိသည့် အရာမှာလည်း အမျိုးသမီးတိုင်းတွင် ရှိသည့် မ,ဟိုမုန်းဟု ခေါ်သည့် အီစထရိုဂျင်ပင် ဖြစ်သည်။


အဆိုပါ အီစထရိုဂျင် ဟိုမုန်းသည် အမျိုးသမီးများ အချိုးကျကျ လှပစေရန်အတွက် ဖန်တီးပေးသည့်အတွက် မိန်းကလေးတိုင်းသည် သူ့အတိုင်းအတာနှင့်သူ လှပနေကြခြင်းပင် ဖြစ်ပါသည်။ အမျိုးသမီးတစ်ဦး လှပစေရန် အဓိကအားဖြင့် အကြောင်းအချက် သုံးခုပေါ်တွင် မူတည်နေပြီး ပထမ အချက်သည် မျိုးရိုးဗီဇဖြစ်ကာ အဆိုပါအချက်သည် ပြုပြင်၍ မရကြောင်း သိရသည်။ ကျန်အချက် နှစ်ချက်ဖြစ်သည့် ပတ်ဝန်းကျင်အခြေအနေနှင့် ဟိုမုန်းတို့သည် ပြုပြင်ဖန်တီး၍ ရနိုင်သော အချက်အလက်များ ဖြစ်သည်ဟု fame ဆေးဝါး ထုတ်လုပ်ရေးမှ မန်းနေဂျင်း ဒါရိုက်တာ ဒေါက်တာ ခင်မောင်လွင်က ပြောသည်။

ထိုအချက် သုံးချက်အနက်မှ ဟိုမုန်းဆိုင်ရာအချက်များသည် သိသူနည်းသကဲ့သို့ သိသူများသည်လည်း အသိမှားများ ဖြစ်နေလေ့ ရှိကြသည်ဟု ဒေါက်တာ ခင်မောင်လွင်က ပြောသည်။

 ဟိုမုန်းသည် အမျိုးသားရော အမျိုးသမီးများတွင်ပါ ပါဝင်လေ့ ရှိကြသော်လည်း အမျိုးသမီးတွင် ပါဝင်သည့် ဟိုမုန်းနှင့် အမျိုးသားတွင် ပါဝင်သည့်  ဟိုမုန်းအမျိုးအစား မတူညီကြပေ။ သို့သော် အဆိုပါ ဟိုမုန်းများကပင် အမျိုးသား၏ ကြန်အင်လက္ခဏာများနှင့် အမျိုးသမီး၏ ကြန်အင် လက္ခဏာများကို ခွဲခြားပေးခြင်းပင် ဖြစ်ကြောင်း သိရသည်။ 

အမျိုးသားများတွင် ပါရှိသည့် ဟိုမုန်းအား တက်စထရိုစတီရုန်းဟု ခေါ်၍ အမျိုးသမီးများတွင် ပါရှိသည့် ဟိုမုန်းအား အီစထရိုဂျင် ဟိုမုန်းဟု ခေါ်ကြောင်း သိရသည်။

အမျိုးသမီးများတွင် ပါရှိသည့် အီစထရိုဂျင် ဟိုမုန်းသည် အမျိုးသမီးများ အပျိုဖော်ဝင်သည့် အချိန်မှစတင်၍ ပေါ်ထွက်လာခြင်းဖြစ်ပြီး အမျိုးသမီးများ သွေးဆုံးချိန်မှသာ ရပ်တန့်သွားသည့် သဘာဝ အရာဝတ္ထုတစ်ခု ဖြစ်သည်။ အဆိုပါ အီစထရိုဂျင် ဟိုမုန်းအား အမျိုးသမီးများတွင် မျိုးဥအိမ်မှ အဓိက ထုတ်လုပ်ခြင်းဖြစ်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်သည့် အီစထရိုဂျင်၏ ၉၀ ရာခိုင်နှုန်းအား ထုတ်လုပ် ပေးခြင်းဖြစ်ကြောင်း ဒေါက်တာ ခင်မောင်လွင်က ပြောသည်။

ခန္ဓာကိုယ်အတွက် လိုအပ်သည့် ကျန်အီစထရိုဂျင် ၁၀ ရာခိုင်နှုန်းအား အမျိုးသမီးများ၏ ကိုယ်တွင်းအဆီများက ထုတ်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုလ ၁၁ ရက်တွင် ဆီဒိုးနားဟိုတယ်၌ ကျင်းပပြုလုပ်သည့် အမျိုးသမီးများ၏ အလှအပနှင့် ဟိုမုန်းဆိုင်ရာ ကျန်းမာရေးဟောပြောပွဲတွင် ဒေါက်တာ ခင်မောင်လွင်က အထက်ပါအတိုင်း ပြောကြားသွားခြင်း ဖြစ်သည်။

မဟိုမုန်းဟု ခေါ်သည့် အီစထရိုဂျင်သည် အမျိုးသမီးများ အပျိုဖော်ဝင်စ အချိန်မှစ၍ ထုတ်လုပ်ခြင်းဖြစ်သဖြင့်  အမျိုးသမီးများ အပျိုဖော်ဝင်ချိန်တွင် အမျိုးသားများ ခန္ဓာကိုယ် အချိုးအစားများ ကွဲပြားသွားခြင်းဖြစ်ပြီး လှပလာရခြင်းဖြစ်ကြောင်း သိရသည်။

အီစထရိုဂျင်သည် အမျိုးသမီးများ၏ ဦးနှောက်၊ နှလုံး၊ အသည်း၊ အရေပြား၊ အရိုးနှင့် သားအိမ်တို့တွင် အလုပ်လုပ်ကြကြောင်း သိရသည်။ ထို့ကြောင့် အီစထရိုဂျင်သည် ဦးနှောက်တွင် အလုပ်လုပ်သည့်အတွက် အမျိုးသမီးများတွင် လှချင်ပချင်သည့် စိတ်များ ဝင်ရောက်လာခြင်း၊ လိင်မှုဆိုင်ရာ စိတ်ခံစားမှုများ ဝင်ရောက်လာခြင်းစသည့် အကျိုးသက်ရောက်မှုများ ရှိကြောင်း သိရသည်။

ထို့အပြင် နှလုံးတွင်လည်း အလုပ်လုပ်သဖြင့် အမျိုးသမီးများသည် သွေးမဆုံးခင် အချိန်အထိ အမျိုးသားများထက် နှလုံးသွေးကြောကျဉ်း ရောဂါဖြစ်ပွားမှု နည်းပါးခြင်းဖြစ်သည်ဟု ဆေးပညာရှင်များက ပြောသည်။




အလားတူ အသည်း၊ အရေပြား၊ အရိုးစသည့် အရာများတွင်လည်း အလုပ်လုပ်သဖြင့် အသည်းကောင်းမွန်စေရန် စွမ်းဆောင်ပေးခြင်း၊ အရေပြားများ လှပစေရန် စွမ်းဆောင်ပေးကာ အရိုးအဆစ် လှပစေရန်လည်း စွမ်းဆောင်ပေးသဖြင့် အမျိုးသမီးများတွင် ခန္ဓာကိုယ် အချိုးအစား ပြေပြစ်စေခြင်း ဖြစ်ကြောင်း သိရသည်။

အီစထရိုဂျင်သည် အမျိုးသမီးများတွင် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းဖြစ်သကဲ့သို့ ကောင်းကျိုးပြုသည့် အရာများကို ပြုလုပ်ပေးသော်လည်း ခန္ဓာကိုယ်အတွင်း လိုအပ်သည်ထက် ပိုရှိနေပါက အန္တရာယ် ဖြစ်စေနိုင်ကြောင်း သိရသည်။

သို့သော် အီစထရိုဂျင်သည် အမျိုးသမီးများ၏ ခန္ဓာကိုယ်တွင်းတွင် သဘာဝအလျောက် ဖြစ်ပေါ်သည့် အီစထရိုဂျင် ဖြစ်ပါက ပိုလျံလျှင် ဆီးမှတစ်ဆင့် စွန့်ထုတ်နိုင်သဖြင့် သဘာဝ အီစထရိုဂျင် အမျိုးသမီးများအတွက် ဥပဒ်မဖြစ်စေဘဲ ပြင်ပမှ ဝင်ရောက်လာသည့် အီစထရိုဂျင်များကသာ ဥပဒ် ဖြစ်စေနိုင်ကြောင်း သိရသည်။ 

ပြင်ပမှ အီစထရိုဂျင်များသည် အမျိုးသမီးများ သွေးဆုံးချိန်တွင် အီထရိုဂျင် လိုအပ်မှုကြောင့် သောက်သုံးရသည့် မဟိုမုန်းဆေးများမှ ရရှိနိုင်သဖြင့် သွေးဆုံးပြီး အမျိုးသမီးများအနေဖြင့် ဟိုမုန်း အစားထိုးဆေးများ သောက်သုံးမည်ဆိုပါက ဂရုပြုသောက်သုံးသင့်ကြောင်း သိရသည်။

ထို့ကြောင့် သွေးဆုံးပြီး အမျိုးသမီးများသည် လိုအပ်သည့် အီစထရိုဂျင်အားဆေးများမှ ရရှိခြင်းထက် သဘာဝ အစားအစာများမှ ရရှိစေခြင်းသာလျှင် အကောင်းဆုံး ဖြစ်သည်ဟု ပညာရှင်များက ပြောကြားသည်။

သဘာဝ အစားအစာများမှ အီစထရိုဂျင် ရရှိနိုင်သည့် အစားအစာများမှာ ပဲပိစပ်၊ နှမ်း၊ ပဲပင်ပေါက်၊ ပဲ အစရှိသည့် အစားအစာများ ရရှိနိုင်ကြောင်း သိရသည်။  

အီစထရိုဂျင်သည် အမျိုးသမီးများ၏ အလှအပနှင့် ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် အရာဖြစ်သည့်အတွက် ငယ်စဉ်ကပင် အစားအသောက် အနေအထိုင် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အီစထရိုဂျင်၏ စွမ်းဆောင်မှုများ ပိုမိုမြင့်မားကာ လှပပျော်ရွှင်သော ဘဝများကို ပိုင်ဆိုင်နိုင်မည် ဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။

 ·  · Share

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...