ဉာဏ်ပညာကို မြတ်နိုးတတ်ကြပါစေ...
by ယဉ်ကျေးသော လူ့အဖွဲ့အစည်း တစ်ရပ်ဆီသို့ on Thursday, May 31, 2012 at 1:20pm ·
ဖီလော်ဆော်ဖီဆိုတာ ဉာဏ်ပညာကို မြတ်နိုးခြင်းရယ်လို့ ကြားဖူးပါတယ်။ ဖလော်ဆော်ဖီဆိုတာနဲ့ ခပ်ကြောင်ကြောင် အတွေးမျိုးတွေလို့ မထင်လိုက်ပါနဲ့။ အဲ့ဒိလို ခပ်ကြောင်ကြောင် ဒဿနတွေ (၀ါ) ခပ်ကြောင်ကြောင် သမားတွေဟာ တွေးပုံစနစ်မကျ လမ်းချော်နေတဲ့သူတွေ (၀ါ) ဒဿန တတ်ယောင်ကား တွေသာ ဖြစ်ပါတယ်။ တကယ်တော့ အတွေးအခေါ် ဖလော်ဆော်ဖီဆိုတာ လူတိုင်း တွေးသင့်တဲ့ အရာ ဖြစ်ပါတယ်။
တွေးခေါ်မျှော်မြင်မှု ရှိခြင်း၊ ကျိုးကြောင်း ဆက်စပ်တွေးခေါ် တတ်ခြင်းတွေဟာ တကယ့် လက်တွေ့ ဘ၀မှာ အလွန်အသုံးဝင်သော ပညာရပ်တွေ ဖြစ်ကြပါတယ်။ စနစ်တကျ တွေးခေါ်တတ်သူတွေဟာ ဘယ်တော့မှ ကြောင်မနေတဲ့ အပြင် သူများတွေထက် ရှေ့နှာတဖျား၊ ခေါင်းတလုံးလောက်ကို သာနေပါလိမ့်မယ်။
အသိဉာဏ်ပညာဆိုတာ ကျိုးကြောင်းဆက်စပ်တတ်မှု၊ ထိုးထွင်းသိမြင်မှု၊ ပိုင်းခြားဝေဖန်စီစစ်တတ်မှု၊ တီထွင်ကြံဆ တတ်မှုတွေ ပေါင်းစည်းထားတဲ့ အသိပညာဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော့် ကိုယ်ပိုင် အမြင်နဲ့ အဓိပ္ပါယ် ဖွင့်ဆိုတာပါ။ (ထပ်ပေါင်းထည့်စရာတွေ လဲ ရှိချင်ရှိမှာပါ)
ဆိုတော့ ကျွန်တော်တို့ အမြဲတွေးခေါ် နေဖို့ လိုပါတယ်။ ဒီလိုတွေးခေါ်တတ်ဖို့၊ အသိဉာဏ်ပညာကို ချစ်မြတ်နိုး တတ်ဖို့ဆိုရင် ၀မ်းစာ အဖြစ် ဗဟုသုတ လောင်စာတွေကို များများ ရှာဖွေ သိုမှီးဖို့ လိုပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ သမိုင်းဦး ခေတ်ကနေ စပြီး ဆင့်ကဲ ပြောင်းလဲ လာလိုက်ကြတာ တခြားသော သတ္တ၀ါများအားလုံးရဲ့ ခေါင်းဆောင်ဖြစ်လို့လာပါတယ်။ လူပဓာန၀ါဒ ဆိုတာတွေတောင် ဖြစ်လာကြပါတယ်။ ဒီလို ဘာလို့ ဖြစ်ရလဲ ဆိုတော့ လူဆိုတာ တွေးခေါ်မျှော်မြင်တတ်မှု စီမံခန့်ခွဲ တတ်မှု ဆိုတဲ့ အသိဉာဏ်တွေဟာ ဘယ်သတ္တ၀ါမှာမှ မရှိတဲ့ ၀ိသေသတွေ ပိုင်ဆိုင်နေလို့ပါပဲ။
တလောကပဲ ကျွန်တော် ရုပ်ရှင်တကား အိမ်မှာ ကြည့်ဖြစ်တယ်။ ၁၉၆၆ ခုနှစ်က ထုတ်တဲ့ One Million years B.C ဆိုတဲ့ ကားဟောင်း လေး ဖြစ်ပါတယ်။ ဇာတ်လမ်းက ဟိုးကျောက်ခေတ် သမိုင်းဦး ခေတ်ကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပါ။ ကျွန်တော် ပြောချင်တာက ဇာတ်လမ်းသွားထဲက ရလိုက်တဲ့ အမြင်လေးပါ။ ဇာတ်လမ်း အစပိုင်းမှာ ကျောက်ခေတ်ဲဦး ရိုင်းစိုင်းသော လူမျိုးစု တစုရဲ့ ပြုမူနေထိုင်ပုံကို ပြပါတယ်။ အမဲလိုက်တဲ့အခါမှာ ခပ်မိုက်မိုက် လူကောင်ကြီးတဲ့ ခေါင်းဆောင် ဖြစ်သူက ကြွင်းထဲမှာ မိနေတဲ့ တောဝက်ကို ငယ်သား တယောက်ကို ဆင်းစေပြီး နပန်းလုံး သတ်ခိုင်းပါတယ်။ တောဝက်သေတော့ တောဝက် အစွယ်ကို သတ်သူက တောဝက်ဆီက နှုတ်ယူလိုက်ပါတယ်။ အပေါ် ပြန်တက်လာတဲ့အခါ ခေါင်းဆောင် လုပ်သူက အဲ့ဒိအစွယ်ကို အတင်းလုယူကာ သူပေးချင်တဲ့ သူကို ပေးလိုက်တယ်။ ကိုယ်တိုင် သတ်သူ (မင်းသား) က မကျေနပ်လို့ ရန်ရှာတော့ ခေါင်းဆောင်က ကာယအားကိုးဖြင့် အတင်း တွန်းထိုးပြီး အနိုင်ကျင့်ပါတယ်။
အုပ်စုတွေ နေထိုင်တဲ့ ဂူထဲရောက်တော့ တောဝက်သားကို မီးကင်စားကြတယ်။ မီးကင်ပြီးတဲ့အခါ ကျက်တော့ ရိုင်းစိုင်းပြီး အသိဉာဏ်နည်းသော ခေါင်းဆောင်က ၀က်ကင်နားမှာ စားချင်လို့ သွားရေကျပြီး ငေးနေတဲ့ သူတွေကို (ကလေးတွေ မိန်းမတွေပါမကျန်) အတင်းတွန်းထိုးပြီး သူလိုချင်တဲ့ စားချင်တဲ့ တောဝက်ရဲ့ ပေါင်ပိုင်းကို အတင်းဆွဲယူ ဖဲ့စားပြီး တခြားသူတွေ အနားမကပ်နိုင်အောင် မာန်ဖီတယ်။ ခေါင်းဆောင် စားပြီးတော့ တခြား လက်အောက် ငယ်သားထဲက ခွန်အားကြီးသူတွေဟာ သူ့ထက်ငါ နိုင်လို မင်းထက် လုယက်စားကြတယ်။ အကြွင်းအကျန်ကိုမှ မိန်းမတွေနဲ့ ကလေးတွေ စားကြရတယ်။ အလွန်ရိုင်းစိုင်းပြီး လူ့ယဉ်ကျေးမှု အဆင့်အတန်း နိမ့်သော သမိုင်းဦး ကျောက်ခေတ်ကို ပေါ်လွင်အောင် တင်ပြထားတာ ဖြစ်ပါတယ်။ သူတို့ အုပ်စုဟာ ပစ္စည်းတခု သူများ ဆီက လိုချင်ပြီဆိုရင်တော့ အတင်းမရမက လုယူတယ်။ ဒါနဲ့ ငယ်သား ဖြစ်တဲ့ မင်းသားဟာ သူသတ်လို့ ရလာတဲ့ ၀က်စွယ်ကို ပြန်လိုချင်လို့ အတင်းပြန်လုရင်းက ပဋိပက္ခဖြစ်ပြီး ကျောက်ဂူရဲ့ အောက်ဘက် ချောက်ထဲကို အတွန်းချခံလိုက်ရတယ်။ (သည်းခံ ပါခင်ဗျ.. ဇာတ်ကြောင်း ဇာတ်ရည်လည်မှ ပြောချင်တဲ့ အမြင်ပေါ်လွင်မှာမို့ ဆက်ပြောပါရစေ)
ဒါနဲ့ မင်းသားဖြစ်တဲ့ ကျောက်ခေတ်လူသား ဟာ ကံကောင်းထောက်မစွာ မသေပဲ ဒီအုပ်စုနဲ့ ဝေးရာဆီကို ခြေဦးတည့်ရာ လျှောက်သွားတယ်။ သွားရင်းနဲ့ တခြားသော အရပ်မှာ အသားဝါတဲ့ လူမျိုးစုတစုကို မထင်မှတ်ပဲ သွားတွေ့တယ်။ ဒီလူမျိုးစုတွေက ထူးဆန်းသဗျာ။ သူအရင်နေထိုင်ခဲ့တဲ့ လူမျိုးစုတွေနဲ့ မတူပဲ အတော်အတန် ယဉ်ကျေးတဲ့သူတွေ ဖြစ်နေတယ်။ အဲ့ဒိအသားဝါ လူမျိုးစုတွေဟာ အထူးပြုလုပ်ထားတဲ့ လှံတံတွေနဲ့ အမဲလိုက် တတ်တယ်။ ရေထဲက ငါးတွေကို လှံနဲ့ ဖမ်းတတ်တယ်။ သီးနှံတွေ စနစ်တကျ စိုက်ပျိုး တတ်တယ်။ ပြီးတော့ အတော်လေး စည်းလုံး ညီညွတ်ကြပြီး သင့်သင့် မြတ်မြတ် ရှိကြတယ်။ မိန်းမတွေ ကလေးတွေကို ဦးစားပေးတယ်။ ဒီလို ယဉ်ကျေးတဲ့ သူတွေကြားထဲ ရောက်သွားတော့ အရိုင်းအစိုင်းဖြစ်တဲ့ မင်းသားက အံမ၀င်ဘူး။ သူက ထိုလူတွေကို တအံ့တသြ ဖြစ်ရပြီး ထိုလူတွေကလဲ သူ့ကို တအံ့တသြ ဖြစ်ရတယ်။ အရိုင်းအစိုင်းကလာတဲ့ သူဖြစ်တဲ့ အတွက် လှံတံတွေကိုတွေ့တော့ သူလိုချင်တဲ့အတွက် အတင်းလုယူတယ်။ နောက် ဟိုက မပေးတော့ အကြမ်းဖက်နည်းနဲ့ တိုက်ခိုက်တယ်။ အသတ်ကိုတောင် သေအောင် ကြံစည်တဲ့ အထိ ဖြစ်တယ်။ နောက်ဆုံး ဒီလူရိုင်းဟာ ဒီအဖွဲ့မှာလဲ အံမ၀င်တော့ပဲ သူထပ်ထွက်သွားပြန်တယ်။ အတိုချုံး ပြောရရင် (အဲလေ..ကျွန်တော့် အတိုချုံးက အတော်ရှည်နေပြီ) နောက်ဆုံး မင်းသားဟာ အသားဝါ ယဉ်ကျေးသော အုပ်စုက ကောင်မလေးကြောင့် လူယဉ်ကျေးအဖွဲ့နဲ့ ပြန်ပူးပေါင်းမိပြီး သူ့ဌာနေက အရိုင်းကောင်တွေကို ပြန်တိုက်ကြတယ်။ လူယဉ်ကျေးတွေ အောင်ပွဲရသွားကြတယ်။
ဒီနေရာမှာ ကျွန်တော် ရလိုက်တာ ၂ချက်ရှိတယ်..။ (တခြားသူတွေကလဲ တခြား အချက်တွေ ကျွန်တော့် ထက် ပိုရချင်ရမှာပေါ့)။ တစ်ချက်က နိုင်လိုမင်းထက်၊ ခွန်အား အားကိုးဖြင့် မတရား အနိုင်ယူခြင်းဟာ ဉာဏ်ရည် နိမ့်ပါးသော ၊ လူ့ယဉ်ကျေးမှု နိမ့်ကျသော သူများရဲ့ လုပ်ရပ်ဖြစ်တယ်။ ဒုတိယ အချက်ကတော့ evolution ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်အရ ယဉ်ကျေးသော အသိဉာဏ်ရှိသော လူတွေကသာ လူ့ဘောင်အဖွဲ့အစည်းကို ဦးဆောင် အနိုင်ယူ ပဲ့ကိုင် နိုင်မှာ ဖြစ်တယ် ဆိုတာပါပဲ။
အဲ့ဒိတော့ ကျွန်တော်တို့ ယနေ့ ပြုမူ လုပ်ဆောင်နေမှု များသည် evolution ဆင့်ကဲ ပြောင်းလဲမှု ရှိရဲ့လား၊ ဉာဏ်ပညာအားဖြင့်၊ စာရိတ္တအားဖြင့် တိုးတက်သွားလား၊ ဒါမှမဟုတ် devolution ပြန်လည် ဆုတ်ယုတ် နိမ့်ကျ သွားလား ဆိုတာ ဆင်ခြင် ကြည့် ကြဖို့ ကောင်းပါတယ်။ ယနေ့ခေတ်လို အချိန်မျိုးမှာ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာတွေ တမုဟုတ်ချင်း တိုးတက် လျှက်ရှိနေပါတယ်။ ဒါပေမယ့် စိတ်ပိုင်း ဆိုင်ရာများတွင် (တချို့တွင်) ညစ်တွန်းတွန်း နေကြတာ၊ အချင်းချင်း ချောက်ချ နေကြတာ၊ လက်နက်အားကိုး၊ ခွန်အား အားကိုးဖြင့် နိုင်လိုမင်းထက် ပြုမူနေကြ တာတွေဟာ တိုးတက်သလား ဆုတ်ယုတ်သွားသလား ခင်ဗျာ။ ခေတ်နောက်ပြန်ပြီး လူ့အရိုင်းအစိုင်း ခေတ်ကို ပြန်လည် မဖော်ဆောင်မိဖို့ အရေးကြီးလှပါတယ်။
ယဉ်ကျေးမှု မြင့်မားခြင်းဟာ လူမျိုးတမျိုး၊ နိုင်ငံတနိုင်ငံရဲ့ ဂုဏ်ကျက်သရေ ပဲ ဖြစ်ပါတယ်။ တနည်း ဒီလူမျိုး နိုင်ငံတနိုင်ငံရဲ့ အဆင့်အတန်းပဲ ဖြစ်ပါတယ်။ ယဉ်ကျေးမှု မြင့်မား တယ်ဆိုတာ ရုပ်ဝတ္ထုပိုင်း ဆိုင်ရာ တိုးတက် တာတွေ အပြင် စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်ပိုင်းဆိုင်ရာ မှာ တခြားလူမျိုးတွေထက် ခေါင်းတလုံး သာနေ တာမျိုးတွေ ဖြစ်ပါတယ်။
“ရှိပြီးသား အတွေး အမြင်တွေကို ပြန်လည်သုံးသပ်ပါ။ ခေတ်ကာလနှင့် မကိုက်ညီတော့သော အတွေးများကို လှီးဖယ် ထုတ်ပြီး စွန့်ပစ်ပါ။ အတွေးအမြင်သစ်တွေ တီထွင် ကြံဆပါ။ ပြီးတော့ လက်တွေ့ အကောင် အထည်ဖော်ပါ။”
မိမိကိုယ်ကို မိမိ တိုးတက်အောင် အမြဲတမ်း တွေးတော ဆင်ခြင်နေရပါမယ်။ ဉာဏ်ပညာ အတွေးအခေါ်တွေ မြင့်မား စေဖို့ များများ တွေးခေါ်ပေးဖို့ ဖတ်ရှုလေ့လာ ဆည်းပူး ဖို့၊ သင်ခန်းစာ ယူဖို့ အများကြီး လိုပါတယ်။ ကျွန်တော်တို့ ဦးနှောက်တွေကို တိုးတက်နေသော ရုပ်ဝတ္ထု ဇိမ်ခံပစ္စည်းများ ပေါ်မှာ တင် အလိုက်သင့် မျှောမနေပါနဲ့။ ကိုယ်တိုင် ကြံစည် တွေးတော ကြည့်ပါ။ လမ်းစ ထွင်ကြည့်ပါ။ သဘာဝရဲ့ လိုအပ်ချက်အရ ဦးနှောက်ဆိုတာ တွေးဖို့ အတွက် ဖြစ်လို့ အလကား မထားပါနဲ့။များများ တွေးပါ။ များများ အလုပ်ပေးပါ။ ဦးနှောက် အဟာရလဲ ပြည့်ဝနေပါစေ။ ဒါမှ အသုံးများလာတဲ့ အတွက် အမြဲ ထက်မြက် နေပြီး သူများထက် ရှေ့ကြိုမြင် နေမှာ ဖြစ်ပါတယ်။
“ဘယ်တော့မှ ခေတ်အခြေအနေ ကြောင့် ၊ လွတ်လပ်မှု မရှိတာကြောင့် အချိန်မရတာကြောင့် ဘာကြောင့် ညာကြောင့် ရယ်လိုပ ဆင်ခြေ မပေးပါနဲ့။ ဒါတွေဟာ ကိုယ့်ကိုကိုယ် သံချေးတက် စေမယ့် ခပ်ညံ့ညံ့ ဆင်ခြေတွေ ဖြစ်ပါတယ်”
ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲက အတွေးအမြင်တွေ၊ အသိဉာဏ်ပညာတွေကို ဘယသူမှ လာထိန်းချုပ်လို့ မရပါဘူး။ ဆိုတော့ မိမိ အသိဉာဏ်ပညာ တိုးတက်စေမှုသည် မိမိဘာသာ ရှာကြံဆည်းပူး ရမည်သာ ဖြစ်ပြီး အခြား မည်သည့် ဗဟိန္ဓ အနှောင့်အယှက်ကိုမှ အပြစ်ပုံချနေ စရာ မလိုပေ။ ခေတ်အခြေအနေ မကောင်းတာကြောင့် ဆိုကာ ထိုင်ပြီး စိတ်ပျက်အားလျော့နေလဲ ဒီခေတ်အခြေအနေကြီးက တိုးတက်လာမှာ မဟုတ်ပါဘူး။ ကိုယ်လုပ်စရာ ရှိတာ ကိုယ်ဆည်းပူး စရာရှိတာတွေကို ဆက်လက် ပြုလုပ်နေရမှာပါ။ Globalization ခေတ်ကြီးထဲမှာ အမြဲတမ်း ပြေးမနေရင် နောက်ကောက် ကျသွားမှာပါပဲ။
လူတိုင်းဟာ ခေါင်းဆောင် ဖြစ်နိုင်ခွင့်ရှိတယ်။ အဲ့ဒိလို ခေါင်းဆောင် ဖြစ်နိုင်ဖို့ အတွက် ကိုယ့်ဘက်က ကြိုတင် အမြဲ ဖြည့်ယူထား ရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က ခေါင်းဆောင် လုပ်နိုင်မယ့် အရည်သွေး ပြည့်ပြီးသား ဖြစ်နေရင် အခြေအနေ အချိန်အခါ မရွေး၊ ဘယ်နေရာ မရွေး မှန်ကန်တဲ့ ခေါင်းဆောင်မျိုး ဖြစ်လာပါလိမ့်မယ်။
နိဂုံးချုပ် အနေနဲ့ ပြောချင်တာက များများတွေးပါ။ များများ တီထွင်ကြံဆပါ။ လူမျိုးတမျိုး တိုးတက်စေတာဟာ အသိဉာဏ်ပညာ သာ ဖြစ်ပါတယ်။ ပညာရှိ ပညာတတ် လူတန်းစားများလေလေ တိုင်းပြည် တပြည်ဟာ အလျှင် အမြန် တိုးတက် လေလေပါပဲ။ လူငယ်များ စနစ်တကျ ဆည်းပူး လေ့လာ ကြပါ။ ဖောက်ထွက် တွေးကြပါ။ ရှေ့ကလဲ မဦးဆောင်နိုင်၊ လမ်းဟောင်းလဲ နောက်က မလိုက်၊ လမ်းသစ်လဲ မထွင်နိုင်ပဲ ဂဏန်းသွား သွားမနေ ကြပါနဲ့။ အကျိုးမဲ့ ငြင်းခုန်ခြင်းတွေ လျှော့ကြပါ။ မည်သည့် ဘက် အစွန်းဖြစ်စေ အန္တရာယ်များလှပါတယ်။ အစွန်းလွတ်အောင် ဉာဏ်ပညာဖြင့် ဆင်ခြင်နိုင်ကြပါစေ။ ဗဟုသုတကို အာသာငမ်းငမ်း လိုက်စား ကြပါ။ အနာဂတ် တိုးတက်သော ၊ လွတ်လပ်သော ၊ အင်အားကြီးသော လူ့ဘောင် အဖွဲ့အစည်းကြီး ပေါ်ထွန်းလာအောင် ပြုလုပ်ပေးနိုင်သည့် စွမ်းပကားမှာ အသိဉာဏ်ပညာမှ တပါး အခြား မရှိပါကြောင်း..။
(ရုပ်ဝတ္ထုပိုင်း ဆိုင်ရာများပေါ်တွင်သာ သာယာနေသော ညီငယ်၊ ညီမငယ်လေးများနှင့်၊ ခေတ်အခြေအနေ မကောင်းဘူးကွာ လို့ မကြာခဏ ညည်းညူလေ့ရှိသော ချစ်သူငယ်ချင်း တချို့အား ရည်ရွယ်၍ ရေးသား အပ်ပါတယ်…)
မင်းယွန်းသစ်
0 comments:
Post a Comment