Sunday, May 27, 2012

ပြောင်းလဲခြင်းဖြင့် ဂုဏ်ယူပါ


PDFPrint
WRITTEN BY ကိုသိန်း(ကျောက်ကြီး)   
SUNDAY, 27 MAY 2012 13:32
AddThis Social Bookmark Button
ကျွန်တော်တို့၏ သတ္တလောက ကမ္ဘာကြီးအတွင်း သက်ရှိ၊ သက်မဲ့ အရာအားလုံးသည် အချိန်နှင့်အမျှ ပြောင်းလဲလျက်ရှိပါသည်။ မနေ့ကနှင့်ဒီနေ့ မတူတော့သလို ဒီနေ့နှင့် မနက်ဖြန်လည်း တူတော့မည် မဟုတ်ပေ။ ကျွန်တော်တို့၏ လူမှုဘ၀ပတ်ဝန်းကျင်၌လည်း အခြေအနေ အချိန် အခါအရ အသက်အရွယ် အပိုင်းအခြားများအလိုက် အသိဉာဏ်နှင့် အကျင့်စရိုက်များလည်း ပြောင်းလဲရမည်ဖြစ်ပေသည်။
သို့သော် ပြောင်းလဲမှုတိုင်း သည် အဓိပ္ပာယ်ရှိရှိ ပြောင်းလဲကြရမည်ဖြစ်သည်။ ဘ၀အတွက် ပြောင်းလဲပြင်ဆင်မှု၊ ကြိုးပမ်းအားထုတ်မှု၊ ဇွဲ၊ လုံ့လ၊ ၀ီရိယများ နည်း ပါးနေမည်ဆိုပါက အခြားသူများ၏ နောက်မှ ရပ်တည်နေကြရမည်ဖြစ်သည်။ ယနေ့အချိန်အခါသည် ရေသာခို အချောင်လိုက်၊ အလိုလိုက် အကြိုက်ပေး၍ရတော့မည့် အနေအထားမျိုး မဟုတ်တော့ပါ။ အရည်အချင်း ရှိလျှင် ရှိသလို အသိအမှတ်ပြုပေးနေသည့် ခေတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အတွက် ကျွန်တော်တို့ အမှောင်ဘ၀ထဲ၌ အိပ်မောကျနေရမည့်အချိန် မဟုတ်တော့ပေ။ ရှေ့ပြောင်းလဲလာမည့်အနာဂတ်အတွက် လိုအပ်သမျှ ကြိုတင်ပြင်ဆင်မှုများ အဆင်သင့် ပြုလုပ်ထားကြရမည်သာဖြစ်ပြီး နိုင်ငံ့ဂုဏ်ကို ပြောင်းလဲမြှင့်တင်ကြရတော့မည် ဖြစ်သည်။
မည်သည့်နိုင်ငံ၊ မည်သည့် တိုင်းပြည်မဆို စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၌ အဂတိတရား ကင်းရှင်းစွာဖြင့် စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားကြမှသာ အဆိုပါ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူများ၏ လူမှုစီးပွားရေးဘ၀များလည်း ပြောင်းလဲ၍ သာယာဝပြောလာမည် ဖြစ်ပါသည်။ သို့ဖြစ်၍ ပြောင်းလဲလာသော စနစ်နှင့်အညီ ပြည်သူ့ရေးရာ ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ရင်း ယခင်ကထက် ၀န်ထမ်းများသည်  မိမိတို့၏ အရည်အချင်းများကို စွမ်းရည်မြှင့်တင်သွားကြရန် လိုအပ်လှပါသည်။ နိုင်ငံတစ်နိုင်ငံသည် မည်သို့သော စနစ်၊ မည်သို့သော အုပ်ချုပ်မှုပုံစံဖြင့် စီမံခန့်ခွဲအုပ်ချုပ်သည်ဖြစ်စေ၊ လက်တွေ့ အကောင်အထည်ဖော်နေကြရသည့် ၀န်ထမ်းများ၏ အရည်အသွေးနှင့် စွမ်းဆောင်ရည်မှာ များစွာ အရေး ကြီးလှသောကြောင့် ဖြစ်ပါသည်။
ယနေ့ ကမ္ဘာအနှံ့အပြားရှိ နိုင်ငံများ၌ ပြောင်းလဲနေသည့် ခေတ်စနစ်ကြီးနှင့်အညီ အုပ်ချုပ်ရေးယန္တရား အသီးသီးတွင် အကျင့်ပျက်ခြစားနေမှုသတင်းများအား သတင်းဌာနအသီးသီးတွင် ဖတ်ရှု ကြားသိနေရပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံနှင့် အနီးကပ်ဆုံး စီးပွားရေး အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံနှင် အိန္ဒိယလို နိုင်ငံကြီးများ၊ အချို့သော ဒေသတွင်း အာဆီယံနိုင်ငံများ၊ မြန်မာနိုင်ငံနှင့် အလှမ်းကွာဝေးလှသည့် နိုင်ငံများပင်မကျန် ကမ္ဘာ့နိုင်ငံတော်တော်များများ၌ အကျင့်ပျက်ခြစားနေမှုများ တိုက်ဖျက်နေကြရသည်။
နိုင်ငံအလိုက် အကျင့်ပျက်ခြစားမှုများ မပျောက်ပျက်သရွေ့ အဆိုပါနိုင်ငံရှိ ပြည်သူများသည်လည်း အကျင့်ပျက် ခြစားမှုများ၏ ဒဏ်ကို ခံစားရမည်မှာ သေချာလှသည်။ နိုင်ငံအတွင်း လာဘ်ပေး၊ လာဘ်ယူမှုများ ကင်းစင်မှသာ ထိုနိုင်ငံ၏ အနာဂတ် ကောင်းမွန်လာမည်ဖြစ်သည်။

သို့ဖြစ်၍လည်း ကျွန်တော်တို့နိုင်ငံ၌ သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အစိုးရ ပေါ်ပေါက်လာရေးအတွက် ဦးဆောင်လမ်းပြ ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်သမ္မတကြီးမှ အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်ပြီး 'အဂတိလိုက်စားမှု၊ အာဏာ အလွဲသုံးစားပြုမှု၊ မလျော်မကန် ပြုလုပ်နေမှုများနှင့် ပတ်သက်၍ အသိပေးခြင်း၊ သတိပေးခြင်း၊ အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ခေတ်စနစ်နှင့်အတူ ပေါက်ဖွားလာသည့် အကျင့်ပျက်ခြစားမှုများသည် မိဘပြည်သူများအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေရုံသာမက နိုင်ငံ တော် တည်ဆောက်ရေးအတွက်လည်း အတားအဆီး အနှောင့်အယှက်များဖြစ်ကြောင်း ဆူးငြောင့်ခလုတ်များ ဖယ်ရှားနိုင်မှ လျှောက်လှမ်းရမည့် ခရီးလမ်း ချောမွေ့လာမည်ဖြစ်ကြောင်း' ပြည်သူများသို့ အသိပေးထားပြီး ဖြစ်ပါသည်။
နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းအား လေးလေးနက်နက် ကြည့်ရှုခြင်းအားဖြင့် ကျွန်တော်တို့တိုင်းပြည်၌လည်း အုပ်ချုပ်ရေး ယန္တရားများအတွင်း အကျင့်ပျက် ခြစားမှုများ ရှိနေသေးကြောင်း ပြသနေသည့်သဘောပင် ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး ပြောကြားသကဲ့သို့ ခေတ်စနစ်နှင့်အတူ ပေါက်ဖွားလာသည့် အကျင့်ပျက်ခြစားမှုများ မပျောက်ပျက်နိုင်သေးခြင်းသည် နိုင်ငံဂုဏ်သိက္ခာကို များစွာကျ ဆင်းနေကြောင်း နားလည်သင့်ချိန် တန်ပါပြီ။ မိမိတို့၏ ပတ်ဝန်းကျင်၌လည်း တည့်မတ်ထိန်းကျောင်းပေးမည့် ပြည်တွင်း၊ ပြည်ပမီဒီယာများ၊ ပြည်ပ အသံလွှင့်ဌာနများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဘာသာရေး၊ လူမှုရေး အသင်းအဖွဲ့အစည်းများသည် ယနေ့အချိန်အခါ၌ တည်ရှိနေသည်ကို သတိမူကြရပါမည်။ သို့ဖြစ်၍ မိမိတို့ ဂုဏ်သိက္ခာ၊ မိသားစု ဂုဏ်သိက္ခာ၊ နိုင်ငံဂုဏ်သိက္ခာအပေါ် ငဲ့ ကွက်ပြီး မိမိတို့၏ စိတ်ထားများ ပြုပြင်ပြောင်းလဲကာ မိမိတို့၏ အရည်အသွေးနှင့် စွမ်းရည်များကို အရင်ကနှင့် မတူအောင် ပြောင်းလဲကျင့်ကြံ ဆောင်ရွက်သွားကြရမည်သာ ဖြစ်ပါသည်။

အမှောင်ဘ၀ထဲ၌ အိပ်မောကျနေရမည့်အချိန် မဟုတ်တော့ပေ။ ရှေ့ပြောင်းလဲလာမည့် အနာဂတ်အတွက် လိုအပ်သမျှ ကြိုတင်ပြင်ဆင်မှုများ အဆင်သင့် ပြုလုပ်ထားကြရမည်သာဖြစ်ပြီး . . .
နိုင်ငံ့ဝန်ကို ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်းများနည်းတူ (ကျွန်တော်အပါအ၀င်) ကျွန်တော်တို့လူမျိုးများ၏ စိတ်ထားများလည်း ပြင်ဆင်ပြောင်းလဲရန် အများကြီး လိုသေးသည်ဟု ထင်ပါသည်။ ခေတ်စနစ်ကြီး ပြောင်းလဲလာသည်နှင့်အမျှ နိုင်ငံရေးအသိ၊ စီးပွားရေးအသိ၊ ပ ညာရေးအသိများ အဖက်ဖက်မှ နိုးကြားတက်ကြွ ရှင်သန်နေဖို့ လိုပါမည်။ ခေတ်စနစ်၏ တိုးတက်မှု အရှိန်အဟုန်များနှင့်အတူ ကမ္ဘာနှင့် ရင်ပေါင်တန်း အမီလိုက်နိုင်ဖို့ အများကြီး ကြိုးစားဖို့ လိုမည်ထင်ပါသည်။ ကမ္ဘာ့ရေးရာတွေမှာ ထဲထဲဝင်ဝင်ဖြစ်အောင်၊ ဒေသတွင်းနိုင်ငံများနှင့် ရင် ပေါင်တန်းပြီး ကျော်လွှားနိုင်အောင် အရင်ဆုံး ကျွန်တော်တို့ရဲ့ စိတ်ထားများကို ပြုပြင်ပြောင်းလဲပစ်ကြရမည်ဖြစ်သည်။ ကဏ္ဍအသီးသီး၊ နယ်ပယ်အသီးသီး၌ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ အတ္တဆန်သည့် စိတ်ဓာတ်များ၊ အမြင်ကျဉ်းမြောင်းပြီး ရောင့်ရဲတင်းတိမ်ချင်သည့်  စိတ်ဓာတ်များ၊ ကိုယ့်လူမျိုးအချင်းချင်း အပုပ်ချဝေဖန်၊ မနာလိုဝန်တို သေးသိမ်သည့် စိတ်ဓာတ်များ၊ ကိုယ့်ထက်သာ မနာလို မုဒိတာမပွားနိုင်သည့် စိတ်ဓာတ်များ၊ တော်ရင်တော်သလို နေရာမပေးချင်သည့် စိတ်ဓာတ်များ၊ ဘုရားပြီး ငြမ်းဖျက်ချင်သည့် စိတ်ဓာတ်များအပေါ်၌ အများကြီး ပြုပြင်ပြောင်းလဲကြရပါမည်။ သို့မှသာလျှင် ပြောင်းလဲလာမည့် အနာဂတ်၌ တိုးတက်ကြီးပွား၊ ရှင်သန်နိုင်မည့် ဘ၀များကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်ပါသည်။
ယနေ့ အချိန်အခါတွင် နိုင်ငံတော်သမ္မတကြီးနှင့်တကွ နိုင်ငံ့ခေါင်းဆောင်များသည် ပြည်သူတို့၏ဆန္ဒ ပြည်သူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အမြော်အမြင်ကြီးမားစွာဖြင့် အခြေအနေ၊ အချိန်အခါ ကိုကြည့်ပြီး ဖြစ်ပေါ်လာနိုင်သည့် အကြောင်းတရားများအပေါ် မူ တည်ကာ စဉ်းစားဆင်ခြင်ပြီး အုပ်ချုပ်ရေး ၊တရားစီရင်ရေး၊ ဥပအဒေပြုရေးကဏ္ဍများ၌ တစ်လှမ်းချင်း၊ တစ်ဆင့်ချင်း ပြင်ဆင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိနေပြီ ဖြစ်ပါသည်။ ထို့အတူ အောက်ခြေအဆင့်၌ လက်တွေ့လုပ်ကိုင် အကောင် အထည်ဖော် ဆောင်ရွက်ပေးနေကြသည့် ပြည်သူ့ဝန်ထမ်းများသည် လည်းကောင်း၊ ကျွန်တော်တို့ တိုင်းပြည် ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးသို့ ချီတက်ရာ၌ ကျရာအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်လုပ်ကိုင် ဆောင်ရွက်နေကြသော လူထုလူတန်းစား အလွှာအသီးသီးနှင့် အဖွဲ့အစည်း အသီးသီးတို့သည်လည်းကောင်း၊ မိမိတို့၏ စိတ်ဓာတ်နှင့် အကျင့်စရိုက်များ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲကာ နိုင်ငံ့အကျိုး၊ ပြည်သူတို့၏ အကျိုးသယ်ပိုးရင်း မိမိတို့ လူမျိုး၊ မိမိတို့ နိုင်ငံ၏ ဂုဏ်သိက္ခာကို စိတ်သစ်၊ လူသစ်၊ ခွန်အားသစ်များဖြင့် ပူးပေါင်း လက်တွဲ ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်း ရေးသားလိုက်ရပါသည်မ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...