Monday, May 28, 2012

သူငယ်ချင်းတွေ စာဖတ်ကြစေချင်

သူငယ်ချင်းတွေ စာမဖတ်ကြပါ။ ကျွန်တော့် သူငယ်ချင်းများ စာမဖတ်ကြပါ။ ကျွန်တော့် သူငယ်ချင်းများ၏ သူငယ်ချင်းများလည်း စာမဖတ်ကြပါ။ ကျွန်တော်သည် ဆယ်ကျော်သက် လူငယ်တစ်ဦး ဖြစ်၍ ကျွန်တော့် သူငယ်ချင်း ဆယ်ကျော်သက် လူငယ်များ အကြောင်း အတန်အသင့် သိရှိ နားလည်ထားသည်။ သူတို့အကြောင်း၊ သူတို့ဘ၀၊ သူတို့ စိတ်နေစိတ်ထား၊ သူတို့ ၀ါသနာ၊ သူတို့ ခံယူချက်များကို လေ့လာ စူးစမ်းရင်း သူတို့နှင့် ဆက်နွယ် ပတ်သက် နေကြသော မိဘမောင်နှမ ဆွေမျိုးသားချင်း အပေါင်းအသင်းများ အကြောင်းကိုပါ ရိပ်စား သိရှိ လာခဲ့ရသည်။


ထိုသို့ ရိပ်စားမိခြင်းကို ခြုံငုံ သုံးသပ်၍ ကောက်ချက် တစ်ခု ဆွဲကြည့်သောအခါ တွေ့ရှိလာရသည်က  လူအများစုသည် စာမဖတ်ကြခြင်းပင် ဖြစ်သည်။ စာကို လုံးဝ မဖတ်ကြပေ။ စာဖတ်နေလျှင် သူတို့၏ Chatting ထိုင်ခြင်း၊ ရည်းစားနှင့် ချိန်းတွေ့ခြင်း၊ ဂိမ်းဆော့ခြင်း၊ ဆိုင်ကယ် လျှောက်စီးခြင်းများ ပြုလုပ်ရမည့် အဖိုးတန် အချိန်များ ဆုံးရှုံး သွားလိမ့်မည်ဟု စွဲမြဲစွာ ခံယူ ထားကြလေသည်။ လူငယ်များ ဤသို့ ခံယူထားခြင်း၏ အဓိက ရင်းမြစ်မှာ မိဘများကြောင့် ပင်ဖြစ်သည်ဟု ကျွန်တော်တစ်ဦးတည်း၏ ထင်မြင်ချက်နှင့် ဆိုချင်ပါသည်။

အဘယ်ကြောင့်ဆိုသော် မိဘများက သူတို့၏ သားသမီးများ ကာတွန်း စာအုပ်၊ ၀တ္ထုစာအုပ်များ ဖတ်နေလျှင် စာကျက်ချိန် ပျက်မည်၊ ကျောင်းစာကို အနှောင့်အယှက် ဖြစ်မည်ဟု တွေးထင်ယူဆကာ တားမြစ်ကြလေသည်။ တားမြစ်ရာတွင် သားသမီးများကိုပါ တားမြစ်သည် မဟုတ်ဘဲ သူတို့ကိုယ်တိုင် လည်း စာအုပ်စာပေကို ယောင်လို့မျှ လှည့်မကြည့်ပေ။

“ငါတို့တောင် မဖတ်တာ နင်က ဘာကဲတာတုံး”ဟူသော ဗီတို အာဏာဖြင့် ကလေးများ၏ စာဖတ်ခွင့်ကို ရုပ်သိမ်းတတ်ကြသည်။

ထိုအခါ လူငယ်များ စာမဖတ်ကြခြင်းသည် အဆန်း မဟုတ်တော့။ သို့သော် သူတို့အမြင်၌ စာဖတ် သော လူငယ်များသည် အဆန်းတကြယ် ဖြစ်နေလေသည်။ စာကပေးသော အသိ၊ စာကပေးသော အမြင်၊ စာကပေးသော အတွေ့အကြုံ၊ စာကပေးသော အားမာန်များကြောင့် အရာရာ ရဲရင့် တက်ကြွနေသည် ကို အားကျစိတ် မ၀င်ဘဲ ထိုသူ၏နောက်မှ အချောင်ကပ်လိုက်၍ မှီခိုရန်သာ အသင့်ဖြစ်နေကြတော့သည်။

စာဖတ်ခြင်းဖြင့် မိမိကိုယ်မိမိ မြှင့်တင်နိုင်သည်။ မိမိပတ်ဝန်းကျင်ကို မြှင့်တင်နိုင်သည်။ စာဖတ် ခြင်းဖြင့် မိမိလက်ခံ ထားခဲ့သော မှားယွင်းနေသည့် အယူအဆများကို လမ်းကြောင်းပေါ် တည့်မတ်စေ နိုင်သည်။ မိမိ၏ အနာဂတ် မျှော်လင့်ချက်၊ ရည်မှန်းချက်များကို တစ်ဆစ်ချိုး ပြောင်းလဲ စေနိုင်သည်။ ဒါ ကို သူတို့မသိကြ။ နားမလည်ကြ။ စာကိုမဖတ်ကြ။ လျစ်လျူ ရှုထားကြသည်။ ဥပေက္ခာ ပြုထားကြ သည်။

ထိုစာမဖတ်သော လူငယ်များတွင် အုပ်စုနှစ်စု ထပ်ကွဲလေသည်။ တစ်စုက ကျောင်းစာတွင် ထူးချွန်သူများ ဖြစ်၍ စာဖတ်နေလျှင် ငါတို့ ကျောင်းစာမှာ နောက်ကျမည်။ အနှောင့်အယှက် ဖြစ်မည်ဟု ယူဆကာ စာမဖတ် သူများ ဖြစ်သည်။ နောက် တစ်စုက ကျောင်းစာ၌လည်း ပျော်မွေ့ခြင်း မရှိ၊ ဗဟုသုတ စာအုပ် စာပေ၌လည်း စိတ်ပါဝင်စား ခြင်း မရှိသူများဖြစ်သည်။

ပထမတစ်က ပညာကို သူတို့လေ့လာ လိုက် စားခဲ့သော ကျောင်းသင်ခန်းစာများမှ ပြည့်စုံလုံ လောက်စွာ ရရှိခဲ့ပြီဟု ထင်နေကြသည်။ ကျောင်း စာကိုအလွတ်ကျက်၊ အာဂုံဆောင်နိုင်သည် လောက်၊ မဟာဘွဲ့၊ ဒေါက်တာ ဘွဲ့တွေ  ရသည့်လောက်ကို ပညာဟု ခေါ်ဆို၍မရသေး။ မပြည့်စုံ သေးပါ။ လောက၌ မိမိရင်ဆိုင်ကြုံတွေ့လာသမျှ အဖြစ်အပျက်၊ အကြောင်းအရာတို့အား ဘယ်ဟာ ကအမှန်၊ ဘယ်ဟာက အမှားဟူ၍ ခွဲခြား သိမြင်ပြီး အမှန်ကို လက်ခံကျင့်သုံးနိုင်ခြင်းသည်သာ ပညာဖြစ်ပါသည်။

ကျောင်းစာတော်နေရုံမျှနှင့် မိမိကိုယ်မိမိ ပညာရှိလှပါပြီ၊ ပညာတတ်လှပါပြီဟု အထင် မရောက်သင့်ပါ။ ကျောင်းစာတွင် သူတကာ မယှဉ်နိုင်အောင် ထူးချွန်သူတို့ ပြင်ပစာပေဖတ် ရှုမှုကို လေ့လာလိုက်စားလျှင် စာကပေးသော အသိအမြင်များကို ထက်မြက်သော ဦးနှောက်၏ စေ့ဆော်မှုကြောင့် လွယ်လင့်တကူ လက်ခံရရှိ နိုင်မည်ဖြစ်သည်။ ပညာနှင့် အတွေးအခေါ် ပေါင်းစပ်ခြင်းသည် လူ့လောကကို မြေသြဇာ ထည့်ကာ ရေလောင်း ပေါင်းသင်ပေးခြင်းပင် ဖြစ်သည်ဟု ကျွန်တော် ခံစားမိပါသည်။ စာက ပေးသော အသိအားဖြင့် မိမိပညာ ရပ်စွမ်းရည်ကို ပိုမို မြှင့်တင်နိုင်ရန် ပထမအုပ်စုမှ လူငယ်များ စာဖတ်ဖို့ လိုအပ်လှပါသည်။

ဒုတိယ အုပ်စုမှ လူငယ်များ အဖို့ စာအုပ် စာပေကို ပထမအုပ်စုမှ လူငယ်များထက် ပို၍ ဖတ်သင့်ပါသည်။ အဘယ်ကြောင့် ဆိုသော် ပထမအုပ်စုမှ လူငယ်များသည် ဘာသာရပ်ဆိုင် ရာ ပညာ အခြေခံသော အသိက စိတ်ထဲ ကိန်းအောင်းပြီးသားမို့ စာကပေးသော Message ကို ခက်ခက်ခဲခဲ ဝေဖန်ဆန်းစစ်ရန် မလိုပေ။

ဒုတိယအုပ်စုမှ လူငယ်များကျတော့ ပညာ ရပ်အခြေခံသော အသိကလည်း မရှိသဖြင့် စာ၏ အဓိပ္ပာယ်ကို နက်နက်နဲနဲ တူးဆွ နေရဦးမည်။ ထို့ ကြောင့် စာအုပ်စာပေကို များများစားစား ဖတ်ရှု ပြီး ပညာရပ် အခြေခံ အသိရှိနှင့်ပြီးသူများနှင့် တစ်ပြေးညီ ရင်ပေါင်တန်းကာစာ၏ အဓိပ္ပာယ်ကို လွယ်လင့်တကူ နားလည် ခံစားနိုင်ရန် ကြိုး ပမ်းအားထုတ်ရပေလိမ့်မည်။

မည်သို့ဆိုစေ ကျွန်တော့်အမြင်နှင့် ခွဲခြား လိုက်သော လူငယ်နှစ်စုလုံးကတော့ စာအုပ်စာပေ တို့ ဖတ်ရှုရန် လိုအပ်နေသည်ချည်း ဖြစ်ပါသည်။ ဤနေရာတွင် စာမဖတ်ကြသော လူကြီး များနှင့် ပတ်သက်၍တော့ ထူးပြီး မပြောလိုတော့ပါ။ ဆရာကြီး ဦးအောင်သင်းစကားနှင့်ပြောရ လျှင် လူကြီးတွေက မျှော်လင့်ချက် မရှိကြတော့ ပါ။ အသက်အရွယ် ကြီးရင့်ချိန်မှ စာထဖတ်လျှင် လည်း သူတစ်ဦးတည်းအတွက်သာ အမြင်မှန်ရ နိုင်ပါလိမ့်မည်။ အမြင်မှန် ရလျှင်လည်း သူ့အဖို့ ဘာမျှလုပ်လို့ မရတော့ပါ။ အချိန်တွေက နှောင်း သွားခဲ့ပြီ ဖြစ်သည်။ အများနှင့် ပတ်သက်၍ သူ သိမြင်လာရလျှင်လည်း သူသည် ထိုအရာကို မီး မောင်းထိုးပြနိုင်ရုံသာ ရှိပါမည်။

ကျွန်တော်တို့ လူငယ်များက သူတို့မီးမောင်း ထိုးပြသော အရာကို ပြင်ဆင် တန်ပြင်ဆင်၊ ဖြည့် စွက်တန် ဖြည့်စွက်၊ ဆောင်ရွက်တန် ဆောင်ရွက်နှင့် အနာဂတ် ကမ္ဘာကို တည်ဆောက်ကြရမည် ဖြစ်သည်။ အနာဂတ် ကမ္ဘာသည် လူငယ်များ၏ လက်ထဲတွင်သာ ရှိနေသည်ဟု ဆိုချင်ပါသည်။ ထို့ကြောင့်လူငယ်များသည် မိမိပခုံးပေါ်သို့ ကျ ရောက်လာသော သမိုင်း တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် ပညာရည်ပြည့်ဝနေဖို့ လိုအပ် ပါသည်။ ပညာရည် ပြည့်ဝနေရန် အတွက်ကား အခြား မလိုအပ်ပါချေ။ စာဖတ်ခြင်းသာ အဓိက လိုအပ်ပါသည်။ အချိန်နှောင်းကာမှ စာဖတ်ပြီး အမြင်မှန်ရကာ ဘာမျှမလုပ်ဆောင်နိုင်သည့် လူမျိုးမဖြစ်စေရန် ငယ်စဉ်ကပင်စာဖတ်ကြရမည် ဖြစ်သည်။ စာဖတ်ရင်း မိမိဦးနှောက်ဉဏ်ကို သွေးကာ စာကပေးသော အသိအမြင်နှင့် မိမိ အတွေးအထင်တို့ကို ပေါင်းစပ်ပြီး စမ်းသပ်ဖန် တီးတီထွင်မှုများဖြင့် မိမိကိုယ်ကို၊ မိမိပတ်ဝန်း ကျင်ကို ပြုပြင်လျက် အနာဂတ် ကမ္ဘာကို တည်ဆောက်ကြရမည် ဖြစ်ပါသည်။

ထို့ကြောင့် ကျွန်တော်၏ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ လူငယ်များ ခင်ဗျာ။ ခန္ဓာကိုယ်၏ နုပျိုခြင်း၊ အသက်အရွယ်၏ နုပျိုခြင်း၊ ဦးနှောက်၏ နုပျိုခြင်း စသည့်လတ်ဆတ်မှု အပေါင်းစုဝေး ပေါင်းဆုံနေသည့် လူငယ်ဘ၀ အတွင်း ရရှိလာသည့် အချိန် ကာလကလေးမှာ စာအုပ်စာပေကို မဖြစ်မနေ ဖတ်ရှုကြပါရန် တိုက်တွန်း လိုက်ရပါ သည် ခင်ဗျား။  

Written by ဝေမိုးနိုင်
Shwe Amyu Tay

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...