Wednesday, May 30, 2012

ဆိတ်ကွယ်ရာကို ကျုံ့လာတဲ့ နည်းပညာသစ်များ


နိုင်ငံသားတိုင်းရဲ့ ပုဂ္ဂလ အခွင့်အရေး (ပရိုက်ဗေစီ)ကို အသိအမှတ်ပြု ကာကွယ်ပေးရိုး ထုံးစံ ရှိတယ်။  ဒါပေမဲ့ အဲဒီ ပရိုက်ဗေစီကို ပိုမို သိမ်မွေ့စွာနဲ့ ပိုမို အလှမ်းကျယ်စွာ ထိပါးလာနိုင်တဲ့ နည်းလမ်းတွေဟာ အစိုးရအတွက် အခွင့်အလမ်း တစ်ခု ဖြစ်လာတယ်။ အသစ်ရှာဖွေ တွေ့ရှိမှုတွေနဲ့ တီထွင် ဖန်တီးမှုတွေကလည်း အစိုးရတွေအတွက် ဒီလို အခွင့်အရေးတွေကို အတတ်နိုင်ဆုံး စွမ်းဆောင်ပေးနေတယ်။ ပရိုက်ဗေစီ အခွင့်အရေး ဆိုင်ရာ ပြဿနာကို ပထမဆုံး တင်ပြခဲ့သူကတော့ ၁၉၂၈ ခုနှစ်မှာ တာဝန်ယူ ထမ်းဆောင်ခဲ့သူ တရားရုံးချုပ် တရားသူကြီး လူးဝစ် ဘရန်ဒေးစ်ပါပဲ။
ယနေ့ခေတ်မှာတော့ သူတွေးထင်ထားတာထက် အများကြီး ရှေ့ကို ရောက်လာတဲ့ စုံစမ်း ထောက်လှမ်းရေး နည်းပညာသစ်တွေ ပေါ်ထွန်းနေပြီ ဖြစ်တယ်။ စစ်အေးတိုက်ပွဲ နိဂုံးချုပ်ပြီး နောက်ပိုင်းမှာ စုံစမ်းထောက်လှမ်းရေး နည်းပညာသစ် တိုးတက်ဖွံ့ဖြိုးမှုဟာ အလွန်မြန်ဆန်လာတယ်။

ပုခက်တွင်းမှ ခေါင်းတလား၊ ဘဏ်စာအုပ်မှ လျောင်းစက်ရာအိပ်ခန်း အထိ ကျယ်ပြန့်လွန်းတဲ့ နယ်စည်းမခြား စုံစမ်း ထောက်လှမ်းရေး Website ကြီးကို ဖန်တီးပေးခဲ့တယ်။ ကာကွယ်ရေး ဌာနဆိုင်ရာ လုပ်ငန်းတွေက နည်းပညာသစ်တွေကို တိုးတက် ဖွံ့ဖြိုးစေတယ်။ အဲဒီ နည်းပညာသစ်တွေဟာ ဥပဒေစိုးမိုးရေး နယ်ပယ်၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ အတွင်းသို့ ဖြန့်ခွဲ ဝင်ရောက်နေကြတယ်။ အဲဒီအချိန်မှာပဲ ခေတ်မမီတော့တဲ့ ဥပဒေတွေနဲ့ စည်းမျဉ်းတွေက နည်းပညာ အသုံးပြု ထိပါးစော်ကားမှုတွေ ကျယ်ပြန့်လာခြင်း အပေါ် စစ်ဆေး ကာကွယ်ပေးနိုင်စွမ်း မရှိဘူး။ ဘရန်ဒေးစ်ခေတ်မှသည် ၁၉၆၀ ပြည့်လွန် နှစ်များအထိ စုံစမ်း ထောက်လှမ်းရေး နည်းပညာတွေ မဖွံ့ဖြိုးသေးဘူး။ စုံစမ်း ထောက်လှမ်းလိုသူတွေထဲ လက်လှမ်းမီသမျှ ချဉ်းကပ်ပြီး တကောက်ကောက် လိုက်နောက်ယောင်ခံတဲ့ နည်းလမ်းတွေပဲ ရှိသေးတယ်။ အဲဒီ လူတွေထံမှ စုံစမ်း မေးမြန်းရသမျှကို လက်နှိပ်စက်နဲ့ ရိုက်ပြီး သတင်းပေးကြတယ်။ ဒီအစီရင်ခံစာတွေကို ဗီရိုကြီးတွေထဲမှာ ဖိုင်တွဲပြီး သိမ်းဆည်းထားကြတယ်။

အီလက်ထရောနစ် စုံစမ်း ထောက်လှမ်းရေး ဆိုတာကလည်း အလားတူ ခေတ်မမီသေးဘူး။ အရှေ့ဂျာမနီမှ လျှို့ဝှက် ရဲတပ်ဖွဲ့ဟာ သတင်းပေး ၅၀၀,၀၀၀ အလုပ်ခန့်ထားပြီး အဒီအထဲမှ ၁၅,၀၀၀ ခန့်က အရပ်သားချင်း ဆက်သွယ် ပြောဆိုမှုတွေက ကြားဖြတ်ခိုးယူ နားထောင်ပြီး သတင်းရယူခဲ့တယ်။ သတင်းအချက်အလက် အမြောက်အမြားကို ဗဟိုဌာန တစ်ခုထဲမှာ စုဆောင်း သိမ်းဆည်းပြီး လိုအပ်သလို ဆောင်ရွက်နိုင်တဲ့ စွမ်းအားမြင့် ကွန်ပျူတာတွေ ဖန်တီးနိုင်ခြင်းဟာ စုံစမ်းထောက်လှမ်းရေး လုပ်ငန်းကြီးက တော်လှန် ပြောင်းလဲပစ်ခဲ့တယ်။ ဥပဒေ စိုးမိုးရေးဆိုင်ရာ Application တွေ တီထွင် ဆန်းသစ်ရေးအတွက် ငွေတွေ ပုံအောကြတယ်။ အုပ်ချုပ်ရေးက ပိုမို ထိရောက်စေပြီး ကျယ်ပြန့်စွာ လွှမ်းမိုးနိုင်တဲ့ ကွန်ပျူတာ အသုံးပြုစနစ်သစ်တွေကို အသုံးပြုခဲ့တယ်။ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍကလည်း အကျိုးအမြတ်တွေ ရနိုင်သမျှရအောင် ယူဖို့အတွက် စူးစမ်း လေ့လာကြတယ်။ တယ်လီဖုန်း ခရက်တစ်ကတ်၊ ဘဏ်နဲ့ အခြား ဝန်ဆောင်မှု လုပ်ငန်းတွေက လက်ကုန်ဖွင့် ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေ စွမ်းဆောင်နိုင်မှုကို တိုးတက်ဖွံ့ဖြိုး စေရုံမျှသာမကဘဲ မားကတ်တင်းနဲ့ အခြား လုပ်ငန်းအစီအစဉ်တွေအတွက် ကွန်ပျူတာအသုံးချမှုကို ကျယ်ပြန့်စွာ ဆောင်ရွက်ခဲ့တယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေမှ လူတိုင်းနီးပါးရဲ့ သတင်းအချက်အလက်တွေကို အစိုးရနဲ့ ကော်ပိုရေးရှင်းတွေက စုဆောင်းထားတဲ့ ခွဲခြားစိတ်ဖြာ သုံးသပ်ထားတဲ့ ဖြန့်ဖြူးထားတဲ့ ရာပေါင်းများစွာသော Database တွေထဲမှာ ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်ထားတယ်။ ပြီးတော့ အဲဒီကွန်ပျူတာတွေကို ချိတ်ဆက်ထားပြီး ၎င်းတို့ရဲ့ ဆိုက်ဘာ အတင်းအဖျင်းနဲ့ သတင်းတွေကို မျှဝေ ဖလှယ်ကြတယ်။ ယနေ့ခေတ်မှာ တိုးတက် ဖွံ့ဖြိုးလာတဲ့ မျိုးဗီဇ၊ ဆေးသုတေသန၊ ကျန်းမာရေး ပြုစုစောင့်ရှောက်မှု၊ ခေတ်မီ သယ်ယူပို့ဆောင်ရေးစနစ်နဲ့ ဘဏ္ဍာရေးဆိုင်ရာ အရွှေ့အပြောင်းတွေရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို ပိုမို ရယူနိုင်လာတယ်။ စစ်အေးတိုက်ပွဲ အလွန်မှာတော့ အစိုးရတွေရဲ့ စုံစမ်းထောက်လှမ်းရေး အဖွဲ့တွေဟာ လမ်းကြောင်းသစ်တွေ ရှာဖွေပြီး လှည့်ပြောင်းလာကြတယ်။ စီးပွားရေးနယ်ပယ်နဲ့ ဥပဒေစိုးမိုးရေး နယ်ပယ်မှ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေကို ဇောင်းပေးလာကြတယ်။ အကြမ်းဖက်ဝါဒ၊ မူးယစ်ဆေးဝါး မှောင်ခိုနဲ့ တရားမဝင် ငွေမည်း တိုက်ဖျက်ရေး ကဲ့သို့သော လုပ်ငန်းတွေကို အာရုံစိုက်လာကြတယ်။

ခေတ်မီ ကွန်ပျူတာတွေနဲ့အတူ စုံစမ်းထောက်လှမ်းရေး ကိရိယာတွေကို ထုတ်လုပ် ရောင်းချကြတယ်။ ဒီစုံစမ်းထောက်လှမ်းရေး ကိရိယာတွေဟာ ဥပဒေစိုးမိုးရေး၊ နယ်စပ်လုံခြုံရေး၊ လူမှုဖူလုံရေး အသင်းအဖွဲ့ ကဲ့သို့သော လုပ်ငန်းတွေမှာ အသုံးပြုတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသုံးပြုဖို့အတွက်လည်း ဒီကိရိယာတွေကို အမြောက်အမြား ထုတ်လုပ် ရောင်းချကြတယ်။ ကော်ပိုရေးရှင်းတွေကလည်း စုံစမ်းထောက်လှမ်းရေး နည်းပညာတွေကို အသုံးပြုပြီး ဈေးကွက်နဲ့ ဖောက်သည်ရရှိရေးနဲ့ ဝန်ထမ်းတွေကို စောင့်ကြည့်ထိန်းချုပ်ရေး လုပ်ငန်းတွေကို လက်မနှေးစွာ ဆောင်ရွက်လာကြတယ်။ ဒီနည်းပညာတွေဟာ အကြမ်းဖျင်းအားဖြင့် စုံစမ်း ထောက်လှမ်းရေး၊ သတ်မှတ် အတည်ပြုရေးနဲ့ ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ခြင်းတို့ဖြင့် သုံးလွန်းတင် ကြိုးတစ်ချောင်းသွယ် ဖန်တီးထားခြင်း ဖြစ်တယ်။ ယခင်ခေတ်မှာ အိပ်မက်ပမာမျှသာ ကြံဆနိုင်တဲ့ စုံစမ်းထောက်လှမ်းရေး စိတ်ကူးတွေဟာ ယနေ့ခေတ်မှာ အဟုန်ပြင်းစွာ အကောင်အထည် ပေါ်နေကြတယ်။ Identification Card တွေကို ရောမခေတ်ကတည်းမှ စပြီး အသုံးပြုခဲ့တယ်။ ကျေးကျွန်၊ စစ်သားနဲ့ အရပ်သားတွေကို ခွဲခြား သတ်မှတ်ပေးထားတဲ့ ကတ်တွေပဲ။ တောင်အာဖရိကနိုင်ငံမှာ အသားအရောင် ခွဲခြားတဲ့ ခေတ်တုန်းက ထုတ်ပေးတဲ့ Passbook ကလည်း ID ကတ် အမျိုးအစားထဲမှာ ပါဝင်နေတယ်။

ယခုခေတ်မှာတော့ ဓာတ်ပုံ၊ လက်ဗွေ၊ သံလိုက်စက်ကွင်း အသုံးပြု စစ်ဆေးခြင်းနဲ့ မိုက်ခရိုချစ်ပ်တို့ကို အသုံးပြုပြီး စုံစမ်း ထောက်လှမ်းနိုင်ဖို့ ဖန်တီးထားတယ်။ ဥရောပတိုက်မှာ ကျယ်ပြန့်စွာ အသုံးပြုနေတဲ့ Smart Card (စမတ်ကတ်) တွေရဲ့ မိုက်ခရိုချစ်ပ်က စာမျက်နှာပေါင်းများစွာ ဖော်ပြနိုင်တဲ့ သတင်း အချက်အလက်တွေကို စုဆောင်းနိုင်တယ်။ အဆင့်မြင့် အမြင်အာရုံခံ နည်းပညာကို အခြေပြု ထုတ်လုပ်တဲ့ ချစ်ပ်တပ်ဆင်တဲ့ ကတ်တွေက ဆေးကုသမှုဆိုင်ရာ မှတ်တမ်းတွေကို စာမျက်နှာပေါင်း ရာချီပြီး စုဆောင်းပေးနိုင်တယ်။ လုပ်ငန်းပေါင်းမျိုးစုံကို မှတ်တမ်းတင်ပေးနိုင်တဲ့ ကတ်တွေ  ထပ်မံ ပေါ်ထွက်လာလိမ့်မယ်။ ခန္ဓာကိုယ် အမှတ်အသား တိုင်းတာချက်မှုပြုတဲ့ လက်ဗွေရာကို ၁၉ ရာစု နှောင်းပိုင်းမှာ စတင် အသုံးပြုခဲ့တယ်။ အခုတော့ အီလက်ထရွန်နစ် Scan အသုံးပြု စနစ်တွေနဲ့ လက်ဗွေရာတွေကို ဒစ်ဂျစ်တယ်ပြု နည်းစနစ်တွေကို အသုံးပြုလာတယ်။ သမားရိုးကျ နည်းစနစ်တွေထက် မနှိုင်းယှဉ်သာလောက်အောင် တိုးတက် ဖွံ့ဖြိုးလာမှုပဲ။


ပြစ်မှုဆိုင်ရာ စုံစမ်း ထောက်လှမ်းမှုတွေ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်စေနိုင်တယ်။ အလိုအလျောက်စနစ်ဖြင့် လက်ဗွေရာ သတ်မှတ် အသုံးပြုတဲ့စနစ် (AFIS) ကို ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံပြီး တည်ဆောက်ခဲ့တယ်။  အမေရိကန်၊ ကနေဒါ၊ နယ်သာလန်နဲ့ ဂျာမနီတို့မှာ လက်တွေ့ကို တိုင်းတာ သတ်မှတ်ပြီး စုဆောင်းထားတဲ့ စမတ်ကတ်ကို အသုံးပြုပြီး အပြည်ပြည်ဆိုင်ရာ ခရီးသည်တွေကို စစ်ဆေးတဲ့ နည်းစနစ်ကို   စတင် ကျင့်သုံးနေပြီ ဖြစ်တယ်။ ခရီးသည်တွေက အကောက်ခွန်ဌာနမှာ အဲဒီကတ်ကို ပြပြီး လက်ကို စက်မှာ စစ်ဆေးခံရမှာ ဖြစ်တယ်။ ပြီးတော့မှ Database ပေါင်း များစွာနဲ့ ချိတ်ဆက် အတည်ပြု သတ်မှတ် ဖော်ပြလိမ့်မယ်။ သတ်မှတ်ဖော်ပြရေး နည်းပညာတွေကို အလျင်အမြန် တိုးတက်ဖွံ့ဖြိုးအောင် ပြုလုပ်ဖို့ ဆန္ဒပြင်းပြနေတဲ့ အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေက သတင်းအချက်အလက် စုဆောင်းခြင်း နည်းပညာတွေ တီထွင် ဆန်းသစ်ရေးအတွက် ရက်ရက်ရောရော ပံ့ပိုးပေးကြတယ်။

ယခု နည်းပညာသစ်တွေဟာ နံရံတွေကို ထွင်းဖောက်ပြီး မြင်နိုင်စွမ်းရှိသလို အဝေးမှနေပြီး ကြားနိုင်စွမ်းလည်း ရှိတယ်။ ပြီးတော့ လှုပ်ရှားမှုကိုလည်း ထက်ကြပ်မခွာ နောက်ယောင်ခံနိုင်တယ်။ ရေငုပ်သင်္ဘောတွေကို စုံစမ်းထောက်လှမ်းနိုင်တဲ့ မိုက်ခရိုဖုန်း ဆက်သွယ်ရေးစနစ်တွေကိုလည်း စမ်းသပ်နေပြီ ဖြစ်တယ်။ ဒီကိရိယာတွေကို မြို့တော်ပတ်လည်မှာ တပ်ဆင်ထားပြီး သေနတ် ပစ်ခတ်မှုတွေကို ချက်ချင်း သိရှိနိုင်လိမ့်မယ်။  မှုခင်းဖြစ်ပွားရာ နေရာကိုလည်း သတင်းပေးပို့နိုင်မှာ ဖြစ်တယ်။ ရန်သူ့ တိုက်လေယာဉ်ရဲ့ တည်နေရာကို တွက်ချက် သိရှိနိုင်အောင် ဖန်တီးထားတဲ့ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ်တွေမှာ တပ်ဆင်ထားတဲ့ Forward Looking Infrared (FLIR) ဟာ ၀.၁၈ ဒီဂရီ စင်တီဂရိတ်မျှသာ ပြောင်းလဲတဲ့ အပူချိန် အပြောင်းအလဲကိုတောင်မှ ဖော်ထုတ်ပေးနိုင်တယ်။ လျှို့ဝှက် တိုက်ခိုက်မှုတွေနဲ့ အသေခံ တိုက်ခိုက်မှုတွေ အရှိန်အဟုန် အဆင့်တစ်ခုအထိ မြင့်လာခြင်းကြောင့် ဆိတ်ကွယ်ရာမှ ဖန်တီးမှု အသီးသီးကို ထုတ်ဖော် သိရှိစေတဲ့ နည်းပညာတွေ ဖွံ့ဖြိုးလာမှာတော့ သေချာပါတယ်။

ခင်မောင်ဇော်
news.yatanarpon.com.mm

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...