Thursday, May 31, 2012

01.06.2012 နေ့ဖတ်ရန်သတင်းများ


by Myanmar Journal on Thursday, May 31, 2012 at 4:16pm ·

မြန်မာလွှတ်တော်တွေ ပါလီမန် သမဂ္ဂ ကူ
မြန်မာ ပါလီမန် လိုအပ်ချက် သုံးသပ် အကြံပြု
မန်မာပါလီမန် ကို နိုင်ငံတကာ အဆင့်မီအောင် ကူညီ နေတဲ့ နိုင်ငံတကာ ပါလီမန်သမဂ္ဂ က မတ်လ က သွားရောက် လေ့လာ ခဲ့ပါတယ်။
မြန်မာ ပါလီမန်ရဲ့ လိုအပ်ချက် တွေကို လည်း သုံးသပ်ပြီး အကြံပြုချက် ၅ဝ ကျော် ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့ပါလီမန် အဖွဲ့အစည်းပေါင်း ၁၇ဝ ကျော် ပါဝင်တဲ့ IPU အဖွဲ့ အစည်းအနေနဲ့ မြန်မာ ပါလီမန် ကို အကူအညီ ပေးဖို့ ကမ်းလှမ်းခြင်းဟာ လွတ်လပ်ရေး မရခင်က မြန်မာနိုင်ငံ ဟာ IPU အဖွဲ့ဝင် ဖြစ်ကြောင်း၊ နှစ်ပေါင်း ၅ဝ ကျော်၊ မြန်မာလွှတ်တော် မရှိခဲ့လို့ အခုမှ ပြန်လည် ဆက်သွယ်ကြောင်း IPU အဖွဲ့ ရဲ့ အထွေထွေ အတွင်းရေးမှူး Mr Anders B. Johnsson က ဘီဘီစီ ကိုပြောပါတယ်။
အတွေ့အကြုံ နုနယ်တဲ့ မြန်မာပါလီမန် ကို အောင်မြင်တဲ့ ပါလီမန် အဖြစ် ကူညီနိုင်ဖို့ သက်ဆိုင်ရာ မြန်မာ ထိပ်တန်း တာဝန်ရှိသူတွေ နဲ့ မကြာခင် က တွေ့ဆုံခဲ့လို့ ပူးပေါင်း ဆောင်ရွက် စရာတွေ ဆွေးနွေးခဲ့ကြောင်း၊ IPU အနေနဲ့ အကျိုးရှိတဲ့ စီမံကိန်းတွေ ရေးဆွဲပေးလေ့ ရှိပုံလည်း Mr Anders B. Johnsson က ပြောပါတယ်။
မြန်မာ နိုင်ငံ ကို IPU အနေနဲ့ အကြံပြု တာကတော့ ပါလီမန် ဆိုင်ရာ လုပ်ဆောင်မှုတွေ၊ ပါလီမန် ကော်မတီ ရဲ့ လုပ်ငန်းတွေ တင်ပြခဲ့ပုံ၊ သုတေသန စာကြည့်တိုက်၊ အတိုက်အခံ ရဲ့ အခန်းကဏ္ဍ မရှိပုံ၊ ပါလီမန်နဲ့ ပြည်သူ ထိတွေ့ဆက်ဆံမှု ရှိရေး၊ စတာတွေ အကြံပြုခဲ့ကြောင်း လည်း ရှင်းပြပါတယ်။
အချိန်တို အတွင်း ပါလီမန်ခေါ်ယူ အစိုးရ ဖွဲ့နိုင်ပုံ၊ ဘဏ္ဍာရေး စီမံကိန်းဆွဲတာတွေ၊ ပါလီမန် လုပ်ငန်းကော်မတီ ရဲ့ လုပ်ဆောင်မှု ကောင်းမွန်တာတွေက မြန်မာ ပါလီမန်ရဲ့ အံ့သြစရာ ကောင်းပုံလို့ Mr Anders B. Johnsson က ပြောပါတယ်။

မီးပြတ်တဲ့ အကြောင်း တင်ဆက်မိလို့မီးပြတ်တဲ့အကြောင်း တင်ဆက်လို့ တရားစွဲ
လျှပ်စစ်မီး ပြတ်တောက်တဲ့ အကြောင်း သရုပ်ဖော် တင်ဆက်ခဲ့တဲ့ မြန်မာ အနုပညာရှင် တွေကို တရားစွဲ ထားပီး မလေးရှား အနုပညာရှင် ၅ ယောက် ကိုတော့ ပြည်နှင်ဒဏ် ပေးခဲ့တယ်လို့ သိရပါတယ်။
စူးမြင့်သိန်း၊ မောင်နီဦး ၊ အောင်မြတ်ဌေး၊ မိုးစက်နဲ့ တခြား အနုပညာရှင် သုံးယောက်ကို ၁၉၆၄ ခုနှစ် စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများ ကြီးကြပ် အုပ်ချုပ်ရေး ဥပဒေနဲ့ တရားစွဲ ထားတယ်လို့ သိရပါတယ်။
တရားစွဲ ခံရတဲ့ အထဲမှာ အမျိုးသမီး ၂ဦးလဲ ပါပါတယ်။
မေလ ၂၄ ရက်က မန္တလေး မြို့ တောင်ဘက်ကျုံး မှာ သရုပ်ဖော် တင်ဆက်လို့ နယ်မြေခံ ရဲက တရားစွဲ တာပါ။
၂ဝဝဂ ဖွဲ့စည်းပုံမှာ လွတ်လပ်စွာ ရေးသား ဖော်ထုတ်ခွင့်လို နိုင်ငံသား ရပိုင်ခွင့်တွေ ထည့်သွင်း ထားပေမယ့် ဒီလို တရားစွဲတာ နားမလည်ဘူးလို့ အနုပညာရှင် ကိုမိုးစက်က ဆိုပါတယ်။
စီတန်း လှည့်လည်ခွင့်နဲ့ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့် ဥပဒေတွေ ပြဋ္ဌာန်း ထားပေမယ့် နည်းဥပဒေတွေ မထွက်သေးလို့ ရဲစခန်း ခွင့်ပြုချက် ယူရမယ်လို့ အာဏာပိုင်တွေ ဘက်က ပြောဆိုမှု တွေလဲ ရှိခဲ့ပါတယ်။
အရင် စစ်အစိုးရခေတ် မှာတောင် နိုင်ငံခြားက အနုပညာရှင် တွေကို သရုပ်ဖော် တင်ဆက်မှု အတွက် ပြည်နှင်ဒဏ် ပေးတာ မရှိခဲ့ဘူးလို့ ကိုမိုးစက်က ဆိုပါတယ်။


ရခိုင်တိုင်းရင်သား ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံ ကျင်းပ

နောက်ဆုံး ရေးသားချိန် 31 မေလ 2012 - 15:26 GMT

  • Facebook
  • Twitter
  • Send to a friend
  • Print




စစ်တွေမြို့ ဆိပ်ကမ်း
RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီရဲ့ ပထမဆုံး အကြိမ် ပါတီ ညီလာခံ ဒုတိယမြောက် နေ့ကို ကြာသပတေးနေ့က ကျင်းပခဲ့ပါတယ်။
စစ်တွေမြို့ ပညာ လင်္ကာရ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပနေတဲ့ သုံးရက်ကြာ ပါတီ ညီလာခံမှာ ပါတီ ပြန်လည် ဖွဲ့စည်းရေးနဲ့ မူဝါဒ ရေးရာ တွေ အပြင် အကြောင်းချင်းရာ အများ အပြားကို ဆွေးနွေးခဲ့ကြ ပါတယ်။

ဆက်နွယ်နေသော လင့်များ
RNDP ပါတီက DED လို့ အတိုကောက် ခေါ်တဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေး၊ တိုင်းရင်းသားများ သာတူညီမျှ ရရှိရေးနဲ့ ဒီမို ကရေစီရေး လမ်းကြောင်းကို ရောက်အောင် လျှောက်လှမ်းရေး စတဲ့ အချက် သုံးချက်ပါ မူဝါဒတွေ ကို ချမှတ်ထားပြီး ဖြစ်ပါတယ်။
အဲဒီ မူဝါဒ တွေထဲမှာ စစ်မှန်တဲ့ ပြည်ထောင်စု စနစ် ဖြစ်ပေါ်လာရေး ဆိုတဲ့ အချက်ကို ထပ်မံ ထည့်သွင်း လိုက်တယ်လို့ RNDP ပါတီရဲ့ ဗဟို ဦးစီး အဖွဲ့ဝင် ရန်ကုန်တိုင်း ဒေသကြီး အတွက် ရခိုင် တိုင်းရင်းသား ရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဘီဘီစီကို ပြောပါတယ်။
ဗဟိုက ချုပ်ကိုင်တဲ့ စနစ် မဟုတ်ဘဲ ကိုယ်ပိုင် ပြဌာန်းခွင့်တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်စေမယ့် စစ်မှန်တဲ့ ပြည်ထောင်စု စနစ် တနည်း အားဖြင့် ဖက်ဒရယ် ပြည်ထောင်စု စနစ် ပေါ်ပေါက် လာရေး အတွက် ရည်ရွယ် တာလို့ သူက ပြောပါတယ်။
လက်ရှိ အခြေခံ ဥပဒေမှာ တိုင်းနဲ့ ပြည်နယ် လွှတ်တော်တွေ ရှိပေမဲ့ လုပ်ပိုင်ခွင့်တွေ နည်းပါးနေသေးတဲ့ အတွက် ကိုယ်ပိုင် ပြဌာန်းခွင့် ပိုရမှသာ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာပြီး ပိုမို တည်တန့် ခိုင်မြဲမှာ ဖြစ်လို့ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အတွက် လိုအပ်ရင် တိုင်းရင်းသား ပါတီတွေ နဲ့ပါ ဆွေးနွေး ညှိနှိုင်း သွားမယ်လို့ ဦးဇော်အေးမောင်က ပြောပါတယ်။

ပြည်လုံးညီလာခံအတွက် NLD ပြင်ဆင်
By သင်းသီရိ
  • NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုစုံညီ ညီလာခံတခု ကျင်းပနိုင်ဖို့အတွက် ပြည်နယ်နဲ့တိုင်း ကော်မရှင်အဖွဲ့တွေကို စတင် ဖွဲ့စည်းနေပါပြီ။ ရပ်ကွက် ကျေးရွာတွေက အစတိုင်းနဲ့ ပြည်နယ်တွေအထိ အဆင့်ဆင့် အစည်းဝေးတွေ ကျင်းပကာ ပါတီရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်တွေကိုလည်း ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ် တင်မြှောက်သူတွေနဲ့ ပြန်လည် ဖွဲ့စည်းသွားမယ်လို့ NLD ပါတီက ပြောပါတယ်။ ဘယ်တော့လောက် NLD ပါတီ ဗဟိုညီလာခံ ကျင်းပမလဲ ဆိုတာကိုတော့ NLD ပါတီက အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းကို ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

NLD အမျိုးသား ဒ်ီမိုကရေစီအဖွဲချုပ်ဟာ၂၀၁၂ ဇန်န၀ါရီလ (၅) ရက်နေ့က နိုင်ငံရေးပါတီအဖြစ် ခွင့်ပြုချက် ရထားအပြီး အခု NLD ပါတီအတွက် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဗဟိုစုံညီ ညီလာခံကြီး တခုကို ဒီနှစ်ကုန်ပိုင်းတွင်း ကျင်းပနိုင်ဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီကနေ့မေလ ၃၁ ရက် ကြာသာပတေးနေ့မှာ NLD ဗဟိုညီလာခံ ကျင်းပနိုင်ဖို့ အတွက် တိုင်းနဲ့ပြည်နယ် ၃ ခုရဲ့ ကော်မရှင်ကို စဖွဲလိုက်ပြီလို့ NLD ပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်းက ပြောပါတယ်။

"ဒီနေ့ကတော့ ကျနော်တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြည်နယ်နဲ့တိုင်း ပါတီကော်မရှင်တွေ ဖွဲ့တယ်။ ဒီအထဲမှာ မန္တလေး၊ ရန်ကုန်၊ ကချင်ပြည်နယ်ရယ် ပါပါတယ်။ ကျနော်တို့ ဒီညနေပဲ ထွက်ပါတယ်။ ပြည်နယ်တိုင်း ကော်မရှင်က လက်အောက်ခံ နောက်ဖြစ်လာမယ့် ခရိုင်ရယ်၊ မြို့နယ်ရယ်၊ ရက်ကွက် ကော်မရှင်တွေကို သူတို့က ထပ်ဆင့်ဖွဲ့ရမယ်။ အဲဒါတွေ ဖွဲ့ပြီးသွားလို့ရှိရင် ကျနော်တို့ ရပ်ကွက်ကျေးရွာက စပြီးတော့ ညီလာခံတွေ ကျင်းပလာမယ်။ ရက်ကွက်ပြီးရင် မြို့နယ် ၊ မြို့နယ်ပြီးရင် ခရိုင်ပေါ့။ အဲဒီလို အဆင့်ဆင့် နောက်ဆုံး ဗဟိုညီလာခံပေါ့၊ အဲဒီအထိ လုပ်ဖို့ ဆိုင်းပြင်းနေတာပါ။ မနက်ဖြန်ခါကိုလည်း တချို့ ထွက်နိုင်ပါတယ်။ စာရင်းတွေ ပြုစုတယ်လေ၊ ပြည့်စုံတဲ့ဟာတွေကို ဖွဲ့ပြီးတော့ ထုတ်ပေးတယ်။ မနက်ဖြန်ကျရင်လည်း ကျန်နေတာက တနင်္သာရီရယ်၊ ကရင်၊ မွန်ရယ် နောက် ကယားရယ် ဒီ ၄ ခု ကျန်တယ်။"

တနိုင်ငံလုံးမှာလည်း NLD ပါတီဝင်သစ် လျှောက်လွာတွေ ခေါ်ယူတာတွေလည်း လုပ်ထားပါတယ်။ မြို့နယ် ကျေးရွာတွေကနေ တဆင့် ပြည်နယ်နဲ့ တိုင်းတွေထိ အဆင့်ဆင့် ညီလာခံတွေ ကျင်းပကာ ပါတီဝင်တွေ၊ ရွေးချယ် တင်မြှောက်သူတွေနဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင်သစ်တွေလည်း ပြန်လည် ဖွဲ့စည်းတာတွေ ဖြစ်လာမယ်လို့လည်း ဦးဥာဏ်ဝင်းက ရှင်းပြပါတယ်။"ညီလာခံ ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အတိုင်း သွားရမှာဆိုတော့ ဒီအတိုင်းဆို ပြုပြင်တာတွေ ရှိသွားမှာပေါ့။ ဗဟိုအလုပ်အမှုဆောင် ဖွဲ့နိုင်တဲ့အထိ လုပ်သွားမှာ။ ရွေးကောက် တင်မြှောက်ခြင်း နည်းလမ်းနဲ့ပေါ့။ ကျနော်တို့ လုပ်ငန်းစဖို့ကတော့ နောက် ၂ လ လောက်ဆို စနိုင်မယ် မှန်းတယ်။ ပြီးဖို့အချိန်ကတော့ ဒီနှစ်အတွင်း ပြီးအောင် ကြိုးစားမယ်။"

ပြည်နယ်နဲ့ တိုင်းတွေမှာ ညီလာခံတွေ အဆင့်ဆင့် ကျင်းပပြီးရင် ကိုယ်စားလှယ်တွေ အားလုံးစုံညီတဲ့ ဗဟို ညီလာခံကြီးကိုတော့ ရန်ကုန်မှာ ပြူလုပ်ဖို့ စီစဉ်ထားပြီး အခုလို ကျင်းပနိုင်ဖို့အတွက် အာဏာပိုင်တွေနဲ့ ညှိနှိုင်း ရတာမျိုးတွေလည်း မရှိပါဘူးလို့လည်း ပြောပါတယ်။ ဒါဟာNLD ပါတီအတွက် ပထမဆုံးအကြိမ် ပြုလုပ်မယ့် စုံညီ ညီလာခံတော့ မဟုတ်ပါဘူး။ NLD ဟာ ၁၉၈၈ မှာ နိုင်ငံရေး ပါတီကြီးတခု ဖြစ်လာပြီးတဲ့ နောက်ပိုင်း ၁၉၈၉ မှာ ပထမဆုံးအကြိမ် လုပ်ဖို့ စီစဉ်ခဲ့ပေမယ့် အဲဒီတုန်းက စစ်အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့် အောင်အောင်မြင်မြင် ညီလာခံကို မကျင်းပနိုင်ခဲ့ပါဘူး။

"ပထမ အကြိမ်က ၁၉၈၉ တုန်းလောက်က လုပ်ပါတယ်။ ဒါပေမယ့် အပြည့်အစုံ မလုပ်နိုင်ပါဘူး။ ၀တက်တပျက်နဲ့ အားလုံး ပြီးစီးအောင် မလုပ်နိုင်ပါဘူး။ ဒီတခါတော့ ပြီးစီးအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ထားတယ်။"

NLD ပါတီရဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဥာဏ်ဝင်း ပြောပြခဲ့တာပါ။ အခု NLD ပါတီက  စုံညီ ညီလာခံ ကျင်းပနိုင်ဖို့ စီစဉ်နေတာနဲ့ တချိန်တည်းမှာပဲ ပြည်နယ်နဲ့ တိုင်းတွေမှာ NLD ပါတီရဲ့ ဆိုင်းဘုတ်တွေနဲ့ ရုံးခန်းတွေကို သတ်မှတ်ထားတဲ့ စည်းကမ်းတွေနဲ့အညီ ဆောင်ရွက်ဖို့ ရုံးခန်းဆိုရင်လည်း တခုပဲ ဖွင့်ဖို့ဆိုပြီးတော့ သတိပေးတဲ့ ကြေငြာချက်တွေကို ဗဟိုအလုပ်အမှုဆောင်က ပါတီဝင်တွေကို ထုတ်ပြန် အသိပေးထားတာလည်း ရှိပါတယ်။

အခုညီလာခံ ကျင်းပနိုင်ဖို့အတွက် ဗဟိုကော်မရှင်တခု ဖွဲ့ထားပြီး အဲဒီအထဲမှာ သဘာပတိအဖွဲ့ဝင် ဦးတင်ဦးက ဥက္ကဌ၊ ဦးဥာဏ်ဝင်းက အတွင်းရေးမှုး အဖြစ် တာဝန်ယူထားပြီး ဒီကော်မရှင် အဖွဲ့ဝင် အားလုံးပေါင်း ၉ ဦး ပါရှိပါတယ်။ NLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့ ပါတီဖြစ်ပေမယ့် စစ်အစိုးရ အာဏာ လွဲပေးချင်းမရှိခဲ့သလို အဲဒီအချိန်က NLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရော၊ တခြား ထိပ်တန်း ခေါင်းဆောင်တွေအပြင် NLD ပါတီဝင် အများအပြား ထောင်ချ အပြစ်ပေးတာတွေ လုပ်ခဲ့ပါတယ်။

နိုင်ငံမှာ စစ်အစိုးရက ဦးဆောင်ပြီး၂၀၁၀ ရွေးကောက်ပွဲ လုပ်ခဲ့စဉ်တုန်းကလည်း NLD ပါတီဟာ ရွေးကောက်ပွဲ မ၀င်ပဲ သပိတ်မှောက်ခဲ့သလို ပါတီအဖြစ်လည်း မှတ်ပုံ မတင်ခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲ အပြီး သိပ်မကြာခင်မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာအပြီး  အရပ်သားအစိုးရ ကျင်းပတဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ဖို့အတွက်၂၀၁၁ နိုဝင်ဘာလမှာ NLD ပါတီဟာ နိုင်ငံရေးပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။

အာရှကိုယ်ကျိုးကြည့်ဝါဒ WTO အကြီးအကဲ သတိပေး
By VOA (မြန်မာပိုင်း)
  • အာရှဒေသ စီးပွားရေး တိုးတက်မှုတွေ ရေရှည်ခံဖို့အတွက် အကြီးမားဆုံး စိမ်ခေါ်မှုဟာ ကိုယ်ကျိုးစီးပွား ကာကွယ်မှုတွေ ကြီးထွားလာနေတဲ့ ပြဿနာ ဖြစ်တယ်လို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) အကြီးအကဲက သတိပေးလိုက်ပါတယ်။

ကမ္ဘာ့စီးပွားရေး နှေးကွေးနေရာက သက်သာရာ ရဖို့အတွက်ဆိုရင် အာရှနိုင်ငံတွေကြား ကုန်သွယ်ရေးတွေမှာ ပိုမို နက်နက်ရှိုင်းရှိုင်း ပူးပေါင်း ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အရှေ့အာရှ ဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲ ကြာသပတေးနေ့က စတင်ရာမှာ WTO ညွှန်ကြားရေးမှူးချုပ် Pascal Lamy က ပြောလိုက်တာပါ။ 

အာရှနိုင်ငံတွေရဲ့ စီးပွားရေးဟာ ကမ္ဘာပေါ်က တခြားနေရာတွေထက် စာရင် အခြေအနေ ကောင်းနေပေမဲ့ အမေရိကန်နဲ့ ဥရောပက မရေမရာ အခြေအနေတွေနဲ့ တရုတ်နိုင်ငံက စီးပွားရေး နှေးကွေးမှုတွေရဲ့ ဒဏ်ကိုတော့ ခံကြရမှာသာ ဖြစ်တယ်လို့လည်း သတိပေးသွားပါတယ်။ 

ကမ္ဘာပေါ်က တခြားဒေသတွေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအရ အာရှဒေသမှာ လာမယ့် ၂ နှစ် ၃ နှစ်အတွင်း သက်ရောက်မှုတွေ ပိုတွေ့ရမယ်လို့ မျှော်လင့်ရတဲ့အကြောင်း WTO ညွန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ထိပ်သီးဆွေးနွေးပွဲမှာ တက်ရောက်လာကြသူ တခြား ခေါင်းဆောင်တွေကတော့ ဒေသတွင်း ပူးပေါင်းမှုတွေ တိုးမြှင့်ရေး အစီအစဉ်အပေါ် သံသယ အမြင်တွေကို ပြောဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဟူလာကို ဆီးရီးယားတပ်တွေ ထပ်တိုက်
By VOA (မြန်မာပိုင်း)
  • ဆီးရီးယား နိုင်ငံမှာ အစိုးရတပ်တွေဘက်က တိုက်ခိုက်မှုတွေ ဆက်ပြီး လုပ်နေမယ်ဆိုရင် မနက်ဖန်ကစပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အတိုင်း လိုက်နာတော့မှာ မဟုတ်ဖူးလို့ ဆီးရီးယား သူပုန်အဖွဲ့တပ်မှုးကြီးက ပြောကြားနေချိန်မှာပဲ ဒီကနေ့ ကြာသပတေးနေ့မှာအစိုးရတပ်တွေကဟူလာ (Houla) ဒေသမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က လူ ၁၀၈ ဦးသေဆုံးခဲ့ရတဲ့ ဟူလာရွာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှု အတွက် နိုင်ငံတကာက ဒေါသထွက်နေ ချိန်မှာပဲ အခုလို နောက်ထပ်ပစ်ခတ်မှုတွေ ဖြစ်ပွါးခဲ့သလို  ထွက်ပြေးနေတဲ့  ဒေသခံတွေကို  ဆီးရီးယား အစိုးရတပ်တွေက ညတွင်းချင်း ၀င်ရောက် တိုက်ခိုက်မှုကြောင့်ပထမပိုင်းမှာ လူ ၃ ဦး သေဆုံးခဲ့ရသလို နောက်ပိုင်းမှာ လက်ဖြောင့်တပ်သားရဲ့ ပစ်ခတ်မှုကြောင့် ၁၄ နှစ်သား လူငယ်တဦး သေဆုံးခဲ့ရတယ်လို့ ဆီးရီးယား လူ့အခွင့်ရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။

အခုလို ဟူလာရွာမှာ တိုက်ခိုက်မှုတွေ ထပ်မံ ဖြစ်ပွါးနေတယ်ဆိုတဲ့ သတင်းကို အတည်ပြုနိုင်ဖို့  Homs မြို့နားမှာ စခန်းချထားတဲ့ ကုလသမဂ္ဂစောင့်ကြည့် စုံစမ်းရေး အဖွဲ့က ဟွာလာရွာကို သွားနေပြီလို့  ဒမတ်စကပ် အခြေစိုက် ကုလသမဂ္ဂ အဖွဲ့ပြောခွင့်ရက VOA ကိုပြောပါတယ်။ 

ဆီးရီးယားလွတ်မြောက်ရေးတပ် FSA က ဗိုလ်မှုးကြီး  ကဆင်းမ် ဆာဒက်ဒိုင်း (Qassim Saadeddine) က ကုလသမဂ္ဂ ငြိမ်းချမ်းရေး သံတမန် ကိုဖီအာနန်ရဲ့ ဆီးရီးယား ငြိမ်းချမ်းရေးအတွက် ချမှတ်ထားတဲ့ အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက်ကို လိုက်နာဖို့ သမ္မတ ဘက်ရှီးယား အယ်လ် အာဆတ် (Bashar al- Assad) ကို သောကြာနေ့ နေ့လည်မှာနောက်ဆုံးအဖြစ် အချိန်သတ်မှတ်ပေးလိုက်ကြောင်း ကြာသပတေးနေ့က ကွန်ပြူတာ အင်တာနက်ကနေ ကြေငြာချက် ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

တကယ်လို့  ဆီးရီးယား သမ္မတဘက်က  ဒီချမှတ်ထားတဲ့ သဘောတူညီချက်အတိုင်း လိုက်နာဖို့ ပျက်ကွက်ခဲ့ရင်  သူတို့အဖွဲ့အနေနဲ့ ဆက်ပြီး သည်းမခံနိုင်တော့ဘူးလို့ ဆိုပါတယ်။ FSA အဖွဲ့ဟာ ဆီးရီးယား စစ်တပ်ကနေ ထွက်ပြေးလာသူ အများအပြားပါဝင်တဲ့  လက်နက်ကိုင် သူပုန်အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ထဲမှာ  မစ္စတာကိုဖီအာနန်ရဲ့ ကြားဝင် ဆောင်ရွက်မှုကို လက်ခံပြီး အပစ်အခတ်တွေ ရပ်စဲဖို့ သူပုန်အဖွဲ့တွေနဲ့ ဆီးရီးယား အစိုးရ တို့က သဘောတူညီခဲ့ကြပေမယ့် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွါးနေပြီး ချမှတ်ထားတဲ့ သဘောတူညီချက်ကို ချိုးဖေါက်တယ်လို့ တဘက်နဲ့ တဘက် စွပ်စွဲနေကြတာပါ။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်းက ဆီးရီးယား အစိုးရကို မစ္စတာ ကိုဖီအာနန်ရဲ့ ငြိမ်းချမ်းရေး အစီအစဉ်အတိုင်း လိုက်နာဖို့ ကြာသပတေးနေ့မှာ တောင်းဆိုလိုက်ပါတယ်။

ဆီးရီးယားပဋိပက္ခ အခြေအနေဆိုးဝါးမှု လုံခြုံရေးကောင်စီတင်ပြ
By ဗွီအိုအေ (မြန်မာဌာန)
ကုလသမဂ္ဂ္ဂငြိမ်းချမ်းရေးကိုယ်စားလှယ် ကိုဖီအာနန်ရဲ့လက်ထောက်က ကိုဖီအာနန်ရဲ့ဆီးရီးယားခရီးစဉ်နဲ့ ပတ်သတ်ပြီး လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံ တက်ရောက်တဲ့ လုံခြုံရေးကောင်စီမှာ ရှင်းပြခဲ့ပါတယ်။ အခုလိုရှင်းပြနေတဲ့အချိန်မှာပဲ ဆီးရီးယားကပဋိပက္ခတွေဟာ လျော့နည်းလာနေပြီလို့ သံတမန် တစ်ဦးက ပြောဆိုခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ကျင်းပခဲ့တဲ့ တံခါးပိတ်ဆွေးနွေးပွဲအပြီး ကုလသမဂ္ဂဆိုင်ရာ ဂျာမဏီနိုင်ငံသံအမတ်က ဝှာလာ မှာဖြစ်ခဲ့တဲ့ လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကြီးဟာ လုံခြုံရေးကောင်စီထဲက အဖွဲ့ဝင်တချို့ကို အလန့်တကြားဖြစ်သွားစေခဲ့ပေမဲ့ ဂျာမဏီအနေနဲ့တော့ ဆီးရီးယားအရေးကို စစ်ရေးနဲ့ ၀င်ရောက်ဖြေရှင်းဖို့ ကို ကန့်ကွက်တယ်လို့ သတင်းထောက်တွေကိုပြောပါတယ်။
ကိုဖီအာနန် ဆီးရီးယားနိုင်ငံကထွက်ခွာပြီးနောက် ဗုဒ္ဓဟူးနေ့မှာ ဂျော်ဒန်တာဝန်ရှိသူတွေနဲ့ ပြောဆိုဆွေးနွေး ခဲ့ပါတယ်။ နိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေနဲ့ပတ်သတ်ပြီး ငြိမ်းချမ်းရေးနည်းလမ်းတွေသုံးပြီး ပြေ လည်အောင် ဖြေရှင်းပေးပေးဖို့ ဆီးရီးယားအစိုးရကို ကိုဖီအာနန်အနေနဲ့ မတိုက်တွန်းနိုင်ခဲ့ဘူး လို့ ပြောပါတယ်။
ရုရှအနေနဲ့တော့ ဆီးရီးယားရဲ့ လက်ရှိအခြေအနေတွေနဲ့ပတ်သတ်ပြီး စိတ်မသက်မသာဖြစ်ရပေမဲ့ ဆီးရီးယားအရေးကို နိုင်ငံတွေက စစ်ရေးအရ ပါဝင်မယ်ဆိုရင်တော့ ဗီတိုသုံးပြီး ကန့်ကွက်မှာဖြစ်တယ်လို့ ရုရှသံအမတ်က ဆွေးနွေးပွဲအပြီးမှာ ပြောပါတယ်။
ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Deir El Zour မှာ အင်္ဂါနေ့မှာ တွေ့ရှိတဲ့ လူ ၁၃ လောင်းကို ကုလ သမဂ္ဂစောင့်ကြည့်ရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပါတယ်။ အသတ်ခံရသူတချို့ဟာ လက်ပြန်ကြိုး တုပ်ထားခံရပြီး ခေါင်းမှာသေနတ် ဒဏ်ရာတွေနဲ့ သေဆုံးရတာဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိပါတယ်။
ကုလသမဂ္ဂစောင့်ကြည့်ရေးအင်္ဖွဲ့မှာပါဝင်တဲ့ နော်ဝေနိုင်ငံဗိုလ်ချုပ်ကတော့ ဒီလိုသတ်ဖြတ်မူတွေ ဒီ အဖြစ်အပျက်နဲ့ပတ်သတ်ပြီး အရမ်းကို စိုးရိမ်မကင်းဖြစ်မိပြီး ဆီးရီးယားမှာ ဒီလိုအကြမ်းဖက်မှုတွေ အဆုံးသတ်စေချင်ပြီလို့ ပြောပါတယ်။

Republican သမ္မတကိုယ်စားလှယ်လောင်းဖြစ်ဖို့ Mitt Romney သေချာ
By ဗွီအိုအေ (မြန်မာဌာန)
  • ရီပတ်ဘလီကဲန်ပါတီ သမ္မတကိုယ်စားလှယ်လောင်းအဖြစ် မန်ဆက်ချူးဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Mitt Romney အနိုင်ရလာတဲ့အပေါ်မှာ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမား မစ္စတာ Romney ကို ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။
ဒီမိုကရစ်တစ်ပါတီရဲ့ သမ္မတအိုဘားမားဟာ သူ့ပြိုင်ဘက်ဖြစ်လာမယ့် ရီပတ်ဘလီကန်က သမ္မတလောင်းကို ဒီနေ့ မနက်ပိုင်းက ဂုဏ်ပြုစကား ပြောခဲ့တယ်လို့ မစ္စတာအိုဘားမား အောင်နိုင်ရေးအဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။ မစ္စတာ Romney ဟာ အင်္ဂါနေ့ Texasမှာလုပ်တဲ့ ရီပတ်ဘလီကဲန်ပဏာမရွေးကောက်ပွဲကနေ ရီပတ်ဘလီကဲန် သမ္မတကိုယ်စားလှယ်လောင်းအဖြစ် အနိုင်ရသွားတာဖြစ်ပါတယ်။ ကိုယ်စားလှယ်မဲ ၁၅၀ ကနေ ၈၈ မဲရခဲ့ပါတယ်။ ဒါကြောင့် ပါတီ ကိုယ်စားလှယ်လောင်းဖြစ်ဖို့ ကိုယ်စားလှယ်မဲပေါင်း ၁၁၄၄ မဲ ရရှိရမယ် ဆိုတဲ့နေရာမှာ မစ္စတာ  Romney ဟာ ဒီမဲအရေအတွက်ထက် ပိုရသွားတာကြောင့် လာမယ့်နွေ ရီပတ်ဘလီကဲန်ညီလာခံမှာ ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် အတည်ပြုနိုင်သလို ဖြစ်သွားပါတယ်။
လာမယ့် သမ္မတရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုတွေအတွင်း Mr.Romney နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အနာဂတ်အတွက် အရေးကြီးပြီး မှန်မှန်ကန်ကန် ပွင့်ပွင့်လင်းလင်း စကားစစ်ထိုးမှုတရပ်ပြုလုပ်နိုင်ဖို့ သမ္မတအိုဘားမားအနေနဲ့ မျှော်လင့်တဲ့အကြောင်း သမ္မတအိုဘားမား ရွေးကောက်ပွဲအောင်နိုင်ရေး ပြော ခွင့်ရသူက ပြောပါတယ်။ Mr.Romney ပြောခွင့်ရသူကတော့ အခု သမ္မတ စကားပြောကြတာဟာ အချိန်တိုတိုနဲ့ ပုံမှန်ရင်းနှီးတဲ့ဆက်ဆံရေးဖြစ်တယ်လို့ ပြောပါတယ်။
သမ္မတအိုဘားမားနဲ့ Mr.Romney တို့ဟာ လာမယ့် ဇန်န၀ါရီစမယ့် သမ္မတ သက်တမ်း လေးနှစ်အတွင်း ဘယ်သူက နိုင်ငံကို အကောင်းဆုံး ဦးဆောင်နိုင်မလဲဆိုတာကို သတင်းပတ်ကြာ တဦးနဲ့တဦး အပြန်အလှန် ထိုးနှက်ပြောဆိုခဲ့ကြပါတယ်။ မကြာခင်က မဲဆန္ဒရှင် စစ်တမ်းတွေမှာတော့ မစ္စတာအိုဘားမားက ရှေ့က အသာလေး ဦးဆောင်နေပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ အနိုင်ရမဲ ကပ်နေမယ့်သဘောရှိတယ်လို့ အမေရိကန်နိုင်ငံရေး သုံးသပ်သူတွေက ပြောဆိုပါတယ်။
အမေရိကန်နိုင်ငံရေး အစဉ်အလာအရတော့ ပါတီကိုယ်စားလှယ်နှစ်ဦးဟာ အောက်တိုဘာလထဲမှာ သုံးကြိမ် စကားစစ်ထိုးပွဲလုပ်ရဖို့ရှိပါတယ်။ ဒါပေမယ့် ဒုတိယသမ္မတ Joe Biden ကလည်း မစ္စတာ Romney အမည်မတင်ရသေးတဲ့ ဒု သမ္မတနဲ့ စကားစစ်ထိုးပွဲတပွဲ လုပ်ရဖို့ရှိပါတယ်။

ရွှေပြည်သာနှင့် လှိုင်သာယာ လယ်သိမ်းခံ လယ်သမားများ ဆန္ဒပြ
ဝေစန္ဒာ | ကြာသပတေးနေ့၊ မေလ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၀၉ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရွှေပြည်သာနှင့် လှိုင်သာယာမြို့နယ်များမှ လယ်သမား ၁ဝဝ ကျော်က လယ်သိမ်းခံခဲ့ရမှုနှင့် ပတ်သက်၍ ကြာသပတေးနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနရုံးရှေ့တွင် ဆန္ဒပြကြသည်။

စက်မှုဇုန်တည်ဆောက်ရေး စီမံကိန်းများအတွက် လွန်ခဲ့သော ၁၅ နှစ်ခန့်က ၎င်းတို့၏ လယ်ယာမြေများအား အသိမ်းခံခဲ့ရသော်လည်း ယခုချိန်ထိ ထိုမြေများပေါ်တွင် မည်သည့် စီမံကိန်းမျှ စတင်ခြင်း မရှိသေးသည့်အတွက် ယခုကဲ့သို့ ပြန်လည် တောင်းယူရခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်မှ လယ်သမားကြီး ဦးအုန်းတင့် က ပြောသည်။

“ကျနော်က ဧက ၃၀ အသိမ်းခံခဲ့ရတယ်။ အဲဒီတုန်းက မြို့ရွာနဲ့အိုးအိမ်က သိမ်းခိုင်းတယ်ဆိုပြီး ဝါဝါဝင်း ကုမ္ပဏီက လာသိမ်းခဲ့တယ်။ ခုချိန်ထိ အဲဒီနေရာမှာ ဘာအဆောက်အဦးမှ ဆောက်လုပ်တာ မရှိသေးဘူး။ လှိုင်သာယာမှာဆို ကျွန်းကြီး၊ ကျွန်းလေး၊ အပြင်ပဒံ၊ အတွင်းပဒံ၊ ကန်းခို အဲဒီက လယ်တွေ အသိမ်းခံခဲ့ရတယ်။ လယ်ဧက စုစုပေါင်းထောင်ကျော် အသိမ်းခံခဲ့ရတယ်။ လယ်သိမ်းခံရလို့ ကျနော်တို့တွေ တခြားအလုပ် ပြောင်းလုပ်ရတယ်။ စားဝတ်နေရေး ကြပ်တည်းတယ်။ နောက်ဆုံး ကလေးတွေ ကျောင်းမထားနိုင်တဲ့အထိ ဖြစ်ခဲ့တယ်။ ဒါပေမယ့် မပြောရဲတာကော၊ နားမလည်တာကောကြောင့် ဘာမှမလုပ်ခဲ့ဘူး။ ခုတော့မှ ပြန်တောင်းဆိုတာပါ” ဟု မဇ္ဈိမကို ပြောသည်။
သိမ်းယူသွားသော လယ်ယာမြေများအား ကုမ္ပဏီများထံမှ ပြန်လည်သိမ်းယူကာ လယ်သမားများထံ ပြန်လည်ပေးအပ်ဖို့ တောင်းဆိုထားသော်လည်း အကြောင်းပြန်ကြားမှုမရှိ၍ အိုးအိမ်ဦးစီးဌာနအား ဆန္ဒပြ (ဓါတ်ပုံ - မင်းမင်းဦး၊ မဇ္ဈိမ)

လယ်သမားဘဝမှ ဆိုက္ကားဆရာ ဖြစ်လာရသော ရွှေပြည်သာမှ လယ်မြေသိမ်းခံခဲ့ရသော လယ်သမားကြီး ဦးချစ်ထွန်း ကလည်း နိုင်ငံတော်သမ္မတကြီးအနေနှင့် မိဘချင်း ကိုယ်ချင်းစာပေးရန် တောင်းဆိုလိုက်သည်။

“ဦးတို့ ရွှေပြည်သာက သာဓု၊ အုတ်ဖို၊ လှော်ကား၊ ကရင်ကွင်း အဲဒီတွေမှာ လယ်ဧက ၆၀၀ ကျော် အသိမ်းခံလိုက် ရတယ်။ မိသားစုက ဒါပဲ လုပ်တတ်တာမို့ လုပ်လာခဲ့တာ ခုဆိုနှစ် ၃၀ ရှိပြီ။ ခုတော့ ဆိုက္ကားနင်းနေတယ်။ အခုလို သိမ်းတာ မတရားမှန်း သိပေမယ့် မပြောတတ်လို့ မပြောတာ။ နိုင်ငံသား တယောက်အနေနဲ့ မျှတမှု လိုချင်ပါတယ်။ ဦးတို့ လယ်သမားတွေက နင်းပြားဘဝမို့ ဘာမှမပြောရဲပါဘူး။ ပြန်ပေးတာတော့ လိုချင်ပါတယ်။ သားသမီးတွေ ကို ကောင်းကောင်းမထားခဲ့နိုင်ဘူး။ ဒါတွေကို မိဘတဦးအနေနဲ့ ခွဲဝေပေးချင်တယ်။ လူတိုင်း မိဘနေရာက ခံစားပေးဖို့ပါပဲ။ နိုင်ငံတော် သမ္မတကြီးလည်း မိဘနေရာက ခံစားပေးဖို့ပဲ မျှော်လင့်ပါတယ်” ဟု ပြောသည်။

သိမ်းယူသွားသော လယ်ယာမြေများအား စီမံကိန်း မစတင်သည့်အတွက် ကုမ္ပဏီများထံမှ ပြန်လည်သိမ်းယူကာ လယ်သမားများထံ ပြန်လည်ပေးအပ်ဖို့ အိုးအိမ်ဦးစီးဌာနအား မေလ ၁၅ ရက်နေ့က တောင်းဆိုထားသော်လည်း အကြောင်းပြန်ကြားမှုမရှိ၍ ယခုကဲ့သို့ ဆန္ဒပြရခြင်း ဖြစ်ကြောင်း လယ်သမားများ ကိုယ်စား လိုက်ပါဆောင်ရွက်သူ ဦးဝင်းချို က ပြောသည်။

“ဒီလယ်သမားတွေက အနော်ရထာ စက်မှုဇုံစီမံကိန်း၊ သာဓု စက်မှုဇုံစီမံကိန်း၊ ဝါးတရာ စက်မှုဇုံစီမံကိန်းတွေ အကြောင်းပြပြီး အသိမ်းခံခဲ့ရတာပါ။ စက်မှုဇုန် တကယ်ဆောက်ရင် ဘာမှမပြောပါဘူး။ ခုက သိမ်းခဲ့တာ ၁၅ နှစ်ရှိပြီ ဘာတခုမှ မပေါ်သေးဘူး။ မြေတိုင်းက ချထားတဲ့ စည်းကမ်းချက်အရ စက်မှုလုပ်ငန်းလုပ်ဖို့ သိမ်းတဲ့နေရာမှာ သုံးလအတွင်း ဘာမှ အကောင်အထည်မပေါ်ရင် စာချုပ်ဖောက်ဖျက်မှုအရ မြို့ရွာအိုးအိမ်က ပြန်သိမ်းရပါမယ်။ ဒါပေမယ့် ခုချိန်ထိ ဘာမှ ပြန်မသိမ်းထားဘူး။ ဒါဟာ မျှတမှု မရှိတာပါပဲ။ ဒါကို ကျနော်တို့က အဲဒီကုမ္ပဏီတွေဆီကပြန်သိမ်းပေးဖို့ တောင်းဆိုတယ်။ ခုချိန်ထိဘာမှမထူး၊ ဘာမှ အကြောင်းမပြန်လို့ ခုလိုဆန္ဒပြရတာပါ” ဟု မဇ္ဈိမကိုပြောသည်။

အဆိုပါလယ်များမှာ မြို့ရွာအိုးအိမ်၏ သတ်မှတ်စည်းကမ်းချက်အညီ လယ်သမားများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် မတ အမှတ်ရ မြေကွက်များ ဖြစ်သော်လည်း လက်ရှိချိန်တွင် ဝါဝါဝင်းကုမ္ပဏီမှ ပိုင်ထားကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ မြို့ရွာအိုးအိမ်မှ တာဝန်ရှိသူများအား မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ ဖြေကြားမှု မပေးနိုင်သေးကြောင်း ပြန်လည်ပြောကြားခဲ့သည်။

၂၀၁၀ နောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အစီရင်ခံစာ ထုတ်ပြန်
ဌေးဝင်း | ကြာသပတေးနေ့၊ မေလ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၅၇ မိနစ်

ဘန်ကောက် (မဇ္ဈိမ) ။       ။ ၂၀၁၀ ရွေးကောက်ပွဲ နောက်ပိုင်း မြန်မာနိုင်ငံအတွင်း လက်ရှိအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား စုစည်းတင်ပြထားသည့် အစီရင်ခံစာတစောင်ကို လူ့အခွင့်အရေး မှတ်တမ်းကွန်ယက် (မြန်မာနိုင်ငံ) ND-Burma မှ ကြာသပတေးနေ့က ထုတ်ပြန်လိုက်သည်။

ဘန်ကောက်မြို့ နိုင်ငံခြားသား သတင်းထောက်ကလပ်တွင် နံနက် ၁ဝ နာရီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး မြန်မာအစိုးရက အခြေခံ လူ့အခွင့်အရေးများကို ဆက်လက်ချိုးဖောက်နေဆဲ ဖြစ်ကြောင်း ND-Burma မှ တာဝန်ရှိသူတဦးဖြစ်သည့် ကိုထွန်းဇော်က ထောက်ပြသည်။

“နိုင်ငံတကာ မိသားစုများက အစိုးရရဲ့ လတ်တလော အပြောင်းအလဲတွေအပေါ် ချီးမွှမ်းခန်း ထုတ်နေကြစဉ်မှာ အခြားတဘက်မှာ အခြေခံ လူ့အခွင့်အရေးတွေကို ဖောက်ဖျက်ကျူးလွန်နေကြတယ်။ ဒါကြောင့် ဦးသိန်းစိန် အစိုးရကို ချီးမွှမ်းခြင်းတွေဟာ မြန်မာပြည်သူ ပြည်သားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေကို အစိုးရက ဆက်ချိုးဖောက်နေတာကို ဝိုင်းပြီးဂုဏ်ပြုတဲ့ပုံစံမျိုး ဖြစ်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။  

“တရားလွန် ပြုကျင့်မှုများ။ ၂ဝ၁ဝ ရွေးကောက်ပွဲလွန်ကာလမှ စ၍ ညှဉ်းပမ်း နှိပ်စက်မှုများနှင့် အနိုင်အထက်ပြုကျင့်မှုများ” အမည်ရ အစီရင်ခံစာတွင် ၂ဝ၁၁ ခုနှစ်အတွင်းက မြန်မာနိုင်ငံအတွင်း၌ ဖြစ်ပေါ်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၃၇၁ ခုကို လေ့လာကာ မှတ်တမ်းပြုစုပြီး ယင်းတို့အထဲမှ ၈၃ ခုကို ထုတ်ပြန်ခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့ထက်တိုင် နိုင်ငံရေးအကျဉ်းသား ၄၇၁ ဦး အကျဉ်းထောင်များထဲတွင် ရှိနေသေးသည်ကို အခိုင်အမာ သိရှိထား ရပြီး နောက်ထပ် ၄၆၅ ဦး ရှိကိုလည်း သေချာရန် စီစစ်နေကြောင်း ND-Burma အဖွဲ့ဝင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှ ကိုမင်းမင်းက ပြောဆိုသွားသည်။

“နိုင်ငံရေးအကျဉ်းသား တဦး ရှိနေသေးရင်တောင် ဒါက အများကြီးပါ။ နိုင်ငံရေး ယုံကြည်ချက်ကြောင့် လူတွေကို ဆက်လက် ထိန်းသိမ်းနေမယ်ဆိုရင် ညှဉ်းပန်းနှိပ်စက် နေမယ်ဆိုရင် ကျနော်တို့တိုင်းပြည်မှာ ဒီမိုကရေစီဆိုတာ ရှိလာဦးမှာ မဟုတ်ပါဘူး” ဟု ပြောသည်။

ထို့အပြင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ချိုးဖောက်မှုတွေကို အရေးယူခြင်းမရှိဘဲ ဗြောင်ကျကျ ကျူးလွန်နေကြကြောင်း အထူးသဖြင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ဘက်တွင် ဖြစ်ကြောင်း ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ)မှ ခွမ်းဆန်ပန်က ဆိုသည်။

“လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက်ခံရတဲ့ အမျိုးသမီးတဦးအတွက် အဲဒီအိပ်မက်ဆိုးကနေ လွတ်မြောက်ဖို့ သူတို့အတွက် အရမ်းခက်ခဲပါတယ်။ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုဝေဒနာ ခံစားရပြီးတဲ့နောက် အလွန်ဆိုးဝါးတဲ့ စိတ်ပိုင်း ဆိုင်ရာ ဝေဒနာကိုပါ အမျိုးသမီးတွေ ခံစားရပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာအစိုးရ စစ်သားတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ချိုးဖောက်မှုတွေကို ဥပဒေအရ အရေးယူခြင်းမခံရဘဲ ဗြောင်ကျကျ ကျူးလွန်နေတာကို အဲဒီအမျိုးသမီးတွေ ဆက်မြင်နေရလို့ ဖြစ်ပါတယ်” ဟု ခွန်းဆန်ပန်းက ပြောသည်။

ယင်းအစီရင်ခံစာတွင် မြန်မာအစိုးရနှင့် မြန်မာပြည်နှင့် ဆက်နွယ်နေသော အဖွဲ့အစည်းများသို့ အကြံပြုချက်များကို ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ ထို့ပြင် ယင်းမှတ်တမ်းများနှင့် သက်ဆိုင်သော ဗွီဒီယိုကို အင်္ဂလိပ် မြန်မာနှစ်ဘာသာဖြင့်လည်း ထုတ်ဝေထားကြောင်း သိရသည်။

ND-Burma တွင် အဖွဲ့ဝင် အဖွဲ့အစည်း ၁၃ ခု ပါဝင်ပြီး အဆိုပါ အဖွဲ့အစည်းများကိုယ်စား ကိုထွန်းဇော်၊ ကိုမင်းမင်းနှင့် ခွမ်းဆန်ပန်တို့က ဤအစီရင်ခံစာ ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

ချင်းပြည်နယ် ဖွံ့ဖြိုးရေးဆွေးနွေးပွဲ မီဇိုရဲများ ဝင်ရောက်ဖမ်းဆီး
နေမျိုး | ကြာသပတေးနေ့၊ မေလ ၃၁ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၃၅ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ချင်းပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်တွင် လူမှုအဖွဲ့အစည်းများ ပါဝင်သင့် သည့် အခန်းကဏ္ဍများနှင့် ပတ်သက်၍ ဆွေးနွေးပွဲတခုကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောမြို့တွင် ကြာသပတေးနေ့က ကျင်းပနေစဉ် ဒေသခံ မီဇိုရဲများက ဝင်ရောက်ဖမ်းဆီးကြောင်း သိရသည်။

Peace Process and Mega Development ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ချင်းပြည်နယ် ၉ မြို့နယ်မှ လူမှုအဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင် ၁၆ ဦးအား ဖမ်းဆီးကာ ပြည်နယ်ရဲဌာနချုပ်တွင် ချုပ်နှောင်ထားသည်။ ၎င်းတို့အား မြန်မာပြည်သို့ ပြန်ပို့ဖွယ်ရှိကြောင်း သိရသည်။

မြန်မာအစိုးရနှင့် ချင်းအမျိုးသားတပ်ဦး CNF တို့အကြား ထာဝရငြိမ်းချမ်းရေး ဆောင်ရွက်နေစဉ်အတွင်း ယခုလို ဖမ်းဆီးခြင်းသည် မဖြစ်သင့်ကြောင်း ဆွေးနွေးပွဲကို စီစဉ်ကျင်းပသည့် Chin public affairs committee မှ Co-ordinator ပူးထက်နီ က မဇ္စျိမကို ပြောသည်။

“အခု မီဇိုရမ်ရဲဌာနချုပ်ကို ကျနော်တို့ ရောက်နေတယ်။ ပို့တော့ ပို့မှာ။ ပြည်တွင်း ပြန်ပို့ရင်တော့ ခေါင်းဆောင်တွေ အတွက် အခက်အခဲ အများကြီးရှိတာပေါ့။ အခုလက်ရှိ ပြည်ထောင်စု အစိုးရ လုပ်နေတဲ့ကိစ္စဟာ ယုံကြည်ရတဲ့ အဆင့် မရောက်သေးဘူး။ ဖမ်းချုပ်ပြီး အမှုဖွင့်ထောင်ချမလား အဲလိုပုံစံနဲ့ ဖြစ်လာနိုင်တဲ့ အကြောင်းအချက်တွေ ရှိနေတယ်။ ဒီလိုဖမ်းဆီးတာဟာ အိန္ဒိယ အစိုးရသော်လည်းကောင်း၊ မီဇိုရမ် အစိုးရသော်လည်းကောင်း မလုပ်သင့်ဘူးလို့ ကျနော်ယူဆပါတယ်” ဟု ပြောသည်။

အဖမ်းခံရသည့် ခေါင်းဆောင်များတွင် ၁၅ ရက်တာ နယ်စပ်ဖြတ်သန်းသွားလာခွင့် လက်မှတ် ကိုင်ဆောင်ထားသူများ ရှိသလို လက်မှတ်မရှိသူများလည်း ပါဝင်ကြောင်း သိရသည်။  

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...