Sunday, May 27, 2012

သမ္ဖပ္ပလာပ ၀ါစာ မြောက်ခြင်း


 သုည

စာအုပ်ပေါ်မှာ စာရေးရေး၊ အွန်လိုင်းမှာ ရေးရေး ရေးတဲ့ အကြောင်းအရာ၊ရည်ရွယ်ချက်၊ စကားလုံး အသုံးအနှုံးတွေ ရည်ရွယ်ချက်ကောင်းဖို့နဲ့၊ မဟုတ်တောင် အဆိပ်အတောက် မဖြစ်ဖို့တစ်ချို့ဆရာတွေ ပြောကြဆိုကြ ဝေဖန်ထောက်ပြနေကြတယ်။ ၀ါသနာကလည်းပါ၊ ရေးစရာ အကြောင်းအရာကလည်း ခေါင်းထဲပေါ်လိုပေါ်၊ ရင်ဘတ်ထဲ ခံစားလိုခံစားရဆိုတော့လည်း ပေါ့ပေါ့ပဲ၊ ပျော်ပျော်ပဲ ရေးမိတာ၊ရေးလိုက်တာပါပဲလို့လည်း တစ်ချို့က ဆိုကြပြန်ရော။

သူတို့ကလည်း အဆိပ်အတောက် ဖြစ်စေချင်တဲ့ စေတနာတော့ မဟုတ်တာ တွေ့ရပါတယ်ဗျာ။ဒါပေမယ့် ... ရည်ရွယ်တာမဟုတ်ပေမယ့် ... ပါလာတဲ့ theme တစ်ခုကြောင့် မကောင်းတဲ့ အကျိုးဆက်တစ်ခုဖြစ်သွားတယ် ဆိုရင်တော့ ဘယ်ကောင်းမလဲ။ ဒါမျိုးမဖြစ်အောင်တော့ ပြောရဆိုရမှာပဲ။ ရေးမိသွားတဲ့သူကိုအပြစ်တင်လိုတာ မဟုတ်ပဲ သူနောက်ရေးမယ့် စာတွေမှာ အပြစ်ကင်းပြီး ကောင်းသွားစေချင်တဲ့ စေတနာနဲ့ပေါ့။

.......................................

ကျွန်တော့် အသက် ၃၅ နှစ်လောက်က ဆယ်တန်း ဘာသာစုံစာသင်ဝိုင်းတစ်ဝိုင်းလုပ်ဖူးတယ်။ ကျွန်တော်က

အင်္ဂလိပ်စာသင်ပြီး ကျန်တဲ့ ဘာသာတွေ တခြားဆရာတွေ ငှားတာပေါ့။ ဒပေမယ့် ...ဘာသာစုံ ကိုယ်က

စီမံရတာပါပဲ။ ကျောင်းသားကျောင်းသူ ၂၇ ယောက်နဲ့ စာသင်ဝိုင်းကလေးဆိုတော့နိုင်နိုင်နင်းနင်း ရှိပါတယ်။

တော်တဲ့ကျောင်းသားတွေ ပါပြီးတော့ All D ၃ ယောက် မှန်းတာပေါ့ဗျာ။ အဲဒီ ၃ ယောက်ထဲမှာ

မျိုးနေဇာ ဆိုတဲ့ ကျောင်းသားတစ်ယောက် ပါသဗျ။ ဒီကောင်က Brain လည်း ကောင်းတယ်၊

ကြိုးလည်းကြိုးစားတယ်ဗျာ။ သူ့အစ်ကို ကိုသန့်ဆိုတာက သချာင်္နဲ့ဘွဲ့ရပြီးသားပဲ။ ညီကိုလည်း

ဂရုစိုက်ပါတယ်။ လိုအပ်တဲ့ ပစ္စည်းပစ္စယဆိုလည်း ချက်ချင်း ၀ယ်ခြမ်းပေးတယ်။နားမလည်တဲ့ စာဆိုလည်း

သူကိုယ်တိုင် ရှင်းနိုင်ရင် ရှင်းတယ်၊ သူ မရှင်းနိုင်တဲ့ စာဆိုရင်ဆရာတွေကို ပြောဆိုပြပြီး ရှင်းပြစေတယ်။

သူ့ညီကို တော်တော် ဂရုစိုက်သလို တော်တော်လည်း အထင်ကြီးတယ်ဗျာ။

အဲ ... ကျွန်တော့် စာသင်ဝိုင်းဘက်ကလည်း လူနည်းနည်းတော်တဲ့လူများများဆိုတော့ စာသွားတယ်။

စောစောစီးစီး သင်ရိုးတွေ ပြတ်ကုန်တော့ မေးခွန်းတွေနဲ့လည်း အများကြီးလေ့ကျင့်နိုင်တယ်။

ဆိုလိုတာက ကျောင်းသူကျောင်းသားတွေကို တော်တော်ကို ဘက်စုံထောင်းစုံလေ့ကျင့်ထားတယ်ပေါ့။

ဒါနဲ့ စာမေးပွဲ ဖြေတဲ့ရက် ရောက်လာတယ် ဆိုကြပါစို့။ မျိုးနေဇာဟာ ပထမနေ့ မြန်မာစာမှာ

အိုကေပဲဗျာ ... ဂုဏ်ထူးမှတ် ဖြေနိုင်ခဲ့တယ်။ ဒုတိယနေ့ အင်္ဂလိပ်စာလည်း ရှယ်ပဲဗျာ။

၂ ဘာသာတော့ ဂုဏ်ထူးသေချာနေပြီပေါ့။ ညီအစ်ကိုနှစ်ယောက်လုံး ပျော်လို့ပေါ့။

အင်္ဂလိပ်စာဖြေပြီးတဲ့နေ့ည သချာင်္ကြည့်ရတဲ့ညပေါ့ဗျာ။ မျိုးနေဇာကသချာင်္ဘာသာကို တခြားဘာသာတွေ

ထက်တောင် ပိုပိုင်သေးဆိုတော့ ပျော်ပျော်ပါးပါးပဲ ကြည့်နေတာပေါ့ဗျာ။ ဒီပြင် ကလေးတွေ

စာလာမေးတာတောင် သူက ဒိုင်ခံပြီး ရှင်းပြနေလိုက်သေးတယ်။

အဲဒီအချိန် သူ့စာကြည့်စားပွဲဘေးနားမှာ ကျွန်တော်နဲ့ သူ့အစ်ကို ကိုသန့်စကားပြောနေဖြစ်တယ်ဗျ။

ဘေးနား ဆိုပေမယ့် သူစာကြည့်မရအောင် ကပ်မနေပါဘူး။ ဒါပေမယ့်နည်းနည်းအာရုံစိုက်လိုက်ရင်လည်း

ပြောဆိုနေတာတွေကို ကြားနိုင်လောက်အောင်တော့လည်း နီးတယ်။

ကိုသန့်ပြောလိုက်တဲ့ "ဟာ ... ဒီကောင်က တစ်မှတ်တန် ၂၅ ပုဒ်ထဲက ၂၀ လောက်သာရ၊

 မြေကြီးလက်နဲ့ ပုတ်တာကမှ လွဲချင်လွဲမယ်၊ ဂုဏ်ထူးက မလွဲဘူး" ဆိုတဲ့ စကားသံကို

မျိုးနေဇာ ကြားသွားတယ်။ ခါတိုင်းတွေလည်း ဒီစကားမျိုးတွေ ပြောချင်ပြောနေကြတာပါပဲ။

ဒါပေမယ့် ... ဒီနေ့ ဒီစကားကျမှ ဒီကောင် နားဝင်သွားတယ်။

နောက်နေ့ သချာင်္ဖြေတော့ တစ်မှတ်တန် ၂၅ ပုဒ်ကို သေသေချာချာ တွယ်ပါလေရော။

တစ်မှတ်တန် မရမှာစိုးတဲ့စိတ်နဲ့ လုပ်နေတယ်ထင်ပါတယ် ... ခါတိုင်း သာသာသွားနေကျလူပါ။

အခုတော့ အဲဒီ တစ်မှတ်တန် ၂၅ ပုဒ်တင် ၁နာရီခွဲကျော်ကျော်ကြာသွားတယ်။

တစ်မှတ်တန် ၂၅ ပုဒ်ပြီးလို့ နာရီကြည့်လိုက်တော့ ၁နာရီခွဲပဲကျန်တာလည်းတွေ့လိုက်ရော ပြာသွားပြီ။

ကျန်တဲ့ အပုဒ်ကြီးတွေဟာ တကယ်မှာ လေ့ကျင့်ထားတာ ၂ နာရီမှ လောက်တာ။

ဒီကောင် အသည်းအသန်တွက်ပေမယ့် ၅ မှတ်တန် ၄ ပုဒ် မဖြေခဲ့ရတော့ဘူး။

နောက်ဘာသာတွေ မဖြေပါဘူးလုပ်နေလို့ မနည်းဖျောင်းဖြပြောဆိုရတယ်။

ဒါတောင် ကျွန်တော့်ကိုကြောက်လို့၊ လေးစားလို့ ကျန်တဲ့ဘာသာတွေ  ကောင်းကောင်းမွန်မွန်

ဆက်ဖြေသွားတာ။.အောင်စာရင်းထွက်လာတော့ ငါးဘာသာပဲ ဂုဏ်ထူးပါလာတော့တာပေါ့။

သူ့အစ်ကိုရဲ့ စကားတစ်ခွန်းက သူ့ကို ယုတ်လျော့သွားစေတာ။

.............................................................

မလိုအပ်တဲ့ စကားဟာ မပြောသင့်ဘူး မဟုတ်လား။

ဝစီ ဒုစရိုက် ၄ ပါးမှာ -

မုသာဝါဒ = မဟုတ်မမှန်သောအရာကို ဟုတ်မှန်သောအရာအဖြစ် လိမ်ညာပြောဆိုခြင်း

ပိသုဏ၀ါစာ = ချောပစ်ကုန်းတိုက်ခြင်း၊ စိတ်ဝမ်းကွဲအောင် ပြောဆိုခြင်း

ဖရုသ၀ါစာ = ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာ ပြောဆိုခြင်း

သမ္ဖပ္ပလာပ၀ါစာ =  မိမိ သူတစ်ပါး နှစ်ဦးသား လုံးဝ အကျိုးမရှိသောစကားပြောဆြိုခင်း

ဆိုပြီးတော့ ရှိတယ်။ အဲဒီထဲက လိမ်မပြောဖြစ်အောင်လည်း နေတတ်ကြပါတယ်။

ကုန်းမတိုက်မိအောင်လည်း ရှောင်ဖြစ်ကြသလားလို့ပါပဲ။

ကြမ်ကြမ်းတမ်းတမ်းလည်း မပြောဖြစ်သလောက် ရှိကြမှာပါ။ တစ်ဖက်ကမှ လက်မခံပဲကိုး။

ဒါပေမယ့် အကျိုးမရှိ၊ အချည်းနှီး စကားတွေကိုတော့ လူငယ်ရော၊ လူကြီးရော

ပညာမဲ့ရော၊ ပညာတတ်ရော သိပ်ပြောတတ်ကြတယ်။(ခုခေတ် ပိုပြောစရာ ပေါသေးတယ်)

လဘက်ရည်ဆိုင်တွေ၊ KTV တွေ၊ ကားပေါ်၊ ချက်တင်းမှာ ... စသဖြင့်တွေမှာ

သေးဖွဲသိမ်ဖျင်းတဲ့ စကားတွေ လွှတ်ပြောနေကြတာ တွေ့နေရပါတယ်။

အဲဒါ ၀စီ ဒုစရိုက် သင့်တယ်လို့ တွေ့ရပါတယ်၊ သိရပါတယ်။

....................................................

မျိုးနေဇာရဲ့ နောက်နှစ်မှာ သီရိရွှေရည်အောင်ဆိုတဲ့ ကောင်မလေးတစ်ယောက်

ခြောက်ဘာသာဂုဏ်ထူး အမှတ်ပေါင်း ၅၂၁ နဲ့ အောင်ပြန်တယ်။

ဆေးတက္ကသိုလ်တက်တယ် ဆိုကြပါစို့။

သူ့မိဘတွေက စီးပွားရေး သိပ်အဆင်မပြေကြလို့ သူ့ဦးကြီးတစ်ယောက်က ထားပေးပါတယ်။

သူ့ဦးကြီး၊ ဒေါ်ကြီး အပျိုကြီး၊ လူပျိုကြီးတွေ ၄ ယောက် ၀ိုင်းထောက်ပံ့ကြတာပါ။

ဖောဖောသီသီတော့ မသုံးနိုင်မစွဲနိုင်ပေမယ့် လောက်လောက်ငှငှတော့ ရှိပါတယ်။

ဒါပေမယ့် ... သူနဲ့ တစ်ဆောင်ထဲ နေကြတဲ့ ဆေးကျောင်းသူတွေက ရှမ်းပြည်ဘက်က သူဌေးတွေ။

မတရားသဖြင့် သုံးကြ၊စွဲကြဆိုတော့ သိမ်ငယ်ရတယ်နဲ့တော့ တူတယ်။

ဒါက ... အခြေခံ အကြောင်းတွေ ဖြစ်မလားလို့ ကျွန်တော် ပြောပြတာပါ။

အခု ကျွန်တော် ပြောမယ့် အကြောင်းအရာက လတ်တလောအကြောင်း ဖြစ်မှာပေါ့။

ဆေးတက္ကသိုလ် ပထမနှစ် စာမေးပွဲဖြေဖို့ တစ်လလောက်အလိုမှာ သီရိရွှေရည်အောင်

နေမကောင်း ဖြစ်ပါလေရော။ ဆေးခန်းတစ်ခုမှာ သွားပြရတာပေါ့။

(နယ်မြို့တစ်ခုက ဆေးတက္ကသိုလ်၊ မကွေးဆိုတော့ ဆရာဝန်တစ်ယောက်က

အပြင်မှာ ဖွင့်တဲ့ ဆေးခန်းမျိုးပေါ့)

အဲဒီ ဆေးခန်းမှာ ဒီကလေးမရဲ့ နာမည်မေး၊ ဆေးစစ် ဘာညာ လုပ်ရင်းနဲ့

ညည်းက ကျောင်းသူလား၊ ဘာတက်နေသလဲ စသဖြင့် ဆရာဝန်က မေးဖြစ်သွားပါတယ်။

ဒီဆရာဝန်ဟာ အသက် ၃၅ လောက်နဲ့ ပညာတတ်၊ လူရည်မွန် ရုပ်ပါပဲ။

ကောင်မလေးက ဆေးတက္ကသိုလ် ကျောင်းသူမှန်းလည်း သိရော

" အောင်မလေး၊ ဆရာဝန်များ မလုပ်ချင်စမ်းပါနဲ့အေ ... ခုခေတ် ...နိုင်ငံခြားထွက် အလုပ်လုပ်တဲ့

သူကမှ ဟုတ်နေသေးတယ်၊ နာစ်မတွေလောက်တောင် ငါတို့ ဆရာဝန်တွေမှာ ..................."

စသဖြင့် လျှောက်ပြောတော့တာ။ ဒီဆရာဝန် ဖွတ်ကြားက ဆရာဝန်ဖြစ်တာရယ်၊

ကိုယ့်အလုပ် ကိုယ့်အဆင့်အတန်းကို ဂုဏ်မယူလောက်အောင် ဘယ်လောက်တောင် အရ်ာအချင်း

ညံ့ဖျင်းသလဲ မသိပါဘူး။ သူ့မှာ မအောင်မမြင် ဖြစ်နေလဲ မသိပါဘူး။

သူ့ဘာသာ မအောင်မြင်တာထားပါတော့ ...ဒီလို အညွှန့်နဲ့၊ အလူနဲ့ ကလေးတစ်ယောက်ကို၊

ကျောင်းသားတစ်ယောက်ကို အကျိုးမဲ့တဲ့စကား၊ သေးဖွဲသိမ်ဖျင်းတဲ့စကား ပြောထွက်တယ်ဗျာ။

အဲဒီကလေးမှကလည်း နဂိုကမှ တစ်မျိုးဆိုတော့ သွားရောဗျာ။

စာမေးပွဲကို မဖြေတော့ဘူး၊ ရွာပြန်လာတယ်။ ကျောင်းလည်းမနေတော့ဘူး။

သူပြောတဲ့ စကားက " ဆရာဝန် ဘာလုပ်ဖို့လဲ" တဲ့။

......................................................

ဒါ့ကြောင့်ဗျာ ... ကောင်းစေချင်လို့ ဖြစ်စေ၊ သွန်သွင် ဆုံးမလိုလို့ ဖြစ်ဖြစ်

စကားတစ်ခွန်း၊ စာတစ်ခုကို အရမ်း မပြောကြ၊ မရေးကြပါနဲ့ဗျာ။

မှန်တယ်ကွ ဆိုပြီး ဇွတ် မျက်စိမှိတ်ပြီးလည်း မလုပ်ကြပါနဲ့။

တစ်ဖက်သား အကျိုးရှိဖို့ သေချာမှ ပြောကြ၊ ဆိုကြ၊ ရေးကြရင်း

သမ္ဖပ္ပလာပ၀ါစာ ၀စီဒုစရိုက် အမှု့ မကျူးလွန်မိကြပါစေနဲ့လို့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...