Wednesday, May 30, 2012

NLD ဥက္ကဋ္ဌ ဟောင်း ဦးအောင်ကြီး နှင့် မြန်မာ့ ဒီမိုသမိုင်း ပုံရိပ်အချို့ 


by Ya Tha on Tuesday, May 29, 2012 at 9:25am 


၁၉၄၅ခုနှစ် မတ်လ (၁) ရက်နေ့တွင် ကန်တော်ကြီးစောင်းရှိ ဗိုလ်ချုပ် ၏ နေအိမ်တွင်ပင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ် အစည်းအဝေးအား  ပြုလုပ်၏။ တပ်မတော်မှ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်လက်ျာ၊ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျ၊ဗိုလ်စောကြာဒိုး၊ ဗိုလ်အောင်အောင်၊ ဗိုလ်ရန်အောင်၊ ဗိုလ်ရဲထွဋ္ဋ် ၊ ဗိုလ်ဖိုးကွန်း၊ *ဗိုလ်အောင်ကြီး*၊ ဗိုလ်မောင်မောင်၊ ဗိုလ်စိန်မှန်နှင့် ဗိုလ်ခင်မောင်လေးတို့တက်ကြသည်။ ပြည်သူ့  အရေးတော်ပုံပါတီက  ဦးဘဆွေ၊ သခင်ချစ်၊ ဦးကျော်ငြိမ်း နှင့်ဦးလှမောင်တို့ တတ်ရောက်ကြပြီး ကွန်မြူနစ်ပါတီမှမူ …..သခင်စိုး၊ သခင်သန်းထွန်းနှင့် သခင်တင်မြတို့ပါဝင်သည်။     ။


 ၁၉၅၈ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ဝန်ဒါမီယာရှိ ဝန်ကြီးချုပ်ဦးနု၏ အိမ်တွင် တပ်မှူးအချို့နှင့် ဦးနု ဆွေးနွေး၏။ တပ်မှူးများက ဗိုလ်မှူးချုပ်တင်ဖေ၊ * ဗိုလ်မှူးကြီးအောင်ကြီး* နှင့် ဗိုလ်မှူးကြီးမောင်မောင်  ဖြစ်သည်။ တပ်သို့ အာဏာလွှဲပြောင်းပေးရန် သေနတ်ပြ၍ တောင်းဆိုနေကြခြင်း ဖြစ်သည်။ ဆွေးနွေးပွဲက ၄ နာရီခန့် ကြာသည်။
နောက်ဆုံး ဦးနုလိုက်လျောလိုက်ရ၏ ။ စစ်တပ်၏ ကတ္တီပါ အာဏာသိမ်းပွဲ…..။      ။


၁၉၆ဝ ခုနှစ် ရွေးကောက်ပွဲတွင် ဦးနုက ပြည်ထောင်စုပါတီထောင်ပြီး ရွေးကောက်ပွဲ ဝင်သည်။ “ဆွေ၊ ငြိမ်း” တို့ကမူ ဖဆပလအနေနှင့်ပင် ရွေးကောက်ပွဲ ဝင်ကြ၏။ “ဆွေ၊ ငြိမ်း” တို့၏ ကြွေးကြော်သံက  “ရှုံးရင်လည်း နိုင်ရမည်” ဟူ၍ ဖြစ်သည်။        ၁၉၆ဝ ပြည့်နှစ် ရွေးကောက်ပွဲကား …မသမာမှုများ၊ ဘက်လိုက်မှုများ၊ အကြမ်းဖက် ခြိမ်းခြောက်မှုများ …. လုပ်ကြံသတ်ဖြတ်မှုများ အတွင်းမှာပင်  ကျင်းပပြီးစီးခဲ့သည်။ ရွေးကောက်ပွဲပြီးသည့်နောက် အာဏာရရှိခဲ့သည့် ဦးနု၏ ပထစ အစိုးရက ဒေါ်ခင်ကြည်အား အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်၏ ။ ဒေါ်အောင်ဆန်းစုကြည် သည် လည်း မိခင်နှင့်အတူပင် အိန္ဒိယသို့ လိုက်ပါသွားမည်ဖြစ်သည်။      ။
  

၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးသည့်နောက်တွင် ဗိုလ်နေဝင်းသည် စစ်ဗိုလ် ၁၇ ဦးနှင့် တော်လှန်ရေးကောင်စီအား ဖွဲ့၏။ တော်လှန်ရေးကောင်စီဝင်များ အတွင်းမှ သူ့အား ခြေရာတိုင်းလာမည့်သူ…..။  သူ့အား ဆန့်ကျင်ရန် အလားအလာရှိသည့် သူများအား ဗိုလ်နေဝင်းသည် တယောက်ပြီးတယောက် ဖယ်ရှားပစ်ခဲ့၏။*ဗိုလ်မှူးချုပ်အောင်ကြီး* ၊ ဗိုလ်မှူးကြည်မောင်၊ ဗိုလ်မှူးကြီးစောမြင့်၊
ဗိုလ်မှူးကြီးတင်ယုဆိုင်  စသဖြင့် တယောက်ပြီးတယောက် ဖြုတ်၊ ထုတ်ပစ်ခဲ့၏။       ။


ဖြုတ်၊ ထုတ်ပစ်ခဲ့သည့် တော်လှန်ရေး ကောင်စီဝင်များ၏ နေရာများတွင် ….ဗိုလ်မှူးကြီးလွန်းတင်၊ ဗိုလ်မှူးကြီးသောင်းဒန်(လေ)၊ ဗိုလ်မှူးကြီးမောင်လွင်၊ ဗိုလ်မှူးကြီး တင်ဦး ….. စသည့်တပ်မှူးများနှင့် အစားထိုး၏။ တစ်ဖက်တွင်လည်း
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မ.ဆ.လ)အား “အမြုတေပါတီမှ ပြည်သူ့ပါတီသို့” ဟူ၍ ကြွေးကြော်သံအား အော်ဟစ်ရင်း ကူးပြောင်းနိုင်ရန် လုံ့လထုတ်၍ နေသည်။ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီးနေဝင်းမှသည်….. မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းသို့….။        ။
  

၁၉၈၈၊ ဇူလိုင်လ ၂၃ ရက်.....ဦးနေဝင်းက အရှင်ထွက် ထွက်ပြီး ကားလိပ်ကြားသို့ တိုးဝင်သွား၏။ ဇူလိုင်လ တတိယအပတ်အတွင်းမှာ ဖြစ်သည်၊ အမြောက်နှင့် ယန္တရားတပ်မှ ဗိုလ်မှူးလှမြင့် ဒေါ်အောင်ဆန်းစုကြည်ထံသို့  တယ်လီဖုန်း ဆက်၍ လာသည်။ မည်သည့် အကြောင်းကိစ္စကြောင့် ဆက်လာသည်ဟူ၍မူ မသိ ။ ဒေါ်စုမှ ဦးနေဝင်းနဲ့ တွေ့ချင်တယ်၊ စီစဉ်ပေးပါလို့ ပြောတော့ သူ အကြောင်းပြန်ပါမည်ဟု ပြောသည်။ ဦးနေဝင်း ပါတီဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်သွားခဲ့ပြီးနောက်တွင် ပါတီဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတ နေရာများအား ဦးစိန်လွင်မှ ဝင်ရောက်၍ တာဝန်ယူခဲ့သည်။ တက်လာသည်နှင့် လက်စွမ်းပြတော့သည်။
*ဦးအောင်ကြီး* ၊ ဦိးအောင်ရွှေ စသည့် အငြိမ်းစား စစ်ဗိုလ်ကြီးများအား ထောင်ထဲသို့သွင်းတော့သည်။    
  
၁၉၈၈   စက်တင်ဘာလ ၁၂ ရက်နေ့မှာပင် ဒေါ်အောင်ဆန်းစုကြည်က ဦးတင်ဦး၊* ဦးအောင်ကြီး*  တို့နှင့် ပေါင်း၍ ဒေါက်တာမောင်မောင်  ထံသို့ အိတ်ဖွင့်ပေးစာတစောင် ရေးပို့ခဲ့သည်  ။ စာကား ပြည်သူလူထု  တရပ်လုံး လက်ခံနိုင်သည့် ကြားဖြတ်အစိုးရအား   အမြန်ဆုံးဖွဲ့စည်းပေးရန်   ပါတီဥက္ကဋ္ဌနှင့်   နိုင်ငံတော်သမ္မတအား   အကြံပြုထားသည့် စာဖြစ်သည်။    ။


၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်။
တနင်္ဂနွေနေ့ …..။
မြို့တော်ခန်းမအရှေ့နှင့် ရန်ကုန်ဆေးရုံကြီး အရှေ့တို့တွင်က အစာငတ်ခံတိုက်ပွဲအား ဆက်လက်၍ တိုက်ပွဲဝင်နေကြဆဲ။ လူထု ၅ သိန်းခန့်က ရန်ကုန်မြို့၏ လမ်းများပေါ်၌ ကြွေးကြော်သံများ
ဟစ်ကြွေး၍ လှည့်လည်ဆန္ဒပြနေကြသည်။ ဒေါက်တာမောင်မောင် အုပ်ချုပ်ရေးအဖွဲ့က ကြားဖြတ်အစိုးရဖွဲ့စည်းရေးအား ငြင်းဆန် လျက်ရှိသည်။      ။
  
စက်တင်ဘာ ၁၈ ရက် …. ညနေခင်း မြန်မာ့အသံ၏ အစီအစဉ်က မြန်မာစံတော်ချိန် ၄ နာရီ၌ စတင်၍ ထုတ်လွှင့်၏။ သီချင်းပဒေသာ အစီအစဉ်နှင့် စသည်။ သီချင်းပဒေသာက တပိုင်းတစနှင့် ရပ်သွား၏ ။ ပြီးလျှင် ….. သတင်းကြေညာသူ အမျိုးသားတဦး၏ အသံက ဝင်လာ၏။ တည်ငြိမ်လေးနက်အောင် ကြိုးစားထားသည့် အသံနှင့်….။   
“နိုင်ငံ၏ အဖက်ဖက်က ယိုယွင်းနေသော အခြေအနေများကို အချိန်မီတားဆီးနိုင်ရန် အများပြည်သူအကျိုးအတွက် တပ်မတော်က နိုင်ငံတော် အာဏာ  အဝဝကို ယနေ့မှစ၍ လွှဲပြောင်းယူလိုက်ပါသည်။
ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်သည့်အနေဖြင့် ငြိမ်ဝပ်ပိပြားမှုရှိစေရန် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင် ခေါင်းဆောင်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု  တည်ဆောက်ရေးအဖွဲ့အား ဖွဲ့စည်းလိုက်သည်” ။     ။ 

''ဒီမိုကရေစီ ချက်ချင်းပေး''
''မဆလ အစိုးရ ကျဆုံးပါစေ''
''စိန်လွင် အလိုမရှိ''
'' * ဦးအောင်ကြီး * နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေး''    ကြွေးကြော်သံများက   ရန်ကုန်မြို့ တမြို့လုံး ကျယ်လောင်စွာ မြည်ဟိန်းနေသည်  ။ ရန်ကုန်မြို့တွင်သာမက ပဲခူး၊ သနပ်ပင်၊ ရေနံချောင်း၊ ပြည်၊ တောင်ကြီး၊ မြို့များတွင်လည်း ''စိန်လွင် အလိုမရှိ'' ဟူသည့်   အသံများက ကျယ်လောင်နေလေပြီ။ ည ၈ နာရီတွင် မြန်မာ့အသံမှ ဦးစိန်လွင်နှင့် ဗိုလ်ချုပ်ကြီးစောမောင်တို့ ၂ ဦး လက်မှတ်ထိုး  ထုတ်ပြန်သည့် ကြေညာချက်များအား ဖတ်ကြား   ကြေညာသွားသည်။
ရန်ကုန်မြို့တွင် မာရှယ်လော (စစ်ဥပဒေ) ထုတ်ပြန်ကြောင်း ကြေညာချက်ပင် ဖြစ်သည်။ ထိုနေ့က ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၃ ရက်နေ့ ဖြစ်သည်။       ။ 

စက်တင်ဘာ ၂၄ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်သည် ဦးအောင်ကြီး၊ ဦးတင်ဦးတို့နှင့် ပူးပေါင်း၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ဖွဲ့စည်းထူထောင်လိုက်၏။ NLD အား ဖွဲ့စည်းပြီးဖြစ်သော်လည်း    တိုင်းပြည်သို့ ထုတ်ပြန်ကြေညာခြင်းကိုမူ မပြုလုပ်ရသေး…။ နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ကော်မရှင်သို့လည်း တင်သွင်းရဦးမည်။ လက်ငင်းလုပ်ငန်းများက … အဖွဲ့ချုပ်၏ ရည်ရွယ်ချက်  လုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (ယာယီ) တို့အား ရေးဆွဲရမည်။ ဆွေးနွေး  ညှိနှိုင်းပွဲများက နေ့စဉ်လိုလိုပင် ……။
အမျိုးသား  ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အား ဖွဲ့စည်းရေး…။ နိုင်ငံလုံးဆိုင်ရာ ဦးစီးအဖွဲ့၊ ဖွဲ့ရေးတို့အတွက် ရွေးချယ် ညှိနှိုင်းကြရ၏။ NLD ၏ ဗဟိုခေါင်းဆောင်မှုအား ဦးအောင်ကြီး အစုမှ  ၁၄ ဦး။  ဦးတင်ဦး၊ ဦးအောင်ရွှေတို့၏ တပ်မှူးဟောင်းများမှ ၁၄ ဦး။ ဒေါ်အောင်ဆန်းစုကြည်    ဦးဆောင်သည့် တတ်သိပညာရှင်များမှ ၁၄ ဦး…..။ စုစုပေါင်း ၄၂ ဦးနှင့် ဖွဲ့စည်းကြရန် သဘော တူညီ ခဲ့ကြသည်။     ။



၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့၊ နေ့စွဲနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းကြေညာချက် အမှတ် (၁) အား ထုတ်ပြန်၏ ။  ဒေါ်အောင်ဆန်းစုကြည်မှ အထွေထွေ အတွင်းရေးမှူးအနေဖြင့်  လက်မှတ်ထိုး၍ ထုတ်ပြန်ခြင်းဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အား ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ဖြစ်သည်။ ကြေညာချက် အပိုဒ် (၁) တွင် …
`ကျောင်းသားပြည်သူ ရဟန်းရှင်လူ ပြည်သူလူထုကြီးတရပ်လုံး အုံကြွပါဝင်ဆင်နွှဲခဲ့ကြသည့် ဒီမိုကရေစီ တိုက်ပွဲကြီးကို အောင်ပွဲခံ၊ အောင်လံလွှင့်နိုင်သည်အထိ အရှိန်အဟုန် တိုးမြှင့် ဆင်နွှဲသွားနိုင်ရန်အတွက် ကျောင်းသားပြည်သူ ရဟန်းရှင်လူ ပြည်သူ လူထု ကြီးအတွင်းမှ အလွှာအသီးသီး  ပါဝင်  စုစည်းသော နိုင်ငံရေး အဖွဲ့အစည်းတရပ်ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါသည်´ ဟူ၍
လူထု  အား အသိပေး လိုက်၏။ ပြီးလျှင် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၁၂ ဦး၏ အမည်စာရင်းအား ဖော်ပြသည်။ ဗဟိုအလုပ်အမှုဆောင်  အဖွဲ့၏ ဥက္ကဋ္ဌက … ဦးအောင်ကြီး၊ ဒု-ဥက္ကဋ္ဌမှာမူ ဦးတင်ဦး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က … အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး…..။        ။



၁၉၈၈ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် ကြေညာချက် အမှတ် (၂) အား ထပ်မံ၍ ထုတ်ပြန်သည်။ အဖွဲ့ဝင် ၃ဝ ဦး ပါရှိသည့် နိုင်ငံလုံးဆိုင်ရာ ဦးစီးအဖွဲ့ဝင်များ၏ စာရင်းဖြစ်သည်။ ပြီးလျှင် …..
အမျိုးသား ဒီမိုကရေစီ  အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (ယာယီ) အား လူထုထံသို့ ချပြ၏။ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း (ယာယီ) ၏ အခန်း ၂ တွင် အဖွဲ့ချုပ်၏ ရည်ရွယ်ချက်အား ဖော်ပြထား၏။  ရည်ရွယ်ချက်က … ၅ ရပ်…။
(က) အများပြည်သူဆန္ဒနှင့် ကိုက်ညီ၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီအစိုးရ ဖြစ်ပေါ်လာစေရန်။
(ခ) ရည်ရွယ်ချက် (က) ကို ဖြစ်မြောက်စေရန် အဖွဲ့ချုပ်၏ ခေါင်းဆောင်မှုဖြင့် ပြည်သူလူထု ညီညွှတ်မှုအင်အားကို အခြေခံ၍ စည်းကမ်းစနစ်ကျသော ဒီမိုကရေစီလှုပ်ရှားမှုကြီး ဖြစ်ပေါ်စေရန်။
(ဂ) နောင်ခေတ်အဆက်ဆက်၌လည်း မြန်မာနိုင်ငံသည် ပြည်သူလူထုဆန္ဒနှင့် ကိုက်ညီသည့် ဒီမိုကရေစီ နိုင်ငံရေးစနစ် ထွန်းကားသော တည်တန့်ခိုင်မြဲသည့် ပြည်ထောင်စုကြီးအဖြစ် တည်ရှိရေးအတွက်
အုတ်မြစ်ချရန်။
(ဃ) အာဏာရှင်ဆန်၍ ပြည်သူလူထုကို ဖိစီးနှိပ်စက်မည့် နိုင်ငံရေးစနစ်မျိုး ပြန်လည်မထွန်းကားစေရေးအတွက် ကြိုးပမ်းရန်။
(င) ကမ္ဘာတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီထွန်းကားလာစေရေးအတွက် နိုင်ငံတကာရှိ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရန်။    ။


အောက်တိုဘာ တစ်လလုံးလုံးက ဌာနချုပ်တွင်ပင် အဖွဲ့ချုပ်စတင်တည်ထောင်ရေး လုပ်ငန်းများနှင့် ဒေါ်အောင်ဆန်းစုကြည် အလုပ်များ၍နေသည်။ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးက နေ့စဉ်လိုလို ရှိ၏။ အတွင်းရေးမှူး  အဖွဲ့တွင် ဒေါ်အောင်ဆန်းစုကြည်က အထွေထွေ အတွင်းရေးမှူး ။ ပြီးလျှင် … အဖွဲ့ဝင်များက … ဦးဝင်းတင် (ဟံသာဝတီ ဦးဝင်းတင်)၊ ဦးချစ်ခိုင် (ယခုကွယ်လွန်၊ ဗိုလ်မှူးကြီးဟောင်း) နှင့် ဦးကြည်ဟန် (ဗိုလ်မှူးကြီးဟောင်း၊* ဦးအောင်ကြီး* နှင့်အတူ ခွဲထွက်ရာတွင် ပါဝင်သွားသူ) တို့ ဖြစ်သည်။     ။
  
၁၃ ရက်ကြာသည့် အထက် မြန်မာပြည်ခရီးစဉ်မှ ပြန်ရောက်ပြီးစ, ရက်များမှာပင်  အဖွဲ့ချုပ်  အတွင်း၌ ပြဿနာအချို့ ရှိနေပြီ  ဟူသည်အား ဒေါ်အောင်ဆန်းစုကြည် သိထားခဲ့၏ ။ ပြဿာနာက အတွင်းစည်း ပြဿနာ ။ ပထမတွင်မူ…တိုးတိုးတိတ်တိတ်….။
ဒေါ်အောင်ဆန်းစုကြည်တို့ အထက်မြန်မာပြည် ခရီးထွက်ခဲ့သည့် ဝန်းကျင်ရက်များမှာပင် ဦးအောင်ကြီးသည်လည်း ရှမ်းပြည်နယ်သို့ စည်းရုံးရေးခရီး ထွက်၏။ ထိုခရီးစဉ်အတွင်း …. * ဦးအောင်ကြီး * က အဖွဲ့ချုပ် ဗဟိုတွင် ကွန်မြူနစ်များ ကြီးစိုးနေပြီဟု စွပ်စွဲရာမှ စသည်။ စွပ်စွဲချက်က … တိုးတိုးမှသည် ကျယ်လာ၏။ အမည်များတပ်၍  စွပ်စွဲလာ၏။ ဦးဝင်းတင်၊ ဒေါ်မြင့်မြင့်ခင်၊ ဦးအောင်လွင်၊ ဦးကိုယု၊ ဦးချမ်းအေး (မောင်စူးစမ်း)၊ ဦးမိုးသူ၊ ဦးထွန်းတင်၊ ဦးတင်ရွှေ (မုံရွာတင်ရွှေ) ….။
စုစုပေါင်း ၈ ဦး…။

ဦးဝင်းတင်၊ ဦးအောင်လွင်နှင့် ဒေါ်မြင့်မြင့်ခင်တို့က အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များဖြစ်ပြီး ကျန်သည့် ပုဂ္ဂိုလ် ၅ ဦးက …. နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့ဝင်များ….။ အားလုံးသော ပုဂ္ဂိုလ်များက အဖွဲ့ချုပ်အား စတင်ဖွဲ့စည်းရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ အမည်  တင်သွင်း   ထားသည့် တတ်သိပညာရှင် ၁၃ ဦးထဲမှ ၈ ဦး ဖြစ်နေ၏။      ။ 

အဖွဲ့ချုပ်၏ နိုင်ငံလုံးဆိုင်ရာ ဗဟို ဦးစီးအဖွဲ့ အစည်းအဝေး ခေါ်မည်။ အစည်းအဝေးတွင် စွပ်စွဲခံရသူများက တဦးချင်းစီ ဖြေရှင်းချက်  ပေးကြမည်။ ဗဟိုဦးစီးအဖွဲ့ဝင် များက ကြားနာပြီး ဆန္ဒပေးကြရမည်။
ဦးအောင်ကြီး  စွပ်စွဲချက်အတိုင်း ကွန်မြူနစ်များဖြစ်သည်ဟု ဗဟိုဦးစီးအဖွဲ့ဝင်များက ဆုံးဖြတ်လျှင် … ထိုပုဂ္ဂိုလ်များအား အဖွဲ့ချုပ်မှ ထုတ်ပယ်မည်။ စွပ်စွဲချက်က ကြောင်းကျိုးမခိုင်ခံ့ဟု ဗဟို ဦးစီးအဖွဲ့ဝင်များက ဆုံးဖြတ်ခဲ့လျှင်မူ    စွပ်စွဲသူ*ဦးအောင်ကြီး*သည်    အဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ပေးရမည် ။ ပြီးလျှင် … အဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ်မှလည်း ထုတ်ပယ်မည်။ ဤသို့ ….
ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ သဘောထား  ချ၏။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာ ၃ ရက်နေ့တွင် အဖွဲ့ချုပ် နိုင်ငံလုံးဆိုင်ရာ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေး ခေါ်ယူ၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုနေ့က ၆၈ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်၏။ စွပ်စွဲခံရသူများကဦးအောင်ကြီး၏ စွပ်စွဲချက်အား တိုတိုကျဉ်းကျဉ်းပင် ဖြေရှင်းချက်ပေးကြ၏။ ပြီးလျှင်   ဗဟိုဦးစီးအဖွဲ့ဝင်များက တဦးချင်းစီ ဆန္ဒပေးကြသည်။ အဆုံးတွင်မူ ဦးအောင်ကြီး၏ စွပ်စွဲချက်သည် မခိုင်လုံကြောင်း… ဗဟိုဦးစီးအဖွဲ့က ဆုံးဖြတ်လိုက်ကြ၏။
ဦးအောင်ကြီး၏ အဖွဲ့ချုပ် ဥက္ကဋ္ဌသက်တမ်းက ၆၈ ရက်   နှင့်ပင် ဆုံးခန်းတိုင်သွားခဲ့တော့သည်။   ။
  [   :'(  ဒီလူကြီး   ငြိမ်နေရင်  သမ္မတတောင် ဖြစ်လာနိုင် ရဲ့ သား နဲ့ ။ (စု/တင်)ပေါင်းပြီး...(အောင်)  ကို ကန် ထုတ် ခဲ့ တာပဲ။ မီးများမီးနိုင်  ရေ  များရေနိုင် ပေါ့  ။   (၇.၁.၁)  ]

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...