Wednesday, May 30, 2012

နိုင်ငံခြားမှာ ကျောင်းတက်မယ်ဆိုရင်


ကျမ အသက် ၁၂ နှစ်မှာ မိဘများနှင့် စင်္ကာပူနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ပြီး နိုင်ငံခြားဆိုတာနှင့် စတင်ရင်းနီးခဲ့သည်။ အသက် ၁၇ နှစ်အရွယ်ကစပြီး ကနေဒါနှင့် အင်္ဂလန်နိုင်ငံတို့တွင် တစ်ယောက်တည်း ကောလိပ်နှင့် တက္ကသိုလ်သွားတက်တော့၊ နောက်ထပ်နိုင်ငံခြားသို့ ရောက်ခဲ့ပြန်သည်။ နိုင်ငံခြားဆိုသည့်အတိုင်း ကျမရင်ဆိုင်ရတာတွေက အပြောင်းအလဲ အသစ်အဆန်းတွေ ဖြစ်နေခဲ့သည်။
ရောမရောက်ရင် ရောမလိုကျင့်ရမယ် ဟု လူတွေပြောလေ့ရှိကြသည်။ အတိုင်းအတာတခုအထိ မှန်သည်။
သူများနိုင်ငံရောက်မှတော့ ကိုယ်က လူထူးလူဆန်းလို တသီးတခြားဖြစ်နေလျှင် ပတ်ဝန်းကျင်သစ်မှာ နေသားတကျဖြစ်ဖို့ ခဲယဉ်းသည်။ ပတ်ဝန်းကျင်သစ်များက ကျမတို့ အတွေးအခေါ်များ၊ အနေအထိုင်များအပေါ် အတိုင်းအတာတခုအထိ လွှမ်းမိုးတာတွေကို သေချာဆန်းစစ်ရမည်။ အဓိကက ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေအပေါ် စဉ်းစားဆင်ခြင် သုံးသပ်တာလုပ်ပြီး၊ စုံလုံးကန်း မျောပါမသွားဖို့ပင်။
အင်္ဂလန်နိုင်ငံမှ တချို့တက္ကသိုလ်မှာ စင်္ကာပူ၊ မလေးရှားတို့က ကျောင်းသွားတက်ကြသူတွေ များပြားသည်။ အင်ဂျင်နီယာလိုင်းတွေမှာဆိုရင် ရှစ်ဆယ်ရာခိုင်နှုန်းလောက်က စင်္ကာပူ မလေးရှားတို့မှ ကျောင်းသား/သူ များ ဖြစ်သည်။ အများစုက သူတို့အသိုင်းအ၀ိုင်းထဲမှာပဲ နေတတ်ကြသည်။ တခြားနိုင်ငံမှ ကျောင်းသားများ၊ အင်္ဂလန်နိုင်ငံသား ကျောင်းသားများနှင့် ပေါင်းသင်းဆက်ဆံ၊ သွားသွားလာလာ မလုပ်ကြ။ ကျမကတော့ အဲလိုအခြေအနေကို မနှစ်သက်မိ။
နိုင်ငံရပ်ခြားကို သွားနေဖို့ အခွင့်အလမ်းရတာကို အကျိုးရှိရှိ အသုံးချပြီး၊ တခြားနိုင်ငံသားတွေနှင့် ခင်မင်ရင်းနီးပြီး သူတို့ အနေအထိုင်၊ အပြုအမူ၊ အတွေးအခေါ်၊ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လေ့လာဆန်းစစ်သင့်သည်ဟု မြင်သည်။ ဒါကြောင့်လည်း စင်္ကာပူနိုင်ငံရှိ ကျမစာသင်ခဲ့သော ပေါ်လီတက္ကနစ် (polytechnic) မှ မြန်မာကျောင်းသားများကို ကိုယ့်မြန်မာကျောင်းသားချင်း စည်းလုံးညီညွတ်တာသာမက၊ စင်္ကာပူနှင့် တခြားနိုင်ငံများမှ ကျောင်းလာတက်ကြသော တခြားကျောင်းသား များနှင့်ပါ ထိတွေ့ဆက်ဆံဖို့ အမြဲတိုက်တွန်းမိသည်။
ကျမစာသင်ခဲ့သော Republic Polytechnic (RP) တွင် စာသင်နည်းက လက်ချာ (lecture) ပေးတာမျိုး မဟုတ်။ Problem-Based Learning (PBL) ဆိုတာကို သုံးပြီး၊ ကျောင်းသားတွေကို နေ့စဉ် ပုစ္ဆာ (သို့) ပြဿနာတခုကို ချပေးပြီး၊ အဖွဲ့လိုက် စဉ်းစားတွေးခေါ်ပြီး အဖြေထုတ်တတ်အောင် သင်ကြားပေးသည်။ အဲဒီသင်ကြားနည်းစနစ်ကနေ ကျောင်းသားတွေကို ကိုယ်ပိုင်လေ့လာသင်ယူတတ်အောင် (self-learning)၊ အဖွဲ့လိုက် အလုပ်လုပ်တတ်အောင် (team work)၊ အဖွဲ့ဝင်တယောက်အနေနဲ့ တာဝန်ယူတတ်အောင် (responsibility)၊ ကိုယ့်လေ့လာသင်ယူမှုအပေါ် ကိုယ့်ဘာသာ ပြန်လည်ဆန်းစစ်တတ်အောင် (self-reflection) စတာတွေကို လေ့ကျင့်ပေးသည်။ အဖွဲ့လိုက် တတန်းလုံးကို တင်ပြတာ (presentation) လည်း လုပ်ရသည်။ အမှတ်ပေးတဲ့အခါ စာမေးပွဲရလဒ်က ငါးဆယ်ရာခိုင်နှုန်းလောက်သာယူပြီး၊ ကျန်သည့် ငါးဆယ်ရာခိုင်နှုန်းက အတန်းထဲမှာ နေ့စဉ်လေ့လာသင်ယူမှုအတွက်ပေးသော ဂရိတ်တွေ (grades) ထဲက ယူသည်။
ဒါသင်၊ ဒါကျက်၊ ဒါဖြေ သင်ကြားနည်းစနစ်မျိုးနှင့် အသားကျခဲ့သော မြန်မာကျောင်းသားများ ပထမနှစ် PBL သင်ကြားနည်းစနစ်မှာ အခက်အခဲတွေ့ကြတာ များသည်။ အတွေးအခေါ်ပိုင်းကို ဦးစားပေးသော မေးခွန်းတွေကို မကြုံဖူးတော့၊ မဖြေနိုင်ကြတာ များသည်။ တချို့က အတန်းထဲ ဆွေးနွေးချိန်တွေမှာ ဘာမှဝင်မပြောသောကြောင့် နေ့စဉ်လေ့လာသင်ယူမှုတွက် ဂရိတ်မကောင်းတာတွေ ဖြစ်ကြတော့ စိတ်ပျက်ကြသည်။
သူတို့လိုပဲ RP မှာ စတက်တုန်းက အခက်အခဲတွေ ကြုံခဲ့ပေမယ့်၊ အောင်မြင်သွားသော မြန်မာကျောင်းသူတဦးအကြောင်း ကျမပြောလေ့ရှိသည်။ အဲဒီကျောင်းသူက သူမ၏ ပထမနှစ်ဝက်စာသင်ကာလလောက်တွင် ကျမကို လာတွေ့ပြီး အကြံဥာဏ်တောင်းခဲ့သည်။ အတန်းထဲတွင် သူမနှင့်တဖွဲ့တည်း အတူလုပ်ရသော စင်္ကာပူနှင့် တခြားနိုင်ငံမှ ကျောင်းသားများက သူမကို အဖက်မလုပ်သလို လုပ်ကြောင်း၊ အတွေးအခေါ်ပိုင်းကို ဦးစားပေးသော သင်ခန်းစာမျိုးကို နားမလည်ကြောင်း၊ အတန်းထဲ ဆွေးနွေးချိန်တွေမှာ ပါဝင်ခြင်း (participation) နည်းပါးလို့ အမှတ်မကောင်းတဲ့အကြောင်း၊ တတန်းလုံးမှာ သူမတယောက်တည်း မြန်မာဖြစ်နေတော့ တယောက်တည်းဖြစ်နေတဲ့အကြောင်း စတာတွေ ငိုပြီး ပြောပြခဲ့သည်။
သူများနိုင်ငံမှာ စာလာသင်ရတာဆိုတော့ လူသစ် နေရာသစ်မှာ ဘာမဆိုရင်ဆိုင်နိုင်ဖို့ စိတ်ဓါတ်ခိုင်ခိုင်ထားဖို့ လိုကြောင်း၊ ကိုယ်က အဖွဲ့မှာ သူတို့ထက် အမြဲတော်နေပြီး၊ အရေးပါတဲ့ပံ့ပိုးမှုကို လုပ်ပြနိုင်ရင် ကိုယ့်ကိုလျစ်လျူရှုတော့မှာ မဟုတ်ကြောင်း၊ ဒါကြောင့် နေ့စဉ်သင်ခန်းစာကို ကြိုတင်ပြင်ဆင်ပြီး ကြိုးစားဖို့ ကျမက အားပေးတိုက်တွန်းခဲ့သည်။ ဒုတိယနှစ်တွင် ကျမသင်သောအတန်းမှာ သူမနှင့် ပြန်ဆုံတော့၊ သူမတယောက်တည်းသာ မြန်မာ၊ ကျန်သောကျောင်းသားများက စင်္ကာပူနိုင်ငံသားများ ဖြစ်သည်။ အတန်းထဲမှာ သူမက စာအတော်ဆုံးဖြစ်ပြီး၊ သူမကို သူတို့စာမေးကြတိုင်းလည်း သူမက သေချာရှင်းပြသည်။ သင်ခန်းစာကို ဆွေးနွေးသောအခါတိုင်းလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နှင့် သူမ ပါဝင်ဆွေးနွေးသည်။ ဒါကြောင့် အကုန်လုံးက သူမကိုလေးစားပြီး သူတို့နှင့် တဖွဲ့တည်း ဖြစ်စေချင်ကြသည်။ မြန်မာကျောင်းသူတယောက် အဲလို တိုးတက်အောင်မြင်တာကို ကြည့်ပြီး ကျမဂုဏ်ယူဝမ်းသာမိသည်။
မိဘနှင့်အတူရှိစဉ် မိဘက အကုန်လိုက်လုပ်ပေးနိုင်ပေမယ့်၊ နိုင်ငံခြားရောက်သောအခါ တစ်ယောက်တည်း ရုန်းကန်ကြရသည်။ နိုင်ငံခြားထွက်လာပြီးမှ ကိုယ့်အသိုင်းအ၀န်းမှာ မြန်မာမရှိဟုဆိုပြီး အားငယ်တာမျိုး မဖြစ်သင့်ပေ။ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ် အားကိုးသောစိတ်၊ ကိုယ့်လုပ်ရပ်အပေါ် တာဝန်ယူတတ်သောစိတ်၊ ကိုယ့်ကို အထင်သေးချင်သူတွေကို ကိုယ့်အရည်အချင်းကို သိအောင် ကြိုးစားမယ်ဆိုသောစိတ်တို့ ရှိဖို့ လိုအပ်သည်။
မြန်မာနိုင်ငံမှ ပညာရေးဝန်ဆောင်မှု လုပ်နေသူတဦးက ပြောဖူးသည် - - “ကျနော့်ဆီလာတဲ့ မြန်မာလူငယ်တွေက နိုင်ငံခြားမှာ ကျောင်းတက်ချင်တာလောက်ပဲ သိကြတယ်။ တက္ကသိုလ်တွေ၊ သင်တန်းတွေအကြောင်း seminar လိုမျိုးတွေနဲ့ အင်ဖော်မေးရှင်း (information) ပေးတော့လည်း နားမထောင်ချင်ကြဖူး၊ သူတို့ နိုင်ငံခြားမှာ ကျောင်းတက်ဖို့ အကောင်းဆုံးဖြစ်အောင် ကျနော်က လုပ်ပေးနိုင်မယ်လို့ ယုံကြည်တယ်၊ ဒီတော့ အဲလို seminar တွေ နားထောင်နေစရာ မလိုဘူး လို့ ပြောကြတယ်။”
မြန်မာနိုင်ငံမှာ ၀န်ဆောင်မှုလုပ်ပေးသည့်စနစ်က များပြားလှသည်။ လုပ်ထုံးလုပ်နည်း သတ်သတ်မှတ်မှတ် စနစ်တကျမရှိသော နေရာများတွင် ထိုဝန်ဆောင်သူတို့ကို ပိုက်ဆံပေးလိုက်လျှင် ကိုယ့်အတွက် အလုပ်မရှုပ်တော့။ သို့သော် နိုင်ငံခြားမှာ ပညာသင်ဖို့အတွက်၊ ကိုယ်တက်မည့်လိုင်း၊ ကိုယ်တက်မည့် ကျောင်းအကြောင်းတို့ကိုတောင် မလေ့လာချင်တာမျိုးကတော့ မဖြစ်သင့်ပေ။
ပညာရေးဝန်ဆောင်မှုလုပ်နေသူက တကယ်စိတ်ထားမှန်နှင့် လုပ်ပေးခဲ့သည်ဆိုရင်တောင်၊ ဘယ်လိုင်းက အသင့်တော်ဆုံးလဲဆိုတာ ကာယကံရှင်လောက် မသိနိုင်။ တချို့ဆို စိတ်ထားမမှန်၊ ရတဲ့လိုင်းကို ပိုက်ဆံရ ပြီးရောဆိုပြီး ကျောင်းသားကို ဖြစ်သလို သွင်းပေးလိုက်တာတွေလည်း ရှိသည်။
ဒါကြောင့် ပညာရေး seminar တွေကို လိုက်နားထောင်ပြီး၊ ကိုယ်က ဘယ်လိုင်းမျိုးကို စိတ်ဝင်စားလဲဆိုတာ ကိုယ့်ဘာသာ ဆန်းစစ်သင့်သည်။ နိုင်ငံခြားမှ ကျောင်းတိုင်း မကောင်းကြ။ တချို့က နိုင်ငံခြားကျောင်းသားတွေအတွက် စီးပွားဖြစ်သာ ဖွင့်ထားတာဖြစ်သည်။ ဒါကြောင့် အင်တာနက်မှ ဖြစ်ဖြစ်၊ အဲဒီနိုင်ငံမှာ ကျောင်းတက်နေသော ကိုယ့်အသိအကျွမ်းများမှ တဆင့်ဖြစ်ဖြစ် ကိုယ်တက်မည့် ကျောင်းနှင့် လိုင်းအကြောင်းတို့ကို ထပ်မံ ရှာဖွေလေ့လာသင့်သည်။
မြန်မာလူငယ်အများစုက ကျောင်းတက်ဖို့၊ အလုပ်ရှာဖို့ စတာတွေကြောင့် နိုင်ငံခြားသွားချင်ကြသည်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်စေ နိုင်ငံခြားသွားမည်ဆိုလျှင် ကြိုတင်ပြင်ဆင်တာတွေ ရှိရမည်။ နိုင်ငံခြားသွားသောအခါ ဘာတွေလိုအပ်လဲဆိုတာလည်း ကြိုတင်လေ့လာထားသင့်သည်။ ဥပမာ .. ကျောင်းတက်တာပဲဖြစ်ဖြစ်၊ အလုပ်လုပ်တာပဲဖြစ်ဖြစ် အင်္ဂလိပ်စာကောင်းဖို့ လိုအပ်သည်။ အလုပ်လုပ်သူတွေအတွက် အဓိကက စကားပြော နှင့် သူများပြောတာ ဘယ်လောက်နားလည်လဲ၊ ကျောင်းတက်သူတွေအတွက် စကားပြော၊ နားထောင်ခြင်း၊ အရေး၊ အဖတ် တို့ဖြစ်သည်။
ဘာမှကြိုတင်ပြင်ဆင်မှု မရှိဘဲ၊ သူများတွေသွားလို့ နိုင်ငံခြားကို သွားတယ်ဆိုတဲ့လူမျိုးတွေအတွက် နိုင်ငံခြားမှာ အခက်အခဲတွေ ပိုကြုံရသည်။ ကိုယ်က လိုအပ်တဲ့ပြင်ဆင်မှုတွေ လုပ်သွားလျှင်၊ နိုင်ငံခြားအတွေ့အကြုံကနေ မြန်မြန်ဆန်ဆန် လေ့လာသင်ယူပြီး၊ ပိုတိုးတက်နိုင်သည်။
နိုင်ငံခြားမှာကျောင်းတက်ကြသော ကျောင်းသားအများစုက ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ကြသည်။ တချို့က တကယ်ပဲ မိဘကို ငွေကြေးပိုင်းမှာ ကိုယ်တတ်နိုင်သလောက် ကူညီချင်သောကြောင့်၊ တချို့ကတော့ ကိုယ်သုံးချင်တာသုံးဖို့ ဖြစ်သည်။ ကျောင်းချိန်တွေပျက်၊ အလုပ်က ပင်ပန်းသောကြောင့် အတန်းထဲမှာ စာမလိုက်နိုင်သော ကျောင်းသားများကို ကျမ ဆုံရတိုင်း၊ သူတို့၏ နိုင်ငံခြားလာရသော အဓိကရည်ရွယ်ချက် မပျောက်ဖို့ အရေးကြီးကြောင်း သတိပေးမိသည်။ ကိုယ်က ပညာယူဖို့ဆိုလျှင် ပညာကို ထိပ်တန်းက အမှတ်ကောင်းကောင်းနှင့် ရဖို့ အဓိကဖြစ်သည်။ ပြတ်သားသော ရည်မှန်းချက် ထားပြီး၊ ထိုရည်မှန်းချက်ကို အမြဲဆုပ်ကိုင်ထားဖို့ လိုအပ်သည်။
နိုင်ငံခြားသွားတယ်ဆိုတာလည်း အရေးပါသော ဘ၀အတွေ့အကြုံတခုပင်ဖြစ်သည်။ အဲဒီအတွေ့အကြုံကနေ ဘယ်လောက် လေ့လာသင်ယူနိုင်မလဲ၊ ဘယ်လိုအကျိုးရှိရှိ အသုံးချမလဲဆိုတာ ကျမတို့အပေါ်မှာပင် မူတည်သည်။ စိတ်ဓါတ်ပိုင်းဆိုင်ရာရော၊ နည်းပညာအရရော လိုအပ်တာတွေ သေချာပြင်ဆင်ပြီး နိုင်ငံခြားသွားမှ၊ ကိုယ့်ဘ၀တက်လမ်းကို တွန်းပို့ပေးစေနိုင်သော အတွေ့အကြုံကောင်းတခု ဖြစ်လာနိုင်ပေမည်။
ခင်နှင်းစိုး
၁၈ မေလ ၂၀၁၂
(မေလ ၂၄ ရက် ၂၀၁၂ ထုတ် Venus News Journal တွင်ဖော်ပြပြီးဖြစ်သည်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...