Monday, May 28, 2012

စောလွန်းနေသည် မြန်မာပြည်

 တွေ့တာလေးတွေထဲကနေ ကျွန်တော့် အမြင်လေးတွေကို ချပြချင်တာပါ။ ဒီမိုကရေစီနိုင်ငံဆိုတော့လဲ ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေကို မြင်နေရပြီလေ။ ကိုယ့်ဆန္ဒကို ကိုယ်ထုတ်ဖော်ကြတာ ကောင်းပါတယ်။ စက်ရုံမှာ မလုံလောက်လို့ဆန္ဒပြကြတယ်။ မီးမရလို့ ဆန္ဒပြကြတယ် ဒါလဲကောင်းပါတယ်။ ဒါတွေက
ဖြစ်သင့်ပါတယ်။ တစ်ခုပဲ အခြေနေနဲ့ အချိန်အခါကို ကြည့်ဖို့နဲ့ချိန်ကိုက်ဖြစ်ဖို့လဲ လိုပါတယ်။ စက်ရုံမှာ ဆန္ဒပြကြဖို့ဆိုရင် မပြခင်မှာ ကိုယ်ဖြစ်ချင်တာကို အလုပ်သမားခေါင်းဆောင်နဲ့  သူဋ္ဌေးနဲ့အရင်ညှိနှိုင်း သင့်တယ်လို့ ကျွန်တော်မြင်တယ်။ မရဘူးဆိုရင် ကိုယ်တွေရွေးချယ်တင်မြှောက်ထားတဲ့ မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နဲ့ တိုင်းဒေသကြီးလွှတ်တော်
ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ပြီး သူတို့ကို ဦးဆောင်စေချင်တယ်။

 သူတို့နဲ့သူဋ္ဌေးတွေကို တွေ့ပေးဖို့ ကြိုးစားစေချင်တယ်။ ကိုယ်စားလှယ်ဆိုတာက မိမိမဲဆန္ဒနယ်မှ ပြည်သူတွေ အကျိုးအတွက် လုပ်ပေးဖို့ တာဝန်ရှိတယ်လေ။ ဒီတော့မိမိပြည်သူကို ကာကွယ်ဖို့ စောင့်ရှောက်ဖို့အတွက်ကိုယ်စားလှယ်တွေလုပ်ပေးရမယ်ဆိုရင် တခြားရွေးချယ်ခြင်း မခံရပေမယ့်
ရွေးကောက်ပွဲဝင်ခဲ့တဲ့ ပါတီတွေက ကိုယ်စားလှယ်လောင်းတွေကလဲ ဝင်ရောက်
ဆောက်ရွက် ပေးသင့်တယ်။ ဘာလို့လဲဆိုတော့ ပြည်သူတွေပေးခဲ့တဲ့ မဲတပြားမက
ရခဲ့တော့ မဲပေးခဲ့တဲ့ ပြည်သူတွေ အတွက်လဲ ဆောင်ရွက်ပေးရမှာပဲ။ ဒီလိုနဲ့
ညှိနှိုင်းလို့ မရတော့ဘူးဆိုမှ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းကို
ပြုလုပ်သင့်တယ်။ ဆန္ဒပြတယ်ဆိုတာက နောက်ဆုံးအဆင့်လေ။ အစိုးရသိအောင်
နိုင်ငံတကာသိအောင် ဆန္ဒပြကြရတာ။ ခုတော့ အဲ့ဒါကို အရင်လုပ်နေကြလို့
ဘယ်ဖြစ်မလဲ။ အရင်ဆုံး ကိုယ်စားလှယ်တွေကိုပဲ အလုပ်ပေးလိုက်ဖို့ လိုမယ်လို့
ထင်တယ်။ ဒီမိုကရေစီရပြီဆိုပြီး ထစ်ကနဲရှိ ဆန္ဒပြနေကြရင် တိုင်းပြည်
မတည်ငြိမ်တာပဲရှိမှာပေါ့။
   နောက် မီးမလာလို့ ဆန္ဒပြတဲ့ကိစ္စလေး ကျွန်တော် ဆက်ပြောချင်တယ်ပါတယ်။
ခုကိစ္စကို မှားတယ်လို့ ပြောလို့ မရသလို မှန်တယ်လို့ ပြောလို့မရသေးဘူးဗျ။
ဘာလို့လဲသိလား အချိန်မကျသေးလို့လေ။ ခုလောလောဆယ် တာဝါတိုင်တွေ
မိုင်းခွဲခံရတယ်၊ ဒီကြားထဲ ခုတလော မိုးမကျသေးတော့ ရေအားလျှပ်စစ်ကလဲ
ထုတ်လှုပ်နိုင်စွမ်းကျဆင်းနေတယ်။ ဒီအချိန်မှာမှ မီးမရလို့ဆိုပြီး
ဆန္ဒပြတော့ အစိုးရအလွန် မဟုတ်ပဲ ပြည်သူအလွန်ဖြစ်သွားတော့တယ်။ နောက်ပြီး
ရုပ်ပျက် ဆင်းပျက် ဖမ်းတာဆီးတာ တားတာ လူစုခွဲတာမျိုး မလုပ်တော့ အစိုးရရဲ့
Image တက်လာတာပဲ အဖတ်တင်တာပေါ့ဗျာ။ တကယ်တမ်း မီးလာဖို့ ဆန္ဒပြမယ်ဆိုရင်
မိုးကျလာမှ တာဝါတိုင်တွေ ကောင်းနေမှ ဆန္ဒပြသင့်တာပါ။ အစိုးရဖက်က
အကြောင်းပြချက်ပေးလို့ မရဘဲ မီးပျက်နေမှသာ ဆန္ဒပြမယ်ဆိုရင် ဒီထက်ကောင်းတဲ့
ရလာဒ်ဖြစ်လာမှာ အသေအချာပဲ။ အခုတော့ ရလဒ်က ထင်သလောက် မကောင်းလာပဲ
လူထုဆန္ဒပြုမှုတွေကို အရေးတယူလုပ်ပြီး သတင်းစာ ရှင်းလင်းပွဲတွေ လုပ်နေတဲ့
လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က နာမည်ပိုရလာနေပါတယ်။
  ဒါကို မသိပဲ စကားကျွံမိတဲ့ မန္ဒလေးက လျှပ်စစ်အင်ဂျင်နီယာ မမနဲ့
အိမ်မှာပဲ ချွေတာရေးလုပ်ပြီး ဖယောင်းတိုင်ထွန်းခိုင်းတဲ့ အထူးစပယ်ရှယ်
သမ္မတရဲ့ အကြံပေးကြီးကိုလဲ အံသြမိတာ အမှန်ပဲ။ အလကားနေရင်း
ဗီလိန်လုပ်ချင်နေကြသကိုး။ ဇာတ်လိုက်သေတဲ့ ဇာတ်ကားတွေလဲ ကြည့်ဖူးကြမယ်
ထင်တယ်။ အကျိုးအမြတ်မရပဲ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီးများဖြစ်တဲ့
ငြိမ်းချမ်းစွာ ဆန္ဒပြသူတို့ အလကားဖြစ်သွားကြမှာကို ကျွန်တော်
အလွန်နှမြောလှတယ်။ နောက်တစ်ခုက ဒီလိုလုပ်တာက နိုင်ငံရေး
အမြတ်ထုတ်ချင်ကြတဲ့ ပြည်ပမှ နိုင်ငံရေးသမားတွေလဲ ပျော်နေကြမယ်ထင်တယ်။
အွန်လိုင်းက ဖွမီဒီယာတွေကလဲ အစိုးရနဲ့ ပြည်သူကို ရန်တိုက်ပေးနေကြပြီ။
အစိုးရနဲ့ ပြည်သူ အပြန်အလှန်ယုံကြည်မှု ရှိကြမှသာ အဲ့လူတွေ
တိုးမပေါက်မှာပါ။
   နောက်ပြီးတော့ ဖမ်းတဲ့ ဆီးတဲ့ ကိစ္စလေး ဆက်ပြောကြရအောင်ဗျာ။ ခု
မန္တလေးမှာ အယောက်၅၀လောက် ခေါ်ယူ စစ်ဆေးနေတယ်လို့ အသံကြားတယ်။ လူထုဒေါ်အမာ
သားတောင်ပါသွားတယ်ဆိုလားပဲ။ ဒါပေမယ့် တစ်ခု သိရမှာက လူထုဒေါ်အမာသားကို
ကိုယ်ပိုင်ကားနဲ့ လိုက်လာခွင့်ပေးတယ်ဆိုကတည်းက ပြန်လွှတ်ဖို့ပေါ့
ဟုတ်ဘူးလား။ အရင်လို ခေတ်မဟုတ်တော့တဲ့ အတွက် သိပ်လဲ စိုးရိမ်လွန်နေကြဖို့
မလိုပါဘူး။ သို့သော် လုပ်ထုံးလုပ်နည်းအရ ခေါ်ယူစစ်ဆေးသင့်တာလေးတွေကို
ခေါ်ယူစစ်ဆေးတယ်လို့ပဲ မြင်ပါတယ်။ အကြမ်းပတမ်း မလုပ်တာလေးကို
ကျေးဇူးတင်ပေးသင့်တယ်လို့ ကျွန်တော်ထင်တယ်။ ဘယ်နိုင်ငံမှာမဆို ဆန္ဒပြမှုတွေ
ကြီးထွားလာရင် လုံခြုံရေးအရ လက်နက်ကိုင်တပ်ဖွဲ့တွေ ဖြေရှင်းကြတယ်ဆိုတာလဲ
သတိပြုသင့်တယ် ထင်တယ်။ ခေါ်ယူမေးပိုင်ခွင့်လဲ ရှိတယ်။ ဒါကြောင့်ပဲ
ကျွန်တော်ပြောတာပေါ့ အခုဆန္ဒပြနေကြတာဟာ မြန်မာပြည်မှာ လွတ်လပ်တဲ့
ဒီမိုကရေစီစနစ်ဖြစ်ထွန်းနေပြီဆိုပြီး မီးမောင်းထိုးပြသလို ဖြစ်နေတယ်လေ။
ဒီတော့ ဒါကို ဦးဆောင်နေတဲ့ အစိုးရပဲ နိုင်ငံတကာလောကမှာ
နာမည်တက်လာတာပေါ့။ မလုပ်ပေးနိုင်တာကို နိုင်ငံတကာက ဖြေရှင်းချက်တောင်းလဲ
မိုးနည်းနေလို့ တာဝါတိုင် ပျက်လို့ စသည်ဖြင့် အကြောင်းပြချက်
ခိုင်ခိုင်လုံလုံ ပေးလို့ရနေတော့ သူတို့ အတွက် ဘာမှ အကြပ်ရိုက်စရာ
အကြောင်းကို မရှိဘူး။ နောက် စစ်တပ်ရတဲ့ အကျိုးအမြတ်တစ်ခုရှိသေးတယ်။ အရင်က
တခုခုဆို လက်နှက်အားကိုးနဲ့ ဝင်ရောက် ဖြေရှင်းနေကျ ဖြစ်တဲ့ စစ်တပ်ကသာ
ခုကိစ္စကို လက်ရှောင်လိုက်မယ်ဆိုရင် နိုင်ငံရေး ကိစ္စတွေမှာ စစ်တပ်ဝင်
မပတ်သတ်တော့ပါဘူးဆိုတဲ့ အကြောင်းပြချက် ပေးလို့ရလာပြီ။
အချုပ်အချာအာဏာထိပါးလာမယ့် နိုင်ငံ့လုံခြုံရေး ထိခိုက်လာမယ့်
ကိစ္စမဟုတ်ရင် ဝင်မပါတော့ပါဘူးဆိုပြီး စစ်တပ်က မျက်နှာကောင်း
ရသွားလိမ့်မယ်။
   ဒီတော့ ဘယ်သူက ပိုပြီး အကျိုးအမြတ်ပိုများမလဲ ဆိုတာကို စာဖတ်သူအနေနဲ့
တွေးမိပြီထင်ပါတယ်။ ဒီ ဆန္ဒပြဖို့တွေက မည်သူမှ တိုက်တွန်းတာ
မဟုတ်ဘူးလို့တော့ ပြောကြတာပဲ။ တကယ်တမ်း နောက်လိုက်တွေကို ဘယ်သူမှ
တိုက်တွန်းတာ မဟုတ်ပေမယ့် စတင်ဦးဆောင်သူတွေကို အကြံပေးတိုက်တွန်းကြတဲ့
သူတွေရှိမယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်။ ကျွန်တော် သူတို့ကို
ပြောချင်တာက ကျွန်တော်တို့ မြန်မာနိုင်ငံက ဒီမိုကရေစီနဲ့
ဝေးကွာနေတာကြာပြီဆိုတော့ ဘယ်လို ဆန္ဒပြရမယ်လဲ ဘယ်အချိန် ဆန္ဒပြရမလဲ ဆိုတာ
မသိဖြစ်နေမှာစိုးလို့ ကျွန်တော့် ယူဆချက် ထင်မြင်ချက်တွေကို ချရေးမိတာပါ။
နောက်ပြီး ဒီက နိုင်ငံရေးသမားတွေဆိုတာကလဲ တရားဝင် ခုမှ နိုင်ငံရေး
လုပ်ခွင့်ရှိလာတာဆိုတော့ ပြည်သူတွေအတွက် လုပ်ပိုင်ခွင့်ရှိနေတာကို
လုပ်ပေးနိုင်တာတွေကို မေ့မှာစိုးလို့ သတိပေးလိုက်တာပါ။ ကြာလာရင် လူထုတွေ
ဆန္ဒ မဖြည့်ပေးလို့ဆိုပြီး ပေါက်ကွဲထွက်လာနိုင်ပြီး တိုင်းပြည်
မတည်မငြိမ်ဖြစ်ရင် ကျွန်တော်တို့တွေပဲ ထပ်နစ်နာနိုင်လို့
ပြုပြင်ပြောင်းလဲရေး ထပ်ပြီးနှောင့်နေးလာမှာ ဖြစ်တဲ့အတွက်
မလိုလားအပ်တာတွေ မဖြစ်အောင် ထိန်းသိမ်းပေးကြဖို့လဲ ကျွန်တော် ဒီ POST
ကနေပဲ တောင်းဆိုလိုက်ပါရစေ။ နိုင်ငံအကျိုးကို တကယ်လိုလားတယ်ဆိုရင်
ဆန္ဒပြမှုတွေကို အတတ်နိုင်ဆုံး လျော့ပြီး အစိုးရကို အချိန်ပေးလိုက်ပါ။
ကျွန်တော်တို့ စောင့်ကြည့်ကြရအောင် ဗျာ။

--
Your lovingly Fri

Ya Wai (Paing Soe Thu)

http://yawaitun.blogspot.com/

https://twitter.com/#!/mcyawai

http://www.facebook.com/ya.wai1

http://www.facebook.com/pages/The-People-who-Like-Our-President


မှန်တာကို ပြောသူသည် ဒီမိုကရေစီ ဘက်တော်သားဆိုလျှင် ကျွန်တော် ဒီမိုကရေစီ
ဘက်တော်သားဖြစ်သည်။ အကယ်၍ မှန်တာကို ပြောသူသည် စစ်ခွေးဟု ဆိုပါက
ကျွန်တော်သည် စစ်ခွေးတစ်ကောင် မျှသာ ဖြစ်ပေလိမ့်မည်။

  2 comments:

  1. Thantsin Phyoe
    11:12 AM (1 hour ago)

    to mrsorcerer
    ကိုရဝေရေ့... ကိုရဝေပြောသွားတဲ့ ဆန္ဒပြတဲ့အပိုင်းက ၂ခုခင်ဗျာ့... တစ်ခုက စက်ရုံတွေမှာဖြစ်နေတာနဲ့ နောက်တစ်ခုက မြန်မာနိုင်ငံတစ်ဝှမ်းမှာဖြစ်နေတဲ့ ဖယောင်းတိုင်းထွန်းတဲ့ကိစ္စ... ကျနော်လည်း ၂ခုခွဲပြီးပြောပါ့မယ်...

    စက်ရုံတွေမှာဖြစ်ပွါးနေတာတွေနဲ့ပတ်သက်ပြီးပြောရရင် ကိုရဝေတင်ပြတဲ့ သက်ဆိုင်ရာဒေသက လွှတ်တော်ကိုယ်စားလှယ်များနဲ့တိုင်ပင်ဖို့ဆိုတာ ဖြစ်နိုင်ချေမရှိဘူးလို့ပြောပါရစေ... ဒါပေမဲ့ ကိုရဝေပြောတာတစ်ခုတော့မှန်တယ်ဗျ အလုပ်သမားတွေအနေနဲ့ စက်ရုံ/ကုမ္ပဏီပိုင်ရှင်တွေနဲ့တိုက်ရိုက် စကားပြောဆိုနိုင်တဲ့ အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းတွေရှိသင့်တယ်... လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဒေသခံမဟုတ်ပါဘူး... အလွယ်ဆုံးဥပမာပြရရင် လက်ရှိလွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ မိမိကိုရွေးချယ်တင်မြှောက်ထားတဲ့ဒေသခံတွေထံသွားပြီး ဒေသဆိုင်ရာအခက်အခဲတွေကို လေ့လာတယ်ဆိုတာ တစ်ယောက်မှမမြင်မိသေးပါဘူး... အလုပ်ပျက်ခွင့်တောင်မရှိတဲ့ အလုပ်သမားတွေအနေနဲ့ ဒေသဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေကိုဆက်သွယ်ဖို့ဆိုတာ တော်တော်ကိုကြီးမားတဲ့အခက်အခဲလို့ ကျနော်တော့မြင်တယ်ဗျ... နောက်တစ်ချက်က စက်ရုံ/ကုမ္ပဏီအလုပ်သမားတွေဟာ ဒေသခံတွေဖြစ်ချင်မှဖြစ်ပါမယ်... ဥပမာပြောရရင် အခု မြောင်းတကာက သံမဏိစက်ရုံမှာဆန္ဒပြနေကြတဲ့အလုပ်သမားတွေထဲမှာ မြောင်းတကာသား၊ မှော်ဘီသား၊ တိုက်ကြီးသား စတဲ့ ဒေသခံသိပ်မပါ ပါဘူး... ဒီအချက်ကို သက်ဆိုင်ရာသတင်းတွေကို ပုံမှန်ဖတ်နေတဲ့ ကိုရဝေလည်းသတိပြုမိမယ်ထင်ပါတယ်... ဒါ့ကြောင့် အလုပ်သမားရေးရာကို အမှန်တကယ်ဆောင်ရွက်နိုင်တဲ့ စက်ရုံ/ကုမ္ပဏီဆိုင်ရာအဖွဲ့အစည်းရှိသင့်ပါတယ်... ဝမ်းနည်းစွာပဲ အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းဖွဲ့စည်းခွင့်ဟာ ဥပဒေထဲမှာပဲရှိနေသေးပြီး လုပ်ထုံးလုပ်နည်းမထွက်လာသေးတာကြောင့် အဖွဲ့အစည်းတွေဖွဲ့စည်းဖို့အခက်အခဲရှိနေသေးတဲ့အပြင် အလုပ်သမားသမ္မဂလိုမျိုး အဖွဲ့အစည်းတွေဟာ လွတ်လပ်တဲ့အဖွဲ့အစည်းအနေနဲ့ဖွဲ့စည်းသင့်ပေမဲ့ ဥပဒေအရ လွတ်လပ်တဲ့အဖွဲ့အစည်းအဖြစ်ဖွဲ့စည်းခွင့်လည်းမရှိပဲ အစိုးရဌာနမှပုဂ္ဂိုလ်များကိုပါထည့်သွင်းဖွဲ့စည်းဖို့ပြဌာန်းထားလို့နေပြန်သဗျ... ဒါ့ကြောင့် ဒီကိစ္စဟာ အလုပ်သမားရေးရာအတွက် ကိုရဝေပြောသလိုဆောင်ရွက်ဖို့ လွှတ်တော်မှာအဆိုတင်သွင်းပြီးလုပ်သင့်တယ်ကိစ္စကြီးတစ်ရပ်ရှိနေပါတယ်... မြန်မာ့လွှတ်တော်၂ရပ်က ကိုယ်စားလှယ်တော်များကတော့ အလုပ်သမားရေးရာနဲ့ပတ်သက်ပြီး လေသံမှ မဟသေးတာအတော်ကိုထူးဆန်းလို့နေသလို လက်ရှိအာဏာရအစိုးရအနေနဲ့လည်း ရေတိုအနေနဲ့ ဒီကိစ္စကိုရှင်းရှင်းလင်းလင်းဖြစ်အောင်ဆောင်ရွက်ဖို့အတွက် လွတ်လပ်တဲ့ ကော်မရှင်လိုအဖွဲ့မျိုးဖွဲ့စည်းဆောင်ရွက်ပေးဖို့ ပျက်ကွက်နေပြန်သေးသဗျ... နောက်ဆုံးမှာတော့ ငါ့ဝမ်းပူစာမနေသာဆိုသလို အလုပ်သမားတွေ အလုပ်မလုပ်ပဲ စက်ရုံ/ကုမ္ပဏီအပြင်ထွက်ထိုင်ပြီး ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်ပွါးနေတာဖြစ်ပါတယ်... ဒါ့ကြောင့် ဒီအရေးကိစ္စမှာ တာဝန်အရှိဆုံးဟာ လွှတ်တော်၂ရပ်ကကိုယ်စားလှယ်တော်များနဲ့ လက်ရှိအာဏာရအစိုးရသာဖြစ်ပါတယ်...

    ReplyDelete
  2. Thantsin Phyoe
    11:12 AM (1 hour ago)
    နောက်တစ်ချက်က မီးမမှန်တဲ့အတွက်ကြောင့် မန္တလေးမှစတင်ပြီး ရန်ကုန် ပြည် ပေါင်းတည် ပုသိမ် စတဲ့နေရာတွေမှာ ဖယောင်းတိုင်ထွန်းပြီး လူထုဆန္ဒပြ/ဆန္ဒထုတ်ဖော်မှုတွေဖြစ်ပွါးနေတာပါပဲ... ဒီနေရာမှာ မန္တလေးက မိတ်ဆွေတစ်ယောက်ပြောတာလေးကို ပြန်ပြီးဖောက်သယ်ချပါရစေ... ဧပြီလအတွင်းမှစတင်ကာ လျှပ်စစ်မီးကိုအချိန်ပြည့်မပေးနိုင်တာကြောင့် အချိန်ပိုင်းစံနစ်နဲ့ အလှည့်ကျပေးမယ်လို့ သက်ဆိုင်ရာက ကြေငြာပါတယ်... အဲ့ဒီအချိန်မှာ လူထုဟာ အစိုးရကိုနားလည်မှုပေးပြီး ဘာမှမပြောခဲ့ပါဘူး... အလှည့်ကျပေးချိန်မှာတော့ လျှပ်စစ်မီးလာချိန်မမှန်သလို ပြောတဲ့အတိုင်းအတိအကျပေးခြင်းမရှိတာ၊ လျှပ်စစ်မီးလာချိန်မှာမီးအားပြည့်ဝမှုမရှိတာ၊ လာလိုက်ပျက်လိုက် ခဏခဏဖြစ်တာ၊ စတာတွေအတွက် သက်ဆိုင်ရာက မည်သည့်အကြောင်းပြချက်မှမပေးတော့ပါဘူး... ဒီလိုဖြစ်နေတာတွေဟာ တာဝါတိုင်တွေမိုင်းခွဲခံရပြီးမှမဟုတ်ပါဘူး... အဲ့ဒီမတိုင်ခင်ကတည်းကဖြစ်တာ ဖြစ်တဲ့အတွက် တာဝါတိုင်တွေမိုင်းမခွဲခင်ကတည်းက သက်ဆိုင်ရာအနေနဲ့ဖြေရှင်းပေးသင့်တာပါ... မန္တလေး ရန်ကုန် စတဲ့မြို့ကြီးတွေမှာ လျှပ်စစ်မီးလာမှ ရေတင်လို့ရတဲ့နေရာတွေအများအပြားရှိတာဖြစ်တဲ့အတွက် လျှပ်စစ်မီးမမှန်ခြင်းရဲ့နောက်ဆက်တွဲအဖြစ် ရေအခက်အခဲပါလိုက်လာပါတယ်... ဖြစ်ပွါးနေတာကလည်း နွေလယ်ကာလကြီးမှာဆိုတော့ သက်ဆိုင်ရာအနေနဲ့ ဒီကိစ္စကိုမျက်ကွယ်ပြုနေတာဟာ လူထုအတွက် အခံရခက်လှပါတယ်... အကယ်၍ သက်ဆိုင်ရာအနေနဲ့ အခက်အခဲရှိနေခဲ့ရင် လူထုကိုသေသေချာချာချပြပြီး အဆင်ပြေအောင်အရင်ကတည်းက ဆောင်ရွက်ပေးလိုက်ရင် ဆန္ဒထုတ်ဖော်ပွဲတွေဖြစ်လာမှာမဟုတ်ပါဘူး... လျှပ်စစ်မီးကိစ္စမှာ လူထုကို အခံရခက်စေတာကတော့ ယမန်နှစ်က တစ်နှစ်လုံးလျှပ်စစ်မီးရခဲ့တဲ့အနေအထားနဲ့ ယခုနှစ်အနေအထားဟာ တော်တော်လေးကိုနှိုင်းယှဉ်စရာဖြစ်နေပြီး အဲ့ဒီအပေါ်မှာ သက်ဆိုင်ရာအနေနဲ့ မည်သို့သောအကြောင်းကြောင့်ဆိုတာ လူထုကိုချပြတဲ့နေရာမှာ မိုးနည်းတယ်ဆိုတာမျိုးလောက်နဲ့ ကိစ္စဖြတ်ခဲ့ပြန်ပါတယ်... တကယ်ဆိုရင် အဲ့ဒီထက်တိကျတဲ့ စာရင်းဇယားများနဲ့ ဖြေရှင်းသင့်တာပါ... ဒါ့အပြင် ယမန်နှစ်ကပဲ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်နေတဲ့ ရေအားလျှပ်စစ်စက်ရုံများဆိုင်ရာ အရေးအခင်းမှာ မြန်မာနိုင်ငံမှာ လျှပ်စစ်ဖြန့်ဝေရေးကိုတာဝန်ယူထားတဲ့ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနရဲ့ ဝန်ကြီးက လျှပ်စစ်ဓာတ်အားတွေပိုလျှံလို့ ရောင်းစားပါတယ်လို့ လက်လွတ်စပယ်ပြောခဲ့တာဟာလည်း လက်ရှိအနေအထားမှာ နှိုင်းယှဉ်စဉ်းစားဖွယ်ဖြစ်လာပါတယ်... ဒါ့ကြောင့် လူထုအနေနဲ့ မြန်မာ့သယံဇာတဆိုင်ရာ စီမံခန့်ခွဲမှုကို သက်ဆိုင်ရာကိုမေးခွန်းထုတ်လိုက်ခြင်းပါပဲ... ဒါဟာ လူထုကိုနောက်ဆုံးလမ်းပေါ်ထွက်လာအောင် မည်သူကမှပြုလုပ်လိုက်တာမဟုတ်ပဲ လက်ရှိအာဏာရယူထားတဲ့ အစိုးရကသာပြုလုပ်လိုက်တာပါ... ယခင်တစ်ပါတီစံနစ်နဲ့ စစ်တပ်အုပ်ချုပ်မှုစံနစ်တွေမှာလိုမျိုး လက်လွတ်စပယ်ဆက်လုပ်လို့မရနိုင်ဘူးဆိုတာ လူထုဘက်ကတုံ့ပြန်လိုက်တဲ့အသံပါခင်ဗျာ... အကယ်၍ လက်ရှိအာဏာရအစိုးရအနေနဲ့ လူထုအပေါ် ယခုအနေအထားထက်ပိုပြီး ထင်သာမြင်သာရှိခဲ့မယ်ဆိုရင် ဒီလိုမျိုးအဖြစ်အပျက်တွေနဲ့ ကြုံရမှာမဟုတ်ပါဘူး... ဒီကိစ္စမှာလည်း လက်ရှိအာဏာရအစိုးရရဲ့ အားနည်းချက်ဟာအကျိုးပါ... အဲ့ဒီအကျိုးကြောင့် လူတွေလမ်းပေါ်ထွက်လာပြီး ဆန္ဒထုတ်ဖော်မှုတွေဖြစ်လာတာပါ...

    နောက်ထပ် ကိုရဝေပြောထားတဲ့ ဖမ်းဆီးတဲ့ကိစ္စပါ... မန္တလေးမှာ ဆန္ဒထုတ်ဖော်သူများထဲမှ လူ၅၀လောက်ကို ခေါ်ယူမေးမြန်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ်... ဟုတ်ပါတယ် တစ်ယောက်မှအဖမ်းခံခဲ့ရခြင်းမရှိသလို တစ်ယောက်မှ ညှင်းပမ်းနှိပ်စက်ခံရခြင်းမရှိပဲ ခေါ်ယူမေးမြန်းမှုသက်သက်ပါ... ဒါပေမဲ့ ဘာ့ကြောင့် ခေါ်မေးတာလဲ... ဆန္ဒထုတ်ဖော်ပွဲဖြစ်တာနဲ့ ညတွင်းချင်းအရေးပေါ်ဖြေရှင်းပြီးသား ကိစ္စကို ဘာ့ကြောင့် ခေါ်ယူမေးမြန်းရတာလဲ... အဲ့ဒီလိုခေါ်ယူမေးမြန်းတဲ့အပေါ်မှာ သက်ဆိုင်ရာရဲ့ အကြောင်းပြချက်ကဘာလဲ?? လုံးဝအကြောင်းပြချက်မပေးပဲထားလိုက်ပါတယ်... မန္တလေးကလူတွေ သိပ်ချစ်ဖို့ကောင်းပါတယ်... အဲ့ဒီအတွက် ဘာအကြောင်းပြချက်မှတောင်းဆိုခြင်းမရှိပါဘူး... ဒါဟာ လူထုဘက်က သက်ဆိုင်ရာကို နားလည်မှုပေးလိုက်တာလို့ ကျနော်မြင်ပါတယ်... ဝမ်းနည်းစရာကောင်းတာက ပြည်မြို့မှာ ဆန္ဒထုတ်ဖော်တဲ့ လူတွေကို ရိုက်နှက်အကြမ်းဖက်ပြီး လူစုခွဲခဲ့တဲ့အပြင် လူ၆ယောက်ကို တစ်ညတိတိဖမ်းချုပ်ခဲ့ပါတယ်... ဘာဖြစ်လို့ပါလဲ??? ဒါ့အပြင် အခြားနယ်တွေမှာလဲ အလားတူဖြစ်ရပ်တွေဖြစ်ပွါးခဲ့တယ်ဆိုတာ ကိုရဝေလို အင်တာနက်မှာ သတင်းတွေလိုက်ဖတ်နေသူတစ်ဦးအနေနဲ့ သိရှိပြီးဖြစ်မယ်လို့ထင်ပါတယ်... ဘာ့ကြောင့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တဲ့လူထုကို အကြမ်းဖက်ပြီး လူစုခွဲတာလဲ??? ဘာ့ကြောင့် လူဖမ်းတာလဲ??? အဲ့ဒီအတွက် သက်ဆိုင်ရာက ထင်သာမြင်သာစွာ သတင်းထုတ်ပြန်ခြင်းမရှိပြန်ပါဘူး... ဒါ့အပြင် မန္တလေးမှာပြုလုပ်တဲ့ လူထုဆန္ဒထုတ်ဖော်ပွဲမှာသာ ရဲအင်အားကိုမသုံးပေမဲ့ ကျန်တဲ့ဒေသတွေမှာ လူစုခွဲဖို့ အဆင်သင့်ထားပါတယ်... အဲ့ဒီအချက်ကိုတော့ ကျနော် လက်ခံနိုင်ပါတယ်... ဒါပေမဲ့ တစ်စုံတစ်ရာကြောင့် ဖမ်းဆီးမှုပြုလုပ်တယ် လူစုခွဲရတယ်ဆိုရင်တော့ သက်ဆိုင်ရာအနေနဲ့ ဘာ့ကြောင့်ဆိုတာ သတင်းထုတ်ပြန်သင့်ပါတယ်...

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...