လောကပါလတရားအကြောင်း
by သစ္စာနီ on Friday, May 25, 2012 at 9:24pm ·
လောကပါလတရားဆိုတာ လောကကို စောင့်ရှောက်အပ်တဲ့ တရားဖြစ်ကြောင်း အရွယ်ရောက်သူတိုင်း သိကြသည် မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းလို၊ နာမည်ကြီး ကိုးရီးယား ဇာတ်လမ်းတွဲတွေလိုပင် သိကြသည်။ တစ်စုံတစ်ရာ အဆင်မပြေတာနှင့်ကြုံလျှင် လောကပါလတရားက ဘယ်ရောက်နေသလဲဟု ညည်းကြသည်။ လောကမှာ တရားမရှိတော့ပါဘူးဟု ညည်းညူကြသည်။ စစ်တမ်းကောက်ကြည့်လျှင် လောကပါလတရားသည် ‘နေတိုး’ ထက်၊ ‘အယ်လ်ဆိုင်းဇီ’ ထက်၊ ‘မင်းခိုက်စိုးစန်’ ထက်ပို၍ လူကြိုက်များသော အရာဖြစ်နိုင်ပါသည်။ သို့သော် အထက်က ညည်းညူကြသလိုပင် လောကပါလတရားမှာ ပရုတ်လုံးလိုပင် လုံးပါးပါးရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်မှာ သေချာလှပါသည်။
ဤနေရာတွင် ဖိနပ်ထဲ ခဲဝင်သလို အခံရခက်ဖွယ်ရှိသော မေးခွန်းတစ်ခု ပေါ်ထွက်လာသည်။ တရားမှုကို နှုတ်တက်ရွရွ တဖွဖွတောင်းဆိုနေသော၊ တရားမှုကို မြတ်နိုးလှပါသည်ဆိုသော သင်ကိုယ်တိုင်ကရော တကယ်ပင် တရားမျှတမှု ရှိသူတစ်ယောက် ဖြစ်ပါသလောဟူသည့် မေးခွန်းပင်ဖြစ်သည်။ ဥပမာတစ်ခု ပေးပါမည်။ ကျွန်တော်တို့နိုင်ငံတွင် အကြွေရှားသည်။ ငွေအသေးအနုတ် ရှားခြင်းဖြစ်သည်။ ထို့ကြောင့် အချင်းချင်း ငွေလည်ပတ်စီးဆင်းရာ၌ အခက်အခဲ ရှိပါသည်။ သို့သော် လူတို့၏ အတ္တစိတ်ကြောင့် အခက်အခဲမှာ ရှိသင့်တာထက် ပို၍ ကြီးထွားနေပါသည်။ ဈေးသည်နှင့် ဈေးဝယ်ကိုကြည့်ပါ။ ဈေးဝယ်သူက ငွေ ၁၀၀၊ ၁၅၀ တန်ပစ္စည်းအတွက် (သူ့တွင် အကြွေရှိပါလျှက်) တစ်ထောင်တန်ကို ထုတ်ပေးသည်။ ဈေးသည်ကလည်း အကြွေရှိပါလျှက် မအမ်းနိုင်၊ အကြွေပေးပါဟု ဆိုသည်။ အကြွေရှားသည်ဟူသော အချက်ကို အခြေခံကာ လူတိုင်းလူတိုင်း အကြွေကိုစုကြသည်။ တော်ရုံနှင့် ထုတ်မသုံး။ မလွှဲမရှောင်သာမှ ထုတ်သုံးကြသည်။ ဒီတော့ အကြွေလည်ပတ်နိုင်ရန် ခက်ခဲသင့်သည်ထက် ပို၍ခက်ခဲလာသည်။ လည်ပတ်နေသည့် ယန္တရားထဲတွင် အကြွေမရှိဘဲ၊ စုထားသူတွေလက်ထဲ ရောက်နေသည်။ အကြွေကို မလွှဲသာသဖြင့် မသုံးမဖြစ် သုံးရမည်ဆိုတော့လည်း ကိုယ့်လက်ထဲတွင်ရှိသော အကြွေများထဲမှ အစုတ်ပြဲဆုံး ပိုက်ဆံကို ရွေးထုတ်ကာ သုံးကြသည်။ ဈေးဝယ်သူကလည်း အစုတ်သုံးသည်။ ပြန်အမ်းသည့် ဈေးသည်ကလည်း အစုတ်ဆုံးကို ရွေးကာ အမ်းသည်။ ဒါက ထုံးစံလိုဖြစ်နေသည်။
လူ့အဖွဲ့အစည်းအတွင်း လူအချင်းချင်း ဆက်ဆံရာတွင် လူတိုင်းလိုလိုကပင် ကိုယ်က အသာစီးရယူချင်ကြ၏။ အတ္တကို အခြေခံသော စိတ်ပင်ဖြစ်၏။ အနစ်နာခံလိုစိတ် မရှိကြ။ အဲသလို ကိုယ့်ဘက်က အနစ်နာခံလိုက်လျှင် အောက်ကျနောက်ကျနိုင်သည်ဟု တလွဲမှတ်ယူတတ်ကြ၏။ သူများမျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်ရတာကို ဟုတ်လှပြီ ထင်နေကြ၏။ ပါးတာ လည်တာကိုပင် ဂုဏ်ယူကြ၏။
စွန်းလွန်းဆရာတော်ဘုရားကြီး၏ စကားတစ်ခွန်းကို သတိရမိ၏။ ‘အပါးအလည် မလုပ်ကြနဲ့။ အပါယ်လားတတ်တယ်’ ဆိုသောစကားဖြစ်၏။ တရားကိုချစ်မြတ်နိုးလှပါသည်ဟု လူကြားကောင်းအောင် အသံကောင်းဟစ်နေရုံနှင့် ကိစ္စမပြီးပါ။ ကိုယ်ကိုယ်တိုင်ကလည်း တရားမျှတမှုကို ကျင့်သုံးဖို့လိုပါသည်။ တရားကို ကိုယ်ကစောင့်မှ တရားက ကိုယ့်ကိုပြန်စောင့်ပါလိမ့်မည်။ လောကပါလတရားဆိုသည်မှာ လောကကြီး မပျက်ဆီးအောင် စောင့်ရှောက်တတ်သော တရားဖြစ်သည်။ လောကပါလတရားပျက်လျှင် လောကပျက်ရပါလိမ့်မည်။ ပညာရှိတို့က လောကပါလတရား (၂) ပါးကို ဟီရိနှင့်သြတ္တပ္ပဟူ၍ ခွဲခြားပြပါသည်။ ရှင်းအောင်ပြောရလျှင် မကောင်းမှုပြုရမှာ ရှက်ခြင်းနှင့် ကြောက်ခြင်းတို့ပင် ဖြစ်ပါသည်။ တချို့က လောကပါလတရား (၄) ပါးဟု တစ်နည်းပြပါသည်။ ယင်းတို့မှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခောဟူသော ဗြဟ္မစိုရ်တရား (၄) ပါးပင် ဖြစ်ပါသည်။ တစ်နည်း လောကပါလတရား (၅) ပါးဟူ၍လည်း ပြောကြပါသည်။ ယင်းမှာ လူတိုင်းသိသော ငါးပါးသီလပင် ဖြစ်ပါသည်။ ယင်းသီလငါးပါးကို ကမ္ဘာတည်သီလဟုပင် ခေါ်ပါသည်။
လောကပါလတရားတွေက များလှချည်လားဟုဆိုသော် တစ်ခုတည်းသော လောကပါလတရားကို ဖော်ပြချင်ပါသည်။ ယင်းမှာ ‘ကိုယ်ချင်းစာတတ်သောစိတ်’ ပင်ဖြစ်ပါသည်။ လူသည် အတ္တကို အခြေခံသော သတ္တဝါဖြစ်သည်။ ထို့ကြောင့် အတ္တကိုပဲ အခြေခံထားကာ စဉ်းစားကြည့်သော် ဤ ‘ကိုယ်ချင်းစာစိတ်’ တစ်ပါးတည်းနှင့်ပင် အရာရာ ပြီးမြောက်နိုင်ပါသည်။ ကိုယ်မကြိုက်တာကို သူများအပေါ် မပြုလုပ်မိဖို့ပဲ ဖြစ်ပါတော့သည်။ တစ်ခုခုပြုမည်ကြံသော် ‘ငါ့ကိုတစ်ပါးသူက ဤကဲ့သို့ပြုသည်ရှိသော် ငါ ကျေနပ်လက်ခံနိုင်ပါ့မလား’ ဟု အရင်စဉ်းစားသင့်သည်။ ငါကိုယ်တိုင်က ကျေနပ်လက်ခံနိုင်မှု မရှိသော အလုပ်မှန်သမျှကို တစ်ပါးသူအပေါ်၌လည်း မပြုအပ်ချေ။ ယင်းကို ကိုယ်ချင်းစားတရားဟုဆိုသည်။ အနှစ်ချုပ်ထားသော လွယ်လည်းလွယ်ကူသည့် လောကပါလတရားပင် ဖြစ်လေသည်။
သစ္စာနီ (နွယ်နီ၊ စက်တင်ဘာ၊ ၂၀၀၉)
ခေတ် (အက်ဆေးနှင့် ဆောင်းပါးများ)
credit: lucky82 (mmcybermedia
0 comments:
Post a Comment