သို့ဖြင့် -
by Zay Ya on Saturday, May 26, 2012 at 11:07pm
ကျွန်ုပ် သည် လူရူး ဖြစ် ၏။ ဤအဆို သည် မြေကြီး လက်ခတ် မလွဲ မှန်ပါ၏။ အဘယ် ကဲ့သို့ လူရူး ဖြစ်လာ ပါသနည်း ဆိုသည်ကိုမူ သင် သိလို လိမ့်မည် ထင်ပါသည်။ ရှင်းပါမည်။ ဖြစ်ပုံက ဤသို့ -
နတ်ဘုရား အမြောက် အများ၊ ပေါချင်း သောချင်း - ထွက် မလာကြခင် တစ်နေ့ က အစပြုသည်။ အတန်ကြာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေ ပြီး နောက် ကျွန်ုပ် နိုးထ လာ သည်။ ချက်ချင်း သိလိုက် မိသည် က - ကျွန်ုပ်၏ မျက်နှာဖုံးများ အားလုံး မရှိ တော့ ခြင်း ဖြစ် သည်။
အဘယ် မှာမှ ရှာမရ။ အတန်ကြာ - အိပ်မှုန် စုံမွှားဖြင့်- အထိတ် တလန့် ဖြစ် နေမိသေး၏။ ပြီးမှ သူရို့- အခိုးခံ လိုက်ရ ခြင်း ဖြစ်ကြောင်း ဆင်ခြင် ၍ သိလိုက် သည်။
စင်စစ် ကျွန်ုပ် မျက်နှာဖုံး များ ကို ကျွန်ုပ် မြတ်နိုး ခဲ့ပါသည်။ သူတို့ အားလုံး ကို လည်း - ကိုယ်တိုင် ဒီဇိုင်း ဆွဲ- စိတ်တိုင်းကျ ဖန်တီး ထား ခဲ့ခြင်း ဖြစ် သည်။ နှစ်သက် စွာ လည်း ဝတ်ဆင် လာ ခဲ့ သည် မှာ ကြာပြီ။ အခု မရှိတော့ပြီ။ - လာခိုး သွား ကြသည်တဲ့ - ကျိန်ဆဲချင် စရာ ကောင်း လိုက် ပါဘိ။
စိုးရိမ် တကြီးဖြင့် အိမ်ပြင် ထွက်သည်။ လမ်းလယ်ခေါင် ရောက်သွား သည်။ - မျက်နှာဖုံး မပါသောကြောင့် မိမိ မျက်နှာက ပြောင်ပြောင် တင်းတင်း ။ သို့သော် ယင်း အဖြစ်ကို သတိမထားမိ။ -
"သူခိုးဗျို့ - သူခိုး - သူခိုး ! - အေပေး သူခိုးတွေ - ကျုပ် မျက်နှာဖုံးတွေ အကုန် ခိုးသွား သဗျို့" - စိတ်လိုလက်ရ ကုန်း အော်ပစ်လိုက်သည်။
လမ်းသွား လမ်းလာ ကျား၊ မ အများစု (ဝါ) အားလုံး က ကျွန်ုပ် ကို စိမ်းစိမ်း ကြည့် သည်။ စေ့စေ့ ကြည့် သည်။ ခိုးခိုးခစ်ခစ် ရယ်ကြသည်။ အချို့ဆိုလျှင် ကျွန်ုပ်၏ မျက်နှာ ကို ကြည့်၍ ကြောက်လန့် သွားကြ ဟန် တူ၏။ သူရို့ အိမ်ခန်း များ ထဲသို့ ပြေးဝင် ကုန်ကြ၏။ ကျွန်ုပ် လည်း ယင်း အချိန်က ပစ္စည်း မွှန် မွှန်နေ ပါသည်- အမှု မထား ခဲ့မိ။
မြည်တွန် တောက်တီး အော်ဆို ကျိန်ဆဲ ရင်း လျောက် လာခဲ့သည်မှာ - ဈေးတန်း အတွင်း သို့ပင် ရောက်လာ သည်။ ထိုစဉ် - အိမ် တစ်အိမ် ၏ တံခါး ဝ တွင် ရပ် လျက် ရှိသော လူငယ် တစ်ဦး က - "ဟေ့ ကြည့်ကြ စမ်းဟေ့ - ဟိုလူကြီး ကို ကြည့်ကြ စမ်း - အရူးကြီးကွ" ဟု ကျွန်ုပ် ကို လက်ညှိုး ငေါက်ငေါက် ထိုး ၍ အများ ဘက်ကို လှည့်အော် သည်။ ကျွန်ုပ် သူ့ကို မော့ကြည့် မိ၏။ နံနက်ခင်း နေရောင် သည် ကျွန်ုပ်၏ မျက်နှာဖုံး မပါသော ဗလာကျင်း မျက်နှာ ဆီသို့ တိုက်ရိုက် ကျရောက် လာ၏။
အိုး - အံ့ဖွယ် ကောင်းလေစွ။ ဤသို့ တစ်ကြိမ် တစ်ခါမှ မကြုံဖူးခဲ့ပေ။-
မိုးကြိုးပွတ် ရပါစေ့ - ကျွန်ုပ် ၏ ဝတ်လစ်စလစ် မျက်နှာပြင် ဆီ သို့ နေရောင် နမ်းရှိုက် နေပုံမှာ - ဤအကြိမ် သည် ပထမ ဆုံး ဖြစ်ပါသည်။ ကျွန်ုပ် ၏ နှလုံးသွေး တို့ သည် - တစ်ခါမှ မရရှိ ခဲ့ဖူးသော ဤ နေခြည် ကို သဒ္ဓါသော စိတ်ဖြင့် နွေးထွေး ဆူဝေ ကုန် ၏။ လှလိုက် ကျော့ရှင်း လိုက်ပါဘိ၏။ ဤ မျက်နှာ ကို ကာကွယ်ဖို့ - ဘယ်မှာ - မျက်နှာဖုံး လိုနေဦးမည် နည်း။ ဤသည်ကို အကျေအလည် သိလိုက်ရသည်။ မည်မျှ ချိုမြိန် လိုက်သနည်း။ မည်မျှ ကောင်း မွန်သည့် အမြိုက် အရသာ ဖြစ်နေသနည်း။
ထို့နောက်- တရားခွင် ရောက်နေသော လူတစ်ဦး ကဲ့သို့ - မှုန် ကုပ်ကုပ် မျက်နှာ ထား ဖြင့် ကြွေးကြော် လိုက် သည် -
"မင်း တို့ - သူတော်ကောင်း - သူတော်စင် - ဆိုတဲ့ ဟာ တွေ ဟာ လေ - တကယ် တော့ - ငါ့ မျက်နှာဖုံး တွေ ခိုးသွား တဲ့ သူခိုးတွေ ပဲ ကွ"
လမ်းသွား လမ်းလာ၊ ကြား သမျှ လူသတ္တဝါ အားလုံး - ဇတ်ခနဲ ဖြစ်သွား သည်။ သူတို့ မျက်နှာ ဖုံး များ အောက်ရှိ - မျက်လုံး အစုံ က - နေရောင် မရသည့် ပင်ကျပန်း ကဲ့သို့ - ညှိုးရော်ရော် ဖြစ် သွား သည်။ ဂနာမငြိမ်ပဲ တဆတ်ဆတ် တုန်ရီ သွားကြ၏။ "အယုတ္တ - အနတ္တ - ပြော တတ် ရန်ကော" ဆိုသည့် အမူအရာ မျိုး - တပျက်ပျက် - လက် ပြနေကြ သည်။ ယင်းအချိန်မှ စ၍ သူရို့က ကျွန်ုပ် ကို သူရူး အဖြစ် သတ်မှတ် လိုက်ကြသည်။
သင် နားလည် သလား မသိပါ။ သို့ဖြင့် ယင်း အချိန် ကတည်းက - ကျွန်ုပ် - လူရူး ဖြစ်ခဲ့သည်မှာ - ဘုရားစူးရစေ့ - အမှန် ပင် ဖြစ်တော့ ၏။
~ Madman. (K.G)
......................
May 27th 2012 at 10:15 AM
......................
http://zayya.wordpress.com/
http://zayya.blog.com/
http://zayyah.blogspot.com/
.....................
0 comments:
Post a Comment