Thursday, May 17, 2012

လောကမှာ ပညာတတ်ဖျက်ဆီးတာနဲ့ ပညာမဲ့ဖျက်ဆီးတာ ဘယ်ဟာပိုကြောက်ရလဲ



“လောကမှာ ပညာတတ်ဖျက်ဆီးတာနဲ့ ပညာမဲ့ဖျက်ဆီးတာ ဘယ်ဟာပိုကြောက်ရလဲ?

ပညာတတ်ဖျက်ဆီးတာပါ ဘုရား…!!!

အေး……စာသင်ကျောင်းက ကျောင်းဆရာ၊ဆရာမတွေ စည်းမဲ့ကမ်းမဲ့ ဖြစ်သွားတာနဲ့ တိုင်းပြည်တစ်ခုလုံးပရမ်းပတာဖြစ်သွားမယ်..။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက”….ဆိုပြီးတော့ စပြီးဖျက်ဆီးပလိုက်တာ။
ရှင်းတယ်နော်…။ ဒါ သိပ်ကြောက်စရာကောင်းမကောင်း ..? အလွန်ထိတ်လန့်စရာ ကောင်းတဲ့အလုပ်ကြီးပါ ..၊ ဦးဇင်းတို့ ဘာလို့ ဒါလောက် ပြတ်ပြတ်သားသား မကြောက်မရွံ့ပြောလာသလဲ မေးတယ်….
အမျိုး၊ ဘာသာ၊ သာသနာ ၃ ရပ်လုံးပျောက်ဆုံးတော့မဲ့အရေးကိုဆိုက်ေ၇ာက်လာလို့ပဲ။ လုပ်ငန်းထဲမှာ၊အသက်မွေးဝမ်းကြောင်းလုပ်ငန်းထဲမှာ အမြင့်မြတ်ဆုံး လုပ်ငန်းနဲ့ အရေးအကြီးဆုံးလုပ်ငန်းဖြစ်တယ်..။
တိုင်းပြည်တစ်ပြည်ရဲ့ အရေးအကြီးဆုံးက ကျောင်းဆရာ ဆရာမတွေပဲ။

ရှင်းတယ်နော်…။
တိုင်းပြည်တစ်ခုလုံး၊လူမျိုးတစ်ခုလုံး၊ဘာသာတစ်ခုလုံးရဲ့ အနာဂါတ်ကိုပုံဖော်နေတာ…. ဒီကျောင်းက ဆရာဆရာမတွေပဲ..။
မူလတန်း၊အလယ်တန်း၊အထက်တန်း အကုန်အရေးကြီးပါတယ်..။အဲ့ဒီကျောင်းက ဆရာဆရာမတွေ စည်းကမ်းဖောက်ဖျက်ချလိုက်တာနဲ့ တိုင်းပြည်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားတာပဲ။”

ဒါဟာ နိုင်ငံကျော်ဆရာတော် ဦူးသုမင်္ဂလ ဟောကြားတော်မူခဲ့တဲ့ “မင်းကောင်းမင်းမြတ်” တရားထဲက ကောက်နှုတ်ထားတာပါ…။


နိုင်ငံတစ်နိုင်ငံ၏ လက်ရှိကျင့်သုံးနေသော ပညာရေးမူဝါဒသည် ထိုနိုင်ငံ၏ အနာဂါတ်ပင် ဖြစ်ပါသည်..။ ထိုနိုင်ငံ ချမ်းသာကြွယ်ဝမှု ရှိနိုင်၊ မရှိနိုင်သည် ကျင့်သုံးနေသော ပညာရေးမူဝါဒအပေါ်တွင် မူတည်နေပါသည်..။
ပညာရေးမူဝါဒများ ပြုပြင် ပြောင်းလဲမှုများလုပ်ဆောင်နေကြရာတွင် ယင်းမူဝါဒများသည် အောက်ခြေအထိ စီးဆင်းလာခြင်းမရှိသေးပဲ ယခင်စနစ်ဟောင်းအတိုင်းသာ လည်ပတ်နေသေးကြောင်းတွေ့ရှိနေရပါသည်..။

ကျောင်းနေအရွယ် ကလေးတိုင်း စာတတ်မြောက်စေရေးအတွက် ကျောင်းတွင် ပိုက်ဆံကောက်ခံခြင်း မပြုလုပ်စေပဲ ဆင်းရဲသားကလေးတွေပါမကျန် ပညာသင်ကြားနိုင်အောင်ဖန်တီးနေတယ်ဆိုပေမဲ့…….
စာသင်ခန်းထဲရောက်သွားရင်တော့ ကလေးတွေဟာ ဆရာမတွေပြုသမျှ ခံနေကြရပါသေးတယ်..။


ဒီဆောင်းပါးမှာတော့ လက်ရှိ ပညာရေးလောက ရဲ့ ပုံရိပ်အချို့ကို တင်ပြသွားပါမယ်..။ဆရာမများရဲ့ ကိုယ်ကျိုး စီးပွားရှာနေမှုဟာ ကြေက်ခမန်းလိလိ ဖြစ်နေပါပြီ..။
ဆရာမတွေ ကျောင်းသွားချိန်ဆိုရင် စာသွားသင်မှာမှ ဟုတ်ရဲ့လား…..ဆိုတာသံသယဖြစ်စရာကောင်းလှပါတယ်…။
ကျောင်းယူနီဖောင်း ၀တ်ဆင်ထားတာမဟုတ်ရင် အခမ်းအနားပွဲ သွားတက်သလား ထင်မှတ်ထားရအောင်ကို ပြင်ဆင်ချယ်သ ထားကြပါတယ်..။ လက်ဝတ်ရတနာများကိုလည်း ရှိသမျှအကုန် ထုတ်ဝတ်ပြီး ရှိုးပြကြပါသေးတယ်။

သာမန်အားဖြင့် ဒါဟာပြောစရာမဟုတ်ပါဘူး..။
သူ့မှာရှိလို့ သူဝတ်တာဆိုပြီးသဘောထားလို့ရနေပါသေးတယ်။ဒါပေမဲ့ နောက်ဆက်တွဲ သူတို့လုပ်ရပ်က ပြောစရာဖြစ်လာပါတယ်..။

သူတို့ ဒီလိုဝတ်ဆင်နိုင်ဖို့ မိဘအချို့ ထမင်းဘယ်နှနပ် ငတ်ခဲ့ရလဲ..?

သူတို့ ဒီလိုဝတ်ဆင်နိုင်ဖို့ ကလေးအချို့ မုန့်မစားပဲ ဘယ်လိုအငတ်ခံနေကြရသလဲ…? အဓိက က…

သူတို့ ဒီလိုဝတ်ဆင်နိုင်ဖို့ ကလေးဘယ်နှယောက်ရဲ့ ဘ၀တွေ စတေးခဲ့ကြရသလဲ …? ဆိုတာပါပဲ..။

နည်းအမျိုးမျိုးနဲ့ ပိုက်ဆံကောက်ခံနေတာက အဓိကပါပဲ..။


ကောက်ခံတာတွေကတော့……
ကျောင်းစအပ်ချိန်မှာ အလှူငွေ စတင်ကောက်ခံပါတယ်..။
ကျောင်းဖွင့်ကာစ အချိန်တွေမှာ စာသင်ခန်းအခန်းသော့ခတ်ရန်အတွက် သော့ခလောက်ကြေး၊ ထိုင်ခုံကြေး၊ တံပျက်စည်းကြေး၊ ရေအိုးကြေး၊ ကျောင်းသန့်ရှင်းရေးကြေး (တချို့ကျောင်းတွေမှာ စာသင်ရန်မြေဖြူကြေး) စတာတွေ ကောက်ခံပါတယ်..။ ဆရာမ အပြောင်းအရွှေ့ ရှိလာရင် ပြောင်းရွှေရမဲ့ ဆရာမကို နှုတ်ဆက်ကြေး၊ အသစ်ရောက်လာတဲ့ ဆရာမကို ကြိုဆိုကြေး စသည်ဖြင့် ကောက်ခံပါသေးတယ်..
နောက်.... ကထိန်ကြေး၊ ကျောင်းသားကဒ်ပြုလုပ်ရန်အတွက်ကြေး ကောက်ခံပါတယ်..
ကြားကာလထဲမှာပဲ ရေအိုးကြေး တံပျက်စည်းကြေးဆိုတာတွေက ၂ခါ ၃ခါ မက လာတတ်ပါသေးတယ်..။ စာမေးပွဲနီးလာချိန်မှာ မေးခွန်းကြေး ဆိုတာလာပါတယ်။ (တစ်ဘာသာအတွက် မေးခွန်းကြေး ၃၀၀ ကောက်ခံပါတယ်၊ဘာသာစုံဆိုရင်..)
နောက်ဆုံး ကျောင်းပိတ်ကာနီး ကျောင်းသားစုံညီပွဲတော်မှာ ရခိုင်မုန့်တီကျွေးရန်အတွက်ပင် တစ်ဦးလျှင် ၁၀၀၀ ကျပ်နှုန်းကောက်ခံပါတယ်။
ပညာရည်ချွန်ဆုပေးပွဲ အတွက် ရန်ပုံငွေ ကောက်ခံတယ်လို့လဲ ပြောပါတယ်..။ ပညာရည်ချွန်ဆုပေးပွဲအတွက် ကုန်ကျစရိတ် များကို ကျောင်းသားများအား ကုန်ကျခံစေတာဖြစ်ပါတယ်..။ပြောရရင် နောက်ဆုံး ဆုရရှိသူပင် ဆုပေးပွဲတက်ရောက်ရန် သူများထက်ပိုပြီး အလှူငွေထဲ့ဝင်ရပါတယ်..။

နောက်ဆုံး မခံနိုင်တဲ့ မိဘတွေက ကျောင်းသို့သွားရောက်ပြောဆိုတဲ့ အခါမှာ ထိုမိဘများ၏ ကလေးများအား ဆရာမများမှ အငြိုးထားကာ ရိုက်နှက်ခြင်း မတရားဒဏ်ပေးခြင်းများ၊ စာတော်သော်လည်း အဆင့်ချခြင်းများကို ပြုလုပ်ပါတယ်..။

အဆင့် သတ်မှတ်ရာမှာလည်း မကြားဘူးတာတွေကိုပါကြားနေရပါတယ်..။ ငယ်စဉ်က ကြုံခဲ့ရတာကတော့ စာသင်ခန်းတစ်ခန်းမှာ စာအတော်ဆုံး၊ (တူနေလျှင်)လက်ရေးအလှဆုံး၊ (တူနေလျှင်)ကျောင်းစည်းကမ်းအလိုက်နာဆုံး စသည်ဖြင့် အဆင့် ၁ ကို တစ်ဦးတည်းကိုသာ ပေးလေ့ရှိပါတယ်..။ ၁ ပြီးမှ ၂ ၊၃ စသည်ဖြင့် အစဉ်လိုက်သွားပါတယ်..။
ယခုတော့ စာသင်ခန်းတစ်ခန်းအတွင်းမှာပင် အဆင့် ၁ ရရှိသူဦးရေမှာ ၇ယောက် ၈ယောက်အထိရှိနေတတ်ပါတယ်….။
ရရှိသူများမှာလည်း အတန်းပိုင်ဆ၇ာမ၏ အိမ်တွင်သင်သော ကျူရှင်ကို တက်ရောက်နေသူများသာ ဖြစ်ပါတယ်..။
ထိုကျူရှင်ကို မတက်သောကလေးသည် မည်မျှ စာတော်၊ လက်ရေးလှ၊ ကျောင်းစည်းကမ်းလိုက်နာသူဖြစ်နေပါစေ အဆင့် ၁ မရနိုင်ပါ....။
အဆင့် ၁ သမား ၇ ယောက်ရှိလျှင် သူသည် အဆင့် ၈ သာရပါသည်..။ထို အဆင့် ၁ နှင့် ၈၏ကြား ရမှတ်ပေါင်း ကွာခြားချက်သည် ၁မှတ် ၂မှတ်ခန့်သာကွာပါသည်..။
အဆင့် ၁ ရရှိသူများအားလုံး အတူတူစာတော်နေ၍ မဟုတ်ပါ….။
ကျူရှင်တက်သူများ၏ လိုနေသော အမှတ်များအား ဆရာမများက ဖြည့်ပေးထားခြင်းသာဖြစ်ပါသည်…။
စာမကျက်လို့ အမှန်မဖြေနိုင်သော ကျောင်းသားများအား အမှတ်ပြည့်အောင် ဖြည့်ပေးသော ဆရာမများ၏လုပ်၇ပ်သည် ထိုကျောင်းသားများအနာဂါတ်အတွက် အလွန်ပင် အန္တရာယ်များကြောင်း ကို ထိုဆရာမများ သဘောပေါက်သင့်ပါသည်..။ မိမိ ဖြေနိုင်စွမ်း၊ မိမိ ကြိုးစားနိုင်စွမ်း အမှန်ကို ထိုကလေးမသိရတော့သဖြင့် တရားသဖြင့်ယှဉ်ပြိုင်လိုစိတ်၊ စာကြိုးစားချင်စိတ်များ မရှိတော့ပဲ ရေသာခိုအချောင်လိုချင်စိတ်များသာ ကြီးစိုးလာစေပါတယ်..။

ဒါတွေအပြင် ဆရာမများမှ စာသင်ခန်းအတွင်း မကြားဝံ့မနာသာ မိမိအင်္ဂါအစိတ်အပိုင်းများဖြင့် နှိုင်းယှဉ်ဆဲဆိုခြင်းများ ရှိနေပါတယ်…။ရပ်ကွက်အိမ်နီးနားချင်းမှ ၇ တန်း အရွယ်ကျောင်းသူတစ်ဦး သူငယ်ချင်းများနှင့်စကားပြောဆိုရာတွင် ဆဲဆိုသံများကြားရသဖြင့် ဆုံးမစကားပြောကြားရာမှ အတန်းထဲတွင် ဆရာမပင် ဤကဲ့သို့ ဆဲကြောင်း ကြားသိလိုက်ရပါသည်..။


ဆရာဆိုသည်မှာ စာကိုသာမက စိတ်ကိုပါ သင်ကြားပေးသူများ… ဟု မှတ်သားရဖူးပါသည်..။

ယခုမူ…ဆ၇ာများထံမှ ကလေးများသင်ယူတတ်မြောက်လာကြသည်များမှာ စာရိတ္တပျက်ပြားမှုများပင် ပါဝင်လာပါသည်..။
ဆက်ေ၇းရလျှင် များစွာရှိနေပါသေးသည်..။


ဒါတွေဟာ နေရာအနှံ့မှ ကျွန်တော်ကြားထား၊ လေ့လာစုံစမ်းမေးမြန်းထားတာတွေသာဖြစ်ပါတယ်..။ ဒါ့ထက်ဆိုးဝါးတဲ့ အဖြစ်အပျက်တွေ ရှိနေနိုင်သလို၊ ဒီလောက်မဆိုးဝါးတဲ့ ကျောင်းတွေလဲ ရှိနေနိုင်ပါတယ်..။ မြန်မာတစ်နိုင်ငံလုံးရှိကျောင်းများအားလုံး ဒါမျိုးဖြစ်နေပါတယ်လို့ မဆိုလိုပါဘူး..။
ရခိုင်ပြည်နယ် ပေါက်တော့မြို့နယ်က ကျာင်းလို လုံးဝ ဘာမှ မဖြစ်တဲ့ ကျောင်းလဲရှိနေပါသေးတယ်..။
ဘယ်ဖြစ်မှာလဲ..။ဆရာမတွေက ကျောင်းမှာ စာမှသွားမသင်တာ။ဒါပေမဲ့လည်း လစာတော့ မှန်မှန်ယူတယ် ဆိုပဲ..။
အဲ့ဒီနယ်ပယ်မှ ကလေးတွေ၏ နောင်ရေးမှာ စိုးရိမ်စရာပင်ဖြစ်သည်…။


ဒါတွေဟာ မဖြစ်သင့်တဲ့ ကိစ္စတွေပါ..။သက်ဆိုင်ရာကျောင်းအုပ်၊ ပညာရေးမှူး စသူတွေသည် ဒါတွေကို သေချာစွာ ကြပ်မတ်သင့်ပါသည်….။

ကျွန်တော်တို့နိုင်ငံက ကျောင်းအတွက်ကုန်ကျစရိတ်တွေဟာ အခြေခံ မူလတန်း ပညာသင်ကြားရေး အဆင့်မှာတင် တခြားမည်သည့်နိုင်ငံနဲ့မှ မယှဉ်နိုင်အောင် မြင့်မားနေပါတယ်..။
မူလတန်း၊ အလယ်တန်း ကျောင်းနေအရွယ် သားသမီး ၂ယောက် ၃ယောက်ရှိတဲ့ မိသားစုတစ်စုဆိုရင် ဘယ်လိုနေမယ်ဆိုတာကို မြန်မာနိုင်ငံရဲ့ ပညာရေးမှူးများ ၊ပညာရေးဝန်ကြီးများ တွေးကြည့်စေချင်ပါတယ်…။

ဒီလို စရိတ်စကကြီးမားတာတွေကြောင့် အချို့မိဘတွေဟာ ကလေးတွေကို ကျောင်းမထားနိုင်တော့ဘဲ ရရာအလုပ်ကို ထွက်လုပ်စေကြရပါတယ်….။
မိသားစုအတွင်း စားရိတ်ကာနိုင်ဖို့အတွက် ပလပ်စတစ်လိုက်ကောက်ခြင်း၊ လ္ဘရည်ဆိုင်စားပွဲထိုး ၊ကားဝပ်လျှော့၊အချို့လူငယ်များမှာ ယာဉ်နောက်လိုက် စသည်ဖြင့်ကြုံသလို လုပ်ကိုင်စားသောက်နေကြရပါတယ်.. ။
ဒီလို ကလေးသူငယ်တွေဟာ တနိုင်ငံလုံး အတိုင်းအတာ မဆိုထားနဲ့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တွေမှာတင် မနည်းလှပါဘူး…။

ဒီလိုစာမတတ်မြောက်တဲ့ ကလေးသူငယ်တွေဟာ လူငယ်အရွယ်ရောက်လာတဲ့အခါမှာ သိသင့်သိထိုက်သည့် ဗဟုသုတရစရာ စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းမပြုနိုင်ကြတော့ဘဲ စကားပြောရိုင်းစိုင်းသူ၊ စာရိတ္တပျက်ပြားသူ ဆိုးသွမ်းလူငယ်တွေအဖြစ်နဲ့သာ ကျင်လည်ရှင်သန် နေကြရပါတော့တယ်…။

ဒါတွေဟာ တိုင်းပြည်အတွက် အကြီးကျယ်ဆုံး ဆုံးရှုံးနစ်နာမှုသာဖြစ်ပါတယ်..။

အချုပ်ဆိုရရင် မြန်မာနိုင်ငံတော်ကြီးရဲ့ အနာဂါတ် လှပရန်အတွက် မူဝါဒများ ချမှတ်ဖော်ဆောင်ရာမှာ ယင်းမူဝဒများသည် စာရွက်များအပေါ်တွင်သာမဟုတ်ပဲ အောက်ခြေအထိစီးဆင်းလာအောင် သေချာကြပ်မတ်၇န် လိုအပ်နေပါသေးကြောင်း တိုင်းပြည်အကျိုး မျှော်ကိုးပြီး နှိုးဆော်လိုက်ရပါတယ်ခင်ဗျား…………။


(အထက်ပါဆောင်းပါးကြောင့် ရိုးသားစွာ သင်ကြားပြသနေသော စေတနာဆရာ/ဆရာမ များအား အနှောက်အယှက် ဖြစ်စေခဲ့ခြင်းများ ရှိခဲ့ပါက ဆောင်းပါးရှင် မြန်မာ့ အရေး မှ အထူးပင်တောင်းပန်အပ်ပါသည် ခင်ဗျား..။)


(မြန်မာ့ အရေး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...