ဗိုလ်ချုပ်ကိုသာ တိုင်တည်လိုက်ချင်
(စိုးရိမ်လို့ ပြောတာပါ ဟူသည့်ဆောင်းပါးမှာ မြန်မာပြည်မှ ဂျာနယ်များအတွက် ရေးထားတာဖြစ်သဖြင့် စိတ်ရှိလက်ရှိ မရေးလိုက်ရပါ။ ထို့ကြောင့် ယခု စိတ်တိုင်းကျ ပြန်ရေးလိုက်ခြင်း ဖြစ်ပါသည်။ ခေါင်းစဉ်ကိုလည်း ပြောင်းလိုက်ပါသည်။)
(၁)
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင် ဟူသော ခေါင်းစဉ်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတွင် ဟောပြောပွဲတစ်ခုကို မေလ ၄ ရက်နေ့၌ ကျွန်တော် သွားရောက်ဟောပြောခဲ့ပါသည်။ ၀န်ကြီးဌာနပေါင်းစုံမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှုး၊ အင်ဂျင်နီယာချုပ် အစရှိသည့် အရာရှိကြီးများ စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ခဲ့ပါသည်။ ထိုဟောပြောပွဲတွင် ကျွန်တော် ရွှေဓါတ်ငွေ့ပိုက်လိုင်းအကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။
ရွှေဓါတ်ငွေ့ပိုက်လိုင်းအကြောင်းမပြောမီ အိန္ဒိယနိုင်ငံ၊ ဘိုပါးမြို့တွင်ဖြစ်ပွားခဲ့သော ယူနီယမ်ကာဘိုက်စက်ရုံ ဓါတ်ငွေ့ယိုစိမ့်မှု ကြောင့် လူပေါင်း ၄၀၀၀ ခန့် သေကြေပျက်စီးကာ လူငါးသိန်းကျော်တို့ ဆွံ့အခြင်း၊ နားမကြားခြင်း၊ ဦးဏှောက် ကျပ်မပြည့်ခြင်း၊ မွေးရာပါ ရူးသွပ်ခြင်း၊ ခြေလက်များ မသန်စွမ်းခြင်း၊ ပုံသဏ္ဍာန်မမှန်မွေးဖွားလာခြင်း စသည့် နောက်ဆက်တွဲ အကျိုးဆက်များအား လူငါးသိန်းကျော် ခံစားခဲ့ရပုံများကို ဓါတ်ပုံများနှင့် ရှင်းလင်းပြောပြပါသည်။ ထိုဖြစ်ရပ်နှင့် တဆက်တည်း မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ၊ ကူမင်မြို့သို့ သွယ်တန်းသည့် ဓါတ်ငွေ့ ပိုက်လိုင်းအကြောင်း မီးမောင်းထိုးပြခဲ့ပါသည်။
အောက်ပါတို့မှာ ကျွန်တော်ပြခဲ့သော ထိုစီမံကိန်းမှ ဓါတ်ပုံအခိျု့ဖြစ်၏။ ထိုဓါတ်ပုံများမှာ သူငယ်ချင်းဖြစ်သူ လားရှိုးဘက်သို့ အသွား ကားပေါ်မှ ရိုက်ခဲ့ခြင်း ဖြစ်ပါသည်။
ကျွန်တော်သည် စင်ကာပူသို့ ၁၉၉၈ ခုနှစ်ကရောက်ခဲ့ပြီး ရောက်စကတည်းက ၂၀၁၁ နှစ်ကုန်ပိုင်းထိ ၁၄ နှစ်မျှ ပိုက်လုပ်ငန်းတွင် ကျင်လည်ခဲ့သည်ဖြစ်ရာ ဤဓါတ်ပုံများကို ကြည့်ခါမျှဖြင့် ပိုက်လိုင်းသွယ်တန်းထားမှုမှာ အလွန်စိုးရိမ်ဖွယ် အခြေအနေဖြစ်နေကြောင်း တစ်ထစ်ချ ပြောနိုင်ပါသည်။
ပိုက်လိုင်းတစ်ခု ဆင်တော့မည်ဆိုလျှင် ထိုပိုက်လိုင်းပြေးမည့်ပုံများ (Schematic Diagram, Piping and Instrument Diagram, Flow Diagram, General Arrangement Drawing, Isometric Drawing အစရှိသည်)၊ ပိုက်လိုင်းတွင်တပ်ဆင်ရမည့် ကိရိယာများနှင့် တကွ ပိုက်လိုင်း၏ အတွင်း၊ အပြင်ဖိအား၊ အပူချိန်အစရှိသည်တို့ကို ဦးစွာတင်ပြရပါသည်။ ထို့အပြင် ထိုပိုက်လိုင်းအကြောင်း အပြည့်အစုံ ဖော်ပြထားသည့် ပိုက်လိုင်းတပ်ဆင်နည်းလက်စွဲ (Piping Procedure Specification) ကိုလည်း ရေးဆွဲတင်ပြရပါသည်။ ထိုလက်စွဲစာအုပ် တွင် ပိုက်လိုင်း၌တပ်ဆင်မည့် ပိုက်၊ ပိုက်ဆက်ပစ္စည်း၊ ဗား၊ ပိုက်အထိုင်၊ ကိရိယာများ၏ အရည်အသွေးကို ပြည့်ပြည့်စုံစုံ ဖော်ပြထားပါသည်။ ပိုက်ကိုမည်ကဲ့သို့ ဆင်ရမည်။ မည်ကဲ့သို့သော ပိုက်အထိုင်များဆင်ရမည်၊ မည်သည့်ဆေးကို မည်ကဲ့သို့ သုတ်ရမည်၊ ပိုက်လိုင်းကို မည်ကဲ့သို့ စမ်းသပ်ရမည်။ ပိုက်နှင့်ပိုက်ကိုသော်လည်းကောင်း၊ ပိုက်နှင့်ပိုက်ဆက်ပစ္စည်းများကိုသော်လည်းကောင်း ဂဟေဆော်လျှင် မည်သည့်စံနှုံးများ နှင့်ဆော်ရမည်။ ဂဟေဆော်သူသည် မည်သည့်လက်မှတ် ကိုင်ဆောင်ထားသူဖြစ်ရမည် အစရှိသဖြင့် အသေးစိတ် ဖော်ပြထား၏။
ရာသီဥတုဒဏ်ကြောင့်သော် လည်းကောင်း၊ မြေငလျင်ဒဏ်ကြောင့်သော် လည်းကောင်း၊ ပိုက်အတွင်းရှိ ဖိအားကြောင့်သော် လည်းကောင်း ပိုက်လိုင်းသည် အလျားလိုက်သော်လည်းကောင်း၊ ဘေးတိုက်သော်လည်းကောင်း ရွေ့နိုင်ပါသည်။ ထို့ကြောင့် ပိုက်လိုင်း ရွေ့လျားမှုကိုထိန်းရန် ပိုက်အထိုင်တစ်ခုနှင့်တစ်ခု မည်မျှကွာရမည်၊ မည်သည့်နေရာများတွင် ပိုက်အထိန်း (pipe guides) များထည့်ရမည်၊ မည်သည့်နေရာများတွင် ပိုက်လိုင်းအချုပ် (anchor points) များထည့်ရမည် စသည်ဖြင့် သေသေချာချာ ဒီဇိုင်းဆွဲရပါသည်။ ဤသို့ ဒီဇိုင်းဆွဲခြင်းကို Stress Analysis ဟုခေါ်ပြီး ကွန်ပြူတာပရိုဂရမ်အားဖြင့် Caesar II Program ကို သုံးကြပါသည်။
ပိုက်များမချမီကတည်းက ပိုက်အထိုင်များကို သေသေချာချာ ဆင်ထားရပါသည်။ ပိုက်များကို ဂဟေဆော်ပြီးနောက် ဂဟေဆက် များတွင် အားမသက်ရောက်စေရန် ပိုက်လိုင်းအား လှုပ်ရှားမှုနည်းနိုင်သမျှ နည်းအောင်ထားရပါသည်။ ထိုဓါတ်ပုံများအရ ပိုက်လိုင်းမှာ ဂဟေဆက်ပြီးသွားပြီဖြစ်ပါသည်။ မျက်မြင်အရပြောရသော် ထိုပိုက်လိုင်းကို မြေသားအထိုင် (bedding) ပေါ် တင်ထားပါသည်။ ထို့ကြောင့် ပိုက်အထိုင်ထပ်မံမလုပ်တော့ဘဲ ထိုမြေသားအထိုင်များသည်ပင်လျှင် အသေဖြစ်ဖို့များပါသည်။ ထိုပိုက်လိုင်းအထိုင်များမှာ သေသေချာချာ ဒီဇိုင်းဆွဲ၊ တွက်ချက်ထားတာလားဆိုတာ သံသယရှိစရာဖြစ်ပါသည်။ ကျွန်တော်ကတော့ မထင်ပါ။ မြေကြီးကို ပေါက်ပြားနှင့် ယက်ပုံထားခြင်း သာ ဖြစ်သည်ဟု ထင်ပါသည်။ ဤကဲ့သို့သော ဓါတ်ငွေ့ပိုက်လိုင်းတွင် ပိုက်လိုင်းအထိုင် အလွန်အရေးကြီးပါသည်။ မဟုတ်ပါက ပိုက်အဆက်များအတွက် အလွန်အန္တရာယ်ကြီးပါသည်။ ထို့အတူ ပိုက်လိုင်းအနီး နေထိုင်သူများအတွက်လည်း အန္တရာယ်များပါသည်။
ပိုက်လိုင်းဟူသည် မသွယ်တန်းမီကပင် ပိုက်အထိုင်များကို သေချာကျနစွာ လုပ်ထားရမည်ဖြစ်၏။ ပိုက်အထိုင်မကောင်းပါက ပိုက်အဆက်များအပေါ် အားသက်ရောက်မှုများရှိကာ နှစ်ကြာလာလျှင် ပိုက်အဆက်များ အက်ခြင်း၊ ကွဲခြင်းများဖြစ်နိုင်ပါသည်။ ထိုအခါ ထိုနေရာများမှ ဓါတ်ငွေ့ယိုစိမ့်မှုများ ဖြစ်နိုင်ကာ ဓါတ်ငွေ့ယိုစိမ့်နေသည့် အနီးတစ်ဝိုက်တွင် မီးပွားတစ်ခုခုကျခဲ့ပါက ဓါတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲကာ အနီးအနားမှ မြန်မာပြည်သူ အများအပြား သေကြေပျက်စီးနိုင်သည့် အန္တရာယ်ရှိနိုင်ပါသည်။ ပိုက်လိုင်းမှာ မြန်မာနိုင်ငံ ဒေသတော်တော်များများကို ဖြတ်သန်းသွားသည်ဖြစ်ရာ မြို့၊ ရွာ၊ လမ်းများကို ဖြတ်သန်းသွားမည်မှာ မလွဲပါ။ ထို့ကြောင့် ပိုက်လိုင်းဖြတ်သန်း သွားရာတလျှောက်မှ မြို့၊ ရွာနေပြည်သူများသည် မိုင်းဗုံးဘေးတွင် နေနေကြရသည်နှင့်တူပါသည်။ ပိုက်လိုင်းသာ အရည်အသွေး မပြည့်မီပါက အချိန်မရွေးပေါက်ကွဲနိုင်သည့် အန္တရာယ်ရှိပါသည်။
ထို့ပြင် ထိုပိုက်လိုင်းတွင် တပ်ဆင်ထားသော ပိုက်များ၊ ပိုက်ဆက်ပစ္စည်းများ၊ ဗားများ၊ အခြား ကိရိယာတန်ဆာပလာများ၏ အရည်အသွေးကို မည်သူသည် တာဝန်ယူ၍ စစ်ဆေးပါသနည်း။ ပိုက်လိုင်းတပ်ဆင်မှုကို စစ်ဆေးသည့် Quality Control စနစ် ရှိပါသလား။ ပိုက်အဆက်များဟူသည် ပိုက်ကိုစဖြတ်ပါပြီဆိုကတည်းက နောက်ဆုံး ပိုက်လိုင်းကြီးတစ်ခုလုံး ပြီးသွားသည်ထိ အဆင့်ဆင့်စစ်ရတာမျိုး ဖြစ်ပါသည်။ သဟာဖြင့် သည်ပိုက်လိုင်းမှ အဆက်များကို စစ်ဆေးသည့်စနစ်ရှိပါသလား။ မည်သူတို့သည် ပိုက်လိုင်းအရည်အသွေးကို မည်သည့် စံများဖြင့် စစ်ဆေးပါသနည်း။ ဤပိုက်လိုင်း လုံခြုံစိတ်ချရမှုကို မည်ကဲ့သို့ အာမခံထားပါသနည်း။ ပိုက်လိုင်းဖြတ်သန်းသွားသည့် လမ်းတစ်လျှောက် ခုတ်ထွင်ရှင်းလိုက်ရသော သစ်ပင်တောတောင်များအတွက် မည်ကဲ့သို့ စီမံထားပါသနည်း။
ပိုက်လိုင်းသည် ရွာများ၊ လယ်ကွင်းများ၊ ယာခင်းများ၊ တောင်ယာများကို ဖြတ်သွားမည် မချွတ်။ သို့ဆိုလျှင် ပိုက်လိုင်းဖြတ်သန်း သွားသောကြောင့် ရွာသူရွာသားများ၏ နစ်နာဆုံးရှုံးရမှုများကို မည်သို့ပေးလျော်သည့်စနစ်များ စီမံထားပါသနည်း။ တကယ်ရော ပေးလျော် ပါရဲ့လား။ ပိုက်လိုင်းကြီးရွာအနီးဖြတ်သွားသဖြင့် ရွာသူရွာသားများ၏ စိတ်မသက်မသာ ခံစားရချက်များကို မည်သို့ဖြေရှင်း ပေးပါသနည်း။
ဟောပြောပွဲအပြီး ပြန်လှန်ဆွေးနွေးခန်းတွင် စွမ်းအင်ဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦး ထလာကာ ၎င်းတို့အနေနှင့် ထိုဓါတ်ငွေ့ ပိုက်လိုင်းအတွက် မည်ကဲ့သို့သော အရည်အသွေး စစ်ဆေးမှုများပြုလုပ်ထားကြောင်း၊ ကုန်းပေါ်ပိုက်လိုင်းတွင်သာမက ကမ်းလွန်ပိုက်လိုင်း များကိုပါ စနစ်တကျ စံချိန်စံညွှန်းများနှင့်အညီ ပြုလုပ်ပါကြောင်း ပြန်လည်ရှင်းလင်းပါသည်။
ထိုအခါ ကျွန်တော်နှင့်အတူလိုက်လာသူ သူငယ်ချင်းက သူ့အနေနှင့် ထိုဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းသည့်နေရာသို့သွားကာ ပိုက်လိုင်းဆင်နေသူများနှင့် စကားစနေပြောဖူးပါကြောင်း၊ သူက ပိုက်လိုင်းအား ဂဟေဆက်ရာတွင် မည်သည့်စံနှုံးကို ကိုင်ကာ ဆက်ပါသနည်းဟု မေးသောအခါ ပြန်မဖြေနိုင်ကြောင်း၊ ထို့ပြင် Welding Procedure Specification ကို သိပါသလား၊ သည်အဆက်ကို ဂဟေဆော်သည့် WPS ကို သိပါရစေဟု မေးသောအခါတွင်လည်း WPS ဟူသည် ဘာ ဆိုသည်ကိုပင် နားမလည်ကြောင်း၊ ထို့ကြောင့် ထိုပိုက်လိုင်းကို ဆင်နေသူများမှာ တတ်သိနားလည်သူ၊ ကျွမ်းကျင်သူများဖြစ်သည်ဆိုခြင်းကို ယုံကြည်ရန် အလွန်ခက်ပါကြောင်း များဖြင့် ပြန်လည်ဖြေကြားလိုက်ပါသည်။
(၂)
နောက်တစ်ချက်မှာ ပိုက်လိုင်းအတွက် ခန့်ထားသည့် ၀န်ထမ်းအင်အား ဖြစ်ပါသည်။ ထိုပိုက်လိုင်းတွင် မိတ်ဆွေများ ပြောပြသဖြင့် သိရသသည်မှာ မြန်မာလူမျိုးကို မခန့်သလောက်ဖြစ်ပြီး အလုပ်လုပ်နေသူ အများစုမှာ သူရို့နိုင်ငံသားများချည်းဖြစ်သည်။ မြန်မာ အလုပ်ကြမ်း သမား အနည်းအကျဉ်းကို ခန့်သော်လည်း တရုတ်စကားပြောတတ်မှ ခန့်သည်ဆို၏။
အမှန်ဆိုရလျှင် မြန်မာနိုင်ငံအတွင်း၌ လုပ်နေသည့် စီမံကိန်းဖြစ်သဖြင့် မြန်မာလူမျိုးများကို ဦးစားပေးခန့်ထားရပါမည်။ နိုင်ငံခြားသားများ ခန့်လိုလျှင် မြန်မာလူမျိုးမည်မျှရှိမှ နိုင်ငံခြားသားမည်မျှခန့်ထားရမည်ဟု သတ်မှတ်ထားသင့်ပါသည်။ အထူးအားဖြင့် အရေးကြီးသော အရည်အသွေးစစ်ဆေးမှုစနစ်များ၊ လုံခြုံရေးစနစ်များတွင် တတ်သိကျွမ်းကျင်သော မြန်မာလူမျိုးအရာရှိများကို ခန့်ထားရပါ မည်။ သို့မှသာ သူတို့လုပ်ကိုင်နေသည်များကို မျက်လုံးဒေါက်ထောက် ကြည့်နေနိုင်မည် ဖြစ်ပါသည်။ မကောင်းသောပစ္စည်းများ သုံးလျှင် သော်လည်းကောင်း၊ ပိုက်အဆက်များမကောင်းလျှင် သော်လည်းကောင်း ထောက်ပြ ပြင်ဆင်ခိုင်းနိုင်မည် ဖြစ်ပါသည်။ သို့သော် ယခု စီမံကိန်းတွင် တတ်သိနားလည်သော မြန်မာအရာရှိ မည်မျှခန့်ထားပါသနည်း။ သည်ကိစ္စ ကျွန်တော်မသိပါ။
စင်ကာပူတွင် နိုင်ငံခြားသားများအား အလုပ်ခန့်ထားခြင်းကို Foreing Workers Employment Act ဟူသည့် ဥပဒေဖြင့် ပြဌာန်းထိန်းချုပ်ထားပါသည်။ အလုပ်သမားများနှင့် ပတ်သက်သည့် မြန်မာနိုင်ငံမှ ဥပဒေများ ကျွန်တော့်တွင် အပြည့်အစုံ ရှိပါသည်။ သို့သော် နိုင်ငံခြားအလုပ်သမားများ ခန့်ထားသည့် ဥပဒေမရှိပါ။ ထို့ကြောင့် နိုင်ငံခြားသားများအား အလုပ်ခန့်ထားရေးအတွက် ထိုဥပဒေမျိုး အလျင်အမြန် ရေးဆွဲပြဌာန်းဘို့ရန် အချိန်ကျနေပြီ ဖြစ်ပါသည်။
ယခု ပွင့်လင်းလာသော အခြေအနေအရ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ကြရန် နိုင်ငံခြား ကုမ္ပဏီကြီးများ မျက်စပစ်နေကြပါသည်။ ဤသူတို့နှင့်အတူ သူတို့လူမျိုးများပါ ခေါ်လာခဲ့လျှင် မည်သည့်နည်းနှင့် အလုပ်လုပ်ခွင့် ပေးပါမည်နည်း။
မည်ကဲ့သို့သောသူများအား မည်သည့် အလုပ်လုပ်ခွင့်လက်မှတ်များ ထုတ်ပေးမည်။ ထိုသူများ၏ အရည်အချင်းနှင့် ဘာသာစကား ကန့်သတ်ချက်၊ ကျန်းမာရေးအခြေအနေ၊ မြန်မာနိုင်ငံအတွင်း နေထိုင်စဉ်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း စသည်တို့ကို ယခုကတည်းက ဥပဒေရေးဆွဲထားသင့်ပါပြီ။ လက်တွေ့ဆောင်ရွက်ရာတွင်လည်း ဥပဒေကို တိတိကျကျလိုက်နာ ဆောင်ရွက်ရန် ပိုပြီး အရေးကြီးပါသည်။
(၃)
ဤနေရာတွင် ကျွန်တော့်ဦးဏှောက် တစ်မိုက်လောက်နှင့် အစိုးရအရာရှိမင်းများအား အကြံပေးပြစေ။ မည်သည့်လုပ်ငန်းမျိုးမဆို အများပြည်သူ၏ အသက်အိုးအိမ်၊ စည်းစိမ်ကို ပထမဦးစားပေးအနေနှင့် စဉ်းစားသင့်ပါသည်။ တိုင်းပြည်အတွက် အကျိုးရှိမည့်လုပ်ငန်းပင် ဖြစ်သော်ငြားလည်း ပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသော လုပ်ငန်းဖြစ်ပါက၊ သို့မဟုတ် နိုင်ငံတော်၏ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မည့် လုပ်ငန်းများဖြစ်ပါက တာဝန်ရှိသူများအနေနှင့် အလေးအနက်ထား ဆုံးဖြတ်သင့်ပါသည်။ လုပ်မည်ဆိုလျှင်ပင် စိတ်ချရသည့် အခြေအနေတစ်ခုရောက်အောင် ကျွမ်းကျင်သူ ပညာရှင်များနှင့် တိုင်ပင်ကာ အစီအမံများကို ရေးဆွဲအကောင်အထည်ဖော်ရန် လိုပါသည်။ ဤသို့လုပ်ရာတွင်လည်း ရိုးသားပွင့်လင်းစွာ၊ မှန်မှန်ကန်ကန် လုပ်ဖို့လိုပါသည်။ ပြည်သူများအား ညာတာပါတေးနှင့် နားလှည့် ပါးရိုက်သော ဇာတ်လမ်းများကို အမြစ်က ဖြတ်ချိန်တန်ပါပြီ။
အနှီပိုက်လိုင်းကိုသာမက မည်သည့်လုပ်ငန်းမဆို လုပ်ငန်းတစ်ခုစတော့မည် ဆိုသည်နှင့် ထိုလုပ်ငန်းအတွက် အရေးကြီးသော စာရွက်စာတမ်းများကို ဦးစွာတင်ပြရန်လိုပါသည်။ ထိုလုပ်ငန်းတွင်သုံးမည့် ပစ္စည်းများ၏ အရည်အသွေးကို အာမခံထားသော လက်မှတ်များ၊ ထိုလုပ်ငန်းကို အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်များ၊ ထိုလုပ်ငန်း၌ ပါဝင်လုပ်ကိုင်မည့် လုပ်သား၊ အင်ဂျင်နီယာ၊ အရာရှိများ၏ ကျွမ်းကျင်မှုလက်မှတ်များ၊ လုပ်သားများ၏ ကျွမ်းကျင်မှုကို ထောက်ခံထားသော စာရွက်စာတမ်းများ၊ လိုအပ်သော စစ်ဆေးမှုဆိုင်ရာ အစီအမံများ စသည်ဖြင့် ပြည့်စုံစွာတင်ပြပြီး အစိုးရ၊ သို့မဟုတ် ပိုင်ရှင်က ကျေနပ်မှ လုပ်ငန်းစတင်ရပါမည်။
ကျွန်ုပ်တို့ ပြည်သူပြည်သားများမှာ ပညာရှင်များမဟုတ်သည့်အတွက် ဤအကြောင်းများကို ဂဃနဏသိရန် မလွယ်ပါ။ အကယ်၍ တစ်စုံတစ်ခုဖြစ်လာခဲ့လျှင် ခါးစည်းခံကြရမည်သာ ဖြစ်ပါသည်။ ဤပိုက်လိုင်းသည် မည်သည့်ပိုက်လိုင်းဖြစ်သည်။ မည်ကဲ့သို့သော အန္တရာယ်များရှိသည်ကို မည်ကဲ့သို့ သိနိုင်ပါမည်နည်း။ မသိသဖြင့်လည်း ပိုက်လိုင်းအနီးအနားတွင် ဆေးလိပ်သောက်မိမည်။ မီးဖိုချင်လျှင်ပင် ဖိုမိမည် ဖြစ်ပါသည်။ အကယ်၍သာ ပိုက်လိုင်းမှ ဓါတ်ငွေ့များယိုစိမ့်နေပါက ဖြစ်ပေါ်လာမည့် အန္တရာယ်မှာ မတွေးဝံ့စရာပါ။ မင်္ဂလာတောင်ညွန့်ပေါက်ကွဲမှုများထက် ဆိုးစရာရှိပါသည်။ ပိုက်လိုင်းအတွင်းမှ ဓါတ်ငွေ့များမှာ မရပ်မနား စီးဆင်းနေမည် မဟုတ်ပါလား။
ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် သန်း ၆၀ မျှသောနိုင်ငံသားများ မှီတင်းနေထိုင်ကြပါသည်။ နိုင်ငံသာယာဝပြောရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေးတို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါသည်။ နိုင်ငံအေးချမ်းသာယာဝပြောလျှင် ပြည်သူအများလည်း သာယာအေးချမ်းစွာ နေနိုင်ကြမည်။ ပြည်သူများ၏ ပြဿနာသည် နိုင်ငံ့ပြဿနာဖြစ်သကဲ့သို့ နိုင်ငံ့အရေးသည်လည်း ပြည်သူတို့အရေး ဖြစ်ပါသည်။ ထို့ကြောင့် မိမိတို့နိုင်ငံအတွင်း အမြင်မတော်တာများရှိပါက ပြည်သူများအနေနှင့် ၀ိုင်းဝန်းထောက်ပြ၊ ပြင်ဆင်ကြဘို့ တာဝန်ရှိပါသည်။ (See Something, Say Something) ဤသို့ထောက်ပြခြင်းမှာ အပျက်ဘက်၊ အဆိုးဘက်မှ မကောင်းမြင်ခြင်းမဟုတ်ဘဲ မဖြစ်သင့်သည်များ မဖြစ်အောင် အချိန်မီ အရေးယူ၊ ပြင်ဆင်နိုင်ရေးအတွက် သတိပေးခြင်းမျှဖြစ်သည်ကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူများအနေနှင့် အမြင်ရှင်းရန် လိုပါသည်။
မိတ်ဆွေများ ပြောပြချက်အရ သူရို့နိုင်ငံသားများမှာ ကျွန်ုပ်တို့တိုင်းပြည်အတွင်းလာကာ လုပ်ချင်သလို လုပ်နေကြသည် ဟု သိရပါသည်။ အခိျု့ဆိုလျှင် ပတ်စ်ပို့တောင် မရှိဟု ဆိုပါသည်။ သည်ကိစ္စ ကျွန်တော်မသိပါ။ သူများပြောတာ ပြန်ပြောပြခြင်း ဖြစ်ပါသည်။ ကာယကံရှင်များကတော့ ဘယ်လိုဆိုတာ သိပါလိမ့်မည်။
ကျွန်ုပ်တို့တိုင်းပြည်အတွင်း၌ လာလုပ်နေတာဖြစ်ပါလျှက် ကျွန်ုပ်တို့လူမျိုးများကို သူရို့ဘာသာစကားမတတ်သဖြင့် အလုပ်မခန့် ဆိုလျှင်တော့ အိမ်ရှင်ကို ဧည့်သည်က စော်ကားတာဖြစ်၍ ကျွန်ုပ် အသည်းနာလှပါသည်။
ဒီအတိုင်းသာသွားနေရင် ကျုပ်တို့တိုင်းပြည်ကြီးဟာ -ာနိုင်ငံဖြစ်မှာဘဲ ဟု ဗိုလ်ချုပ်က အတတ်သိလျှက် ကြိုတင်ဟောပြောခဲ့ သည်ကို မကြာခဏကြားယောင်ကာ -
“ဗိုလ်ချုပ်ရေ၊ ကျုပ်တို့တိုင်းပြည်တော့ ခင်ဗျားပြောခဲ့သလို သူများလုပ်တိုင်းခံနေရတဲ့ -ာနိုင်ငံကြီး ဖြစ်နေပါပေါ့လား” ဟု သာ တိုင်တည် ငိုလိုက်ချင်ပါတော့သတည်း။
အေးငြိမ်း
၁၆ မေ၊ ၂၀၁၂
Email: y_nyein@yahoo.com.sg
0 comments:
Post a Comment