Sunday, May 20, 2012

" သတိတရားနဲ့ ဆက်စပ်၍ သုံးသပ်တင်ပြခြင်း "

  သုည

လောဘ၊ဒေါသ၊မောဟ အခိုးအငွေ့တွေ အုံဖွဲ့ကာ ရွာချမယ့် မိုးအောက်မှာသာဆိုရင်
အားလုံးသော သက်ရှိ/သက်မဲ့တွေ ပျက်စီးကြရပေမည်။
ဒီလို ပျက်စီးသွားအောင် ဖျက်ဆီးနိုင်စွမ်းရှိတဲ့ တရားဆိုးတွေ
မိမိတို့သန္တာန်မှာ ဖြစ်ပေါ်ခွင့်မရအောင် သတိရှိဖို့လိုတယ်ဆိုတဲ့ -
ဆုံးဖြတ်ချက်ဟာ မိမိကိုယ် ချစ်တတ်တဲ့ သူတော်ကောင်းတွေ ချမှတ်တဲ့
ဆုံးဖြတ်ချက်ပဲလို့ သုံးသပ်ခံယူပါတယ်။

ဒီဆုံးဖြတ်ချက်ကောင်းကို မိမိတို့တွက် အကျိုးများစေဖို့ မိမိတို့လည်း
ချမှတ်သင့်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ချမှတ်ပြီး ဆက်လက်
အကောင်အထည်ဖော်ဖို့ အရေးကြီးပါတယ်။ အကောင်အထည်ဖော်တယ်ဆိုတာကတော့
သတိရှိအောင်နေတာကို ပြောခြင်းဖြစ်ပါတယ်။

" သတိရှိပါ" ဆိုတဲ့ စကားကို နေ့စဉ်ကြားနေကျ ရင်းနှီးနေသည့်
စကားလုံးဖြစ်သော်လည်း ထိုစကား၏ အသွားသဘော၌ အကျွမ်းမဝင်ဖြစ်တတ်ကြပါတယ်။
ဒါကြောင့်  အနည်းငယ်  ခွဲခြမ်း၍ သုံးသပ်ကြည့်လိုတယ်။ ဤသို့ ခွဲခြမ်း
သုံးသပ်ခြင်း၏ ရည်ရွယ်ချက်မှာ-
          သတိရှိခြင်း၌ လေးနက်စွာ နားလည်သဘောပေါက်၍---> သတိရှိအောင်
နေလိုစိတ်များ ထက်သန်ရန်.....ဖြစ်ပါတယ်။
သတိရှိပါ ဆိုသည့် စကားကို -
 + ပြုလုပ်မှုမှာ သတိရှိခြင်း နှင့်
 +အာရုံနဲ့ ဆက်ဆံတဲ့အခါ သတိရှိခြင်း
  ဟူ၍ အသွင်နှစ်မျိုးတင်၍ သုံးသပ်ပြလိုပါတယ်။

ပြုလုပ်မှုမှာ သတိရှိခြင်း
------------------------
ပြုလုပ်မှုမှာ သတိရှိပါ ဆိုတော့ ပြုလုပ်မှုကိုလည်း အပြားအားဖြင့် သိရပါမယ်။
သတိရှိခြင်းဆိုတာကိုလည်း နားလည်သဘောပေါက်ရပါမယ်။
ပြုလုပ်မှု ပြုလုပ်မှုတိုင်း ဆိုတာ ပြောဆိုမှု၊ ကိုယ်လက်လုပ်ရှားမှု၊
တွေးကြံမှု တို့ကို ပြုလုပ်မှုကိစ္စဟု သိရမည်။
သတိရှိခြင်းဆိုသည်မှာ ပြုလုပ်မှုကိစ္စတိုင်း၌ "သိနေခြင်း"ကို ဆိုသည်။
ပြုလုပ်မှုမှာ သတိရှိအောင် ကြိုးစားနေသူအဖို့ အဘယ်သို့သော အကျိုးအမြတ်
ဖြစ်သနည်းဟု မေးမြန်းစစ်ဆေးရမည်။

လောကီဖက်၌
---------------
လောကီဖက်၌ ပြုလုပ်မှုမှာ သတိရှိအောင် ကြိုးစားနေသူအဖို့  အတိုမျှ
ပြောရလျင် လစ်ဟင်းမှုမရှိသော အကျိုးကိုရရှိမည်။ လစ်ဟင်းမှုမရှိသော
အကျိုးကို ဉာဏ်ဖြင့် နားလည်သဘောပေါက် မြင်သာဖို့ရန်မှာ  အကယ်၍သာ
ပြုလုပ်မှုကိစ္စတစ်ခုခုမှာ လစ်ဟင်းမှုဖြစ်သွားခဲ့လျှင် ဆိုသည့် မေးခွန်းနဲ့
သုံးသပ်စစ်ဆေးကြည့်ရန်ဖြစ်သည်။ လစ်ဟင်းမှု၏ အကျိုးရလာဒ်သည်
ဆိုးကျိုးပေါင်းများစွာ၊ ပျက်စီးမှုပေါင်း များစွာ နှင့်
နစ်နာဆုံးရှုံးမှုရလာဒ်တို့သာ များစွာထွက်ပေါ်လာမည်။ ထို့ကြောင့်
လစ်ဟင်းမှုမရှိခြင်းအကျိုးသည် လွန်စွာ အကျိုးကြီးမားသည်။ ဤသို့ ဉာဏ်ကို
အသုံးချ၍ အကယ်၍သာဟု နိဒါန်းချီကာ မရှိသဘောကို တင်၍ ယှဉ်တွဲသုံးသပ်မှုသည်
ထိုသူကို ရှင်းလင်းသော အဖြေပေး၏။

လောကုတ္တရာဖက်၌
---------------------
လောကုတ္တရာဖက်၌ ပြုလုပ်မှုမှာ သတိရှိအောင် ကြိုးစားနေသူအဖို့  အတိုမျှ
ပြောရလျင် အလိုဇောဖြင့် စိတ်မောပူလောင်မှု၊ မလိုဇောဖြင့် စိတ်အိုက်
ပူလောင်မှု၊ ထိုင်းမှိုင်းမှုဖြင့် လေးလံထုံထိုင်းခြင်း၊
စိတ်ပျံ့လွင့်ခြင်းကြောင့် ခြောက်ကပ်ကပ် အချိန်ကုန်မှု ရေမကိုင်မိ
မီးမကိုင်မိ ဖြစ်နေမှု၊၊ အတိတ်တွေး၍ ပူဆွေးရမှု၊ ခွဲခြားမသိ၍ တွေဝေမှု
ဆိုသည့် ရေကြည်ကို ညစ်နွမ်းစေသည့် အနှောင့်တရားများ ကင်းရှင်းခြင်း
အကျိုးရရှိ၏။ ထိုအနှောင့်တရားများ ကင်းရှင်း၍ ဖြစ်ပေါ်မည့် ချမ်းသာကို
ဉာဏ်ဖြင့် သဘောပေါက်သိမြင်ဖို့ရန်မှာ ထိုအနှောင့်တရားများထဲက
တစ်ခုခုလွှမ်းမိုးခြင်းကို ခံနေရလျင် အဘယ်သို့သော သဘောရှိမည်နည်းဟု
ဝေဖန်သုံးသပ်ရန်ဖြစ်သည်။ အတိုချုပ်ပြောရလျင် သမာဓိချမ်းသာ ကို ရရှိသည်။

အာရုံနဲ့ဆက်ဆံတဲ့အခါ သတိရှိခြင်း
-------------------------------------
အာရုံနဲ့ ဆက်ဆံသည်ဆိုသည်မှာ အာရုံနဲ့ ထိတွေ့ခြင်းကိုပဲ
ဆိုလိုခြင်းဖြစ်သည်။ အာရုံကို အပြားအားဖြင့် ခွဲခြားပြရလျင် အဆင်း၊ အသံ၊
အနံ့၊ အရသာ၊ အထိအတွေ့နှင့် ကြံတွေးစရာ(သိစရာ) ဟူ၍ အပြားအားဖြင့် ၆
မျိုးရှိသည်။ အာရုံနဲ့ဆက်ဆံတဲ့အခါ သတိရှိခြင်းဆိုသည်မှာ အာရုံနဲ့
ထိတွေ့ခိုက်၍ အာရုံ၏ သဘောကို 'ကောင်းစွာသိနေခြင်း' ကို ဆိုသည်။

လောကီဖက်၌
------------------
လောကီဖက်၌ အာရုံနဲ့ ဆက်ဆံတဲ့အခါ သတိရှိနေခြင်းဖြင့် အဘယ်သို့သော
အကျိုးမြတ်ကို ခံစားခွင့်ရသနည်းဟု မေးခွန်းတင် သုံးသပ်လျင် အာရုံကို
ကောင်းစွာ သိနိုင်၊ ခံစားနိုင် ခြင်းအကျိုးကို ရရှိသည်။ အဆင်းအာရုံနဲ့
ထိတွေ့ဆက်ဆံနေခိုက် သတိမရှိသူသည်  မျက်မမြင်နဲ့ တူသည်။ အသံအာရုံနဲ့
ထိတွေ့ဆက်ဆံနေခိုက် သတိမရှိသူသည် နားမကြားသည့်သူနဲ့ တူသည်။ အနံ့ အာရုံနဲ့
ထိတွေ့ဆက်ဆံနေခိုက် သတိမရှိသူသည်  နှာစေး၍ နှာခေါင်းပိတ်နေသူနဲ့ တူသည်။
အရသာ အာရုံနဲ့ ထိတွေ့ဆက်ဆံနေခိုက် သတိမရှိသူသည် နေမကောင်းဖြစ်၍
လျှာပျက်နေသူနဲ့ တူသည်။ အထိအတွေ့နဲ့ ထိတွေ့ဆက်ဆံနေခိုက် သတိမရှိသူသည်
အနာကြီးရောဂါဖြစ်နေ၍ အရေပြားပျက်စီးနေသောသူနဲ့ တူသည်။ ကြံတွေးစရာ(သိစရာ)
အာရုံနဲ့ ထိတွေ့ဆက်ဆံနေခိုက် သတိမရှိသူသည်  အရူးနဲ့ တူသည်။   ဤသို့
အချုပ်အားဖြင့် အာရုံ၌ ကောင်းစွာမသိသူအဖို့ အမှားမှားအယွင်းယွင်း
ပြုလုပ်တော့သည်။  အမှားမှားအယွင်းယွင်း ဆုံးဖြတ်တော့သည်။ ထိုသို့
မှားယွင်းမှု၏ အကျိုးဆက်က ကြီးစွာသော နစ်နာမှုကို ဖြစ်စေသည်။

လောကုတ္တရာဖက်၌
----------------------
လောကုတ္တရာဖက်၌ အာရုံနဲ့ ဆက်ဆံတဲ့အခါ သတိရှိနေခြင်းဖြင့် အဘယ်သို့သော
အကျိုးမြတ်ကို ဖြစ်ပေါ်စေသနည်း။ အာရုံ၏ အမှန်သဘော၊ သဘာဝအမှန်ကို
ကောင်းစွာသိမြင်သည့် ပညာအလင်းဖြစ်ပေါ်အောင် ကျေးဇူးပြုသည့်
အထောက်အပံ့အကျိုးမြတ်ကို ဖြစ်ပေါ်စေသည်။
အကယ်၍သာ အာရုံ၏ အမှန်သဘော၊ သဘာဝအမှန်ကို သိနိုင်သည့်
ပညာဉာဏ်အလင်းဖြစ်ပေါ်အောင် ထောက်ပံ့မှု ကျေးဇူးမပြုနိုင်ခဲ့သော်
->မမြဲတဲ့အာရုံ၌ မြဲတယ်လို့ အမြင်မှားပြီး အစွဲကြီးမယ်။
->ဒုက္ခရောက်ပြီး ဆင်းရဲနေတဲ့ အာရုံကို ချမ်းသာတယ်လို့ အမြင်မှားပြီး
အမှားကိုယူစွဲ၍ ထိုအစွဲတွေ ကြီးထွားလာတော့မည်။
->အစိုးမရသည်ကို စိုးပိုင်သည်၊ အစိုးရသည်ဟု အမြင်မှားပြီး အမှားကိုယူစွဲ၍
ထိုအစွဲတွေ ကြီးထွားလာတော့မည်။
->မတင့်တယ်သည်ကို တင့်တယ်သပ္ပာယ်သည်ဟု အမြင်မှားပြီး အမှားကိုယူစွဲ၍
ထိုအစွဲတွေ ကြီးထွားလာတော့မည်။
--- ဤသို့ ရေကို ဆီမှတ်မှားလို့ အစွဲကြီးရင် ကြီးသလောက်ပဲ အမှားကြီးကြီးပြုတော့မယ်၊
>အမှားကြီးရင် အပြစ်ကြီးမယ်။
>အပြစ်ဆိုတာ အချိန်ကာလနဲ့အမျှ ဆင်းရဲဒုက္ခတွေအမျိုးအမျိုး ပြောင်းခံပြီး ပေးဆပ် ကျခံရပါတယ်။
ပြီးတော့ -> အစွဲများသလောက် အပြစ်စွဲတာပါပဲ။
အချုပ်အားဖြင့် သုံးသပ်ချက်
အချုပ်အားဖြင့် သုံးသပ်လျင် သတိပျက်ယွင်းသွားခိုက်သည် အမိုက်ဖုံး၍
ချမ်းသာခြင်းသုခ ဆုံးရှုံးစေ၏။ ဆင်းရဲမှုတွေ လွှမ်းမိုးချယ်လှယ်ခြင်းကို
ရောက်စေ၏။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...