. . . . . . ပြောပြချင်ပါတယ် (၁)
Written by သန်းထွဋ်အောင် Sunday, 20 May 2012 11:26
ကျွန်တော့်မှာ နိုင်ငံခြားသား အသိမိတ်ဆွေဆိုတာ မရှိသလောက် နည်းပါတယ်။ သံရုံးတွေနဲ့လည်း မခင်ဘူး။ NGOတွေနဲ့လည်း မသိဘူး။ နိုင်ငံတကာ ဂျာနယ်လစ်တွေနဲ့လည်း မရင်းနှီးပါဘူး။ ကျွန်တော် ဧည့်ခံပွဲတွေလည်း တက်လေ့မရှိဘူး။ Dinner တွေလည်း ရှောင်တယ်။
မြန်မာမိတ်ဆွေတောင် နည်းလာမှတော့ နိုင်ငံခြားသားဆို ပိုလို့ဆိုးတာပေါ့။ ဒါပေမယ့် အခုနှစ်လ၊ သုံးလလောက်မှာ ကျွန်တော့်ဆီ နိုင်ငံခြားသား ဧည့်သည်တွေ ရောက်ရောက် လာပါတယ်။
မြန်မာနိုင်ငံအတွင်းကို ရောက်လာတဲ့ နိုင်ငံခြားသားတွေ များလွန်းတော့ အဲဒီကနေ လျှံလာတဲ့သူတွေ ကျွန်တော့်ကို တွေ့ခွင့်တောင်းကြတာ ဖြစ်ပါလိမ့်မယ်။ အများဆုံးတွေ့ဖြစ်တာက သတင်းဌာနတွေပါ။ သူတို့ပြောပြချက်အရ ဆိုရင် နိုင်ငံတကာမှာ မြန်မာနိုင်ငံအကြောင်းသိလိုစိတ်တွေ အရမ်းများများလာနေတယ် ဆိုတာပါ။
ဒီလိုတွေ့ခဲ့တဲ့ သတင်းဌာနတွေထဲမှာ Nation Media Group နဲ့ ပူးပေါင်းလုပ်ဆောင်မှုတချို့ လုပ်ဖို့ MoUထိုးဖြစ်လိုက်ပါတယ်။ Nation ကို ရွေးချယ်ရတာကတော့ သူတို့ဟာ ကျွန်တော်တို့နဲ့ဖြတ်သန်းပုံ သမိုင်းချင်းတူတယ်။ ထိုင်းလူမျိုးတွေရဲ့ အမှတ်သင်္ကေတဖြစ်တယ်။ မြန်မာ့ဒီမိုကရေစီ သမိုင်းကြောင်းမှာ Nationသတင်းစာတိုက်ဟာ မိတ်ဆွေတစ်ဦးအဖြစ် အမြဲရပ်တည်ခဲ့တယ်။
ဒါကြောင့် အခုလို ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ Nation Media Group အပါအ၀င် အာရှဂျာနယ်လစ် အချို့က သူတို့နိုင်ငံမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အကြောင်း ဟောပြောပေးဖို့ ဖိတ်ကြပါတယ်။ ကျွန်တော့်အတွက်ကတော့ အတော်မလွယ်တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ မနှစ်တုန်းက သုံးကြိမ် လူကြားထဲမှာ Public Speaker လုပ်ရပေမယ့် မဖြစ်မနေမို့ ပြောရတာမျိုးဖြစ်ပြီး နိုင်ငံတကာမှာ ပြောရမှာကိုတော့ လက်တွန့်ပါတယ်။ ပြောရမယ့်သူတွေက ကျွန်တော့်အတွက် လူသစ်တွေဖြစ်တာရယ်၊ အင်္ဂလိပ်စာ အားနည်းတာရယ်ကြောင့်ပါ။ ဒါပေမယ့် ပြောပြချင်တာတွေကတော့ အများကြီးရှိပါတယ်။ အထူးသဖြင့် နိုင်ငံတကာမှာထက် ပြည်တွင်းမှာပဲ စာဖတ်ပရိသတ်တွေ ကို ပြောချင်ပါတယ်။
မနှစ်က ပြောခဲ့တဲ့ သုံးခါ
၂၀၁၁ ကို ပြန်ကြည့်လိုက်တော့ ကျွန်တော်စကားတော်တော် ပြောခဲ့တာပဲဖြစ်ပါတယ်။ ဇွန်လရောက်တိုင်း ကျွန်တော်တို့ Eleven Media Group နှစ်ပတ်လည် လုပ်လေ့ရှိပေမယ့် မိသားစုပွဲပဲ ဖြစ်လေ့ရှိပါတယ်။ မနှစ်ကတော့ (၁၁) နှစ် ပြည့်ဖြစ်တာရယ်၊ ကျွန်တော်ပြောစရာ ရှိတာရယ်ကြောင့် လူအများကြီးရှေ့မှာ ပြောဖြစ်သွားတာပါ။ ပြောရတဲ့ အဓိကနှစ်ချက်ကတော့
(၁) HR နိမ့်ကျမှုကြောင့် တိုင်းပြည် နိမ့်ကျတဲ့ အခြေအနေ၊
(၂) အိမ်နီးချင်းစူပါ ပါဝါကြီးရဲ့ အန္တရာယ်တွေပါ။
ဒီနှစ်ချက်ကို အခြေခံပြီး တိုင်းပြည်ရဲ့ ပကတိ အခြေအနေကို သုံးသပ်ပြီး အစိုးရရော အတိုက်အခံ အင်အားစုတွေပါ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်ဖို့၊ နိုင်ငံတကာ အသိုင်းအ၀ိုင်း အတွင်းကို ပြန်လည်ဝင်ရောက်ဖို့ တိုက်တွန်း ခဲ့တာပဲ ဖြစ်ပါတယ်။
အဲဒီ အချိန်တုန်းကတော့ မြန်မာနိုင်ငံအတွင်းမှာ ဒီလိုစကားမျိုး ပြောဖို့ဆိုတာ အလွန်သတ္တိရှိရတာမျိုး ဖြစ်ပြီး တကယ်ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မထားကြပါဘူး။ အခုတစ်နှစ်ကြာတဲ့အခါမှာ ကျွန်တော်မက်ခဲ့တဲ့ အိပ်မက်တွေ စမြင်နေရပါပြီ။ အလွန်အံ့သြစရာကောင်းတဲ့ အပြောင်းအလဲတွေပါ။ တစ်ခါတစ်ခါ မယုံနိုင်ပါဘူး။
ဒီအခြေအနေမျိုးမှာ နောက်ပြန်သွားနိုင်တဲ့ အခွင့်အရေး ရှိသေးလားလို့ ကျွန်တော့်ကိုမေးရင် ကိုယ့်ကိုယ်ကိုယ် မညာစတမ်း၊ ဘယ်သူ့ကိုမှ မညာစတမ်း ဖြေရမယ်ဆိုရင်တော့ ရှိသေးတယ်လို့ ဖြေရမှာဖြစ်ပါတယ် . . .
ဒုတိယအကြိမ် ပြောဖြစ်တာကတော့ သူများစီစဉ်တဲ့ ဧရာဝတီမြစ်ဆုံ အကြောင်း ‘သဘာဝပတ်ဝန်းကျင်နဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ’ ဟော ပြောပွဲဖြစ်ပါတယ်။
ဒီဟောပြောပွဲမှာ ပြောရတာကတော့ အားအရဆုံးပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီဟောပြောပွဲအပြီး တစ်ပတ်အကြာမှာ သမ္မတကြီးက လူထုဆန္ဒ၊ လူထုအသံ နားထောင်ခဲ့တာကြောင့် ကျွန်တော်တို့ ပြည်သူတွေ အားလုံးကျေနပ်အားရမှုတွေ ဖြစ်ခဲ့ပါတယ်။
အဲဒီနောက်မှာ အာဆီယံအိမ်ရှင်အဖြစ် ကျင်းပခွင့်၊ ကလင်တန် လာရောက်မှုတွေနဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းထဲ စတင်ဝင်ရောက် လာနိုင်ခဲ့ပါတယ်။
တတိယအကြိမ်က ၁၁-၁၁-၁၁ တစ်ခြောက်လုံးပွဲပဲ ဖြစ်ပါတယ်။ ဒီပွဲကတော့ အပြောင်းအလဲမှာ အနစ်နာခံ ကြိုးပမ်းခဲ့ကြသူတွေကို မမေ့မလျော့ဖို့နဲ့ အပြောင်းအလဲမှာ ပါဝင်သူတွေကို ဂုဏ်ပြုဖို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရေး အပြောင်းအလဲမှာ အရေးပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာဖို့အတွက် ကျွန်တော် ဒီပွဲမှာ စကားပြောဖြစ် ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်နှစ်လ အကြာမှာ အရေးပါတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာခဲ့ပြီး မြန်မာ့နိုင်ငံရေး ရှေ့ဆက်နိုင်ခဲ့ပါတယ်။
ဒီနှစ်မှာတော့ ကျွန်တော်တို့ Eleven Media Group ရဲ့ နှစ်ပတ်လည်ပွဲ ကျင်းပဖြစ်မှာ မဟုတ်တော့သလို ကျွန်တော်စကားပြောဖြစ်မှာ မဟုတ်တော့ပါဘူး။
ဒါပေမယ့် အသံမထွက်ဘဲတော့ စကားပြောဖြစ်ပါမယ်။ အဲဒါကတော့ စာရေးခြင်းပါပဲ။
အခု ကျွန်တော်ပြောပြချင်တာကတော့ လူတွေအားလုံး သိချင်နေကြတဲ့ ကျွန်တော်တို့ တိုင်းပြည်ဟာ အမှန်တကယ် ပြောင်းပြီလား၊ နောက် ပြန်လှည့်နိုင်သေးလား၊ ဘယ်အချက်တွေဟာ နောက်ပြန်လှည့်နိုင်သေးလဲ။
နောက်ပြန်သွားနိုင်တဲ့ အန္တရာယ်ရှိဆဲလား
မှန်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲဟာ မြန်ဆန်တယ်။ တည်ငြိမ်တယ်။ အားလုံးက နောက်ပြန်မသွားဖို့ သံန္နိဋ္ဌာန် ချထားတယ်။ နိုင်ငံတကာကလည်း အပြည့်အ၀ ထောက်ခံမှုတွေ ရနေတယ်။ ဒီအခြေအနေမျိုးမှာ နောက်ပြန်သွားနိုင်တဲ့ အခွင့်အရေး ရှိသေးလားလို့ ကျွန်တော့်ကို မေးရင် ကိုယ့်ကိုယ်ကိုယ်မညာ စတမ်း၊ ဘယ်သူ့ကိုမှ မညာစတမ်း ဖြေရမယ်ဆိုရင်တော့ ရှိသေးတယ်လို့ ဖြေရမှာဖြစ်ပါတယ်။
ဘယ်အကြောင်းတွေက နောက်ပြန်သွားနိုင်တဲ့ အကြောင်းအရင်းလဲလို့ မေးရင်တော့-
(၁) တိုင်းရင်းသားများ အရေးနဲ့ ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ရေး ပြဿနာ
(၂) တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်ခြင်းနှင့် တရားဥပဒေစိုးမိုးမှုပြဿနာ
(၃) အဂတိတရား လိုက်စားမှုနှင့် စီးပွားရေးတိုးတက်မှု နှောင့်နှေးခြင်းပြဿနာတို့က အဓိက ပြဿနာတွေပဲ ဖြစ်ပါတယ်။
ဒီပြဿနာတွေကို မဆွေးနွေးခင်မှာ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးလေးနဲ့ စဖွင့်ပြီး နံပါတ် (၃) အချက်ကို စပြောပြချင်ပါတယ်။
ပုဂ္ဂိုလ်ရေး(သို့) Conflict of Interest
တကယ်တော့ ကျွန်တော့်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကို မရှင်းပါဘူး။ ဒါပေမယ့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေဟာ ကျွန်တော့်ရဲ့ Professional Ethics နဲ့ Principle ကို ထိပါးမှသာ ရှင်းပြလေ့ ရှိပါတယ်။
အရင်တုန်းက တစ်ကြိမ်၊ အခု ဒုတိယအကြိမ် ရှင်းပါမယ်။
တကယ်တော့ ကျွန်တော်တို့ လူမျိုးတွေ (ကျွန်တော်အပါအ၀င်)ဟာ ပုဂ္ဂိုလ်ရေးခင်မှ တရားမင်လေ့ ရှိပါတယ်။ တစ်ဖက်က ကြည့်ရင်တော့ ကောင်းတယ်။ တစ်ဖက်က ကြည့်ရင် မကောင်းပါဘူး။ ၂၀၀၉ ခုနှစ်က SSC မှာ ခိုင်ရွှန်းလဲ့ရည် သေဆုံးတဲ့ ကျန်းမာရေး ငြင်းခုံမှုမှာ တစ်ဖက်က ကျွန်တော်ဟာ အာရှတော်ဝင်မှာ ရှယ်ယာပါထားလို့ဆိုပြီး မဟုတ်မမှန် ၀ါဒဖြန့်ချိ Conflict of Interest (အကျိုးစီးပွား ၀ိဝါဒကွဲပြားစေမှု) တာကို ပြန်ရှင်းဖူးပါတယ်။
ကျွန်တော့် ဘ၀မှာ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်တွေနဲ့ ပတ်သက်လို့ ဘာမှထိန်ချန်ထားစရာ မရှိပါဘူး။ အရင်စီးပွားရေး လုပ်တာ၊ အခုလုပ်တာ၊ နောင်လုပ်ချင်တာတွေဟာ သမ္မာအာဇီဝဖြစ်ရင် လုပ်မှာပါပဲ။
ကျွန်တော်က ကား ၀ါသနာပါတယ်။ အရင်က ကားမျိုးစုံ စီးတယ်။ အခု ပွင့်လင်းလာတဲ့ခေတ်မှာ နိုင်ငံတကာမှာလိုCar Dealer တို့၊ Car Showroom တို့လို ကားကုမ္ပဏီကြီးတွေရဲ့ အရောင်းကိုယ်စားလှယ် ရေရှည်လုပ်လို့ရမယ့် လုပ်ငန်းထင်ပြီး ဒီအလုပ်ကို လုပ်တယ်။
ဒီအတွက် ဘယ်သူ့အကူအညီမှ မယူဘူး။ မတရားလုပ်တဲ့ Crony စီးပွားရေး မဟုတ်ဘူး။ မြတ်တုန်းက တစ်စီး ၂၀၊ ၂၅၊ ရှုံးတော့ ၁၀၀၊ ၂၀၀ ပုံမှန် မဟုတ်တဲ့ စီးပွားရေးဖြစ်တော့ စိတ်ပျက်စရာကောင်းနေသေးတာတော့ အမှန်ပါပဲ။
ဒါပေမယ့် ကျွန်တော်ထောက်ပြချင်တဲ့ အကြောင်းအရင်းက ကျွန်တော်ရှုံးလို့ ဆိုတာမျိုးတော့ မဟုတ်ဘူး။ သမ္မာအာဇီဝလုပ်တယ်။ ရှုံးတာဘာမှ ပြဿနာမရှိပါဘူး။ စီးပွားရေးလုပ်ခါစတုန်းက ပိုင်ဆိုင်မှုရဲ့ ၃ ပုံ ၂ ပုံ လောက်တောင် ရှုံးဖူးသေးတယ်။ ဒါပေမယ့် ဒီကားပြဿနာမှာ အဓိက ထောက်ပြချင်တာကတော့ ဒါမဟုတ်ဘူး။
ပြီးခဲ့တဲ့ တစ်နှစ်တာကာလ အတွင်းမှာ နိုင်ငံရေးအခြေအနေတွေ တိုးတက်ကောင်းမွန်လာသလောက် စီးပွားရေး အခြေအနေတွေ တိုးတက် ကောင်းမွန် မလာခြင်းမှာ ဘယ်သူတွေ တာဝန်ရှိမလဲ။ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေဝင်ဖို့ ပြင်နေချိန်မှာ အဆင်သင့်ဖြစ်မနေရခြင်းဟာ ဘယ်သူတွေကြောင့်လဲ ဒီပြဿနာတွေရဲ့ အဖြေဟာ ကားတင်သွင်းခြင်း ပေါ်လစီ လုပ်ကိုင်ခြင်းမှာ ရှိနေပါတယ်။ Mismanagement, Corruptionဒီစကားလုံးတွေ နေရာမှာ အစားထိုးလို့ရမယ့် စကားလုံးရှိရင်တော့ လှပမှာပါ။
ခေတ်နောက်ပြန်ဆွဲလိုသူတွေ ချန်ထားခဲ့မယ်ဆိုတော့ အရည်အချင်း မမီသူတွေ၊ အဂတိတရား လိုက်စားသူတွေ အတွက်ရော ဘယ်လို စီစဉ်သလဲလို့ မေးခွန်းကိုမေးရမှာပါ . . .
အမှားလုပ်တဲ့သူတွေက သူတို့မှားတာကို သန်း ၆၀ အကြောင်းပြပြီး ဆက်လုပ်မှာကိုတော့ မကြိုက်ဘူး။ ကားကိစ္စက သေးသေးလေးပါ။ ဒါပေမယ့် သူတို့လက်ထဲမှာ နိုင်ငံရဲ့ စီးပွားရေး အနာဂတ်က ရှိနေတယ်။ ရှင်းရှင်းလင်းလင်း မဝေဖန်လို့ မဖြစ်ဘူး။ သန်း ၆၀ ကောင်းကျိုး အတွက် လူနည်းစုတော့ စတေးရမှာပဲဆိုတဲ့ ဆိုရှယ်လစ် ဘောဂဗေဒအငွေ့အသက်၊ အပြောအဆိုတွေ၊ စီးပွားရေးဝန်ကြီးအချို့မှာ ကျန်နေတာကို တွေ့ရပါတယ်။ ဒီမိုကရေစီရဲ့ သဘောတရားမှာ လူအများစု အကျိုးစီးပွားကို အလေးထားရသလို လူနည်းစု အကျိုးစီးပွား နစ်နာဆုံးရှုံးမှု မကြီးအောင် ဆင်ခြင်တုံတရားနဲ့ လုပ်ရပါတယ်။
အထူးသဖြင့် လူလတ်တန်းစားတွေ ထိခိုက်ရင် ဆင်းရဲတဲ့လူအများစုတွေ ထိခိုက်တယ်ဆိုတာ တွက်ချက်ရပါတယ်။Made in Myanmar ဆိုပြီး စက်မှုဇုန်ကားဆိုတဲ့ ဂျပန်ကားတွေကို ပျော်ပျော်ကြီး လိမ်ရောင်းပြီး သံတမန်တွေတောင်ခေါ်ပြပြီး အရှက်ခွဲခဲ့ကြတဲ့ ခေတ်တစ်ခေတ်ကို ဖြတ်သန်းလာတာတောင် အမှန်ကို မမြင်ကြသေးတာကို တွေ့ရပါတယ်။ အရင်တုန်းက တပ်ချုပ်ကြီးကဆိုတဲ့ စကားသုံးခဲ့ကြသလို အခုလည်း သမ္မတကြီးကဆိုတဲ့ စကား သုံးနေကြသေးတာ တွေ့နေရပါတယ်။
ပြည်သူတွေကတော့ တကယ်အကျိုးရှိသလားဆိုတာ ၉၀ ရာခိုင်နှုန်း ဘတ်စကားစီးသူတွေ၊ ကိုယ်ပိုင်ကား မစီးနိုင်သူတွေကို မေးကြည့်ရင် အဖြေရှိပါတယ်။
ဒါပေမယ့် သေချာတာကတော့ နောက်ထပ် လအနည်းငယ်အတွင်းမှာ ရန်ကုန်မြို့ကားကျပ်မှု ပြဿနာက အဖြေပေးပါတော့မယ်။ အဲဒီအချိန်ကျမှ လူထုရဲ့ ခံစားမှုရော၊ နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ပုံရိပ်ထိခိုက်မှုကိုပါ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
ဒီအတွက် သမ္မတကြီးရဲ့ မိန့်ခွန်းတစ်ခုမှာပါတဲ့ တိုးတက်လိုတဲ့ အမြင်မရှိသူ၊ ခေတ်နောက်ပြန်ဆွဲလိုသူတွေ ချန်ထားခဲ့မယ်ဆိုတော့ အရည်အချင်း မမီသူတွေ၊ အဂတိတရား လိုက်စားသူတွေအတွက်ရော ဘယ်လိုစီစဉ်သလဲလို့ မေးခွန်းကိုမေးရမှာပါ။ အခြေအနေတွေကို နောက်ပြန်သွားစေနိုင်တဲ့ အချက်တွေထဲက နံပါတ် ၃ ကတော့ ဒီမေးခွန်းနဲ့ ဆက်စပ်နေပါတယ်။
(၃) အဂတိတရား လိုက်စားမှုနှင့် စီးပွားရေး တိုးတက်မှု နှောင့်နှေးခြင်း ပြဿနာ
အပြောင်းအလဲတွေကို စတင်ဖော်ဆောင်တဲ့ နိုင်ငံတွေ၊ ဖွံ့ဖြိုးမှုကို အားယူတဲ့နိုင်ငံတွေမှာ အဂတိတရား လိုက်စားမှုက အကြီးမားဆုံး ရောဂါပါ။ ဆင်းရဲမွဲတေမှုရဲ့ အရင်းအမြစ် အကျဆုံးပြဿနာပါ။ ဆင်းရဲမွဲတေမှု ပြဿနာရှင်းချင်ရင် ဒါကို အရင်ရှင်းရပါတယ်။
အဂတိ တရားလိုက်စားပြီး အာဏာ၊ ငွေကြေး၊ သြဇာရနေတဲ့သူတွေဟာ အပြောင်းအလဲကို လိုလားမယ်လို့ ထင်ပါသလား . . .
ဆက်ပါဦးမယ်။
0 comments:
Post a Comment