Sunday, May 20, 2012

ယုံကြည်ခြင်းနှင့် မျှော်လင့်ချက်


by General Knowledge on Sunday, May 20, 2012 at 1:55pm 

 Written by ကိုသိန်း(ကျောက်ကြီး)    Sunday, 20 May 2012 12:27


လူဆိုသောသတ္တ၀ါသည် မျှော်လင့်ခြင်းဖြင့် အသက်ရှင်နေကြသော သတ္တ၀ါများဖြစ်သည်။ အကောင်းဆုံးကို မည်သူမဆို မျှော်လင့်ကြသည်။ ထီထိုးပြီး သိန်း ၁၅၀၀ မျှော်လင့်နေသူများရှိသလို မိဘတွေကလည်း သားသမီးတွေကို မျှော်လင့်ကြ၊ ဆရာတွေကလည်း တပည့်တွေကို မျှော်လင့်ကြ၊ ပြည်သူတွေကလည်း အစိုးရကို မျှော်လင့်ကြသည်။


ထို့အတူ အစိုးရ၀န်ထမ်းများက လစာတိုးဖို့ မျှော်လင့်ကြသလို အခြေခံ လူတန်းစားများ ကလည်း တန်ဖိုးနည်း ဖုန်းလေးတွေကို မျှော်လင့်ကြသည်။ စိတ်ကူးယဉ်ပြီး ထီထိုးထားသူများအဖို့ သိန်း ၁၅၀၀ မပေါက်လို့ စိတ်ထဲ ရင်ထဲခံစားချက် ကြီးကြီးမားမား မရှိလှပေမယ့် ငယ်စဉ်တောင်ကျေး ကလေးဘ၀ လူလားမမြောက်မီ အရွယ်ကတည်းက စနစ်တကျ ကျွေးမွေးပြုစုစောင့်ရှောက် ပျိုးထောင်ခဲ့သည့် သား/သမီး တပည့်တပန်းများ အချိန်တန်အရွယ်ရောက်လို့ မိဘနှင့်  ဆရာသမားများ မျှော်လင့်ထားသလို ယုံကြည်ထားသလိုဖြစ်မလာတဲ့အခါ မိဘနဲ့ဆရာသမားတွေအဖို့ မျှော်လင့်ချက်တွေဆုံးရှုံးပြီး စိတ်သောက ပွားများရသလို ပြည်သူတွေကလည်း သူတို့တွေ မျှော်လင့်သလို ဖြစ်မလာခဲ့ရင် ယုံကြည်မှုတွေလည်း ပျောက်ဆုံးသွားကြမှာပင် ဖြစ်သည်။

မည်သည့် တိုင်းပြည်မဆို ပြည်သူတွေက အကောင်းတကာ့ အကောင်းဆုံးဆိုတဲ့ အစိုးရမျိုးကို မျှော်လင့်ခဲ့ကြသည်။ အချိန်တန်လို့ ရွေးကောက်ပွဲတွေ ကျင်းပတဲ့အခါ ကိုယ်စားလှယ်လောင်း အသီးသီးက မိမိတို့ကို ယုံကြည်လာအောင် မျှော်လင့်ချက်တွေ အသီးသီးပေးပြီး မဲဆွယ်ကြသည်။ တရားဟောကြသည်။ ၀န်ကြီးချုပ်တွေ၊ သမ္မတတွေ အသီးသီးဖြစ်လာကြတဲ့အခါ ပြည်သူတွေ မျှော်လင့်ထားသလို၊ ယုံကြည်ထားသလို ဖြစ်လာတဲ့သူတွေ ရှိသလို ဖြစ်မလာတဲ့သူတွေလည်း ရှိခဲ့ကြသည်။

ယုံကြည်မှုနှင့် မျှော်လင့်ချက်တွေကတော့ ကဏ္ဍအသီးသီး နယ်ပယ်အသီးသီးမှာ တည်ရှိနေကြသည်။ အလုပ်ရှင်တွေက အလုပ်သမားများကို မျှော်လင့်ချက်တွေ အသီးသီးပေးပြီး တာဝန်အမျိုးမျိုးနှင့် ခိုင်းကြသည်။ ကျူရှင်ဆရာတွေက ဘာသာစုံဂုဏ်ထူး ထွက်စေရမည်။ ဆရာဝန်ဖြစ်စေရမည်။ အင်ဂျင်နီယာကြီး ဖြစ်ရမည်ဆိုပြီး ယုံကြည်လာအောင် မျှော်လင့်ချက် မက်လုံးတွေ ပေးကြသည်။ အေဂျင်စီအသီးသီးကလည်း ဘယ်နိုင်ငံသွားရမည်။ ဘာကျောင်းတက်ရမည်။ ဘာဘွဲ့ ညာဘွဲ့ရမည်။ ဒေါ်လာ ၁၀၀၀-၉၀၀ ရမည်။ အလုပ်တွေပေးမည်ဟု ယုံကြည်အောင်ပြောပြီး မျှော်လင့်ချက်ပေးကြပြန်သည်။ ထို့အတူ ဘယ်မျိုးစပါးစိုက်ရင် တစ်ဧကတင်း ၁၀၀ ထွက်မည်၊ ၂၀၀ ထွက်မည်။ ဘယ်ဆေးသုံးစွဲရင် ပဲ ဘယ်နှစ်တင်း ထွက်မည်၊ ပိုးတွေ ဘယ်လိုသေမည်ဆိုပြီး မက်လုံးတွေနဲ့ မျှော်လင့်ချက်တွေ ပေးနေကြသည်။

ထို့အတူ အခြားနယ်ပယ်ကဏ္ဍအသီးသီးမှာလည်း အလားတူ မက်လုံးမျော်လင့်ချက်တွေပေးပြီး ယုံကြည်အောင် ပြောဆိုစည်းရုံး လုပ်ကိုင်ဆောင်ရွက်နေမှုများလည်း အသီးသီးရှိနေကြသည်။ ညွှန်းဆိုထားသည့်အတိုင်း အမှန်တကယ် ဖြစ်လာတာ ရှိသလို မျှော်လင့်ထားသလို ဖြစ်မလာသည်များကတော့ ခပ်များများပင်ဖြစ်သည်။ တကယ်လက်တွေ့ လုပ်ကိုင်ဆောင်ရွက်နေသူများ အသိပင်ဖြစ်သည်။ မျှော်လင့်ထားသလို ဖြစ်မလာကြလို့ လည်း အလုပ်ရှင် အလုပ်သမားပြဿနာ၊ လူကုန်ကူးမှုပြဿနာ၊ ပြည်ပရောက် အလုပ်သမားပြဿနာများနဲ့ လယ်သမား၊ ယာသမားတွေရဲ့ အခက်အခဲပြဿနာတွေ အသီးသီး ရှိနေတာဖြစ်မည်ထင်သည်။

'ပြောမည်ပြုစဉ် သတိယှဉ်၊ ဆင်ခြင်ဉာဏ်ရှေ့သွား' ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ယနေ့နယ်ပယ်ကဏ္ဍအသီးသီးမှာ ဦးဆောင် လုပ်ကိုင်နေသူများရော၊ အစိုးရ ကဏ္ဍအသီးသီးမှတာ ၀န်ရှိသူများပါမကျန် မိမိတို့ တာဝန်ယူလုပ်ကိုင်ဆောင်ရွက်နေတဲ့ လုပ်ငန်းများ အလိုက် သတိတရား လက်ကိုင်ထားပြီး ဆင်ဆင်ခြင်ခြင်ပြောဖို့ လုပ်ကိုင်ဆောင်ရွက်ကြဖို့တော့ လိုမယ် ထင်ပါသည်။

ကြမ်းကျွံရင် နှုတ်ရပေမယ့် စကားကျွံရင်တော့ နှုတ်လို့မရဘူးဆိုတဲ့ စကားပုံလိုပဲ သတိတစ်လုံး လက်ကိုင် သုံးပြီး ဆောင်ရွက်ကြရမှာ ဖြစ်သည်။ အများပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုကို ရရှိနေကြသော ဦးဆောင်ဦးစီးပြုနေသူများ၏ ပြောစကား၊ ကတိတွေများသည် ပြည်သူတွေ၏ မျှော်လင့်ချက်များ ဖြစ်နေသည့် အတွက် ဖြစ်သည်။ ယခုလို အချိန်အခါမျိုးတွင် တာဝန်ရှိသူ အသီးသီး၏ ပြောစကားများ ကတိပေးမှုများသည် ရှေ့နောက်ညီညွတ်ကြဖို့လည်း အထူးပင် လိုအပ်လှပါသည်။

ယနေ့ နိုင်ငံရေးနယ်ပယ်၌လည်း  ပြည်သူတွေအတွက် မျှော်လင့်ချက်တွေ ရှိနေပြီဟု ပြောရမည့်အချိန်ဖြစ်သည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှတစ်ဆင့် အရပ်သားအစိုးရ ပေါ်ထွက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သမိုင်းတွင်မည့် တွေ့ဆုံမှုပြုခဲ့ကြသည်။ ရလဒ်ကတော့ NLD  ရွေးကောက်ပွဲဝင်နိုင်အောင် ပါတီထောင်ခွင့်ပြုခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကြားဖြတ်ရွေး ကောက်ပွဲကျင်းပနိုင်ခဲ့သည်။ NLD နိုင်သည်ဖြစ်စေ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရှုံးသည်ဖြစ်စေ နိုင်ငံတကာအသိုင်းအ၀န်းထဲ ကျွန်တော်တို့နိုင်ငံနေ့ချင်း၊  ညချင်းရောက်သွားသည်။

နိုင်ငံတော်သမ္မတကြီး၏ အပြုသဘော ဆောင်ရွက်ချက်များအပေါ် ကမ္ဘာ့ကုလသမဂ္ဂ၊ အနောက်နိုင်ငံကြီးများနှင့်EU နိုင်ငံများပါမကျန် ချီးကျူးထောက်ခံကြပြီး ကျွန်တော်တို့နိုင်ငံအပေါ် ယုံကြည်မှုတွေ ပိုတိုးလာခဲ့ကြသည်။ ထိုထိုနိုင်ငံကြီးမှ ခေါင်းဆောင်များနှင့်အတူ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးများ သူ့ထက်ငါ အပြိုင်အဆိုင်၊ အပြေးအလွှား ရောက်ရှိလာကြသည်။ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်သူများ ထိုင်ရမလို ထရမလို ဖြစ်ကုန်သည်။ မျှော်လင့်ချက်လေးတွေ ရှင်သန်လာလို့ ဖြစ်သည်။ 
အပြုသဘော ဆောင်ရွက်ချက်များကြောင့် နိုင်ငံတကာအသိုက်အ၀န်းမှ ချီးကျူး ထောပနာပြုနေမှုများကို ဒီအချိန်မှာ ကျွန်တော်တို့ သာယာနေရမည့် အချိန်အခါမဟုတ်တော့ လက်တွေ့ဆန်သည့် လုပ်ငန်းများကိုသာ အကောင်အထည်ဖော်ကြရမည့် အချိန် ဖြစ်သည်။

ပြည်ပကုမ္ပဏီကြီးများ၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့် လုပ်ငန်းကြီးများ အခြေချနိုင်လောက်မည့် အခြေခံလိုအပ်ချက်များကို မိမိတို့ဘက်မှ ပြည့်စုံအောင် ဆောင်ရွက်ထားနိုင်ဖို့ လိုမည်ထင်ပါသည်။ ဂက်စ်ရောင်းချနေသည့်ဆိုင်များ မီးမလာလို့ မီးစက်ကြီးများမောင်းပြီး ဂက်စ်များ ပေးရသည့် အနေအထားမျိုးနှင့် ဘယ်လိုမှ မရနိုင်ကြောင်း သဘောပေါက်ဖို့ လိုမည်ထင်သည်။

အပြုသဘော ဆောင်ရွက်ချက်များကြောင့် နိုင်ငံတကာအသိုက်အ၀န်းမှ ချီးကျူးထောပနာပြုနေမှုများကို ဒီအချိန်မှာ ကျွန်တော်တို့ သာယာနေရမည့် အချိန်အခါမဟုတ်တော့ လက်တွေ့ဆန်သည့် လုပ်ငန်းများကိုသာ အကောင်အထည်ဖော်ကြရမည့်အချိန်ဖြစ်သည် . . .

ကျွန်တော်တို့ ပြည်သူအပေါင်းဟာ ဆယ်စုနှစ်ငါးစုလောက် အနာဂတ် မျှော်လင့်ချက်တွေ မထားနိုင်ခဲ့ကြဘဲ ဘ၀များစွာ ရင်းနှီးပေးဆပ်ကာ ခံစားခဲ့ကြပြီးဖြစ်သည်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍများ ချွတ်ခြုံကျကာ လူတန်းစေ့ မကျင်လည်နိုင်ကြဘဲ ခွေးဝဲပြာလူး ဘ၀အဖြစ်မျိုး၌  လည်းနေခဲ့ကြရပြီး ဖြစ်သည်။ ဒီနေ့ ဒီအချိန်တွင်မတော့ ဖြစ်တည်ခဲ့ပြီးသော မြန်မာ့နိုင်ငံရေး သမိုင်းဖြစ်စဉ်များထဲမှ ဆိုးမွေ၊ ကောင်းမွေများအပေါ် သင်ခန်းစာများကို ထုတ်နုတ်ကာ ချင့်ချိန်ဝေဖန် ဆုံးဖြတ်ကြပြီး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် ရရှိလာသည့်အချိန်နှင့် တိုက်ဆိုင်နေသည့် ကာလလည်း ဖြစ်ပါသည်။ နိုင်ငံ၏ အနာဂတ်အတွက် အရမ်းအရေးကြီးတဲ့ အချိန်ကာလလည်း ဖြစ်သည်။

ပြည်သူအများစုကတော့ လျှပ်စစ်မီးတွေ အချိန်ပြည့်လာဖို့ မျှော်လင့်ကြသည်။ တန်ဖိုးနည်းဖုန်းတွေကို မျှော်လင့်ကြသည်။ ပို့ကုန် သွင်းကုန်များနဲ့ ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီများအပေါ် ကုန်သွယ်လုပ်ငန်းအခွန်များ၊ အဆများစွာ လျော့ချပေးသလို ဖုန်းခွန်၊ မီတာခွန်များနဲ့ ယာဉ်ရထား၊ လေယာဉ်ခ၊ သင်္ဘောခများအပေါ် သင့်တင့်မျှတတဲ့ နှုန်းထားများနဲ့ ထားရှိပေးဖို့ မျှော်လင့်နေကြပါသည်။

ယုံကြည်မှုကြောင့် ဖြစ်စေ၊ နိုင်ငံရေးကြောင့် ဖြစ်စေ အကျဉ်းကျခံနေရတဲ့ အကျဉ်းသားများရဲ့ မိသားစုဝင်များကလည်း သူတို့ တွေ ပြန်လည်လွတ်မြောက်လာမယ့်ရက်ကို မျှော်လင့်လျက် ရှိနေကြသည်။ အလားတူ မငြိမ်းမချမ်းဖြစ်နေသည့် ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ အခြားတိုင်းရင်းသား ပြည်သူတွေ တစ်ရပ်လုံးကလည်း အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက် မျှော်လင့်နေကြပါသည်။ 

မည်သို့ဆိုစေ ဒီနေ့ ဒီအချိန်အခါသည် ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံးအတွက် မင်္ဂလာရှိသော အခါသမယများပင် ဖြစ်သည်။ ပြည်သူတို့၏ ဆန္ဒနှင့် နိုင်ငံတော်၏ အကျိုးရှေ့ရှုပြီး လိပ်ခဲတည်းလည်းဖြစ်နေသော နိုင်ငံရေး အကျပ်အတည်းများမှ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ ၀င် လွှတ်တော်ကိုယ်စားလှယ်များ ပြည်သူများ၏ မျှော်လင့်ချက်၊ ရည်မှန်းချက်များအတွက် လွှတ်တော်အသီးသီးသို့ တက်ရောက်လာကြပြီဖြစ်သည်။

သို့အတွက် လွှတ်တော်အသီးသီးလည်း အသက်ဝင်လာတော့မည် ဖြစ်သည်။ လွှတ်တော်များ ကောင်းစွာအသက်ဝင်လာမှသာလျှင် အများပြည်သူများ တောင့်တနေသော ဒီမိုကရေစီစနစ် အသက်ဝင်လာမည်ဖြစ်သည်။ လွှတ်တော်သည် ဒီမိုကရေစီစနစ်၏ အခြေခံအုတ်မြစ်ဟု ဆိုထားသည့်အတွက် အစိုးရ အတိုက်အခံပါတီကြီးတစ်ခု လွှတ်တော်အတွင်း ပူးပေါင်းဝင်ရောက်လာခြင်းသည် ကျွန်တော်တို့နိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းကြီး၏ အခြေခံ အုတ်မြစ်ပိုမိုခိုင်မာလာသည့် သဘောပင်ဖြစ်သည်။

နိုင်ငံတော်သမ္မတကြီးမှလည်း ကောင်းမွန်တဲ့ အုပ်ချုပ်မှုနဲ့ သန့်ရှင်းတဲ့အစိုးရ ပေါ်ပေါက်လာရေးကို လမ်းညွှန်မိန့်ခွန်းတွင် အလေးထား ပြောကြားထားပြီး ဖြစ်သည်။ နိုင်ငံတကာ အသိုက်အ၀န်းကလည်း နိုင်ငံတော်အစိုးရကို ယုံကြည်မှုတွေ ပြသနေပြီဖြစ်သည်။

နိုင်ငံနှင့် ပြည်သူအကျိုးအတွက် ပါတီစွဲများ မထားကြဘဲ အစိုးရ ခေါင်းဆောင်များ၊ ပါတီ အဖွဲ့အစည်း အသီးသီးများ၊ လူမှုအဖွဲ့အစည်းများသည် ပြည်သူများ၏ ယုံကြည်မှုကို အလေးအနက်ထားကာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သွားကြမည်ဆိုလျှင် ကျွန်တော်တို့ ပြည်သူများ၏ မျှော်လင့်ချက်သည် ရွှေရောင်တောက်ပ လာတော့မည်ဖြစ်ကြောင်း ယုံကြည်မိပါတော့သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...