ငြိမ်းချမ်းရေးအတွက် ပညာရေး (အပိုင်း ၁) အယူအဆနှင့် နည်းစနစ်
Published on Monday, 19 September 2011 12:29- Written by သိန်းနိုင်
- Hits: 4817
ပဋိပက္ခများ၊ စစ်ပွဲများနှင့် အတိပြည့်နှက် နေဆဲဖြစ်သည့် ဤမြေကမ္ဘာတွင် ငြိမ်းချမ်းရေးကို မည်သို့ မည်ပုံ ရယူ တည်ဆောက်နိုင် ပါသနည်းဆိုသည့် မေးခွန်းမှာ ခေတ်အဆက်အဆက် ဒဿနပြဿနာ တစ်ရပ်အနေဖြင့် ရှိနေခဲ့ပြီးလည်းဖြစ်သည်။
နိဒါန်း
“...လူလူချင်း သတ်ဖြတ်မှုတွေ၊ လူလူချင်း ရက်စက်မှုတွေ ကမ္ဘာမြေကို အကျည်းတန်စေပြီ၊ လူလူချင်း ညှင်းပမ်းမှုတွေ၊ လူလူချင်း ရက်စက်မှုတွေ၊ ဒါတွေကို ရပ်ဖို့သင့်ပြီလေ။ ...”
ပြည်တွင်းစစ်သီချင်း (အမ်အက်ဖ်ဂျီ) ၂၀ဝ၃။
“...အမှားကို မြင်လာခြင်း... တုံ့ပြန်ရန်လိုခြင်း၊ အတ္တအစွဲများ ပြည့်နှက် တယူသန် ပြိုင်ဆိုင်နေမှုများ... ....ကမ္ဘာမြေငြိမ်းချမ်းရေး...ကမ္ဘာမြေ... လှပရေး အတ္တမာန ကင်းစေ (မာနတရားတွေ ကင်းဝေးစေ) .... ကမ္ဘာမြေ..... ငြိမ်းချမ်းရေး ကမ္ဘာမြေ၏ လှပရေး အသိဉာဏ် စွမ်းအင်ဖွံ့ဖြိုးစေ) .....”
ကမ္ဘာမြေငြိမ်းချမ်းရေး သီချင်း (လွိုင်ကော်နှစ်ခြင်း အသင်းတော် ၁၉၉၇)။
နှစ်ဆယ်ရာစုအတွင်း၌ ဤကမ္ဘာမြေတွင် ပြောင်းလဲမှုများစွာ ဖြစ်ထွန်းခဲ့ပါသည်။ နိုင်ငံရေး၊ သိပ္ပံနှင့် နည်းပညာ၊ လူမှုရေးနှင့်စီးပွားရေး အစရှိသည့် နယ်ပယ် အသီးသီးတွင် အထင်ကရ တိုးတက် ထွန်းကားလာမှုများကို မြင်တွေ့ခဲ့ကြရပြီးလည်း ဖြစ်သည်။အထူးသဖြင့် ကမ္ဘာမှုပြုခြင်း ဖြစ်စဉ်နှင့် ဗဟိုဦးစီး ချုပ်ကိုင်မှု လျော့ချရခြင်းစသည့် အယူအဆများ၊ ကျင့်စဉ်များမှာအကျိုးဆက်အနေဖြင့် ဖြစ်ပေါ်လာခဲ့ပါသည်။ နိုင်ငံတကာ နယ်နိမိတ်များကို ပြိုလဲစေလျက် ကမ္ဘာကြီး တခုလုံးကို ရွာငယ်လေး သဖွယ်(ကမ္ဘာရွာ) ဖြစ်ပေါ်လာစေခဲ့ပါသည်။ သို့ရာတွင် ဤအထင်ကရ ပြောင်းလဲခြင်း ဖြစ်စဉ်များမှ မဖြေရှင်းပေးနိုင်သည့်ပြဿနာများစွာထဲတွင် တန်းတူညီမျှမှု၊ ငြိမ်းချမ်းရေးနှင့် လူမှု အသိုင်းအဝိုင်း အတွင်း အညီအညွတ် လိုက်လျောညီထွေရှင်သန်နေထိုင်ခြင်း စသည်တို့မှာ လမ်းစ ပျောက်လျက်ပင် ရှိနေသေးချေသည်။ ဤအချင်းအရာများကို မရရှိသေးသည့် အတွက်နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ မညီမျှမှုများ၊ နောက်ဆက်တွဲ ပြဿနာများနှင့် ကျင့်ဝတ်ဆိုင်ရာ စံနှုန်း တန်ဖိုးများနှင့်ပတ်သက်၍လည်း ဆိုးဝါးစွာ ရင်ဆိုင်နေကြရဆဲပင် ဖြစ်သည်။ လူ့သမိုင်းတွင် မကြုံဘူးသည့် သိပ္ပံနှင့် နည်းပညာဆိုင်ရာတိုးတက်မှုများကြောင့် ဓနကြွယ်ဝမှုနှင့် သက်တောင့် သက်သာ နေထိုင်ရခြင်းတို့ကို ပိုင်ဆိုင်လာကြသော်လည်း ကမ္ဘာအဝှမ်းတွင်မညီမျှမှုများကြောင့် လူမျိုးရေး၊ ဘာသာရေး၊ လူတန်းစားနှင့် တိုင်းရင်းသား လူမျိုးစု ပဋိပက္ခများဖြင့် ပြည့်နှက် နေဆဲ ဖြစ်သည်။မြေကမ္ဘာ၏ သက်ရှိ မျိုးနွယ်စုများတွင် လူသားမျိုးနွယ်စုသည် အသိဉာဏ်ပိုင်းဆိုင်ရာ အဖွံ့ဖြိုးဆုံး တိုးတက် လာခဲ့သော်ငြားလည်းအခြားတစ်ဖက်တွင်မူ အတ္တလွန်ကဲခြင်း၊ သီးသန့် နေထိုင်လိုခြင်း၊ သည်းခံခြင်းတရား ခေါင်းပါးလာခြင်းများ အပါအဝင် မိမိကိုယ်ကိုနှင့်သဘာဝ ပတ်ဝန်းကျင်ကို ဖျက်ဆီးသူများ အနေဖြင့်လည်း တည်ရှိနေလေသည်။ ယခု ၂၁ ရာစု အစပိုင်းကာလ၌ ကမ္ဘာအဝှမ်းတွင်ငြိမ်းချမ်းရေးနှင့် ညီညွတ်သော လူမှုအသိုင်းအဝိုင်းအတွက် ကြီးမားသော စိန်ခေါ်ချက်များ ဖြစ်သည့် အောက်ပါ အကျပ်အတည်းများ၊အရေးပေါ် အခြေအနေများဖြင့် ရင်ဆိုင်နေကြရသည်။
• ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကွာဟချက်များ၏ အကျိုးဆက်ကြောင့် ဥစ္စာဓနပိုင်ဆိုင်မှုတွင်ချမ်းသာသူများနှင့် ဆင်းရဲသူများကြား ကြီးမားသည့် ကွာဟချက်ရှိနေခြင်း၊ ဖွံ့ဖြိုး တိုးတက်ပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံများကြားတွင်လည်း ဤကွာဟချက်ကို ဖြေရှင်းရန် ဖြစ်နိုင်ချေ နည်းလမ်းများ ရှာမရသေးခြင်း။
• လက်နက်ဆန်းများနှင့် အဏုမြူစွမ်းအင် နည်းပညာများကို အပြိုင်အဆိုင် တီထွင် တပ်ဆင် မှုများကြောင့် လူသားမျိုးနွယ်စုတစ်ခုလုံး၏ ရှင်သန်မှုကို ခြိမ်းခြောက်လျက်ရှိနေခြင်း။
• အဆင့်တိုင်းတွင် ပုံစံအမျိုးမျိုးနှင့် ခွဲခြားဆက်ဆံမှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများ၊ ပဋိပက္ခများ အကြားတွင် ခေါင်းပုံဖြတ်အမြတ်ထုတ်မှုများ ရှိနေခြင်း။
• အကြမ်းဖက်တိုက်ခိုက်မှုများ၊ အကြမ်းဖက်ဖြေရှင်းမှုများ၊ လူမျိုးရေးခွဲခြားခြင်းများကို ဤ ကမ္ဘာ၏ သွင်ပြင် လက္ခဏာတစ်ရပ်အနေဖြင့် မြင်တွေ့နိုင်ပြီး လူသားမျိုးနွယ်နှင့် အခြေခံ စံနှုန်း တန်ဖိုးများ တိုက်စား ခံနေရခြင်း။
• လူဦးရေ ပေါက်ကွဲမှုကြောင့် သဘာဝ အရင်းအမြစ်များကို အလွန်အကျွံ သုံးစွဲရသည့် အတွက် သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းခြင်း၊ ဂေဟဗေဒဆိုင်ရာ ညီမျှချေကို ဖျက်ဆီး ခံရခြင်းနှင့်အတူ လူသားမျိုးနွယ်၏ အသက်ရှင်သန် နေထိုင်မှုကို အချိန်ပြည့်ခြိမ်းခြောက်လျက် ရှိနေခြင်း။
•ကျဉ်းမြောင်းသည့် ပုဂ္ဂလ အကျိုးစီးပွားအပေါ် အခြေပြု၍ စဉ်းစားတွေးခေါ်ခြင်းနှင့် အတ္တမာန လွန်ကဲမှု (မိမိလုပ်ငန်း၊ ပရိုဂျက်နှင့်အဖွဲ့အစည်းကိုသာ အဟုတ်ထင်ခြင်း) ကြောင့် လူသား မျိုးနွယ်သည် နယ်ပယ် အသီးသီးတွင် ဂိုဏ်းဂဏ၊ အုပ်စုငယ်များစွာဖြင့်ကွဲပြားလျက်ရှိနေခြင်း။
ပစ္စက္ခ ကမ္ဘာ့ လူ့အဖွဲ့အစည်း၏ ရှင်သန် နေထိုင်နိုင်ရန် အတွက် တောင်းဆိုချက်များတွင် ကျဉ်းမြောင်းသည့် အမျိုးသားရေးအမြင်များထက် ကမ္ဘာအဝှမ်း လွမ်းခြုံ စဉ်းစားတွေးခေါ်ခြင်း၊ လူမျိုးရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အစွန်းရောက်ခြင်းထက် သည်းခံခြင်းတရားထွန်းကားစေခြင်း၊ အပြန်အလှန် နားလည်မှုကို တည်ဆောက်ခြင်းနှင့် ယဉ်ကျေးမှု ဗဟုဝါဒကျင့်သုံးခြင်း၊ လူအနည်းစု အတွက်သာအခွင့်ထူးခံဖြစ်နေသည့် သိပ္ပံနှင့် နည်းပညာအရ ခွဲခြားခြင်းထက် နည်းပညာအရ စုစည်းနိုင်ခြင်း အစရှိသည့် အကြောင်းချင်း အရာများပါဝင်သည်။ လူတန်းစား အလွှာတိုင်းတွင် အကြမ်းမဖက်ခြင်း၊ သည်းခံခြင်းတရား ထွန်းကားစေခြင်းစသော လိုလားအပ်သည့်ယဉ်ကျေးမှုများ ထွန်းကားစေခြင်းဖြင့် ပိုမို၍ ငြိမ်းချမ်းသာယာသည့် ယဉ်ကျေးသည့် လူ့ဘောင်ကို တည်ထောင်နိုင်မည် ဖြစ်သည်။
ပညာရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ အတွေးအခေါ် ပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့် နိုင်ငံရေး ခေါင်းဆောင်များ အနေဖြင့်လူ့စံနှုန်း တန်ဖိုးများကို ပြန်လည် ရှင်သန်စေရန် အတွက် လိုအပ်ချက်ကို ကာလ ကြာမြင့်စွာ ကတည်းက သိမြင်ခဲ့ကြသည်။ ဤမြေကမ္ဘာ၏ရေရှည် တည်တံ့ နိုင်မည့် ငြိမ်းချမ်းရေး အတွက် တစ်ခုတည်းသော မျှော်လင့်ချက်လည်း ဖြစ်သည်။ အာဏာနှင့် ရုပ်ဝတ္ထု ပစ္စည်းနောက်သို့အမောတကော လိုက်ပါလျက် လူသားတို့သည် သဘာဝတရား၏ အခြေခံ ဥပဒေ ဖြစ်သော “မိမိနှင့် အခြားသူများ အတူတကွ ရှင်သန်နေထိုင်ရခြင်း” သဘောတရားကို မေ့လျော့ နေခဲ့ပြီလည်းဖြစ်သည်။
ဤအချင်းအရာကို အသိအမှတ်ပြု ထည့်သွင်း စဉ်းစားလျက် ကမ္ဘာ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း(ယူနက်စကို) မှ အထူးခန့်အပ် တာဝန် ပေးခဲ့သည့် ဒီလော်(စ်) ကော်မစ်ရှင်၏ အစီရင်ခံစာဖြစ်သည့် “သင်ယူခြင်း ရတနာအတွင်းမှာ - Learning - The Treasure Within (၁၉၉၆)” တွင် “အတူတကွ အသက်ရှင်သန် နေထိုင်ဖို့ သင်ယူ လေ့လာစို့” ဟူသော အချက်ကိုပညာရေး မဏ္ဍိုင်ကြီး လေးရပ်အနက် အဓိက ပညာရေး ထောက်တိုင် တစ်ရပ် အနေဖြင့် လမ်းညွှန် အကြုံပြုခဲ့ပါသည်။ မျက်မှောက်ကမ္ဘာကြီးတွင် ဝမ်းနည်းဖွယ်ရာ လိုအပ်နေသည့် ညီညွတ်သော လူ့ အသိုင်းအဝိုင်း တည်ဆောက်ရေးနှင့် ငြိမ်းချမ်းစွာ အမြင်သဘောထားဖလှယ်ခြင်းတို့ကို ဤအစီရင်ခံစာတွင် မီးမောင်းထိုး တင်ပြခဲ့သည်။ ခေတ် အစဉ်အဆက်တွင် အသိပညာနှင့် အတတ်ပညာဆိုင်ရာကျွမ်းကျင်သည့် ကာယ၊ ဥာဏ လုပ်သားထုကို မွေးထုတ်ပေးရန် အတွက် ပညာရေးကို အသုံးချခဲ့သည်။ ယခုအခါတွင်မူ ပုဂ္ဂလဖွံ့ဖြိုးတိုးတက်ရန်နှင့် လူမှုဆက်ဆံရေး တိုးတက် မြင့်မားစေရန် အတွက် ပညာရေးမှာ အခြေခံ အကျဆုံး ဖြစ်သည်ဟူ၍ အမြင်သဘောထားပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။ ငြိမ်းချမ်းသော လူမှု အသိုင်းအဝိုင်းအတွက် မတူ ကွဲပြားသည့် ယဉ်ကျေးမှုများ သဟဇာတ ဖြစ်စေရေးနှင့်လူမှုပြုပြင် ပြောင်းလဲရေးတို့တွင် အခြေခံ ပညာ ကျောင်းများမှာ အခရာကျသည်ကို လျစ်လျူရှု ခဲ့ကြ၏။ လူမှုအသိုင်းအဝိုင်းအတွင်း ပိုနေမြဲ၊ကျားနေမြဲ အခြေအနေကို ထိန်းသိမ်းထားနိုင်ရန် အတွက် လက်ရှိ အခြေအနေနှင့် တစ်ပုံစံတည်း၊ တစ်ထပ်တည်း ဖြစ်စေရန်သာရည်ရွယ်ချက်များ ထားရှိသည်။ ဤသို့ဖြင့် စာသင်ကျောင်းများ၏ အခန်းကဏ္ဍမှာ မှေးမှိန်၍ လာရသည်။
စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများကို အမှီလိုက်နိုင်ရန်နှင့် ယှဉ်ပြိုင်နိုင်ရန် အတွက် ကြိုးစားနေစဉ် ဖွံ့ဖြိုး တိုးတက်ဆဲနိုင်ငံအများစုတွင် လူ့စံနှုန်း တန်ဖိုးဆိုင်ရာ ရေရှည် ရည်မှန်းချက် များနှင့် စာရိတ္တ၊ နီတိဆိုင်ရာများကို ပညာရေးတွင် ဦးစားပေးခြင်းမရှိပါချေ။ သို့ဖြစ်ပါ၍ ပညာရေးသည် နိုင်ငံသားတို့အား ငြိမ်းချမ်းသော ပတ်ဝန်းကျင်နှင့် ငြိမ်းချမ်းသော ယဉ်ကျေးမှု ဖွံ့ဖြိုး ထွန်းကားစေရန်၊သည်းခံခြင်းတရား ထွန်းကားစေရန်၊ ဒီမိုကရေစီ စံနှုန်း တန်ဖိုးများ၊ လူ့အခွင့်အရေးနှင့် တာဝန် ဝတ္တရားများကို သိရှိနားလည်လိုက်နာစေရန် အတွက် ပြင်ဆင်ပေးနိုင်ရမည် ဖြစ်သည်။
ကျောင်းပညာရေးနှင့် ငြိမ်းချမ်းရေးအတွက် ပညာရေး သုတေသနမေးခွန်း
ကျောင်းပညာရေးနှင့် ငြိမ်းချမ်းရေး အတွက် ပညာရေးဆိုင်ရာ သုတေသနပြု လေ့လာ တင်ပြ ဆွေးနွေးရာဝယ် မေးခွန်းငယ် (၇) ခုအပေါ်တွင် အခြေပြု၍ လေ့လာ တင်ပြပါမည်။
သုတေသနမေးခွန်းများ-
(၁) ပြောင်းလဲနေသည့် ကမ္ဘာကြီးတွင် ငြိမ်းချမ်းရေးဆိုင်ရာ ငြင်းခုံဆွေးနွေးမှုများကို လေ့လာရန်။
(၂) ငြိမ်းချမ်းရေး အယူအဆကို ရှင်းလင်း ဖွင့်ဆိုရန်၊
(၃) ငြိမ်းချမ်းရေး အတွက် ပညာရေးအစီအစဉ်၏ တန်ဖိုးနှင့် လိုအပ်ချက်ကို သတိပြုမိစေရန်။
(၄)ကျောင်းသင် ဘာသာရပ် နယ်ပယ် အသီးသီးတွင် ငြိမ်းချမ်းရေး အတွက် ပညာရေးဆိုင်ရာ လေ့ ကျင့် သင်ကြားခြင်းကို မည်သို့ယှက်နွယ်ပေါင်းစပ်၍ ပေါင်းစည်း သင်ရိုးညွှန်းတမ်း အနေဖြင့် သင်ကြားနိုင်သည့် နည်းလမ်းများကို ရှာဖွေဖေါ်ထုတ်ရန်။
(၅) ငြိမ်းချမ်းသော လူ့ အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်ရန် အတွက် လိုလားအပ်သည့် လူမှု ပတ်ဝန်းကျင်ကို မည်သည့်ပညာရေးအစီအစဉ်များ၊ နည်းလမ်းများမှ တဆင့် ပြုစုပျိုးထောင်နိုင်ပါ သနည်း။
(၆) ငြိမ်းချမ်းရေး အတွက် ပညာရေး သင်ရိုးညွှန်းတမ်းဆိုသည်မှာ အဘယ်နည်း။ လက်ရှိ ကျောင်း ပညာရေး သင်ရိုးညွှန်းတမ်းများနှင့်မည်သို့ ဆက်စပ်ပေါင်းစည်း၍ လုပ်ဆောင်ရမည်နည်း။
(၇) လူ့ အဖွဲ့အစည်းအတွင်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းသာယာဝပြောစေရန် အတွက် မရှိမဖြစ် လိုအပ်သည့် ငြိမ်းချမ်းသောစိတ်ယဉ်ကျေးမှု တည်တံ့ခိုင်မြဲနေစေရန် မည်သည့် သင်ယူခြင်း-သင်ကြားခြင်း နည်းစနစ်များကို အသုံးပြုရပါမည်နည်း။
ငြိမ်းချမ်းရေးဆိုသည်မှာ
ငြိမ်းချမ်းရေးကို အစဉ်အဆက် အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုခဲ့ကြသည်။ ရှုပ်ထွေး၍ အဓိပ္ပါယ် ဖွင့်ဆိုရန် ခက်ခဲသည့် အယူအဆ တစ်ရပ်အနေဖြင့် တည်ရှိနေဆဲလည်း ဖြစ်သည်။ ပဋိပက္ခများ၊ စစ်ပွဲများ မရှိခြင်း ဟူသော ရိုးရှင်းသည့် အဓိပ္ပါယ်မှ အစပြု၍ ပဋိပက္ခများ၊စစ်ပွဲများနှင့် အတူ ရှင်သန် နေထိုင်နိုင်ခြင်း စွမ်းရည်ဟူသည့် ပိုမိုရှုပ်ထွေးသော အဓိပ္ပါယ် ဖွင့်ဆိုချက် အမျိုးမျိုးကို လေ့လာ တွေ့ရှိရသည်။သမိုင်းစဉ်ဆက်ထဲတွင် ငြိမ်းချမ်းရေးကို စိတ်၏ချမ်းသာခြင်း (စိတ္တသုခ)၊ ကိုယ်တွင်း ငြိမ်းအေးခြင်းနှင့် ယှဉ်တွဲ ဖေါ်ပြခဲ့သည်။
ရှင်တော်မြတ်ဗုဒ္ဓ၏ တရားဒေသနာများတွင် ဤသဘော တရား၊ အယူအဆနှင့် အကျင့်အကြံတို့ကို အထင်အရှား လေ့လာ တွေ့ရှိနိုင်သည်။ လောကတွင် စိတ်သည် အရာအားလုံး (အမှုခပ်သိမ်း) ၏ ရှေ့ဆောင်ပင်ဖြစ်သည် (စိတ္တေန နိယတေ လောကော -ဓမ္မပဒ)ဟူသော တရားကို မြွက်ကြားတော်မူခဲ့ခြင်းသည် ထင်ရှားသည့် သာဓက ဖြစ်သည်။
ကုလသမဂ္ဂ၊ ယူနက်စကို၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကြေညာချက် နိဒါန်းတွင် စစ်ပွဲများအားလုံးသည် လူသားတို့၏ စိတ်တွင်းမှအစပြု၍ ဖြစ်ပေါ် လာခြင်းကြောင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရန်မှာ လူသားတို့၏ စိတ်တွင်း၌ပင် ဖြစ်ချေသည်။ပဋိပက္ခများ၊ စစ်ပွဲများနှင့် အတိ ပြည့်နှက်နေဆဲ ဖြစ်သည့် ဤမြေကမ္ဘာတွင် ငြိမ်းချမ်းရေးကို မည်သို့မည်ပုံ ရယူတည်ဆောက် နိုင်ပါသနည်းဆိုသည့် မေးခွန်းမှာ ခေတ်အဆက်ဆက် ပြဿနာ တစ်ရပ်အနေဖြင့် ရှိခဲ့ပြီးဖြစ်သည်။ သို့ရာတွင် လူသားတစ်ဦးချင်းစီ၏ကိုယ်တွင်း၊ စိတ်တွင်း ငြိမ်းအေးခြင်းနှင့် အသိဉာဏ်ပညာ ဖွံ့ဖြိုး တိုးတက်ခြင်းကို ရှာဖွေလေ့လာ၊ ကျင့်ကြံ အားထုတ်နေဆဲမှာပင်လူ့အသိုင်းအဝိုင်း၏ လူမှု ရေးပိုင်းဆိုင်ရာများမှာ လျစ်လျူရှု ခံထားရဆဲ ဖြစ်ပါသည်။ အကြင်ပုဂ္ဂိုလ်၏ လွတ်မြောက်ရာနှင့်အသိဉာဏ်ပိုင်းဆိုင်ရာ ပြည့်စုံရေးတို့ အတွက် ကြိုးပမ်းခြင်းမှာ ဤ လူမှုအသိုင်းအဝိုင်း အတွင်း၌ပင် ဖြစ်လေရာ ၁၉ ရာစုနှောင်းပိုင်းအသိပညာ ဉာဏ်အမြင် ဆန်းသစ်ခဲ့သည့် ခေတ်ကာလအတွင်း အနောက်တိုင်း အတွေးအခေါ် ပညာရှင်များမှ လူမှု ပတ်ဝန်းကျင်အခြေအနေများနှင့် နှိုင်းယှဉ်၍ လေ့လာခဲ့ကြသည်။
အထူးသဖြင့် သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ Scientific Socialism ထွန်းကား လာခြင်းနှင့် အတူ ပိုမို၍ ထဲထဲဝင်ဝင် လေ့လာခဲ့ ကြသည်။ သို့ရာတွင် မာ့က်စ်ဝါဒီ Marxists များ အနေဖြင့်မူ တစ်သီးပုဂ္ဂလငြိမ်းချမ်းခြင်း အယူအဆကို ဦးစားပေးခြင်း မရှိတော့ဘဲပုဂ္ဂလသဘော မှေးမှိန်လာပြီး လူ၏ရှင်သန်နေထိုင်ရာ လူမှုအသိုင်းအဝိုင်း၏ တည်ဆောက်ပုံနှင့် လူ့အဖွဲ့အစည်း (လူမှု အဆောက်အအုံ) ကိုအလေးထား လေ့လာခဲ့ကြသည်။ ဥစ္စာဓနကို ညီတူမျှတူ ခွဲဝေရေးအပေါ် အလေးထားသည့် ဆိုရှယ်လစ်အမြင် သဘောထားအရပုဂ္ဂလပိုင်ဆိုင်မှုသည် လူမှုအနိဌာရုံ အလုံးစုံနှင့် အကြမ်းဖက် အနိုင်အထက် ပြုကျင့်ခြင်းတို့၏ အကြောင်းရင်းဖြစ်သည်ဟူ၍ ယူဆကြ သည်။သို့ဖြစ်လေရာ သူတို့မှ ငြိမ်းချမ်းရေးဆိုသည်မှာ အစီအစဉ်တကျ အကြမ်းဖက်ခံရခြင်းမှ ကင်းစင်ခြင်းပင် ဖြစ်သည်။
လူသားတစ်ဦးစီ၏ အသိပညာဉာဏ် ဖွံဖြိုးတိုးတက်ပြောင်းလဲခြင်းနှင့် ယနေ့ခေတ် အကြမ်း ဖက်ခြင်း၊ ပြဿနာကိုရုန်းရင်းဆန်ခတ် ဖြေရှင်းတတ်သည့် လူမှုအသိုင်းအဝိုင်း တည်ဆောက်ပုံကို ပြုပြင် ပြောင်းလဲခြင်းတို့မှာ ခွဲခြား၍ မရနိုင်ပါပေ။လူမှုအဆောက်အအုံနှင့် လူမှုရေးဆိုင်ရာ လက်တွေ့ ဖြစ်ပျက်နေမှုများကို ဥပေက္ခာပြု၍ အကြင်သူတစ်ဦး၏ စိတ်အေးငြိမ်းချမ်းသာခြင်း အကြောင်းတရား (စိတ္တသုခ) နှင့် အသိဉာဏ်ပညာ တိုးတက်ခြင်းတို့ကို ပြောဆို ဆွေးနွေးရန်မှာ မဖြစ်နိုင်ပါ။ ထို့အတူ တစ်ဦးချင်းစီ၏အခန်းကဏ္ဍနှင့် လူသားအားလုံး၏ အသိပညာဉာဏ် တိုးတက် မြင့်မားရေးတို့ကို မျက်ကွယ်ပြု၍ အခွင့်အာဏာဆိုင်ရာ ဆက်သွယ် ဆောက်ရွက်ခြင်းသည်လည်း လိုလားအပ်သည့် ကောင်းကျိုး ချမ်းသာတရားများကို မဆောင်ကျဉ်းပေးနိုင်ချေ။ သို့ဖြစ်လေရာငြိမ်းချမ်းရေး၏ ဤအယူအဆ နှစ်ရပ်စလုံးမှာ ဒင်္ဂါးပြား၏ ခေါင်းနှင့် ပန်းသဖွယ် လေ့လာ တွေ့ရှိနိုင်ပြီးလျှင် တစ်ခု မရှိပါက အခြားတစ်ခု၏အဓိပ္ပါယ်ရှိမှုမှာ မေးခွန်း ထုတ်ဖွယ်ရာ ဖြစ်သည်။
မဟတ္တမဂန္ဒီမှ ပိုမို၍ ကျယ်ပြန့်သည့် အဓိပ္ပါယ်ဖွင့်ဆိုခြင်းကို ပြသခဲ့သည်။ ငြိမ်းချမ်းရေးကို ရှင်းလင်းဖွင့်ဆိုရန်အကြမ်းဖက်ခြင်းသဘောကို ဖော်ပြခဲ့သည်။ သူ့အနေဖြင့် အကြမ်းဖက်ခြင်း ဆိုသည်မှာ- နိုင်ငံတစ်နိုင်ငံမှ အခြားနိုင်ငံတစ်နိုင်ငံအပေါ်၊လူတစ်ဦးမှ အခြားသူတစ်ဦးအပေါ်၊ အမျိုး သားများမှ အမျိုးသမီးများအပေါ်၊ စနစ်တစ်ခုမှ အခြားစနစ်တစ်ခုအပေါ်၊ စက်ပစ္စည်းများမှလူသားများ အပေါ်တွင် - နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအရ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ ချယ်လှယ်ခြင်း ပင်ဖြစ်သည်။အကြမ်းဖက်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော အကြမ်းမဖက်ခြင်းတွင် သွင်ပြင်လက္ခဏာ ရှစ်ရပ် အနည်းဆုံး ပါရှိလေသည်။ ယင်းတို့မှာ -ငြိမ်းချမ်းရေး၊ တန်းတူရေး၊ ကြောက်ရွံ့ခြင်းမှ ကင်းဝေးရေး၊ မိမိကိုယ်ကို နှိမ့်ချခြင်း၊ ချစ်ခြင်းမေတ္တာ၊ မိမိကိုယ်ကို ထိန်းချုပ်နိုင်ခြင်း၊အမှန်တရားနှင့် သည်းခံခြင်းတရား (ခန္တီ) တို့ဖြစ်ကြသည်။ ဤအချင်းအရာများမှာ အပြန်အလှန် ဆက်စပ်နေခြင်း ဖြစ်သော်ငြားလည်းငြိမ်းချမ်းရေး ဆိုသည်မှာ အကြမ်းမဖက်ခြင်း၏ နောက်ခံ အကြောင်းရင်းပင် ဖြစ်လေသည်။ မဟတ္တမဂန္ဒီ အနေဖြင့်မူ မည်သည့်ပုံစံနှင့်မှခေါင်းပုံဖြတ် ချယ်လှယ်ခြင်း လုံးဝမရှိသည့် အကြမ်းဖက်မှုကင်းစင်သော လူမှုအသိုင်းအဝိုင်းကို မျှော်မှန်းခဲ့သည်။ သူ့အနေဖြင့်ဤကဲ့သို့သော လူ့အသိုင်းအဝိုင်းကို ပညာရေးတည်းဟူသော ကိရိယာ အသုံးပြုခြင်းဖြင့် တည်ဆောက်နိုင်သည်ဟူ၍ယုံကြည်ခဲ့သူဖြစ်သည်။ ဂန္ဒီကြီး၏ ငြိမ်းချမ်းရေး အယူအဆတွင် အမှန်တရား၊ အကြမ်းမဖက်ခြင်း၊ မိမိကိုယ်တိုင်အနစ်နာခံခြင်း၊လူမှုဆက်ဆံရေးနည်းလမ်းများနှင့် ရလာဒ်များမှာ အရေးကြီးလေသည်။ လုပ်ဆောင်ချက်များနှင့် နောက်ဆက်တွဲရလဒ်များ နှစ်ခုစလုံးမှာ အရေးကြီးသည်ဟူ၍ ယုံကြည် သူဖြစ်သည်။ နှစ်ဆယ့်တစ်ရာစု ပညာရေးလမ်းကြောင်း ဖော်ထုတ်ခြင်း အစီအစဉ်အရ ယူနက်စကို၏“အတူတကွ အသက်ရှင်သန်နေထိုင်နိုင်ဖို့ သင်ယူလေ့လာစို့” Learning to Live Together အယူအဆမှာ ဂန္ဒီ၏ ငြိမ်းချမ်းရေး ဒဿနကိုရောင်ပြန်ဟပ်ကြောင်း လေ့လာ တွေ့ရှိနိုင်သည်။ အခြားသူများအပေါ်တွင် အကြမ်းဖက်ခြင်းအစား မိမိကိုယ်ကို အနစ်နာခံခြင်းနှင့်သစ္စာဂြဟ (အာဏာရှင်ဆန့်ကျင်ရေးတွင် လူထုတစ်ရပ်လုံး အနုနည်းဖြင့် အမိန့်အာဏာ ဖီဆန်ရေး) ကို ဟောပြော ဆွေးနွေးခဲ့သူဖြစ်ပြီးလျှင် ဖိနှိပ်သူများကို တန်ပြန်ဖျက်ဆီးခြင်းနှင့် အပြစ်ဒဏ်ပေးခြင်း တို့သည် အမုန်းတရားများနှင့် အကြမ်းဖက်ခြင်းသံသရာကိုသာလျှင် ရှည်စေသည်ဟူ၍ အခိုင်အမာ ယုံကြည်သူ ဖြစ်လေသည်။ နိုင်ငံတကာပညာရေး ပညာရှင်များမှ ယနေ့ခေတ် ကမ္ဘာကြီးနှင့် လူမှုအသိုင်းအဝိုင်းအတွင်းတွင် လူမျိုးရေး၊ ဘာသာရေး၊ လူတန်းစား၊ ဇာတ်နိမ့်၊ ဇာတ်မြင့်၊ လူမျိုးစုနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားခြင်း၊ အကြမ်းဖက် ပြုမူခြင်းများကို အထင်အရှား တွေ့မြင်ရလေရာ ငြိမ်းချမ်း သာယာသော ကမ္ဘာ့အစီအစဉ်သစ်ကိုတည်ဆောက်နိုင်ရန်မှာ အနာဂတ် နိုင်ငံသားများ အားလုံးကို အမြင့်မားဆုံးသော သည်းခံခြင်းတရား ဖွံ့ဖြိုးစေခြင်းနှင့် အမှန်တရားဖက်မှရပ်တည်ရေး အတွက် ပညာသင်ကြားခြင်းသည် အရေးတကြီး လိုအပ်ချက်ဖြစ်ကြောင်း တင်ပြ ထားကြပါသည်။ သို့ဖြစ်လေရာဂန္ဒီ၏ဒဿနများမှာ မျက်မှောက်ခေတ်တွင် အရေးပါဆဲပင် ဖြစ်လေသည်။
ဤစာတမ်းတွင် ငြိမ်းချမ်းရေးဆိုင်ရာ ယူဆချက်များကို အောက်ပါအတိုင်း တင်ပြ လေ့လာ ဆွေးနွေးလိုပါသည်။
(၁) တင်းမာမှုများ၊ ပဋိပက္ခများနှင့် စစ်ပွဲများမရှိခြင်း၊
(၂) အကြမ်းမဖက်သော လူမှုစနစ် (အစီအစဉ်ရှိရှိ အကြမ်းဖက်ခြင်း ကင်းစင်သော လူ့အဖွဲ့အစည်း)၊
(၃) မည်သည့် ပုံစံမျိုးနှင့်မှ ခေါင်းပုံဖြတ်ခြင်းနှင့် တရားမျှတမှု ကင်းမဲ့ခြင်းတို့ မရှိခြင်း၊
(၄) နိုင်ငံတကာဆိုင်ရာ သိရှိနားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊
(၅) သဘာဝပတ်ဝန်းကျင်၏ ဂေဟဗေဒဆိုင်ရာ ညီမျှခြေရှိခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်း၊
(၆) စိတ်၏ ချမ်းသာခြင်း၊
သို့ဖြစ်၍ ငြိမ်းချမ်းရေးကို နေထိုင်မှုပုံစံ၊ ခံယူချက်အမြင်သဘောထား၊ တည်ငြိမ်ခြင်းစသည်ဖြင့် ဖော်ပြနိုင်ပါသည်။ မိမိ၏ကိုယ်တွင်း အဇ္ဈတ္တသဏ္ဌာန် ငြိမ်းအေးချမ်းသာခြင်းနှင့် အခြားသူများ အပေါ်တွင် မေတ္တာတရား ထားရှိခြင်းဖြစ်သည်။ ငြိမ်းချမ်းသည့်ကမ္ဘာ့အစီအစဉ်သစ်ကို တည်ဆောက် နိုင်ရန်မှာ တစ်ဦးချင်းစီ၏ လုပ်ရပ်များသည် မိမိနှင့် အခြားသူများ ကောင်းကျိုးချမ်းသာကို ထည့်သွင်း စဉ်းစားခြင်းမှ စတင်လေသည်။ တစ်ဦးချင်းစီ၏ အခွင့်အရေးများနှင့် ရပိုင်ခွင့်မှာ တစ်ဦးချင်းစီ၏ တာဝန်ဝတ္တရားများကိုထမ်းဆောင်လိုစိတ်နှင့် ဆက်နွယ်နေမှုမှလည်း စတင်လေသည်။ ကျိုးကြောင်း ဆီလျော်စွာ စဉ်းစားတွေးခေါ်ခြင်းမှလည်း စတင်ပါသည်။ပုဂ္ဂလအစွဲအလမ်းများ၊ ဘက်လိုက်မှုများ၊ အမုန်းတရားများ၊ အမျိုးဇာတိမာန် လွန်ကဲခြင်းများ၊ ဖိနှိပ်ချုပ်ချယ်ခြင်းများကင်းစင်ခြင်းများမှလည်း စတင်ပါသည်။ အရှည်တည်တံ့နိုင်မည့် ငြိမ်းချမ်းရေးကို ရရှိရန်မှာ မိမိ၏ စိတ်တွင်း အခြေအနေကိုသိရှိနားလည်ခြင်းစွမ်းရည် ဖွံ့ဖြိုးစေခြင်းဖြင့် အစပြုရပါလိမ့်မည်။ စဉ်းစားတွေးခေါ်ခြင်းများ၊ စိတ်ဆန္ဒ များ၊ အပြောအဆိုနှင့် အပြုအမူများဟန်ချက် ညီစေခြင်း ဖြစ်သည်။ စိတ်တွင်း အဇ္ဈတ္တမှ ဖြစ်တည်လာသည့် ငြိမ်းချမ်းရေးတွင် သန့်စင်သော အတွေးအမြင်များ၊ သန့်ရှင်းသောခံစားချက်များ၊ သန့်ရှင်းသော စိတ်ဆန္ဒများနှင့် ခံယူချက်များ ပါရှိလေသည်။
သို့ဖြစ်လေရာ ငြိမ်းချမ်းရေး အယူအဆမှာ စံတန်ဖိုး များစွာ ပါရှိလျက် လွန်စွာ ကျယ်ပြန့် နက်ရှိုင်းသည်ကို လေ့လာတွေ့ရှိရသည်။ဒေသဆိုင်ရာ ညီလာခံ တစ်ရပ်ဖြစ်သော နိုင်ငံတကာ ပညာရေးနှင့် လူ့စံနှုန်းတန်ဖိုးများဆိုင်ရာ ပညာရေးအတွက် အာရှ-ပစိဖိတ်ကွန်ယက်(Asia-Pacific Network for International Education and Values Education(APNIEVE – 1995) မှ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ဒီမိုကရေစီနှင့် အရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်နွယ် နေသော စံတန်ဖိုးများ၊ အထောက်အပံ့များဆိုင်ရာ သွင်ပြင်လက္ခဏာများကို လေ့လာ တင်ပြခဲ့သည်။ ငြိမ်းချမ်းရေး အယူအဆတွင် ချစ်ခြင်းမေတ္တာ၊ ကရုဏာ၊ ညီညွတ်ခြင်း၊ သည်းခံခြင်း၊ ကူညီ ပြုစုစောင့်ရှောက်ခြင်းနှင့် မျှဝေခြင်း၊ အပြန်အလှန် အမှီသဟဲပြုခြင်း၊ စာနာစိတ်၊ နီတိနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးခြင်းနှင့် ကျေးဇူးတရားကိုသိမြင်ခြင်းတို့ပါရှိသည်။
ဤပင်မစံတန်ဖိုးများနှင့် ဆက်နွယ်နေသည့် အခြားသောစံနှုန်းများမှာ -
(၁) ချစ်ခြင်းမေတ္တာ
မိမိကိုယ်ကို တန်ဖိုးထားခြင်း၊ ယုံကြည်ခြင်း၊ လေးစားခြင်း၊ အပြုသဘောဆောင်သော မိမိ ကိုယ်ကို ဝေဖန်ရေး၊ရိုးသားပွင့်လင်းခြင်း၊ တာဝန်သိစိတ်ရှိခြင်း၊ အခြားသူများအတွက် စဉ်းစား ပေးခြင်း၊ သစ္စာရှိခြင်း၊ စွန့်လွှတ်အနစ်နာခံလိုစိတ်၊ ပြေလည်ရာ ပြေလည်ကြောင်း ဆွေးနွေး ညှိနှိုင်း တိုင်ပင်လိုစိတ်၊ သတ္တိရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် သည်းခံနိုင်ခြင်းတို့ ပါရှိပါသည်။
(၂) ကရုဏာ
ကြင်နာသနားတတ်ခြင်း၊ စိတ်ဓါတ်ခွန်အားရှိခြင်း၊ အခြားသူများ၏ လိုအင်ကို သိမြင်ခံစား နိုင်ခြင်း၊စိတ်ကောင်းနှလုံးကောင်းရှိခြင်း၊ ပြုစုစောင့်ရှောက်တတ်ခြင်း၊ အကူအညီအထောက်အပံ့ ပေးတတ်ခြင်းတို့ပါရှိသည်။
(၃) ညီညွတ်ခြင်း
အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုရှိခြင်း၊ ပါဝင်ဆောင်ရွက်ခွင့်ရှိခြင်း၊ ယဉ်ကျေးမှု စံတန်ဖိုး များ မျှတခြင်း၊ပူးပေါင်းဆောင်ရွက်ခြင်း၊ အတူတကွလုပ်ဆောင်ခြင်း၊ ထိရောက်သော ဆက်ဆံရေး ရှိခြင်း၊ ဘုံအကျိုးစီးပွားအတွက်ထည့်သွင်းစဉ်းစားခြင်း၊ပြေလည်ရာပြေလည်ကြောင်း ဆွေးနွေးညှိနှိုင်း တိုင်ပင်လိုစိတ်၊ အများသဘောထားကို လေးစားလိုက်နာခြင်း တို့ပါရှိသည်။
(၄) သည်းခံခြင်း
အပြန်အလှန်ယုံကြည်မှုရှိခြင်း၊ ရင်ထဲမှလက်ခံနိုင်ခြင်း၊ အခြားသူများကို နေရာပေးခြင်း၊ ယဉ်ကျေးမှု စံနှုန်းများနှင့်ပုဂ္ဂလမတူ၊ကွဲပြားခြားနားခြင်းများကို လေးစားခြင်း (မတူ၊ ကွဲပြားခြား နားခြင်းများ ရှိလျှက်ပင် အတူတကွ အလုပ်လုပ်နိုင်ခြင်း)၊ ပဋိပက္ခများကိုငြိမ်းချမ်းသော နည်းလမ်း များဖြင့် ဖြေရှင်းခြင်း၊ မတူ ကွဲပြားသော ယဉ်ကျေးမှုများကို လေးစားနိုင်ခြင်း၊ လက်ခံတန်ဖိုးထားခြင်း၊လူနည်းစုများ၊ အုပ်စုငယ်များအပေါ် လေးစားခြင်း၊ ယဉ်ကျေးစွာ ပြောဆိုပြုမူခြင်း၊ အမြင်ကျယ်၍ ပွင့်လင်းသော စိတ်ထားရှိခြင်း၊
(၅) ကူညီပြုစုစောင့်ရှောက်ခြင်းနှင့် မျှဝေခြင်း
ချစ်ခြင်းမေတ္တာ၊ သူတစ်ပါးအတွက် စိုးရိမ်စိတ်နှင့် စေတနာ သဒ္ဒါတရား ထက်သန်ခြင်းတို့ ပါရှိသည်။
(၆) အပြန်အလှန်အမှီသဟဲပြုခြင်း၊
အသက်ရှင်သန်ခြင်းတွင် အခြားသောသူများနှင့် ဆက်စပ်နေရခြင်း သဘောကို သိမြင် ခံစားနိုင်ခြင်း၊ မည်သူမျှ ပြီးပြည့်စုံခြင်း မရှိသည့် တရားသဘောကို သိမြင်နားလည်ခြင်း၊ စွန့်ဦး တီထွင်ဖန်တီးလိုစိတ်နှင့် အတူတကွ တာဝန်ယူ လုပ်ဆောင်လိုစိတ်၊ပူးပေါင်းဆောင်ရွက်ခြင်း တို့ပါရှိသည်။
(၇) နီတိနှင့် စိတ်ပိုင်းဆိုင်ရာ စာရိတ္တဖွံ့ဖြိုးခြင်း
စိတ်တွင်း၊ ကိုယ်တွင်းငြိမ်းအေးခြင်း၊ အသက်ရှင်သန်ခြင်း (ဘဝ) အပေါ် အလေးအမြတ် ထားခြင်း၊ လူတိုင်း၏ ရုပ်ပိုင်း၊ စိတ်ပိုင်းအကောင်းဆုံး ဖြစ်တန်စွမ်းကို အသိအမှတ်ပြုခြင်း၊ လူသားထု ဖွံ့ဖြိုးတိုးတက်ရန် အမှန်တကယ်ဆန္ဒရှိခြင်း၊ လူ့စိတ်စွမ်းအားအပေါ်ယုံကြည်မှုရှိခြင်း၊ လွတ်လပ်စွာ တွေးခေါ်စဉ်းစားခွင့်၊ ယုံကြည် ကိုးကွယ်ခွင့်နှင့် အသိပညာရှာဖွေခွင့်ရှိခြင်း၊ ရိုးသားဖြောင့်မတ် မှန်ကန်ခြင်း၊မိမိအပြုအမူ အပြောအဆိုတို့ကို ပြန်လှန်သုံးသပ် လေ့လာ တတ်ခြင်း၊ သမာဓိတရား ဖွံ့ဖြိုးစေခြင်းတို့ ပါရှိသည်။
၁၉၉၉ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနက်စကိုမှ ကြီးမှူး ကျင်းပခဲ့သည့် ငြိမ်းချမ်းရေးနှင့် နိုင်ငံတကာနားလည်မှု ထွန်းကားရေး အတွက် ဆရာအတတ်ပညာ Teacher Education for Peace and International Understandingညီလာခံကြီးမှလည်း အဖွဲ့ဝင် နိုင်ငံတိုင်း၏ ဆရာအတတ်ပညာ သင်တန်းများတွင် ထည့်သွင်း သင်ကြားရန်အတွက် စံနှုန်းတန်ဖိုး (၁၀)ရပ်ကို ဖော်ထုတ် ဆွေးနွေးခဲ့ကြသည်။ ငြိမ်းချမ်းရေးနှင့် အပြည်ပြည်ဆိုင်ရာ နားလည်မှု ထွန်းကားရေးအတွက် ရည်ရွယ်ရင်းဖြစ်သည်။ဤစံနှုန်းတန်ဖိုး (၁၀) ရပ်မှာ (၁) လူ့အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ၊ (၂) အပြန်အလှန် နားလည်မှုရှိရေး၊ (၃) ဒီမိုကရေစီ၊(၄)သည်းခံခြင်းတရား (ခန္တီ)၊ (၅) ကိုယ်တွင်းစိတ်တွင်း ငြိမ်းအေးခြင်းနှင့် ညီညွတ်မျှတခြင်း၊ (၆) လူ့ဂုဏ်သိက္ခာ၊ (၇) အရှည် တည်တံ့ ခိုင်မြဲသော တိုးတက်ဖွံ့ဖြိုးမှု၊ (၈) နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု၊ (၉) ကူညီ စောင့်ရှောက်ခြင်းနှင့်မျှဝေခြင်း၊ (၁၀) အသက်ရှင်သန်ခြင်း(သတ္တလောက) တွင် တရား မျှတမှုရှိခြင်း၊ မတူ ကွဲပြားခြားနားခြင်းများကို အသိအမှတ်ပြု တန်ဖိုးထားခြင်းတို့ ဖြစ်ကြသည်။
ငြိမ်းချမ်းရေး အယူအဆနှင့် တစ်ထပ်တည်း တည်ရှိနေသော အဓိက စံနှုန်းများ ဖြစ်သည့် အပြန်အလှန် သိနားလည်ရေး၊ပူးပေါင်းဆောင်ရွက်ရေး၊ သည်းခံခြင်းတရား ထွန်းကားရေး၊ သတ္တ လောက တစ်ခုလုံးအတွက် တရားမျှတမှုရှိရေး၊ လူ့အခွင့်အရေးနှင့်တာဝန်ဝတ္တရားများမှာ ငြိမ်းချမ်း ရေးအတွက် မရှိမဖြစ်လိုအပ်သည့် အစိတ်အပိုင်းများ ဖြစ်ကြောင်း ထင်ရှားသည်။
၎င်းအပြင် နီတိနှင့် စာရိတ္တပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးမှာလည်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် လျစ်လျူရှု ထား၍ မရပါချေ။ဤစံတန်ဖိုးများကို လက်ဆင့်ကမ်း သွားနိုင်ရန် အားထုတ်ကြရမည် ဖြစ်သည်။ သို့ဖြစ်လေရာ ပညာရေးမှာ အရေးကြီးပြီးအပြုသဘောဆောင်သည့် အခန်းကဏ္ဍ တစ်ရပ်အနေဖြင့် ယခင် ကာလများကထက် ပိုမို လိုအပ်လျှက် ရှိနေလေသည်။ ငြိမ်းချမ်းရေးနှင့်မျှတညီညွတ်သော လူပုဂ္ဂိုလ်တစ်ဦးချင်းစီ အနေဖြင့် ကလေးများ ရှင်သန်ကြီးပြင်းရာတွင် သင့်လျော် သော စိတ်နှလုံးသားနှင့်အမြင်သဘောထားများ ဖွံ့ဖြိုးစေရန် တာဝန်ဝတ္တရား တစ်ရပ် အနေဖြင့် ကျောင်းများတွင် တည်ရှိနေလေသည်။ သည်းခံခြင်းတရား၊တန်းတူရည်တူရေး၊ တရားမျှတရေး၊ လိင်ပိုင်းဆိုင်ရာ တန်းတူအခွင့်အရေး၊ အုပ်စုအလိုက် ပူးပေါင်း ဆောင်ရွက်တတ်မှု၊ လူမှုဝန်ထမ်းစိတ်ဓါတ် ရှင်သန်ရေးနှင့် ပဋိပက္ခများ ဖြေရှင်းတတ်သည့် စွမ်းရည်ဖွံ့ဖြိုးရေးတို့ အတွက် ပြင်ဆင်ထားရှိသည့် သင်ယူလေ့လာရန်ပတ်ဝန်းကျင်မှ တဆင့် ကလေးများ၏ စိတ်နှလုံးသားများတွင် ငြိမ်းချမ်းရေး ယဉ်ကျေးမှုကို တည်ဆောက် နိုင်ပါလိမ့်မည်။
ကျောင်းပညာရေး အစီအစဉ် - ငြိမ်းချမ်းရေးအတွက် ပညာရေး
မြန်မာနိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ မှီတင်း နေထိုင်လျက်ရှိသည့် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ မတူ၊ကွဲပြား ခြားနားသော ယဉ်ကျေးမှုများနှင့် လူမျိုးစုများ ပေါင်းစည်း နေထိုင်လျှက် ရှိာကရာ ရိုးရာဓလေ့များ အသီးသီးလည်း ရှိနေပါသည်။သို့ဖြစ်ခြင်းကြောင့် မြန်မာ့ ပညာရေးသည် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း တစ်ခုတည်းကိုသာလျှင် ဦးတည်ထားခြင်း မဟုတ်မူဘဲနီတိသဘောတရားနှင့် ကိုယ်တွင်း၊ စိတ်တွင်း ငြိမ်းအေးခြင်းများ ပါဝင်လျှက် ဘက်စုံ ပညာရေး အတွက်ကို ဦးတည် သင့်ပါသည်။အတူတကွ အသက်ရှင်သန် နေထိုင်နိုင်ဖို့ သင်ယူ လေ့လာစို့ အယူအဆမှာ မြန်မာတိုင်းရင်းသားတို့၏ မျက်မှောက် သမိုင်းလိုအပ်ချက်ဖြစ်ကြောင်း လည်း လေ့လာ တွေ့ရှိရသည်။
ဤသည်မှာ ဗဟုယဉ်ကျေးမှု လူမှုအသိုင်းအဝိုင်း ဖြစ်သည့် မြန်မာ့ လူ့ဘောင်၏ အနာဂတ် ငြိမ်းချမ်း သာယာခြင်းနှင့်ဖွံ့ဖြိုးတိုးတက်ခြင်း အတွက်လည်း အခြေခံ ဖြစ်လေသည်။ သမိုင်း အမွေ အနှစ် ထုထည်ကြီးမားသည့် မြန်မာ တိုင်းရင်းသားတို့၏စိတ်နှလုံးသားတို့တွင် တည်ရှိသည့် မေတ္တာတရား၊ သည်းခံခြင်းတရားနှင့် လောကပါလ တရားများမှာ အရှည် တည်တံ့သော ငြိမ်းချမ်းသည့်လူ့အဖွဲ့အစည်း တည်ဆောက်ရေးအတွက် ၂၁ ရာစု နိုင်ငံတကာ စံတန်ဖိုးများ ဖြစ်သည်ကိုလည်း လေ့လာ တွေ့ရှိရပါသည်။ မည့်သည့်အကြောင်းတရား (လိင်ပိုင်း၊ လူမျိုးရေး၊ ယုံကြည်ကိုးကွယ်မှု၊ လူမှုစီးပွား အဆင့်အတန်း) ကြောင့်မှ တစ်ဦးချင်း အနေဖြင့် တန်းတူ ရည်တူ ရပိုင်ခွင့်၊ တရားမျှတမရှိခြင်းနှင့် လူမှုလွတ်လပ်ခွင့်များကို မထိခိုက်စေရန် အခြေခံဥပဒေတွင် ပြဌာန်း ပေးရမည် ဖြစ်သည်။ ဤသည်မှာငြိမ်းချမ်းသော၊ ဖိနှိပ်ခြင်းကင်းသော၊ အကြမ်းမဖက်သော မြန်မာ့ လူ့ အဖွဲ့အစည်း အတွက် အခြေခံ လိုအပ်ချက်လည်း ဖြစ်လေသည်။တဆက်တည်းမှာပင် နိုင်ငံတော်၏ ပညာရေးဆိုင်ရာ မူဝါဒများ ချမှတ်ရေးတွင်လည်း ဤအချက်များ အပေါ်တွင် အခြေပြုရပါမည်။
သင်ရိုးညွှန်းတမ်း၏ အဆင့်တိုင်းတွင် ငြိမ်းချမ်းရေး အတွက် လမ်းကြောင်း ဖော်ဆောင် ပေးနိုင်မည့်မူများ၊ လက်တွေ့ကျင့်ဆောင်နိုင်မှုများကို ထည့်သွင်း ပေးသင့်ပါသည်။ ကမ္ဘာ့ ရေးရာများ နှင့် အတူ မျက်မှောက် မြန်မာ့ လူ့အသိုင်းအဝိုင်း၏ လိုအပ်ချက်များ၊ရင်ဆိုင်နေရသည့် အကျပ် အတည်းများ၊ လူမှုလွတ်မြောက်ရေး အတွက် လုပ်ဆောင်ချက်များ၊ အကြမ်းဖက်မှု ကင်းစင်ရေး၊ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး ထွန်းကားရေးစသည့် အချက် အလက်များကို သင်ရိုးညွှန်းတမ်း၊ စံနှုန်းများ အညွှန်းဘောင်နှင့် သင်ရိုးမာတိကာများတွင် ထည့်သွင်း ရေးဆွဲနိုင်လေသည်။ ဆရာအတတ်ပညာ သင်တန်းများတွင်လည်း ပစ္စက္ခမြန်မာ့ လူ့ဘောင်ရေးရာများနှင့်ငြိမ်းချမ်းရေး ယဉ်ကျေးမှု ထွန်းကားစေရန် ပညာရေး အစီအစဉ်များကို မိတ်ဆက် သင်တန်းပေးခြင်း၊ စာသင်ခန်း အတွင်းလုပ်ဆောင်နိုင်သည့် သင်ကြားရေး အစီအစဉ်များကို ရေးဆွဲ ခြင်းတို့ကို ထည့်သွင်း သင့်ပါသည်။
ငြိမ်းချမ်းသောအိမ်
မိဘများ၊ ညီအကိုမောင်နှမများ၊ အခြားသော ဆွေမျိုးစုဝင်များဖြင့် ထိတွေ့ ဆက်ဆံခြင်းမှ အစပြု၍ ကလေး၏ လူမှုဆက်ဆံရေးစတင်ပါသည်။ သည်းခံခြင်းတရား၊ အခြားသူများကို လေးစားခြင်း၊ စာနာစိတ်ရှိခြင်း၊ ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ အချိန်လေးစားခြင်း၊ကူညီ စောင့် ရှောက်ခြင်းနှင့် ဝေမျှခံစားခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း အစရှိသည်တို့နှင့် သက်ဆိုင်သော ပထမဆုံး သင်ခန်းစာများကိုအိမ်တွင် စတင် လေ့လာ ကြရခြင်း ဖြစ်သည်။ မိဘများမှ အဖိုးအဖွားများ၊ ဆွေးမျိုးသားချင်းများနှင့် အခြားသော သက်ကြီးရွယ်အိုများကိုပြုမူဆက်ဆံပုံများသည် ကလေးများ၏ ကိုယ်ရည်ကိုယ်သွေး ဖွံ့ဖြိုးမှုအပေါ်များစွာ သက်ရောက်မှု ရှိပါသည်။
ညှိနှိုင်းဆွေးနွေးခြင်းများ၊ အပြန်အလှန် နားလည်မရှိခြင်း၊ သဒ္ဓါတရားထက်သန်ခြင်း၊ ဘက်လိုက်မှု မရှိသော ဆက်ဆံရေးများသည် ကလေးများ၏ ကိုယ်ရည်ကိုယ်သွေး ထက်မြက်စေခြင်း၊ အကောင်းမြင် သဘောထား ဖွံ့ဖြိုးစေခြင်းတို့အတွက် များစွာအထောက်အပံ့ ဖြစ်စေပါသည်။ နေ့စဉ် ပဋိပက္ခများ၊ အိမ်တွင်း အကြမ်းဖက်မှုများ အပါအဝင် တကျက်ကျက် ရန်ဖြစ်နေသော မိသားစုနှင့်အတူနေထိုင်၍ ဖရုသဝါစာ စကားများဖြင့် ဆဲရေးတိုင်းထွာခြင်း၊ ရိုက်နှက်၍ အပြစ်ပေးခြင်းများ အစဉ်ခံစားရသည့် ကလေးများမှာမူ ပုဂ္ဂလဖွံ့ဖြိုးတိုးတက်ရန်နှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ လိုလားအပ်သော ကောင်းမွန်သည့် စရိုက် လက္ခဏာများ ရရှိစေရန်မှာ များစွာအခက်အခဲ ရှိလေသည်။ မွေးချင်း ညီအကို၊ မောင်နှမများ အချင်းချင်း အပြန်အလှန် ဆက်ဆံရေးများမှ တဆင့် ပူးပေါင်း ဆောင်ရွက်တတ်ခြင်းနှင့် အနိုင်ယူလိုစိတ်ဖြင့် ယှဉ်ပြိုင်ခြင်း၊ ဝေမျှ ခံစားခြင်းနှင့် မနာလိုဝန်တိုခြင်း သဘောတို့ကို သင်ယူ လေ့လာ ကြပါသည်။
လူမှုအသိုင်းအဝိုင်းနှင့် ကျောင်းတွင် ပြုမူဆက်ဆံပုံများနှင့် အသုံးပြုသည့် စကား အသုံးအနှုန်း များမှာ အိမ်တွင်းဆက်ဆံရေးနှင့်ရိုးရာယဉ်ကျေးမှု အစဉ်အလာများမှ လက်ခံ ရရှိထားခြင်းပင် ဖြစ်သည်။ အားလုံးအပေါ် တစ်ပုံစံတည်း ဆက်ဆံခြင်း၊ ဘက်လိုက်တတ်ခြင်း၊ခွဲခြားဆက်ဆံခြင်း၊ ရန်စတတ်ခြင်း၊ အမျက်ဒေါသ ထွက်လွယ်ခြင်းနှင့် အားနည်းသူကို နှိမ်တတ်ခြင်း သဘောတို့ကို မိသားစုဝင်များနှင့်ထိတွေ့ ဆက်ဆံခြင်းများမှ ပထမဆုံး အနေဖြင့် လက်ခံသင်ယူ လာကြပြီးလျှင် ရပ်ရွာ လူ့အသိုင်းအဝိုင်းနှင့် ကျောင်းများမှဤအချင်းအရာများကို လောင်စာဆီ သဖွယ် အားဖြည့် ခြင်းကို ကြုံတွေ့ရပါမူ ကလေးများ ပိုမို ဆိုးဝါး လာနိုင်လေသည်။
သို့ဖြစ်ပါ၍ အိမ်၊ ကျောင်းနှင့်ရပ်ရွာ လူ့အသိုင်း အဝိုင်းအားလုံးတွင် ကလေးများ မည်သို့သော ပုံစံများဖြင့် ကြီးပြင်းလာစေရန်မှာတာဝန်ရှိလေသည်။ လိုလားအပ်သည့် ယဉ်ကျေးမှု စံနှုန်းများကို လက်ဆင့် ကမ်းပေးရန်အတွက် ဤနေရာများမှ ပံ့ပိုး ဖြည့်ဆည်းပေးနိုင်ပါသည်။ သို့ဖြစ်ပါ၍ ငြိမ်းချမ်း ရေး သဘောတရားများနှင့် အစီအစဉ်များကို ကလေးများနှင့် သူတို့အပေါ် ပြုမူဆက်ဆံပုံများကိုမိဘများ သတိပြုမိစေခြင်းများ၊ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ သက်ရောက်မှုများကို သိနားလည်ခြင်း များမှ တဆင့် ဦးစွာ စတင်ရမည်ဖြစ်သည်။ ကလေးများမှ မွေးချင်းများ၊ ဆွေမျိုးသားချင်းများ၊ ရပ်ရွာတွင်းရှိ အခြားသောသူများနှင့် ဆက်ဆံရေးကြားတွင် ညှိနှိုင်းဆောင်ရွက်နိုင်သူများမှာ မိဘများ ပင် ဖြစ်လေသည်။
ဤဆက်ဆံရေးများသည် ကလေး၏ လူမှုပေါင်းသင်းဆက်ဆံရေး ဝန်းကျင်ကို ကျယ်ပြန့် လာစေခြင်းနှင့် မိမိကိုယ်ကိုနှင့်လူ့အသိုင်းအဝိုင်း အပေါ်တွင် အပြုသဘောဆောင်သော သဘောထား အမြင်များ ဖွံ့ဖြိုး လာစေရန် မိဘများမှ ကူညီ ပံ့ပိုးနိုင်ပါသည်။ဤနည်းဖြင့် ကလေး များသည် လူ့အသိုင်းအဝိုင်းအတွက် ငြိမ်းချမ်းရေးကို မြတ်နိုး၍ မေတ္တာတရား ပြည့်ဝသောသူများ ဖြစ်လာ နိုင်ပါမည်။
ငြိမ်းချမ်းသော ရပ်ရွာ၊ လူ့အဖွဲ့အစည်း
လူတိုင်းသည် မိမိ ရှင်သန်နေထိုင်ရာ ရပ်ရွာ လူ့အသိုင်းအဝိုင်းအတွင်း၏ လူမှုပတ်ဝန်းကျင်မှ တစ်သက်တာလုံး စဉ်ဆက်မပြတ်သင်ယူ လေ့လာလျက် ရှိကြသည်။ ဤလူမှုပတ်ဝန်းကျင်မှ နေ၍ လူတိုင်း၏ ပညာရေး အပေါ်တွင်များစွာ လွှမ်းမိုးလျက် ရှိနေလေသည်။ရပ်ရွာ လူ့ အသိုင်းအဝိုင်း၏ အတွေးအခေါ်၊ အယူအဆ သဘောတရားများ၊ ယဉ်ကျေးမှုနှင့် ရိုးရာအစဉ်အလာများ၊ စံတန်ဖိုးများမှာလူတိုင်းအပေါ်တွင် သက်ရောက်လျက်ရှိနေသည်။ တံခါးပိတ် ဝါဒကျင့်သုံး၍ ခေတ်နောက်ပြန် ဆွဲနေသည့် အတွေးအခေါ် လွှမ်းမိုးသောရပ်ရွာ၊ လူ့အဖွဲ့အစည်းအတွင်း ရှင်သန် လူလားမြောက် လာကြရသည့် ကလေးများနှင့် လွတ်လပ်ပွင့်လင်း၍ တိုးတက်ရေး အမြင်ရှိသည့် လူ့အသိုင်းအဝိုင်း အတွင်း ကြီးပြင်းလာကြသည့် ကလေးများ၏ မတူ၊ ကွဲပြား ခြားနားချက်များကို အထင်အရှား လေ့လာနိုင်ပါသည်။သို့ဖြစ်လေရာ မိဘများ၊ ဆရာ၊ဆရာမများ အနေဖြင့် ကလေးများကို ငြိမ်းချမ်းသော လူမှုပတ်ဝန်းကျင် အတွင်းတွင် ရှင်သန်ကြီးပြင်းလာကြစေရန် အတွက် အခွင့်အလမ်းများနှင့် ငြိမ်းချမ်းသာယာသော ပတ်ဝန်းကျင်ကို ဖန်တီးသင့်ပါသည်။
ငြိမ်းချမ်းရေးနှင့် စာသင်ကျောင်း
ယဉ်ကျေးမှုများနှင့် စံတန်ဖိုးများကို လက်ဆင့်ကမ်း သယ်ဆောင်ပေးသည့် ယဉ်မှာ ပညာရေး ပင် ဖြစ်ပါသည်။ လူမှုဆက်ဆံရေးထွန်းကားစေသည့် ပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်စွမ်းမှာလည်း ပညာရေးပင် ဖြစ်လေသည်။ ယဉ်ကျေးမှုများနှင့် ရိုးရာ စံတန်ဖိုးများအရအနာဂတ် နိုင်ငံသားများ၏ ကိုယ်ရည်ကိုယ်သွေးနှင့် ပုဂ္ဂလဖွံ့ဖြိုးမှုကို ပုံဖော်ရန် အတွက် လူ့ အသိုင်းအဝိုင်းမှ တည်ထောင် ထားရှိ သည့်တရားဝင် ဌာနများ အနေဖြင့် စာသင်ကျောင်းများကို ဖွင့်လှစ်ထားရှိကြခြင်း ဖြစ်သည်။ ကလေး သူငယ်တို့၏ အဖွဲ့အစည်းကြီးတစ်ခုအနေဖြင့်လည်းကောင်း၊ ပိုမိုကျယ်ပြန့်သည့် ရပ်ရွာ၊ ဒေသ၊ နိုင်ငံတော်နှင့် ကမ္ဘာ့ အဆင့်တိုင်းတွင် ပါဝင် ဆောင်ရွက်နိုင်ကြစေခြင်းအလို့ငှါ သင်ယူ လေ့လာခြင်း ဓါတ်ခွဲခန်း တစ်ခုအနေဖြင့် လည်းကောင်း စာသင်ခန်းများမှာ တာဝန်ယူ ထားပါသည်။
ကျောင်းသို့ မလာမီ ကတည်းကပင် ကလေးများသည် လူမှုဆက်ဆံရေး ဆိုင်ရာများစွာကို တွေ့ကြုံ နားလည် ထားကြပါသည်။ယနေ့မျက်မှောက် သတင်းနှင့် နည်းပညာခေတ်တွင် စိတ်ကူးယဉ် ဇာတ်လမ်းများ၊ ပကတိဖြစ်ရပ်များ၊ ရပ်ရွာ ဒေသတွင်းသာမကနိုင်ငံတကာဖြစ်ရပ်များ အစရှိသည့် ကမ္ဘာကြီး၏ အတွေ့အကြုံအမျိုးမျိုးကို သတင်းစာ၊ ရေဒီယို၊ တီဗွီရုပ်သံနှင့် စာအုပ်စာတမ်းများမှ တဆင့်အချိန်ပြည့် လက်ခံရရှိနေကြပါသည်။ ဖျော်ဖြေတင်ဆက်မှုများ၊ သတင်းအချက်အလက်များ၊ ကြော်ငြာ မီဒီယာများ မှနေ၍အချက်အလက်များစွာကို ကျောင်းနှင့် စာသင်ခန်းအတွင်း သင်ယူ လေ့လာမှုများနှင့် ယှဉ်ပြိုင်၍ဖြစ်စေ၊ ဆန့်ကျင်ဘက်များကိုဖြစ်စေကလေးများ လက်ခံ ရရှိနေကြ ပါသည်။ လူကြီးများ၊ ရွယ်တူများနှင့် ဆက်ဆံရေးများ အတွက်လည်း သက်ရောက်မှု များစွာကိုဖြစ်စေသည်။ ယူနက်စကို၏ ဒီလောစ်ကော်မစ်ရှင်မှ တင်ပြထားရှိသည့် အတိုင်း လူ့အဖွဲ့အစည်းနှင့် လူမှုပတ်ဝန်းကျင် ဆိုင်ရာပြဿနာများကို ကျောင်းဝင်းတံခါး၊ ဂိတ်ဝ အပြင်ဘက်၌သာထားရှိ၍ မရနိုင်တော့ပါ။
ယနေ့ မျက်မှောက် မြန်မာနှင့် နိုင်ငံတကာ လူမှုပြဿနာများ ဖြစ်ကြသည့်- ဆင်းရဲနွမ်းပါးခြင်း၊ ငတ်မွတ် ခေါင်းပါးခြင်း၊ဖိနှိပ်ချုပ်ချယ် ခံရခြင်း၊ အကြမ်းဖက်ခြင်း၊ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်း၊ လူ့အခွင့်အရေး ချိုးဖေါက်ခံရခြင်းနှင့် မူးယစ်ဆေးဝါးပြဿနာစသည်တို့မှာ ကလေးများနှင့်အတူ စာသင်ခန်းများ အတွင်းသို့ ဝင်ရောက် လာကြလေသည်။ သို့ဖြစ်လေရာစာသင်ကျောင်းများသည် ဤပြဿနာများကို ခွဲခြားသိမြင်ခြင်း၊ ရင်ဆိုင်နိုင်ခြင်းတို့ အပြင် ကျောင်းသူ၊ ကျောင်းသားများ၌ ပိုမိုလိုလားအပ်သည့် အပြုအမူနှင့် အလေ့အကျင့်များကို ဖွံ့ဖြိုးစေခြင်းဖြင့် သူတို့၏ စွမ်းအားများနှင့် နုပျိုသစ်လွင်သော စိတ်နှလုံးသားများတွင်အပြုသဘောဆောင်သည့် အမြင်များ၊ လူမှုပြုပြင် ပြောင်းလဲရေးအတွက် အမှန်တရားနှင့် ငြိမ်းချမ်းရေးကို မြတ်နိုးစိတ်များကိန်းအောင်းနေစေရန် ပြုစု ပျိုးထောင်ရမည် ဖြစ်ပါသည်။ ထို့အတွက် စာသင်ကျောင်းများသည် ယနေ့ မျက်မှောက်ခေတ်မငြိမ်းချမ်းသေးသော ကမ္ဘာကြီးတွင် ပိုမိုအရေးပါသည့် နေရာ၌ တည်ရှိနေသည်ကို လေ့လာ တွေ့ရှိရသည်။
စာသင်ခန်းအတွင်းမှ ဝေဒနာများ
ဤနေရာတွင် ဆရာ ဆရာမများမှ အထူးသတိထား၍ ဂရုတစိုက် ကိုင်တွယ် ဆောင်ရွက်ရမည့် ကျောင်းသူ ကျောင်းသားများ၏အပြုအမူဆိုင်ရာ သွင်ပြင်လက္ခဏာ တစ်ရပ်ဖြစ်သည့် သည်းမခံ နိုင်မှုနှင့် ပတ်သက်၍ ဆွေးနွေးလိုပါသည်။ ယူနက်စကိုမှ မူလတန်းနှင့်အထက်တန်း အဆင့် ကျောင်းသူ၊ ကျောင်းသားများ၏ သည်းမခံနိုင်မှုနှင့် ပတ်သက်၍ ဆရာ ဆရာမများ အနေဖြင့် စာသင်ခန်းအတွင်းတွေ့ရှိနိုင်သည့် သွင်ပြင်လက္ခဏာ အချက် (၁၅) ချက်ကို ဖော်ထုတ် ထားရှိသည်။ ယင်းတို့မှာ - (၁) ကလေးများ သုံးနှုန်း ပြောဆိုသည့်ဘာသာစကား (စကားလုံး) - နာမည်ဖျက်ခေါ် ခြင်း၊ လူမျိုးရေးနှင့် လူနည်းစုတို့ကို ထိခိုက်စေသည့် ပုတ်ခတ်ခေါ်ဝေါ်ခြင်း၊ သို့မဟုတ်ကလေး အချင်းချင်း ထိခိုက်စေသည့် အပုတ်ချခေါ် ဝေါ်ပြောဆိုခြင်း၊ (၂) ပုံသေကားချ သတ်မှတ်၍ ပုံစံသွင်းခြင်း -လှောင်ပြောင်သရော်ခြင်း၊ ပြက်ရယ်ပြုခြင်း၊ အဂတိတရားဖြင့် မလိုမုန်းထားခြင်း၊ ဘက်လိုက်ခြင်း၊ တယူသန်အစွဲအလန်း၊ မိမိ (သို့မဟုတ်)မိမိအဖွဲ့ အားနည်းချက်ကို အခြားသူတစ်ပါး အပေါ် အပြစ်ပုံချခြင်း၊ (ဥပမာ - အားကစားပြိုင်ပွဲတွင် မိမိ (သို့မဟုတ်) မိမိအသင်း၏ ရှုံးနိမ့်မှု၊မအောင်မြင်မှု၊ မကျွမ်းကျင်မှုတို့ကို အဖွဲ့ဝင်တစ်ယောက်ယောက် (သို့မဟုတ်) အနည်းစု အပေါ်တွင် သာ အပြစ်တင်ခြင်း၊ (၃)ခွဲခြားဆက်ဆံခြင်း - ကြဉ်ဖယ်ခြင်း၊ ဝိုင်းဖယ်ခြင်း၊ (အတန်းသားတစ်ဦးဦး (သို့မဟုတ်) အနည်းစု အပေါ်တွင် အခြားသူများမှစကားမပြောဘဲနေခြင်း၊ အတူတကွ စာသင် ခန်းတွင်း လုပ်ဆောင်ချက်များတွင် မပါဝင်စေခြင်း)၊ (၄) အနှောင့်အယှက်ပေးခြင်း၊စော်ကားခြင်း- မလိုအပ်ဘဲ တမင်လုပ်ဆောင်ခြင်း၊ စာအုပ်၊ စာရွက်စသည်တို့ကို ရေးခြစ်၍ ဖျက်ဆီးခြင်း၊ (အခြား ကျောင်းသားတစ်ဦး၏ပန်းချီကားကို ဖျက်လိုဖျက်ဆီးစိတ်ဖြင့် မှင်စက်လိုက်ချခြင်း၊ ကျောင်းစာကို ပျက်စီးစေခြင်း၊ အလဟဿ အချိန် ဖြုန်းစေခြင်း၊ (၅)အနိုင်ကျင့်ခြင်း၊ ရန်လိုခြင်း၊ ရန်စခြင်း၊ ဗိုလ်ကျခြင်း၊ ကြီးနိုင်ငယ်ညှဉ်းခြင်း - မိမိအဖွဲ့မှ တမင်သက်သက် ထုတ်ပယ်ခြင်း၊ ဝိုင်းကြဉ်ထားခြင်း၊ခွဲခြားဆက်ဆံခြင်း၊ အထီးကျန် ဖြစ်စေခြင်း၊ ဖိနှိပ် ဆက်ဆံခြင်းနှင့် နှောက်ယှက်ခြင်း စသည်တို့ ဖြစ်ကြသည်။
ဤသွင်ပြင်လက္ခဏာ အချက် ၁၅ ချက်တွင် အနိုင်ကျင့်ခြင်း၊ ရန်လိုခြင်း၊ ရန်စခြင်း၊ ဗိုလ်ကျ ခြင်း၊ ကြီးနိုင်ငယ်ညှဉ်းခြင်းကိုစာသင်ခန်းတွင်းနှင့် ကျောင်းများတွင် အများဆုံး တွေ့ကြုံ ရကြောင်း လေ့လာ တွေ့ရှိရသည်။ ဆရာဆရာမများ အနေဖြင့် ပိုမိုခက်ခဲစွာရင်ဆိုင်ရတတ်သည့် ဤကဲ့သို့ ပြုမူသော ကလေးများ၏ အပြုအမူနှင့် ခံစားချက်တို့ကို နည်းမှန်လမ်းမှန်ဖြင့် ကိုင်တွယ်ထိန်းကျောင်းခြင်းမပြုပါက အကြမ်းဖက်လိုစိတ်နှင့် ရန်လိုစိတ်များကြောင့် ဗိုလ်ကျစိုးမိုး၍ ဖိနှိပ် ချယ်လှယ်တတ်သည့် လူကြီးများ၊အထက်ဖားအောက်ဖိ လူကြီးများအဖြစ် ကြီးပြင်း လာနိုင် လေ သည်။
ငြိမ်းချမ်းရေးအတွက် ပညာရေးနှင့် ငြိမ်းချမ်းရေးအတွက် သင်ကြားခြင်းဟု ဆိုရာဝယ် သိမှုနယ်ပယ်နှင့် ခံစားမှုနယ်ပယ်နှစ်ရပ်စလုံးအတွက် ဖြစ်ပါသည်။ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် သင်ခန်းစာ ခေါင်းစဉ်အလိုက်နှင့် ကလေး၏အသက်အရွယ်အရ သင်ကြားခြင်း နည်းစနစ်များကို ပြုပြင်ပြောင်းလဲခြင်း ဖြစ်သည်။ ကျောင်းနှင့် စာသင်ခန်းအတွင်း တွင်သာမကဘဲ အိမ်၊ရပ်ရွာ၊ ဒေသ ပတ်ဝန်းကျင်၌လည်း ကျင့်သုံး လိုက်နာကြစေရန် စံတန်ဖိုးများ၊ အပြုအမူများကို သိရှိနားလည်စေခြင်း၊ သွန်သင်ဆုံးမခြင်း၊ပဲ့ပြင် ထိန်းကျောင်းခြင်းဖြင် ပြုစု ပျိုးထောင်နိုင်ပါသည်။ ငြိမ်းချမ်းရေးအတွက်ပညာရေး၊ လူ့အခွင့်အရေးနှင့် တာဝန်ဝတ္တရားများ အတွက်လေ့ကျင့် သင်ကြားရာဝယ် သင်ယူမှုဖြစ်စဉ် (process of learning) အတွင်း ကျောင်းသူ ကျောင်းသားများ ကိုယ်တိုင် ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်မှု ရရှိစေရန် ဘက်စုံမျှတသော ပေါင်းစည်း သင်ရိုးညွှန်းတမ်းကို တည်ဆောက်ရမည် ဖြစ်ပါသည်။
ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအတွက် သင်ကြားခြင်း
ပုံ (၁) - ကုလသမဂ္ဂ၊ ယူနက်စကို (၂၀ဝ၁) မှ အကြံပြု လမ်းညွှန်ထားရှိသည့် ပေါင်းစည်းသင်ရိုးပုံစံ
အထက်ပါ ယူနက်စကို၏ ပေါင်းစည်း သင်ရိုးပုံစံတွင် ကျောင်းနှင့် စာသင်ခန်း ပတ်ဝန်းကျင် တစ်ခုလုံး (ရုပ်ပတ်ဝန်းကျင်၊စာသင်ကြားခြင်းနှင့် လူမှုဆက်ဆံရေး ပတ်ဝန်းကျင်အားလုံး) သည် လူ့ဂုဏ်သိက္ခာ အတွက် ရပ်တည်နေပြီးလျှင် ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေး ပညာရေးဆိုင်ရာ အခြေခံအသိများကို ပင်မသင်ရိုးညွှန်းတမ်းနှင့် တွဲဘက် သင်ရိုးအားလုံးတွင် ထည့်သွင်းထားရှိကြောင်းလေ့လာ တွေ့ရှိရပါသည်။
ငြိမ်းချမ်းရေး အယူအဆ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပေါင်းစည်း သင်ရိုးညွှန်းတမ်း အညွှန်း ဘောင်နှင့် သင်ကြားခြင်း ဗျူဟာများ၊ အမျိုးသားရေးနှင့် နိုင်ငံတကာ စံတန်ဖိုးဆိုင်ရာ အချက် အလက်များ ရရှိနိုင်ခြင်း၊ ကလေးများ ကိုယ်တိုင် ငြိမ်းချမ်းရေးစံတန်ဖိုးများကို သိမြင်နားလည်၍ လိုက်နာ လေ့ကျင့်ကြခြင်းဖြင့် ပိုမို ထိရောက်နိုင်ပါသည်။ စာသင်ခန်းများ၊ ကျောင်းများနှင့် ရပ်ရွာဒေသလူမှုအသိုင်းအဝိုင်းအတွင်းတွင် ကိုယ်တိုင်ပါဝင် ဆောင်ရွက်မှုဖြင့် လေ့လာ သင်ယူခြင်းနည်း (Participatory Method) ကိုအသုံးပြုသင့်ပါသည်။
ဘာသာတရား အမျိုးမျိုးကို ခွဲခြားမှုမရှိသည့် အမြင်သဘောထားများ ဖွံ့ဖြိုးစေခြင်း၊ ဘာသာတရား အသီးသီးရှိ တူညီသော ဆုံးမ သွန်သင်ချက်များ (ဥပမာ- ချစ်ခြင်းမေတ္တာ၊ သည်းခံခြင်း တရား၊ ကိုယ်ချင်းစာတရား) တို့ကို သိမြင်စေခြင်းများကို ကလေးများအားလေ့ကျင့် သင်ကြား ပေးသင့်ပါသည်။ ရပ်ရွာဒေသ၊ နိုင်ငံတွင်းနှင့် ကမ္ဘာကြီးရှိ ကိုးကွယ် ယုံကြည်မှုများနှင့် ဘာသာတရား အမျိုးမျိုးအကြောင်းကို သိရှိစေရန် လေ့ကျင့် သင်ကြားခြင်း၊ ဘာသာတရား အမျိုးမျိုးမှ တူညီသော ဆုံးမသွန်သင်ချက်များကို ခွဲခြားစိတ်ဖြာလေ့လာ ကြခြင်းတို့ကို ပြုလုပ် သင့်ပါသည်။ မိမိ၏ ယဉ်ကျေးမှုနှင့် ဘာသာတရား မတူညီသော ကလေးများ အချင်းချင်း အပြန်အလှန်ပေါင်းသင်း ဆက်ဆံခြင်း၊ အတူတကွ လေ့လာ သင်ယူခြင်းတို့မှ တဆင့် ငြိမ်းချမ်းရေးအတွက် ပညာရေးဆိုင်ရာ အရေးကြီးသည့်အချင်းအရာ တစ်ရပ်ဖြစ်သည့် သည်းခံခြင်းတရား (ခန္တီ) ထွန်းကားလာစေပြီး ကလေးတို့၏ အမြင်သဘောထားများ၊ အတွေ့အကြုံများဖွံ့ဖြိုးလာနိုင်ပါသည်။
သို့ရာတွင် ဤကဲ့သို့ ကလေးများ၏ အမြင်သဘောထားများနှင့် အတွေ့အကြုံများ ဖွံ့ဖြိုး လာစေရန် အတွက် ဦးစွာ ပထမ အနေဖြင့်ကလေးများကို သင်ကြားပြသရသူ ဆရာ၊ ဆရာမ များ၏ အမြင်သဘောထားများ၊ အတွေ့အကြုံများ၊ စာသင်ကြားမှု စွမ်းရည်များ၊စာသင်ခန်းနှင့် ကျောင်း စီမံခန့်ခွဲမှု စွမ်းရည်များ ကုံလုံပြည့်ဝခြင်း၊ ဘက်လိုက်မှုမရှိသော ဆက်ဆံရေးထားရှိခြင်း၊ အားလုံး အတွက်ပညာရေး ဖြစ်စေခြင်းတို့ လိုအပ်ပါသည်။
ယဉ်ကျေးမှုနှင့် လူမျိုးမတူညီသည့် ကလေးများ၏ ရိုးရာ စံတန်ဖိုးများကို အပြန်အလှန် သိရှိ နားလည်စေခြင်း၊ အတူတကွ ပူးပေါင်း ဆောင်ရွက်စေခြင်း၊ စာသင်ခန်းအတွင်း ငြိမ်းချမ်း၍ ညီညွတ်သော အဖွဲ့အစည်း တစ်ရပ်အနေဖြင့် စုပေါင်းရပ်တည် လုပ်ဆောင်ကြခြင်း၊လက်တွေ့ ဘဝများနှင့် ကျောင်းပညာရေး သင်ရိုးညွှန်းတမ်းကို ငြိမ်းချမ်းရေး အမြင်ဖြင့် ဆက်စပ်နိုင်ခြင်းတို့သည် မလိုမုန်းတီးမှုများနှင့်တယူသန် အစွဲအလန်းများကို ပြေပျောက်စေပြီး အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်စေရန်များစွာ အထောက်အကူ ဖြစ်စေပါသည်။ဆရာ၊ ဆရာမများ အနေဖြင့် ကလေးများ၏ သင်ယူခြင်း-သင်ကြားခြင်း နည်းလမ်းအမျိုးမျိုးကို သိရှိနားလည် ထားသင့်ပါသည်။မိမိတို့၏ခံယူချက်၊ လုပ်ရပ်နှင့် အပြုအမူများကို ကလေးများ ကိုယ်တိုင် သိရှိနားလည် သဘော ပေါက်စေရန် ဆရာ၊ ဆရာမများမှ တာဝန် ယူထားကြရပါသည်။ ကလေးများ၏ အပြုအမူများနှင့် လုပ်ရပ်များမှ အကျိုးသက်ရောက်မှုနှင့် နောက်ဆက်တွဲ ရလဒ်များကိုကလေးများကိုယ်တိုင် သိရှိ နားလည်စေရန် ကူညီမှုပေးရခြင်းမှာ လွယ်ကူသော တာဝန် တစ်ရပ် မဟုတ်ပါချေ။ ငြိမ်းချမ်းရေး အတွက်ပညာရေးဟူသည်မှာ နိုင်ငံရေးနှင့် သဘောတရားရေးရာဆိုင်ရာ မေးခွန်းများစွာကို ကိုင်တွယ် ဖြေရှင်းရန် ကြိုးပမ်းချက်လည်း ဖြစ်ကြောင်းလေ့လာ တွေ့ရှိနိုင်ပါသည်။ ကျောင်းသူ ကျောင်းသားများ သည် မတူ ကွဲပြားခြားနားသော နိုင်ငံရေး၊ လူမှုရေးစနစ် အကြောင်းတို့ကိုလေ့လာ သိရှိသင့် ပါသည်။ သို့မှသာ ဘက်လိုက်မှုရှိခြင်း၊ အမှန်တရားကို မစူးစမ်းဘဲ အဂတိတရားဖြင့် မလိုမုန်းထားခြင်းတို့ မရှိဘဲစနစ်အသီးသီးကို ကွဲပြားစွာ သိရှိနားလည်နိုင်မည် ဖြစ်ပါသည်။ စာသင်ခန်း၊ ကျောင်းနှင့် ရပ်ရွာလူမှု ပတ်ဝန်းကျင်တို့တွင် ပညာရေးဆိုင်ရာမိမိကိုယ်တိုင် ပါဝင် ဆောင်ရွက်ခြင်းဖြင့် လေ့လာ သင်ယူခြင်း၊ တာဝန်ယူစေခြင်း (Participatory models of education) ကို ကျင့်သုံး၍ဖွံ့ဖြိုးစေသင့်ပါသည်။ လူကြီးများအဖြစ် ကြီးပြင်းလာကြပြီးလျှင် ရပ်ရွာဒေသ၊ ပြည်နယ်၊ နိုင်ငံတော်နှင့် နိုင်ငံတကာဆိုင်ရာ အဆင့်ဆင့်သောတာဝန်တို့ကို ထမ်းဆောင်ရန် အတွက် ပြင်ဆင်ပေးရာဝယ် သင်ယူခြင်း - သင်ကြားခြင်း လုပ်ငန်းစဉ်မှ တက်ကြွစွာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းဖြင့် လေ့လာ သင်ယူ တတ်ခြင်း အလေ့အကျင့်ဖြင့် လိုလားအပ်သော အတွေ့အကြုံများ ရရှိရန် လွန်စွာအရေးကြီးပါသည်။
သင်ယူခြင်း - သင်ကြားခြင်း နည်းလမ်းအသွယ်သွယ် Transactional Modalities
ဤနေရာတွင် ငြိမ်းချမ်းရေးအတွက် ပညာရေးဆိုင်ရာ စာသင်ကြားရာတွင် ကျောင်းများ၊ စာသင်ခန်းများ အတွင်း ဆရာဆရာမများမှ အသုံးပြုနိုင်သည့် သင်ကြားခြင်း-သင်ယူခြင်း နည်းဗျူဟာ အချို့ကို ဆွေးနွေး တင်ပြပါမည်။
ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လေ့လာသင်ယူခြင်း Cooperative Learning
တာဝန်ယူလိုစိတ်၊ အပြန်အလှန် လေးစားရေး၊ ညှိနှိုင်းဆောင်ရွက်တတ်မှုနှင့် လူမျိုးရေးနှင့် လိင်ပိုင်းဆိုင်ရာ မျှတသောအမြင်သဘောထားများ၊ အကောင်းမြင် သဘောထားများ အစရှိသည်တို့ ဖွံ့ဖြိုးလာစေရန် အတွက် ဆရာ ဆရာမများ အနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် သင်ယူ လေ့လာခြင်းနည်းကို အသုံးပြုနိုင်ပါသည်။ အရေးပါသည့် သင်နည်းဗျူဟာ တစ်ရပ် ဖြစ်ပါသည်။ သုတေသနလေ့လာ တွေ့ရှိချက် အရ အတူပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လေ့လာ သင်ယူနည်းသည် တစ်ဦးချင်း အနေဖြင့် လေ့လာခြင်းများ၊အနိုင်ရလိုစိတ်ဖြင့် ယှဉ်ပြိုင်၍ လေ့လာခြင်းများထက် ပိုမို ကောင်းမွန်လေသည်။ အဓိကအားဖြင့် သည်းခံတတ်ခြင်း၊လူမှုဆက်ဆံရေးထွန်းကားစေခြင်း၊ မိမိကိုယ်ကို ယုံကြည်မှု ပိုမိုမြင့်မားစေခြင်းနှင့် ဆက်လက် လုပ်ဆောင်လိုစိတ်ကို မြင့်တင်ပေးခြင်းတို့ဖြစ်ထွန်းစေပါသည်။ မူလတန်း အဆင့်များ၌ပင် ဤသင်နည်းကို အသုံးပြုခြင်းဖြင့် ကလေးများ၏ လူမှုဆက်ဆံရေးနှင့် လူမှုအသိတရားများပိုမိုမြင့်မားလာသည်ကိုလည်း လေ့လာ တွေ့ရှိရပါသည်။ အထူးသတိထားရမည့် အချက်မှာ ဆရာ၊ ဆရာမများမှနေ၍ ကလေးများ၏အတွေ့အကြုံများ၊ မျှော်လင့်ချက်များနှင့် သင့်တော် ကိုက်ညီစွာ သင်ခန်းစာ အစီအစဉ်များကို ပြင်ဆင်ပေးပြီးလျှင် ကလေးတိုင်း(ကလေးအားလုံး) အုပ်စုများတွင် ပါဝင် လုပ်ဆောင်စေရန် ကြပ်မတ် လမ်းညွှန်ရပါမည်။ သို့မှသာ ကလေးများသည် မိမိကိုယ်ကိုယုံကြည်ချက်များဖြင့် ပါဝင်လုပ်ဆောင်၍ အသိတရား အသစ်များ၊ အတွေ့အကြုံ အသစ်များကို ထပ်ဆင့် သင်ယူ လေ့လာနိုင်ကြမည်ဖြစ်သည်။ ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားစေရန်နှင့် အတူတကွရှင်သန် နေထိုင်ကြရာဝယ် မရှိမဖြစ်လိုအပ်သည့်ပူးပေါင်းဆောင်ရွက်တတ်ခြင်း စွမ်းရည်အတွက် အလေ့အကျင့်များရရှိပြီး အတူတကွ လုပ်ဆောင် ခြင်း၏ စံတန်ဖိုးများကိုလည်းသိရှိနားလည်စေပါသည်။
အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လေ့လာ သင်ယူနည်းကို နည်းလမ်းတကျ သေချာစွာ အသုံးပြုခြင်းသည်အသိပညာများရရှိပြီး ပညာရေးအောင်မြင်မှုများအပြင် ကလေးများ၏ လူမှုဆက်ဆံ ရေး စွမ်းရည်များ ဖွံ့ဖြိုးစေခြင်းအတွက်လည်း များစွာအထောက်အကူ ဖြစ်စေသည်။ လူမျိုး၊ လိင်၊ စွမ်းရည်၊ ဏ်ရည်နှင့် ယဉ်ကျေးမှုဆိုင်ရာ ကွဲပြားခြားနားသော ကလေးများ အတူတကွပူးပေါင်း ဆောင်ရွက်၍ လေ့လာ သင်ယူကြခြင်းသည် မိမိနှင့် မတူဘဲ ကွဲပြားခြားနားသောသူများ၊ အုပ်စုများ အပေါ် ပိုမို၍ အကောင်းမြင်သဘောထားများ ဖွံ့ဖြိုးစေပြီး အချင်းချင်း အပြန်အလှန် နားလည်မှုများ၊ ရင်းနှီးခင်မင်မှုများဖြင့် လူမှုဆက်ဆံရေး ထွန်းကားစေရန် များစွာအထောက်အကူ ဖြစ်စေပါသည်။ သို့ရာတွင် ဤအတူတကွ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လေ့လာ သင်ယူခြင်းနည်းကို အသုံးချသည့်အခါဝယ် သတိပြုရမည့် အချက်များ ရှိပါသည်။ အုပ်စုငယ်များတွင် ဉာဏ်ရည်၊ စွမ်းရည် မတူသူများ၊ ယောက်ျားလေး၊ မိန်းကလေးများ၊လူမျိုးနှင့် ယဉ်ကျေးမှုနှင့် အခြားသော နောက်ခံ လူမှုစီးပွား အခြေအနေ မတူသော ကလေးများကို အချိုးကျ မျှတစွာ ပါဝင်စေလျှက်အုပ်စုဖွဲ့သင့်ပါသည်။ သင်ယူ လေ့လာခြင်းနှင့် သင်ကြားခြင်း အစီအစဉ်များ၊ လုပ်ဆောင်ချက်များမှာလည်း ပူးပေါင်းဆောင်ရွက် ခြင်းနှင့်လူမှုဆက်ဆံရေး ထွန်းကားစေရန် အပြန်အလှန် ပြောဆို ဆွေးနွေးခြင်းများ အတွက် ပြင်ဆင်ထားရန် လိုအပ်ပါသည်။
အတူတကွပူးပေါင်းဆောင်ရွက်၍ လေ့လာခြင်း နည်းများတွင် ပါရှိသည့် အုပ်စုငယ်များဖွဲ့၍ လုပ်ဆောင်ခြင်း၊စီမံချက်သင်ခန်းစာများ၊ အချင်းချင်းသင်ကြားစေခြင်း၊ အုပ်စုအလိုက် ဆွေးနွေးခြင်း တို့ဖြင့် ငြိမ်းချမ်းရေးအတွက် ပညာရေးဆိုင်ရာအယူအဆများ၊ သင်ခန်းစာများ၊ လေ့လာချက်များကို သင်ကြားနိုင်ပါသည်။
အုပ်စုဆွေးနွေးချက်များ Group Discussions
စံတန်ဖိုးများကို ရှင်းလင်းရန်နှင့် ပုဂ္ဂလ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဤနည်းကို အသုံးပြုနိုင် ပါသည်။ အဓိက သင်ကြားခြင်းနည်းနာ အနေဖြင့် ဆရာ-ကျောင်းသားနှင့် ကျောင်းသား-ကျောင်းသား အချင်းချင်း ဆွေးနွေးခြင်း၊ တင်ပြခြင်းများကို အသုံးပြုသည်။ ကျောင်းသူကျောင်းသားများ၏ အယူ အဆများ၊ စဉ်းစားတွေးတောချက်များ၊ မိမိတို့၏ အမြင်သဘောထားများနှင့် ယုံကြည်မှုတို့ကို တင်ပြခြင်းများ၊ဉာဏ်ဖွင့် ဆွေးနွေးခြင်းများနှင့် လူမှုဆက်ဆံရေးစွမ်းရည် ဖွံ့ဖြိုးစေခြင်းများအတွက် ကလေးများ ကိုယ်တိုင်ကိုယ်ကျ စာသင်ခန်းအတွင်းအုပ်စုဆွေးနွေးပွဲများတွင် ထဲထဲဝင်ဝင် ပါဝင် စေသင့်ပါသည်။ ဝေဘန်ပိုင်းခြား၍ ဆန်းစစ် စဉ်းစားခြင်းစွမ်းရည် critical thinking ကိုဖွံ့ဖြိုးစေခြင်း အပြင် မိမိတို့၏ ကိုယ်ပိုင် အယူအဆများကို ဓမ္မဓိဌာန်ကျကျ ခွဲခြမ်းစိတ်ဖြာ၍ လေ့လာခွင့် ရရှိသည့်အတွက်အမြင်သဘောထားများ ပြောင်းလဲခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ အကြောင်း အရာအလိုက် အတန်းဖော်သူငယ်ချင်းများ၏ထင်မြင်ယူဆချက်များ၊ သဘောထားများကို နားထောင် ခွင့်ရရှိခြင်းကြောင့်လည်း နှိုင်းယှဉ်လေ့လာချက်များဖြင့် မိမိတို့၏ ကိုယ်ပိုင်ယူဆချက်များ၏ လိုအပ် ချက်များ၊ အားနည်းချက်များ၊ အားသာချက်များ၊ မပြည့်စုံမှုများကို ပိုမိုသိရှိစေပါသည်။ အုပ်စုဖွဲ့ဆွေးနွေးခြင်းများကို သုတေသနပြု လေ့လာ တွေ့ရှိချက်များအရ စံတန်ဖိုးများကို ဖွင့်ဆို ရှင်းလင်း ရန်နှင့် စာရိတ္တ၊ နီတိပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ထိရောက်သည့် သင်နည်းတစ်ခု ဖြစ်ကြောင်း ထောက်ပြ ထားကြပါသည်။ ကလေးများ၏ ဆက်ဆံရေးနှင့်လူမှုရေးစွမ်းရည်များ ဖွံ့ဖြိုး စေရန် လွန်စွာ အသုံးဝင်သည့် သင်ကြားနည်းလည်း ဖြစ်သည်။
စီမံကိန်း သင်ခန်းစာများ Project Lessons
ငယ်ရွယ်သည့် မူလတန်းအဆင့်များ အပါအဝင် အထက်တန်းအဆင့် ကလေးများ အတွက် လည်း စီမံကိန်းသင်ခန်းစာများမှာအတူတကွပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လေ့လာသင်ယူရန် အသုံးပြုနိုင်ပါသည်။ ၅ - ယောက်- ၆ ယောက် တစ်အုပ်စုဖြင့် အုပ်စုငယ်များဖွဲ့၍လေ့လာကြသည်။ ဥပမာအားဖြင့် - နိုင်ငံတကာ အလံများ၊ လူမျိုးနှင့် ပြည်နယ်အထိမ်းအမှတ် တိရစ္ဆာန်များ၊ တံဆိပ်များ၊ ရိုးရာဝတ်စုံများ၊စားသောက်ဖွယ်ရာများ၊ ပွဲတော်များ၊ ကိုးကွယ်ယုံကြည်မှုများကို အုပ်စုအလိုက် သုတေသနပြု လေ့လာခြင်းဖြင့် အပြန်အလှန်သိရှိနားလည်ခြင်း၊ စာနာခြင်း၊ ရသပညာရေး အစ ရှိသည်တို့ကို ဖွံ့ဖြိုးစေပါသည်။ အထက်တန်း အဆင့်များတွင် လက်ရှိဖြစ်ပျက်နေမှုများ၊ပစ္စက္ခ နိုင်ငံရေးနှင့် လူမှုဖြစ်စဉ်များကို လေ့လာချက်များဖြင့် စီမံကိန်း သင်ခန်းစာများကို ဖွဲ့စည်းနိုင်ပါသည်။
ဥပမာအားဖြင့် - လူ့အခွင့်အရေး ချိုးဖေါက်ခံရခြင်း၊ အမျိုးသမီးများအား အကြမ်းဖက်ခြင်း ပြဿနာ၊ အဓမ္မကလေးလုပ်အား၊လူမှုတရားမျှတမှု၊ နိုင်ငံတကာပဋိပက္ခများ၊ စစ်ပွဲများ၊ လက်နက်ဖျက်သိမ်းရေး သဘောတူညီချက်များ၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေး နိုင်ငံတကာ လပ်ရှားမှုများ၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုများ၊ ဒေသတွင်းအခြေအနေများ၊အလုပ်လက်မဲ့ပြဿနာ၊ တိုင်းရင်း သားလူမျိုးစုများ၏ နိုင်ငံရေးလပ်ရှားမှုများ၊ ဒီမိုကရေစီစနစ်၊ အာဏာရှင်စနစ် နှိုင်းယှဉ် လေ့လာချက်များ၊ ဒီမိုကရေစီအရေးလပ်ရှားမှု၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲစနစ်များ၊ တရားဥပဒေ စိုးမိုးရေး၊ စစ်တပ်နှင့်နိုင်ငံရေးအစရှိသည့် ခေါင်းစဉ်များကို အုပ်စုငယ်များဖွဲ့၍လေ့လာခြင်း၊ ဆွေးနွေး ခြင်း၊ တင်ပြခြင်းများ ပြုလုပ်ကြသည်။
ဤခေါင်းစဉ်များနှင့် ဆက်နွယ်နေသည့် ပြဿနာများကို သတိပြုမိခြင်း၊ သိရှိခြင်း၊ ဆက်စပ်စဉ်းစားတွေးတောခြင်းများမှာငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာရေးဆိုင်ရာ အထောက်အကူ ဖြစ်စေပါသည်။ ဆရာ ဆရာများမှ အုပ်စုငယ်များအတွက်ခေါင်းစဉ်အလိုက် လေ့လာဖတ်ရရန် စာအုပ်၊ စာတမ်းများ၊ တွေ့ဆုံမေးမြန်းသင့်သည့် လူပုဂ္ဂိုလ်များကို လမ်းညွှန် ကူညီခြင်း၊ အတူတကွအချက်အလက်များ ရှာဖွေခြင်း၊ ဆွေးနွေးတင်ပြပုံတို့ကို စီစဉ်ပေးခြင်း အစရှိသည်တို့ကို လုပ်ဆောင်သင့်ပါသည်။
ဇာတ်ဟန်ခင်းကျင်း သရုပ်ဆောင်ခြင်းနှင့် ပုံပြင်ဇာတ်လမ်းပြောပြခြင်း Role Play
ငြိမ်းချမ်းရေး၊ သည်းခံခြင်းတရား၊ လူ့အခွင့်အရေးနှင့် စံတန်ဖိုးများကို ကလေးများအား သင်ကြားရာတွင် ဆရာ၊ဆရာမများအနေဖြင့် စာသင်ခန်းတွင်း လုပ်ဆောင်နိုင်သည့် အခြားသော သင်ကြားနည်းများမှာ ဇာတ်ဟန်ခင်းကျင်း သရုပ်ဆောင်ခြင်းနှင့်ပုံပြင်ဇာတ်လမ်း ပြောပြခြင်းများ ဖြစ်ပါသည်။ ပုံပြင်ဇာတ်လမ်းကောင်းများတွင် ပါရှိသည့် သူတို့သဘောကျသော ဇာတ်ကောင်များနေရာတွင် သရုပ်ဆောင်ခွင့်ရရှိပါက သင်ခန်းစာကို ပိုမိုနားလည်သိရှိ သဘောပေါက်စေပြီးလျှင် မှတ်မိလွယ်သဖြင့် ဤသင်ကြားနည်းမှာငယ်ရွယ်သော မူလတန်း အရွယ်ကလေးများ အတွက် များစွာ အသုံးတည့်ပါသည်။ သရုပ်ဆောင်ခြင်းနှင့် ပုံပြင်ပြောပြခြင်းမှတဆင့် မတူ၊ကွဲပြားခြားနားသော လူမှု အသိုင်းအဝိုင်းများ၏ ယဉ်ကျေးမှုများနှင့် လူနေမှုစနစ်များကို ကလေးများကုယိတိုင် နားလည်ခံစားရန်လွယ်ကူစေပါသည်။
ဤသင်ကြားနည်းဖြင့် သမိုင်းဝင်ဖြစ်ရပ်များနှင့် ၄င်းတို့မှ ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးအပေါ် အကျိုး သက်ရောက်မှုများကိုသရုပ်ဆောင်ခြင်းနှင့် ပြန်ပြောပြခြင်းတို့ကို ပြုလုပ်နိုင်သည်။ လူမှု လွတ်လပ်ခွင့်များ၊ တရားမျှတမှုများ ရရှိရေးနှင့် ခွဲခြားမှုများ ကင်းစင်ရေးအတွက် တော်လှန် တိုက်ပွဲ ဝင်ခဲ့သူများ၏ အတ္ထုပ္ပတ္တိများ၊ နိုင်ငံတကာမှ လူသားအကျိုးပြု ပုဂ္ဂိုလ်အသီးသီး၏ ဆောင်ရွက် ချက်များ၊ ကိုယ်ကျိုးစွန့် အနစ်နာခံ လုပ်ဆောင်ခဲ့ပုံများ၊ ဘာသာတရား အသီးသီးရှိ စံတန် ဖိုးများ၊ နီတိသဘောတရားနှင့် စာရိတ္တ မြှင့်တင်ရေး ပုံပြင်ဇာတ်လမ်းများ၊ ဆုံးမသွန်သင်ချက်များ အစရှိသည် တို့မှာ ကလေးများတွင် ဤအရည်အသွေးများ ကူးစက်စေ၍ ပုဂ္ဂလ ဖွံ့ဖြိုးတိုးတက်မှု၊ အမှန် တရားနှင့် ငြိမ်းချမ်းရေးကို မြတ်နိုးလိုစိတ်များကို ဖြစ်ထွန်းစေပါမည်။
ပဋိပက္ခများဖြေရှင်းခြင်းနှင့် ကျောင်းပညာရေး Conflict Resoultion and School Education
လူ့အဖွဲ့အစည်း၏ အရေးကြီးပြီး ရှောင်လွဲ၍ မရနိုင်သော အစိတ်အပိုင်း တစ်ခုအနေဖြင့် ပဋိပက္ခများမှာ တည်ရှိနေပါသည်။ အိမ်(သို့မဟုတ်) လုပ်ငန်းခွင်တွင် ပဋိပက္ခများကို ပုံစံတစ်မျိုးမျိုးနှင့် ကြုံတွေ့ ကြဖူးပါမည်။ ဤပဋိပက္ခများကို ဖြေရှင်းရာတွင် တစ်ဦးချင်းအလိုက်နည်းအမျိုးမျိုးကို အသုံးပြု တတ်ကြပါသည်။ ပဋိပက္ခများမှာ လူနှစ်ဦး (သို့မဟုတ်) လူအများပါဝင်သည့် အသေးအဖွဲ့ အဆင်မပြေဖြစ်ခြင်းများမှသည် လူမျိုး (၂) မျိုး (သို့မဟုတ်) နိုင်ငံ ၂ နိုင်ငံ အနည်းဆုံး ပါဝင်သည့် အထင်ကရ ပြဿနာများ ဖြစ်နိုင်ပြီးလက်နက်ကိုင် ဖြေရှင်းခြင်းနှင့် ဆိုးဝါးကြမ်းကြုတ်သော စစ်ပွဲများအထိ ဦးတည်နိုင်ပါသည်။ ဤတွင် ပဋိပက္ခများမှာ ပိုမိုဆိုးဝါးသောအခြားအခြေအနေ တစ်ခုသို့ဖြစ်စေ၊ အပြုသဘောဆောင်သော အကောင်းဖက်သို့ဖြစ်စေ ဦးတည်ခြင်းလည်း ဖြစ်နိုင်ပါသည်။
သို့ဖြစ်ပါ၍ ကလေးများကို အကြမ်းမဖက်သော နည်းလမ်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခြင်း နည်းလမ်းများဖြင့် ပဋိပက္ခများဖြေရှင်းခြင်းကို လမ်းညွှန် သင်ကြား ပေးသင့်ပါသည်။ လူမှု အသိုင်းအဝိုင်းအတွင်း ရှိသူအားလုံး (နိုင်ငံသားအားလုံး) မှ မိမိတို့၏ မတူ၊ကွဲပြား ခြားနားခြင်းများကို အခင်မင်မပျက် ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းရန် လေ့ကျင့် သင်ယူနိုင်မှသာလျှင် အရှည်တည်တံ့သောငြိမ်းချမ်းရေး ယဉ်ကျေးမှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။
သူငယ်တန်း စာသင်ခန်းတွင်းသို့ ကလေးများ စတင် ဝင်ရောက်သည်နှင့် တပြိုင်တည်းမှာပင် ပဋိပက္ခများလည်းစတင်ပါတော့သည်။ စာသင်ခန်းအတွင်း၊ ကစားကွင်းအတွင်းနှင့် ကျောင်းဝင်း အတွင်း၌ အမျက်ဒေါသနှင့် ယှဉ်သည့် ရုန်းရင်းဆန်ခတ်အပြုအမူများကို ကျောင်းပညာရေး၏ အဆင့်တိုင်းတွင် အထင်အရှား မြင်တွေ့နိုင်ပါသည်။
ဤ အပြုအမူများကို စောင့်ကြပ်ထိန်းသိမ်း၍ အပြုသဘောဆောင်သည့် အနေအထားသို့ ပြောင်းလဲ သင့်ပါသည်။ သို့တည်းမဟုတ်မူ အနာဂတ် ငြိမ်းချမ်းသော လူ့ အဖွဲ့အစည်းအတွက် မလို လားအပ်သော အနုတ်သဘောဆောင်သည့်ကိုယ်ရည်ကိုယ်သွေးများဖြင့်သာ ကလေးများ ကြီးပြင်း လာပါလိမ့်မည်။ ကျောင်းဆရာ၊ ဆရာမများ အနေဖြင့် ပဋိပက္ခများကိုဖြေရှင်းနိုင်သည့် နည်းလမ်း များဖြင့် ကလေးများကို ပြင်ဆင် ပေးသင့်သည်။ ပဋိပက္ခများ ဖြေရှင်းခြင်းမှာ ပြဿနာများကို ကိုင်တွယ်ရသည့်အတွက် ပဋိပက္ခဖြစ်ရသည့် အခြေအနေကို အသေအချာ လေ့လာ သုံးသပ်ခြင်းနှင့် ဖြေရှင်းရာတွင်လည်း နည်းလမ်း အမျိုးမျိုးကိုအသုံးပြုခြင်းတို့မှာ အရေးကြီးပါသည်။ ဖြေရှင်းရာတွင် နောက်ခံ အချက်အလက်များကို လေ့လာ သုံးသပ်ခြင်း (မည်သို့မည်ပုံစတင်ခဲ့သည်၊မည်သည့် အချိန်အခါတွင် စတင်သည်၊ မည်သူတွေပါဝင်ပတ်သက်သည်၊ မည်သို့ဖြေရှင်းသင့်သည်၊ မည်သည့် နည်းလမ်းတို့ကို ရွေးချယ်အသုံးပြုသင့်သည်။ ဤနည်းလမ်းတို့ကို အသုံးပြုဖြေရှင်းခြင်း) ကို အသေအချာ ပြုလုပ်ရမည် ဖြစ်ပါသည်။ ပဋိပက္ခဖြေရှင်းရန်လမ်းညွှန်မြေပုံ Conflict Mapping ကို ရေးဆွဲရပါမည်။ (နောက်ပိုင်းအခန်းများတွင် အကျယ်တဝင့် လေ့လာဆွေးနွေးပါမည်)
ငြိမ်းချမ်းရေး တည်ဆောက်သူ ကလေးများ Children As Peacemaker
ပဋိပက္ခများ ဖြေရှင်းရန်အတွက် လေ့ကျင့် သင်ကြားရာတွင် ကျောင်းပညာရေး အဆင့်တိုင်း၌ ပြဿနာဖြေရှင်းခြင်း၊သရုပ်ဆောင်ခြင်း၊ ကစားရင်းပညာသင်ခြင်း၊ ဦးနှောက်ဖွင့် အချက်အလက် ရှာဖွေခြင်းစသည့် နည်းလမ်း အသွယ်သွယ်ကိုအသုံးပြုနိုင်ပါသည်။ ဤတွင် ကနေဒါနိုင်ငံ၊ တိုရွန်တို မြို့ရှိ ဒေါင်းတောင်းအောလ်တာနေတစ်ကျောင်း (Downtown Alternative School)၏ စီမံချက် တစ်ခုမှာ စိတ်ဝင်စားဖွယ်ရာဖြစ်သည်။ ကျောင်းတွင်းရန်လိုခြင်း၊ ရန်စခြင်းနှင့် အနိုင်အထက်ပြု ကျင့်ခြင်း (Bulying) ပြဿနာကိုဖြေရှင်းရန် အတွက် “ငြိမ်းချမ်းရေး တည်ဆောက်သူ ကလေးများ” Children as Peacemaker အစီအစဉ် တစ်ရပ်ပင် ဖြစ်လေသည်။မူလတန်း အဆင့် ကျောင်း၌ ကလေးများ၏ ပဋိပက္ခများ ဖြေရှင်းခြင်းနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်း စွမ်းရည်ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိက ရည်ရွယ်၏။ စီမံချက်တွင် ပါဝင်သော ကလေးများသည် ပြဿနာနှင့် ပဋိပက္ခဖြစ်ပွားရသည့် အခြေအနေကိုဘက်စုံ၊ ထောင့်စုံမှနေ၍ကြားနာခြင်း၊ ဆွေးနွေး ပြောဆိုခြင်း တို့ပြုလုပ်ကြပြီးလျှင် ငြိမ်းချမ်းရေး သံတမန်အဖြစ် ဆောင်ရွက်သူ သက်တူ၊ရွယ်တူကလေးများမှ ကြားဝင်ဖျန်ဖြေခြင်း၊ ညှိနှိုင်းဆွေးနွေးခြင်းတို့ဖြင့် ပြဿနာကို ဖြေရှင်း ကြခြင်းဖြစ်သည်။
မူလတန်း အဆင့်များတွင် သရုပ်ဆောင်ခြင်းနှင့် ဇာတ်ဟန်ခင်းကျင်း လုပ်ဆောင် သင်ကြား ခြင်းတို့ဖြင့် သည်းခံခြင်းတရား၊ လူ့ဂုဏ်သိက္ခာ အတွက် လေးစားစွာ ဆက်ဆံခြင်း၊ ပြန်လည် သင့်မြတ်ရေးနှင့် ရင်ကြားစေ့ရေးတို့ အတွက် စွမ်းရည်များ ဖွံ့ဖြိုးလာစေရန်ကလေးများကို လေ့ကျင့် ပျိုးထောင်နိုင်ကြောင်း လေ့လာ တွေ့ရှိရပါသည်။ ကစားကွင်း အတွင်းမှ ပဋိပက္ခများ၊ ရန်လိုခြင်း၊ ရန်စခြင်းများ၊လူကြိုက်များသည့် ပုံပြင်၊ ဇာတ်လမ်းများမှ ဇာတ်ဆောင်များအပေါ် မတူသော အမြင်သဘောထားများ၊ အစရှိသည့် ပဋိပက္ခဆိုင်ရာခေါင်းစဉ်များကို အသုံးပြု၍ လေ့ကျင့် သင်ကြားခြင်းဖြင့် ကလေးများကိုယ်တိုင် အဖြေရှာရန် အခွင့်အလမ်းများ ရရှိစေပါသည်။ အခြားသူများ၏ အမြင်သဘောထားများ၊ ထင်မြင် ယူဆချက်များကို နားထောင်ခွင့်ရရှိခြင်း၊ ပြဿနာကို သိမြင်နိုင်ခြင်းနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့်တာဝန်ယူမှု ရှိသော ဆုံးဖြတ်ချက်များကို ချမှတ် နိုင်ခြင်း စသည့် စွမ်းရည်အမျိုးမျိုးတို့ အတွက် လေ့ကျင့် နိုင်သည်။ နှစ်ဦး၊ နှစ်ဘက်စလုံးအတွက် ကျေအေးရာဖြစ်သည့် ရင်ကြားစေ့ရေးနှင့် အကြမ်းမဖက်သော နည်းလမ်းများဖြင့် ပဋိပက္ခများကို ဖြေရှင်းနိုင်သည့် နည်းလမ်းများရှိကြောင်းလည်း သိနားလည် နိုင်ပါသည်။ အထက်တန်း အဆင့် များတွင် ဤကဲ့သို့သော သင်ခန်းစာများတွင် ပိုမို နက်နဲရှုပ်ထွေးသောလက်ရှိဖြစ်ပျက်နေသည့် ခေတ်ပေါ်မျက်မှောက်သတင်းများ၊ လူမှုပြဿနာများကို အသုံးပြု၍ အုပ်စုအလိုက်ဆွေးနွေးခြင်းများ၊ ဦးနှောက်ဖွင့်စဉ်းစားတွေးခေါ်ခြင်း သင်နည်းများဖြင့် လေ့ကျင့် သင်ကြားနိုင်သည်။
ကျိုကြောင်းဆီလျော်စွာ ခွဲခြမ်းစိတ်ဖြာ လေ့ကျင့်သင်ကြားခြင်း Rational Analytical Methods
အထက်တန်း အဆင့်များတွင် အယူအဆ၊ သဘောထားများကို ရှင်းလင်း သိမြင်စေရန် အတွက် လည်းကောင်း၊အမြင်သဘောထားများ၊ ခံယူချက်များနှင့် အယူအဆများ ဖွံ့ဖြိုးစေခြင်း အတွက် လည်းကောင်း၊ ငြိမ်းချမ်းရေးဆိုင်ရာ စံနှုန်းတန်ဖိုးများကိုစွဲမှတ်နေစေရန် လေ့ကျင့်ပျိုးထောင် ခြင်း အတွက်လည်းကောင်း ကျိုးကြောင်း ဆီလျော်စွာ ခွဲခြမ်းစိတ်ဖြာ လေ့ကျင့် သင်ကြားခြင်း နည်းစနစ်မှာ များစွာ ထိရောက်ပါသည်။
အစဉ်အလာအရ သင်ရိုးညွှန်းတမ်းများတွင် စံနှုန်း တန်ဖိုးများကို လေ့ကျင့်ရာတွင် အသုံးပြု သည့် နည်းစနစ်များမှာ -ဟောပြောပို့ချခြင်း၊ ပုံပြင် ဇာတ်လမ်းများ ပြောပြခြင်း၊ တေးသီချင်းများ သီဆိုခြင်း၊ သမိုင်းဝင် ပုဂ္ဂိုလ်ကြီးများ၊ အာဇာနည်သူရဲကောင်းများ၏ အတ္ထုပ္ပတ္တိများနှင့် စံပြုထိုက်သူ ကိုယ်ကျိုးစွန့် လုပ်ဆောင်သူများ အကြောင်းမှ တဆင့် သင်ကြားခြင်း ဖြစ်သည်။စိတ်လှုပ်ရှားမှု ယှဉ်တွဲ၍ စံနှုန်းတန်ဖိုးများ၊ ယုံကြည်ချက်များ၊ ခံယူချက်များကို စိတ်ခံစားမှုများ အဆင့် Emotional level ၌ လေ့ကျင့်သင်ကြားခြင်း ဖြစ်၏။ ကျိုးကြောင်းဆီလျော်စွာ ခွဲခြမ်းစိတ်ဖြာ လေ့ကျင့် သင်ကြားခြင်းမှာမူ စံနှုန်းတန်ဖိုးများကို အသိပညာအဆင့်Intellectural level တွင် လေ့ကျင့် သင်ကြားခြင်း ဖြစ်သည်။
ဤနည်းတွင် စနစ်တကျ ငြင်းခုံဆွေးနွေးခြင်းများ၊ အမှန်တရားဖက်၌ ရပ်တည်ပြောဆိုခြင်း၊ စံနှုန်းတန်ဖိုးများကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း၊ စံနှုန်းတန်ဖိုးများကို စူးစမ်းလေ့လာခြင်း၊ နီတိပိုင်း ဆိုင်ရာ ကျိုးကြောင်းဆီလျော်မှုရှိ၊ မရှိကိုစူးစမ်းလေ့လာခြင်း အစရှိသည့်နည်းစနစ်များ ပါရှိသည်။ ဤသင်ကြားနည်းများသည် စံတန်ဖိုးများအပေါ် အလေးထား၍ ဘက်လိုက်မှုမရှိဘဲ ကျောင်းသားများ ကိုယ်တိုင်ဆုံးဖြတ်စေခြင်းများ ပါရှိသည်။ မိမိတို့၏ကိုယ်ပိုင် စံတန်ဖိုးများကို စစ်ကြောခြင်း၊ ဆင်ခြင်တုံ တရားဖြင့် ဝေဖန်ပိုင်းခြား ခြင်းနှင့်ငြိမ်းချမ်းသော လူမှုအဖွဲ့အစည်း တစ်ရပ်အတွက် အရေးကြီးသည့် မူဝါဒများဆိုင်ရာ သဘောထား ထင်မြင်ချက်များကို တည်ဆောက်ယူခြင်းတို့ပါရှိသည်။
ပုဂ္ဂလ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှုအတွက် နည်းလမ်းများ
ငြိမ်းချမ်းရေးမှာ စိတ်ယဉ်ကျေးမှုလည်းဖြစ်သဖြင့် လူတိုင်း၏ ကိုယ်တွင်း၊ စိတ်တွင်း ငြိမ်းအေးခြင်းကိုလည်း ရည်ညွှန်းပါသည်။ဘာသာတရားတို့၏ အန္တိမ ရည်မှန်းချက်နှင့်လည်း ထပ်တူ ကျနေပါသည်။ မြန်မာ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှု အစဉ်အလာများတွင်ရှိနှင့်ပြီးဖြစ်သည့် မိမိကိုယ်ကို (ကိုယ်တွင်း၊ စိတ်တွင်း) စူးစမ်းဆင်ခြင် လေ့လာခြင်းနှင့် ကိုယ်စိတ်နှစ်ဖြာ ငြိမ်းအေး ချမ်းသာရာ အတွက်လုပ်ဆောင်ချက်များ၊ ကျင့်ကြံမှုများကိုလည်း ရည်ညွှန်းပါသည်။
တရားထိုင်ခြင်း၊ ဘုရားကျောင်းသွားခြင်း၊ စုပေါင်းဝတ်ရွတ်ခြင်း၊ မိမိ၏စိတ်ကို ပြန်လှန် သုံးသပ်ခြင်း အစရှိသည့် ဘာသာရေးနှင့်ကိုယ်၊ စိတ် ကျန်းမာရေးဆိုင်ရာ ကျင့်ကြံ လုပ်ဆောင်မှု များကို အားပေးသင့်ပါသည်။ အခြားသော ခေတ်ဟောင်းနှင့် ခေတ်ပေါ်ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်း ကျန်းမာ စေရန်အတွက် လုပ်ဆောင်ချက်များဖြစ်သည့် အေရိုးဗစ်အားကစား၊ ယောဂ ကစားခြင်းနည်းစနစ်များနှင့် အခြားသော စိတ်တည်ငြိမ် အေးချမ်းမှုကိုရရှိစေသည့် အကျင့်အကြံများကိုလည်း ကျောင်းပညာရေးတွင် အခါအားလျော်စွာထည့်သွင်း၍ လေ့ကျင့်သင်ကြား ပေးနိုင်ပါသည်။
နိဂုံး
ငြိမ်းချမ်းရေး အတွက် ပညာရေးဆိုင်ရာ စံနှုန်းတန်ဖိုးများကို လေ့ကျင့် သင်ကြားရာဝယ် ဘက်စုံ၊ ထောင့်စုံ ချဉ်းကပ်သင်ကြားနည်းများကို အသုံးပြုပြီး ကလေးများကို သင်ယူခြင်း -သင်ကြားခြင်း လုပ်ငန်းစဉ်၏ ပင်မ ဗဟိုနေရာတွင် ထားရှိသင့်ပါသည်။ကျောင်း၊ စာသင်ခန်း အတွင်းနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ဖြစ်ပျက်နေမှုများ၊ လူမှုဖြစ်စဉ်များဆိုင်ရာ အကြောင်း အချင်းအရာများနှင့်ပတ်သက်၍ ဆရာ ဆရာမများမှ အစဉ် သတိပြု လေ့လာခြင်းနှင့်အတူ စူးစမ်း လေ့လာရန်လည်း ဝိရိယစိုက် အားထုတ် သင့်ပါသည်။
နိစ္စဓူဝ ဖြစ်ပျက်နေမှုများတွင် လူမှုဖြစ်စဉ် များစွာပါရှိသည်။ ဥပမာအားဖြင့်- လူမှု အသိုင်းအဝိုင်းအတွင်း လူ့အခွင့်အရေးချိုးဖေါက်မှုများဆိုင်ရာ ပြဿနာများဖြစ်သည့် အမျိုးသမီးများ နှင့် အခြားသော အုပ်စုငယ်များအပေါ် အဓမ္မပြုကျင့်ခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ကျောင်းနှင့် စာသင်ခန်း အတွင်း အနိုင်အထက်ပြုကျင့်ခြင်း၊ ကလေးလုပ်အား ပြဿနာ၊ မြန်မာနှင့်နိုင်ငံတကာ လူမျိုးရေး ပြဿနာများ၊အကြမ်းဖက်မှုများ၊ နူးကလီးယား လက်နက် များနှင့် အဖျက်စွမ်းအားများ၊ သိပ္ပံ၊ နည်းပညာနှင့် သတင်းအချက်အလက် ဆိုင်ရာအသိပညာများကို တလွဲ အသုံးပြုမှုများ အစရှိသည်တို့ ဖြစ်သည်။
နေ့စဉ် အဖြစ်အပျက်များ၊ မီဒီယာများမှ အရေးကြီးသည့် သတင်းများကို ကျောင်းသားများ၏ အဆင့်အလိုက် စာသင်ခန်းအတွင်းဆွေးနွေး နိုင်ပါသည်။ အနီးစပ်ဆုံး ရပ်ရွာလူမှု အသိုင်းအဝိုင်း၊ ကလေးများ ကိုယ်တိုင်နှင့် နိုင်ငံကိုပါ အကျိုး သက်ရောက်စေသည့်လူမှုဖြစ်စဉ်များ၊ ပြဿနာများ ပါရှိနိုင်ပြီး အသိပညာ ဗဟုသုတများ ရရှိစေပါသည်။ ဤလူမှုဖြစ်စဉ်များမှာ ငြိမ်းချမ်းရေးနှင့်လူ့အခွင့်အရေးတို့နှင့်လည်း များစွာ ဆက်စပ် နေနိုင်ပါသည်။ သီးသန့်သင်ခန်းစာများ အနေဖြင့် သင်ကြားခြင်းမျိုးမဟုတ်ဘဲ ဘာသာစကား၊သိပ္ပံ၊ နည်းပညာ၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးဘာသာ၊ ပြည်သူ့နီတိဘာသာ၊ သမိုင်းနှင့် ပထဝီဝင် အစရှိသည့် ပင်ရင်း ဘာသာရပ်များသင်ကြားယင်း ထည့်သွင်း ဆွေးနွေး နိုင်သည်။ လက်တွေ့ ကွင်းဆင်းလေ့လာမှုများ၊ အမျိုးသား ခေါင်းဆောင်များ၊ အာဇာနည်များ၊သူရဲကောင်းများ၊ စွန့်ဦး တီထွင် ဖန်တီးသူများ၏ အတ္ထုပ္ပတ္တိများ၊ စာသင်ခန်းအတွင်း ပါလီမန်လွှတ်တော် ပုံစံကျင်းပ လေ့ကျင့်ခြင်း၊ရွေးကောက်ပွဲဒီဇိုင်းများ ပုံစံလေ့ကျင့်ခြင်း၊ ရပ်ရွာ အတွင်း လုပ်အားပေးအစီအစဉ်များ၊ သဘာဝပတ်ဝန်းကျင် ဖျက်ဆီးခံရခြင်း ဘေးဒဏ်နှင့်လူ့အခွင့်အရေး ချိုးဖေါက် ခံရခြင်းများ၊ ကလေး လုပ်အားများစသည့် ပြဿနာများ အတွက် လှုပ်ရှားမှုများ၊ အသိပညာပေးခြင်းလုပ်ငန်းများကို ကျောင်းတွင်းနှင့် စာသင်ခန်းအတွင်း ဆောင်ရွက်ခြင်းတို့သည် အသိပညာဗဟုသုတ တိုးပွားစေရုံ သာမကဘဲ ဒီမိုကရေစီနိုင်ငံသားတစ်ဦးတွင် ရှိသင့်ရှိအပ်သည့် တာဝန်ယူလိုစိတ်နှင့် ထမ်းဆောင် လိုစိတ်တို့ကိုပါ သိရှိနားလည်စေပြီး အလေ့အကျင့်များရရှိစေပါမည်။ ဤသို့ဖြင့် ကျောင်း၊ စာသင်ခန်းများအတွင်း၌ အနာဂတ်နိုင်ငံသားများအဖြစ် ကြီးပြင်းလာနေကြသည့် ကလေးများကိုငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကားသည့် လူ့အဖွဲ့အစည်းတစ်ရပ် အတွက် လေ့ကျင့် ပြင်ဆင်ပေးရာ ရောက်ပါလိမ့်မည်။(ဆက်လက်ဖော်ပြပါမည်။)
(ဤ “ငြိမ်းချမ်းရေးအတွက် ပညာရေး” သုတေသနစာတမ်းကို နောင်ထုတ်ဝေမည့် ကျောင်းပညာရေး သုတေသနဂျာနယ်များတွင်အခန်းဆက် လေ့လာဆွေးနွေးသွားပါမည်။)
ကျောင်းပညာရေး သုတေသနဂျာနယ် အမှတ် (၃) NHEC မှ ကူးယူဖေါ်ပြပါသည်။
အပိုင်း (၂)၊ အပိုင်း (၃)၊ အပိုင်း (၄)၊ အပိုင်း (၅) တို့ကို ဆက်လက် တင်ပြသွားပါမည်။
လေးစားလျက်
သိန်းနိုင်
References
Akermark S.S. Ed. (1998). Human Right Education Achievements and Challenges, Institute for Human Right and the Finnish national Commissiom for UNESCO.
Arora, G.L. (1995).Curriculum for Human Right, Progressive Education Herald, Vol.10 (1) Oct. pp. 47-50.
Arora, G.L. (1995).” Child Centered Education for Learning without Burden, Gurgaon ,
Kuishina Publishing Co.
Dev, Arjun, dev, I.A amd Das, S. (1996). Human Right. A Source Book, New Delhi, NCERT
Khanna, C.P. (1991) Peace Through Education, Role of UNESCO, New Delhi, Doaba House
Kaul, J.L. (1995). Human Right Issues and Perspectives , New Delhi, Regency Publications
NCTE(1997). Human Right and National Values. Vol.1 and II. Self, learning Module, New Delhi.
NCERT(1987) Teacher Education Curriculum. A framework, New Delhi.
NCTE(1998)Curriculum framework for Quality Teacher Education, New Delhi
Pandey , S (2000) Teacher Education for Peace . A step Towards Learning to Live Together, University News, Vol.38 (21).
Reardon,Beety, A. (1997). Tolerance .The Threshold of Peace, UNESCO .
Subramanian, S. (1997). Human Right. International Challenges, Vol. I . New Delhi, Manas Pablications.
UNSECO (2001) . Learning the way of Peace, A Teacher’s Guide to Peace Education.
http://www.maukkha.org/index.php/teching-guide-maukkha/educational-philosophy-maukkha/398-2011-09-19-12-43-31#.T6_UnEmok7U.facebook မှ ကူးယူဖေါ်ပြပါသည်။
0 comments:
Post a Comment