Sanction လည်း အထိုက်အလျောက်ပြုတ်သွားပြီးပြီ။ ဒေါ်စုလည်း လွှတ်တော်ထဲေ၇ာက်သွားပြီ။ ဒါကို အငြင်းပွားနေကြတုန်း။
Sanction ဆိုတာဘာကြောင့်လုပ်တာလည်း။ သူ့ရည်ရွယ်ချက်ကဘာလဲ....?
အဓိက အကြောင်းရင်းက Economic Sanction ဆိုတာ အစိုးရတစ်ရပ်ရဲ့ ယန္တယားချည့်နဲ့သွားအောင် ဘဏ္ဍာရေး ရေသောက်မြစ်တွေကို ဖြတ်တောက်ပစ်တာ။
မြန်မာပြည်က တံခါးပိတ်ဝါဒကို မဆလ ခေတ်မှာကျင့်သုံးခဲ့တယ်။ နောက် နဝတ တက်လာတော့ ဈေးကွက်စီးပွားရေး လုပ်လာတယ်။ ဒါပေမယ့် ပိတ်ဆို့မှုတွေကို တစ်ရစ်ပြီးတစ်ရစ် တိုးမြှင့်ခဲ့တဲ့ အတွက် ဈေးကွက်စီးပွားရေးစံနစ်မှာ International Trading မရှိခဲ့ဘူး။
နိုင်ငံတကာနဲ့ ဘဏ်တွေချိတ်ဆက်မှုမရှိခဲ့ဘူး ခရက်ဒစ်ကဒ်ကမ္ဘာကို ကြီးစိုးထားတဲ့ အမေရိကန်က မီးနီပြထားလို့ ဒီလို ဒေါ်လာနဲ့ချိတ်ဆက်ရောင်းဝယ်မှုတွေ မရှိခဲ့ဘူး။ နဂိုကတည်းကလည်း မရှိထားတော့ ၁၉၉ဝ ရွေးကောက်ပွဲပြီးကတည်းက ယနေ့ ၂ဝ၁၁ အစိုးရသစ်လက်ထက်အထိ မြန်မာရဲ့ ကုန်သွယ်ဘက်တွေက တရုတ်၊ အိန္ဒိယ၊ ထိုင်းနဲ့ ပွဲစား စင်ကာပူတို့ ဖြစ်ခဲ့တယ်။
ဒီကရတဲ့ငွေတွေက အစိုးရအဖွဲ့ကို လည်ပတ်နိုင်ရုံမက ပိုလျှံခဲ့တယ်။ ဒီအချက်တွေကြောင့် အမေရိကန်ရဲ့ Economic Sanction က အလုပ်မဖြစ်ဘူးလို့ ထောက်ပြခဲ့ကြတယ်။
Sanction ကို ဖွင့်ရင် ခရိုနီတွေ ပိုချမ်းသာသွားမှာလို့ပြောကြတယ်။ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပိတ်ဆို့မှုတွေဖွင့်လိုက်ရင် Competitive Market မှာ ဒီခရိုနီတွေ ဘယ်လောက်အထိ စီးပွားရေးလုပ်တတ်မလဲ၊ နိုင်ငံတကာ ကော်ပိုရိတ်တွေနဲ့ ယှဉ်လုပ်မလား၊ ပေါင်းလုပ်မလား ဆိုပြီး ဖြစ်လာနိုင်တယ်။ ယှဉ်ပဲ လုပ်လုပ် ပေါင်းပဲ လုပ်လုပ် အဓိကအချက်က အလုပ်အကိုင်ပေါများလာရေး၊ တိုင်းပြည်စီးပွားရေး တိုးတက်လာရေးတို့ပဲဖြစ်တယ်။
အဓိကအချက်က ကိုယ့်တိုင်းပြည်က လုပ်အား (Labor) ကို ခေါင်းပုံဖြတ်နေတာမျိုး မဖြစ်ရအောင်၊ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဝင်လာတာနဲ့ ကိုယ့်ဆီက အလတ်စားလုပ်ငန်းရှင်တွေ ပြိုလဲမသွားအောင် အစိုးရက မျက်စိဒေါက်ထောက်ကြည့်ပြီး မလျှော့မတင်း စောင်းကြိုးညှင်းပုံစံ ဥပဒေတွေ ထုတ်ပြန်ပေးဖို့ အဓိကလိုအပ်တယ်။
စီးပွားရေးပိတ်ဆို့မှုကြောင့် ခရိုနီတွေ ထိတယ်လို့ဆိုကြတယ်။ နိုင်ငံတကာနဲ့ ချိတ်ဆက်စီးပွားရေးလုပ်ခွင့်မရှိတော့ ချမ်းသာနိုင်သလောက် မချမ်းသာသွားဘူးဆိုတာ မှန်ပါတယ်။ သို့သော်သူတို့ရဲ့ ပိုင်ဆိုင်မှုသည် လက်ရှိ ကုန်သွယ်ဖက်နိုင်ငံတွေနဲ့တင် ဗမာပြည်ထဲ မြေဧကပေါင်း ထောင်သောင်းချီပိုင်ဆိုင်နေတဲ့အထိ ဖြစ်လာနေတယ်။ ဒီခရိုနီတွေရဲ့ ဆက်စပ်လုပ်ငန်းတွေမှာ တည်မှီပတ်သက်နေရတဲ့ လူတွေရှိလာနေတယ်။
"အဲ့ဒါကြောင့် စီးပွားေ၇းပိတ်ဆို့မှုမှာ ခရိုနီတွေ ပိုမချမ်းသာသွားပေမယ့် ထူးပြီး ဆင်းရဲမသွားဘူးဆိုတာ သိသာစေချင်တယ်။"
ဒီအချက်တွေကနေ စီးပွားရေးပိတ်ဆို့မှုက ဘယ်တွေကို ထိသလဲဆိုတာမှန်းဆကြည့်လို့ရလောက်ပြီလို့ မျှော်လင့်တယ်။ ပိတ်ဆို့မှုကြောင့် Trading လုပ်မရတဲ့အခါ စစ်အစိုးရနဲ့ လက်ဝေခံ ခရိုနီတစ်အုပ်က ပဲခူးရိုးမက ကျွန်းတွေ ခုတ်ပြီး ကုန်သွားတယ်။ သူတို့က ပိုပြီးချမ်းသာလာတယ်။
ဈေးကွက်အခြေခံအဆောက်အအုံတွေ၊ တိကျတဲ့ပေါ်လစီတွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေမရှိတာကြောင့် မြန်မာပြည်ထဲက စီးပွားရေးအဆောက်အအုံဟာ ဘာရယ်လို့ တိတိပပ ပြောလို့မရအောင်ကို ဖြစ်ရတယ်။ နောက်ပြီး ဒီပြည်တွင်းစီးပွားရေးဟာ ပိတ်ဆို့မှုနဲ့အတူ ယှဉ်တွဲကျဆင်းနေတဲ့ အတွက် လူလတ်တန်းစားနဲ့ သူတို့ကို မှီခိုနေကြတဲ့ အခြေခံလူတန်းစားတွေဟာ ဒီပြည်တွင်းစီးပွားရေးကို မှီခိုနေရတော့ တဖြည်းဖြည်း ပိုမိုဆင်းရဲလာတယ်။ ငွေကြေးဖောင်းပွမှုတွေ ပိုများလာ၊ ကုန်ဈေးနှုန်းတွေ ပိုကြီးလာတဲ့ ဒဏ်ကို ခံလာရတယ်။
ဒါဟာ ပိတ်ဆို့မှုတစ်ခုတည်းရဲ့ စံနက်မဟုတ်ဘူး။ စီမံခန့်ခွဲမှုအပိုင်းအားနည်းမှုတွေရယ်၊ ပညာရှင်တွေကို ပစ်ပယ်မှုတွေရယ်လည်း ပါနေတယ်။ ပိတ်ဆို့မှုရဲ့ နောက်ဆက်တွဲတွေလည်း ပါကိုပါတယ်လို့ မိမိက ရှုမြင်ပါတယ်။
ဒါကြောင့် Key Fact အနေနဲ့ ပိတ်ဆို့မှုဟာ ခရိုနီတွေကို လက်ရှိချမ်းသာသလောက်နဲ့ပဲ ရပ်တန့်သွားစေပြီး ပိုမချမ်းသာလာစေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခရိုနီတွေ ပိတ်ဆို့မှုကြောင့် ဆင်းရဲမသွားပါဘူး။ ဒါပေမယ့် နဂို လူလတ်တန်းစားကတော့ ပိုမိုဆင်းရဲမွဲတေသွားတယ်လို့ လွတ်လပ်စွာ ထင်မြင်ယူဆပါတယ်။
နောက် အရင်းရှင်စီးပွားရေးစံနစ်မှာ အဓိက စကားပြောကြတာသည် သင့်မှာငွေဘယ်လောက်ရှိသလဲ ဆိုတာပဲ ဖြစ်တယ်။ ခရိုနီများသည် ဆယ်စုနှစ် နှစ်စုကျော် လက်ဝါးကြီးအုပ်စီးပွားရေးလုပ်ကိုင်ထားတဲ့ လူတွေဖြစ်တဲ့အတွက် သူတို့ဆီမှာ တိုင်းပြည်ရဲ့ အရင်းအနှီးတွေက စုပုံနေသလို ဖြစ်နေတယ်။ Competitive Market မှာ အရင်းနည်းရင် အစားခံရတဲ့ သဘောတွေ ရှိပါတယ်။
ဒါဆို ပြည်ပက ဝင်လာမယ့် အင်အားကြီးတွေကို ပြည်တွင်းကတွေ ဘယ်လို ယှဉ်ကြမလဲ။ ဒါကိုတစ်ချက်စဉ်းစားဖို့ အများကြီး လိုမယ်လို့ထင်တယ်။ မဆလ ခေတ်ကလို ပြည်သူပိုင်သွားသိမ်းလည်း အလုပ်မဖြစ်ဘူး။ အကျိုးတူစီးပွားဖက် ဗိုလ်ချုပ်တွေက လွှတ်တော်ထဲရောက်နေတော့လည်း သိမ်းဖြစ်မယ်မဟုတ်ဘူး။ ဒီတော့ လက်တွေ့ အလုပ်ဖြစ်နိုင်မယ့် ကိစ္စကိုသာ စဉ်းစားရတော့တယ်။
ခရိုနီများကို ယခုလို မြေယာတွေ အလွန်အကျွံသိမ်းနေတာမျိုးကို ဥပဒေနဲ့ရပ်တန့်ပစ်တာမျိုး၊ အခွန်ကို တိကျစွာဆောင်ခိုင်းတာမျိုး တွေနဲ့ ပညာပေးသင့်၊ တင်းကြပ်သင့်နေသလို ထိုက်သင့်စွာ လက်ဦးမှု ၇ယူထားနိုင်ဖို့ စတင်သင့်နေပြီလို့မြင်တယ်။
အယူအဆမတူတဲ့သူတွေ အကြောင်းအချက်ခိုင်လုံစွာနဲ့ လာရောက်ငြင်းခုံနိုင်ပါတယ်။
0 comments:
Post a Comment