Friday, May 18, 2012

အာရောဂျံနှင့်လူ


by သစ္စာနီ on Friday, May 18, 2012 at 9:05am ·

မကြာမီက ဂစ်တာသမားတစ်ဦး၏ အင်တာဗျူးကို နွယ်နီမဂ္ဂဇင်းတွင် ဖတ်ရသည်။ ထိုသူသည် သူ့စိတ်ထဲရှိသမျှ ရဲရဲဝံ့ဝံ့ ပြောတတ်ပုံရ၏။ (တကယ်တော့ ထိုကဲ့သို့သော လူမျိုးကို ကျွန်တော်သဘောကျပါသည်) ထိုသူက အမုန်းဆုံးအရာဟူသော နေရာတွင် ‘အားကစား’ ဟု ဖြည့်စွက်လိုက်တာ ဖတ်လိုက်ရ၏။ ကျွန်တော်သည် အားကစားကို မုန်းစရာဟု မယူဆသော်လည်း ယင်းမှာ အားကစားသမား ဆိုသူများနှင့်သာ သက်ဆိုင်သောအရာဟု ယူဆသူ ဖြစ်ပါသည်။ အားကစားသမားတစ်ယောက်အတွက် အားကစားသည် ဝါသနာ၊ အသက်မွေးမှု၊ ဘဝပန်းတိုင်စသဖြင့် ယူဆနိုင်ပါသည်။ အခြားသူတွေကမူ ထိုသို့ မယူဆနိုင်ပါ။ အထူးသဖြင့် ကျွန်တော်သည် အားကစား လိုက်စားလေ့ရှိသူ မဟုတ်ပါ။

ကျွန်တော်သည် မနက် ၅ နာရီခွဲခန့်တွင် ပုံမှန် အိပ်ရာမှထတတ်သူ ဖြစ်သည်။ ၆ နာရီဆိုလျှင် လက်ဖက်ရည်ဆိုင် ရောက်နေတတ်သည်။ ယင်းမှာ ကျွန်တော်၏ နိစ္စဓူဝဖြစ်သည်။ အပြောင်းအလဲဖြစ်ခဲ၏။ ယင်းကိစ္စမှာ ကျန်သည့်ကာလများတွင် ပြဿနာမရှိလှသော်လည်း ဆောင်းတွင်းရောက်လျှင် ပြဿနာ ဖြစ်လာတတ်ပါသည်။ မနက်စောစော ကျွန်တော် လက်ဖက်ရည်ဆိုင်သို့သွားရာ လမ်းတစ်လျှောက်တွင် (ယခင် အချိန်ကာလများက မြင်လေ့မရှိသည့်) ပုပုရွရွ၊ နုနုကွကွ ကျန်းမာရေးလိုက်စားရန် လမ်းလျှောက်ထွက်လာကြသူများနှင့် ရင်ဆိုင်တွေ့ဆုံခြင်းပင်ဖြစ်၏။ ထိုအထဲတွင် ပါဝင်သော မျက်နှာသိတွေက ကျွန်တော့်ကိုမြင်သော် ဂေါဏောန-ဂေါဏောဟု ထင်မှတ်ကာ ‘လမ်းလျှောက်ထွက်လာတာလား’ ဟု မေးကြ၏။ ထိုကဲ့သို့အမေးခံရသည်ရှိသော် ကျွန်တော် အမြီးတက်နင်းခံရသကဲ့သို့ ကသိကအောက် ဖြစ်ရ၏။ မျက်နှာစူပုပ်ပုပ်ဖြင့် ‘မဟုတ်ဘူး’ ဟု ငြင်းနေရတာက အလုပ်တစ်ခုဖြစ်၍ နေလေသည်။ (သူတို့က ကျန်းမာရေး လိုက်စားရကောင်းမှန်းမသိသူဟု သရော်သော မျက်လုံးများဖြင့် ကြည့်သွားတာပင် ခံလိုက်ရသေး၏) 

လက်ဖက်ရည်ဆိုင်တွင် စိတ်တိုတိုဖြင့်ထိုင်နေစဉ် လမ်းလျှောက်ရာမှ ပြန်လာသော သူငယ်ချင်းတစ်ဦး ရောက်လာသည်။ သူသည် အသက် ၆၀ ကျော် အရွယ်နှင့်မလိုက်အောင် ဘောင်းဘီရှည်အဖြူ စပို့ရှပ်အဖြူ ဂျာကင်အဖြူနှင့်၊ ဦးထုပ်နှင့် မာဖလာအပြင် လက်ကိုင်တုတ်ကိုပါ ဟန်ရေးပြဖို့အတွက် ကိုင်ဆောင်လာရာ ကိုယ့်ပိုက်ဆံနှင့်ကိုယ် အမုန်းခံရအောင် လုပ်လာသကဲ့သို့ရှိ၏။ သူက ဝင်ထိုင်ရင်း ‘ငါ လမ်းလျှောက်ပြီး ပြန်လာတာ’ ဟု ဆိုသည်။ ကျွန်တော်က ‘ဒီတော့ ကျန်တဲ့အချိန်တွေ မင်းကလေးဘက်တွားသွားနေသလား’ ဟု မေးလိုက်တော့ ကျွန်တော့်အကြောင်းသိသူပီပီ ပြုံးရယ်နေသည်။ ကျွန်တော်သည် တစ်သက်လုံး ကျန်းမာရေးအတွက်ဟူသော ရည်ရွယ်ချက်ဖြင့် လမ်းထလျှောက်သူ မဟုတ်ပေ။ နံနက်စောစော လမ်းထလျှောက်တိုင်းသာ ကျန်းမာရေးနှင့်ညီညွတ်ရမည်ဆိုလျှင် ကမ္ဘာပေါ်တွင် ကျန်းမာရေးနှင့် အညီညွတ်ဆုံး လူသားများမှာ မြန်မာပြည်က ပဲပြုတ်သည်များသာ ဖြစ်ပေလိမ့်မည်။ သူတို့သည် မနက်လေးနာရီလောက်ထကာ ခေါင်းပေါ်က ပဲပြုတ်တောင်းထဲမှ ပဲပြုတ်မကုန်မချင်း တစ်လမ်းဝင် တစ်လမ်းထွက် လမ်းလျှောက်ကြရ၏။ သို့သော် ကျွန်တော်တွေ့ဖူးသမျှ ပဲပြုတ်သည်များမှာ ပိန်ပိန်လိန်လိန်နှင့် အရွယ်မတိုင်မီ ကွယ်လွန်ကြကုန်သည်။

ကျွန်တော်သည် မည်သည့်အားကစားကိုမှ ဝါသနာပါကာ လိုက်စားသူမဟုတ်။ ယခု အသက်ခြောက်ဆယ့်သုံးနှစ် ရှိပြီ။ ခန္ဓာကိုယ်တွင် (သွေးတိုး၊ နှလုံး၊ ဆီးချို) စသော စွဲကပ်နေသည့် ရောဂါမရှိ။ ကျန်းမာချင်လျှင် ဘုရားရှင် ညွှန်ကြားခဲ့သလို ကံ စိတ် ဥတု အာဟာရဟူသော အကြောင်းတရားကို မျှတအောင် နေတတ်ဖို့သာလိုသည်။ မနက်ပိုင်းစောစော လမ်းထလျှောက်၍ ကျန်တစ်နေ့လုံးအချိန်များ၌ ကိုယ်ထင်သလို နေချင်သလို အရက်သောက်၊ မူးယစ်ဆေးစွဲ၊ အပျော်အပါးလိုက်စား၊ အဝလွန်အအိပ်မက်နေလျှင် ထိုသူကား မည်သို့မျှ အသက်ရှည်စရာ အကြောင်းမရှိပါချေ။ တချို့က မနက်စောစော လမ်းထလျှောက်လျှင် အားလုံးပြည့်စုံပြီဟု ယူဆကြဟန်တူ၏။ ကျွန်တော်တို့ဆီတွင် သာမာန်ကာလျှံကာအသိမှာ တကယ်သိရမည့် လေးလေးနက်နက် အသိကို ဖုံးလွှမ်း၍နေ၏။ ထို့ကြောင့် ဗဟုသုတအနည်းငယ်ရှိခြင်းမှာ အန္တရာယ်များသည်ဟုဆိုပုံရ၏။

လူသည် ကံ စိတ် ဥတု အာဟာရမျှတအောင် နေဖို့လိုသည်။ အရိယာပုတ်လေးပါး (ထိုင်၊ ထ၊ လျှောက်၊ လျောင်း) ညီညွတ်ဖို့လိုသည်။ ထိုလေးပါးထဲတွင် ပြေးတာမပါ။ တချို့က ကျန်းမာအောင် ရွရွပြေး (jogging) ကြသည်။ အမေရိကန်သမ္မတ ‘ဂျင်မီကာတာ’သည် ရွရွပြေးသူဖြစ်ကာ မာရသွန်ပြေးပွဲတွင်ပင် ဝင်နွှဲသူဖြစ်၏။ မာရသွန်အပြေးသမားများ၏ နှလုံးသည် လူသာမန်တို့နှလုံးထက် ကြီး၏။ အသက်ရှည်တာမတွေ့ရ။ တကယ်တော့ လူသည် ပြေးသောသတ္တဝါမဟုတ်။ (ဝအောင်နေလျှင် ကျန်းမာရေးနှင့်မညီညွတ်) ဝက်သည် ဝသောသတ္တဝါဖြစ်သည်။ လူသည် ကံကောင်းအောင် နေတတ်ဖို့ လိုသည်။ ကောင်းတဲ့အလုပ် လုပ်ရမည်ဟုဆိုသည်။ စိတ်ကိုလည်း သင့်တင့်အောင် နှလုံးသွင်းတတ်သော စိတ်မျိုးမွေးရမည်။ ဥတုရာသီနှင့် ကိုက်ညီအောင် ဝတ်စားနေထိုင်ရမည်။ ကျန်းမာရေးကို အထောက်အကူဖြစ်စေသော အာဟာရမျိုး စားရမည်။ (ရှေးလူကြီးများသည် ယခုထက်တိုင် ဓာတ်စာကိုသာ စားကြသည်)

ကျွန်တော်တို့လူမျိုးများက လေးလေးနက်နက် စဉ်းစားဆင်ခြင်ခြင်းမျိုးမရှိ။ အပေါ်ယံအသိလောက်ဖြင့်သာ မွေ့လျော်နေသူများ ဖြစ်သည်။ အပေါ်ယံအသိမှ ပေါက်ဖွားလာသော အပေါ်ယံနေထိုင်မှုများဖြင့်သာ အသားကျနေကြပါသည်။ တကယ် သဘာဝကျသော၊ အကျိုးရှိသော အသိဖြင့် နေထိုင်မှုအဆင့်ရောက်ရန် အလှမ်းကွာဝေးနေကြသည်။ ယင်းမှာ ကျွန်တော် လက်ဖက်ရည်ဆိုင်ထိုင်ရင်း မြင်နေရသော လမ်းပေါ်၌ လှုပ်လှုပ်ရွရွ သွားနေကြကုန်သည့် နံနက်စောစော လမ်းထလျှောက်သူများကို ကြည့်ကာ ပေါက်ဖွားလာသော အတွေးတချို့သာဖြစ်သည်။ သူတို့ တကယ်ကျန်းမာရေးလိုက်စားနေကြတာလား၊ အများယောင်လို့ ယောင်နေကြတာလား။ သူတို့ ဘာလုပ်နေကြတာလဲ။

သစ္စာနီ  (နွယ်နီ၊ ဇွန်၊ ၂၀၀၉)
ခေတ် (အက်ဆေးနှင့် ဆောင်းပါးများ)

credit: lucky82 (mmcybermedia
)


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...