စာကြည့်တိုက် မရှိတော့တဲ့ ရန်ကုန်
- Published on Thursday, 24 May 2012 13:25
- Written by မောင်စွမ်းရည်
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသာ သက်ရှိထင်ရှား ရှိသေးရင်ဖြင့် “အမျိုးသား စာကြည့်တိုက် ဈာပန ပြာချသည့် မဟာ လေးချိုးကြီး” ဆိုပြီး ကဗျာစီကာ ငိုချင်းချမယ် ထင်မိပါတယ်။
ဆရာကြီး သခင် ကိုယ်တော်မှိုင်း၊ မှော်ဘီဆရာသိန်းကြီး စတဲ့ ကိုလိုနီခေတ်ဦး ပညာရှိကြီးများဟာ ဗမာပြည် အရပ်ရပ် ဘုန်းကြီးကျောင်းဟောင်း၊ ကျောင်းအို အပြိုအပျက်တွေကြား သွားပြီး ပေ ပုရပိုက်တွေ နှိုက်ဖွ လေ့လာ ခဲ့ကြပါတယ်။ ပြီးမှ မော်လမြိုင်၊ ရန်ကုန်လို မြို့ကြီးတွေမှာ စာရေးသား အသက်မွေးကြ ရပါတယ်။ ရန်ကုန်မှာ နေကြတဲ့အခါ “ဘားနဒ် အခမဲ့ ပိဋကတ်တိုက်” မှာ နေကုန်နေခမ်း ဖတ်ရှုလေ့လာ ဆည်းပူး ခဲ့ကြပါတယ်။ အဲဒါက ခုရောင်းစားမယ့် အမျိုးသားစာကြည့်တိုက် သမိုင်းအစပါပဲ။
ဆာ ချားလ် ဘားနဒ် တည်ထောင်ခဲ့တဲ့ အခမဲ့ ပိဋကတိုက်ကို အောက်ဗမာပြည်ကို အင်္ဂလိပ် သိမ်းပိုက်ပြီး ခါစမှာပဲ တည်ထောင်ခဲ့ပါတယ်။ အထက်ဗမာပြည်ကို အင်္ဂလိပ်က ၁၈၈၅ မှ သိမ်းပိုက်တယ်။ ၁၈၈၃ မှာ မစ္စတာ ဘားနဒ် (အောက်ဗမာပြည် ကော်မရှင်နာ မင်းကြီး) က သူ့ရဲ့ ပိဋကတိုက်ကို တည်ထောင်ပါတယ်။
မန္တလေးကို အင်္ဂလိပ် သိမ်းတော့ မှန်စီရွှေချ သေတ္တာကြီးတွေနဲ့ အပြည့်ရှိတဲ့ ပေပုရပိုက် သေတ္တာကြီးတွေကို ရွှေငွေ ရတနာတွေ ထည့်ထားတာလို့ ထင်ပြီး အင်္ဂလိပ်တပ်က စစ်သားတွေက ချိုးဖျက် ရိုက်ခွဲ မွှေနှောက် ရှာဖွေကြပါတယ်။ ဒါကြောင့် ပေပုရပိုက်တွေ နန်းတော်ရင်ပြင်မှာ ပြန့်ကျဲကုန်တယ်။ ဒါတွေရဲ့တန်ဖိုးကို သိတဲ့ စစ်ဗိုလ်ကြီး မစ္စတာချားလ်က ရသမျှ ပြန်လည်ကောက်ယူ စုဆောင်းပြီး ရန်ကုန်ရှိ သူ့စာကြည့် ပိဋကတ်တိုက်မှာ ဖြည့်ဆည်း ထားခဲ့ပါတယ်။ စစ်တပ်တိုင်းမှာ ဓားပြသူတွေ ပါတတ်သလို စာပေ မြတ်နိုးသူတွေလည်း ပါတတ်တာကို သတိပြုစရာ ကောင်းပါတယ်။
ဘားနဒ် အခမဲ့ ပိဋကတ်တိုက်မှာ တရားဝန်ကြီး ဂျာဒင်း၊ ပါဠိပါမောက္ခ ချားလ်ဒါး တို့လို စာပေ ဝါသနာရှင်ကြီးတွေကလည်း သူတို့ စုဆောင်းထားတဲ့ ပေပုရပိုက်တွေထပ်ပြီး လှုကြပါသေးတယ်။ ကင်းဝန်မင်းကြီးရဲ့ ကိုယ်ပိုင်စာကြည့်တိုက်နဲ့ ပုဂံဝန်ထောက်မင်း ဦးတင်တို့ရဲ့ ကိုယ်ပိုင် စာကြည့်တိုက်တွေက ပေပုရပိုက်တွေကိုတော့ ဝယ်ယူပြီးမှ ဖြည့်ဆည်းပါတယ်။ ဒုတိယ ကမ္ဘာစစ် ဖြစ်လို့ စစ်ဘေးကဝေးအောင် ဆရာဇော်ဂျီတို့က ရွှေတိဂုံခြေတော်ရင်းကို ရွှေ့ပြောင်း ကယ်တင်တဲ့ အခါ ပေပုရပိုက် ၇၅၀၀ မျှ ရှိနေပါပြီ။
စာကြည့်တိုက်ကို ပိဋကတ်တိုက်လို့ ခေါ်ခဲ့ကြတာ အနည်းဆုံး ပုဂံခေတ်ကနေ လွတ်လပ်ရေးခေတ်ဦး အထိ နှစ်ပေါင်း တစ်ထောင်နီးပါး အစဉ်အလာ ရှိခဲ့ပါတယ်။ ဆရာဦးခင်ဇော် (ဆရာကေ)၊ ဆရာဇော်ဂျီ၊ ဆရာတိုက်စိုး တို့ကို ပိဋကတ် တိုက်စိုးလို့ ခေါ်ပါတယ်။ နောက်မှ စာကြည့်တိုက်နဲ့ စာကြည့်တိုက်မှုးရယ်လို့ ခေါ်တွင် လာခဲ့တာပါ။
ဗမာပြည်ဟာ နိုင်ငံငယ်ပေမယ့် ပိဋကတ်တိုက် အစဉ်အလာကဖြင့် ရှည်ကြာ ခိုင်မာခဲ့ပါတယ်။ ခရစ်နှစ် ၁၀၄၄ က နန်းတက်တဲ့ အနော်ရထာ မင်းကြီးရဲ့ ပိဋကတ်တိုက်ဟာ ဒီနေ့ထိ မြင်တွေ့နေရပါသေးတယ်။ နားတောင်းများ၊ နရသီဟပတေ့၊ ဖွားစော၊ ကျစွာမင်းကြီးသမီး စတဲ့ မင်းမှူးမတ် မိဖုရားများနဲ့ အရပ်သား လူချမ်းသာများကပါ ပိဋကတ်တိုက် ဆောက်လုပ် လှူဒါန်းတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။ ရာဇကုမာရ် တည်ထောင်တဲ့ ကျောက်သား စာကြည့်တိုက်ကတော့ ပီဒဗလျူဒီ လမ်းဌာနက ဖျက်ပြီး လမ်းခင်းတဲ့ အထဲကို ထည့်လိုက်သတဲ့။ တခြား ပိဋကတ်တိုက် အပျက်အစီး တစ်ချို့ကိုတော့ တွေ့ရဆဲပါပဲလို့ ဒေါက်တာတိုးလှက ဓာတ်ပုံနဲ့တကွ စပယ်ဖြူမဂ္ဂဇင်း ၂၀၀၄ မှာ ဖော်ပြခဲ့ဖူးပါတယ်။
အနော်ရထာ မင်းကြီး၏ ပိဋကတ်တိုက်တော်၊ ပုဂံမြို့
ဗမာ ရှင်ဘုရင်တွေမှာ ကိုယ်ပိုင် နန်းတွင်း စာကြည့်တိုက်တွေ ရှိပါတယ်။ မြို့တော်အသစ် ထူထောင်ရင် ပိဋကတ်တိုက် အသစ်လည်း ထူထောင်တယ် (အဟောင်းကဟာတွေ ရွှေ့ယူရတာ မဟုတ်ဘူး)။ မာမာအေး သီဆိုတဲ့ မန္တလေးမြို့ သီချင်းမှာ မြို့တည်တော့ “ပိဋကတ် တိုက်တော်” ဆိုတာပါကြောင်း ကြားရပါမယ်။ အများအားဖြင့် ဘုရားစာတွေကို ပေရွက်ပေါ်မှာ ရေးကူးပါတယ်။ ဘုရင်ရဲ့ လွှတ်ရုံး လွှတ်တော် ဇာတာကပ် တို့မှာတော့ ထန်းရွက်နဲ့ ရေးသတဲ့။

“ပေတသီး ကျီးတသား” ဆိုတဲ့စကားအရ ပေပင်က တစ်ခါသီးပြီးရင် နောက်ထပ်မသီးဘဲ သေသတဲ့။ ဒါကြောင့် နန်းညွန့် နန်းဆက် ပြတ်တတ်သတဲ့။ ပေကို ရန်ကုန်ကနေ ကြပ်ပြေးကို ယူမသွားရင် ကောင်းမယ်။ မင်္ဂလာ ထန်းရွက်နဲ့ ရေးတာပဲယူပေါ့။ ပိဋကတ် ဆောက်လုပ် လှူဒါန်းသူတွေက ပိဋကတ် စာတွေအပြင် နောက်ပိုင်းမှာ ရာဇဝင်ကျမ်း၊ နက္ခတ် ဗေဒင်ကျမ်း၊ သဒ္ဒါ အလင်္ကာ ကျမ်းတွေလည်း လှူသတဲ့။ နောက်ထပ် ရေးဖို့နဲ့ ပျက်ရင်ပြင်ဖို့ ထန်းပင်တွေနဲ့ “ပေလုပ်မျဉ်းကိုင်” စာပေလုပ်သားဖြစ်တဲ့ ကျွန်တွေလည်း လှူတယ်။ မြေလည်း လှူတယ်။ ပိဋကတ် တိုက်အုပ် ဘုန်းကြီးတစ်ပါးလည်း ကျောင်းအပ် ပေးလိုက် တတ်ပါသေးတယ်။
ဗမာပြည်မှာ ရွာကြီးကြီးရှိရင် ဘုန်းကြီးကျောင်း ကြီးကြီးရှိတယ်။ ကျောင်းရှိရင် ပိဋကတ်တိုက် ရှိတယ်။ အဲဒါတွေဟာ လူတိုင်းကြည့်နိုင်တဲ့ ပြည်သူ့ စာကြည့်တိုက်တွေပါပဲ။ အင်္ဂလိပ် စစ်တပ်က စစ်သားတွေက ဘုရင့်စာကြည့်တိုက်ကိုသာ ဖျက်ပေမယ့် ဘယ်ဘုန်းကြီးကျောင်းကိုမှ မဖျက်ခဲ့ပါဘူး။ ဒါကြောင့် ဘုန်းကြီးကျောင်း တွေမှာ ဒီနေ့အထိ ပေပုရပိုက်တွေ တနင့်တပိုး ရှိနေတုန်းပါပဲ။ မြင်းခြံ ချောင်းနှောင်း ဘုန်းကြီးကျောင်း၊ နန်းမတော် မယ်နုရဲ့ဇာတိ ဖလံခုံရွာ ဘုန်းကြီးကျောင်းတို့ကို နမူနာ ပြချင်ပါတယ်။ ကျွန်တော် လိုက်လံစုဆောင်းပြီး ရောင်းမစားဘဲ ဆရာမင်းသုဝဏ်၊ ဦးသော်ကောင်း၊ ဒေါက်တာသန်းထွန်း တို့ကတစ်ဆင့် စာကြည့်တိုက်ကို လှူခဲ့ဖူးပါတယ်။ ပုံမနိုပ်ရသေးတဲ့ စာတွေလည်း ပါရှိပါတယ်။ ရောင်းစားရင် သူဌေးဖြစ်နိုင် ပါတယ်။ ဝါသနာပါရင် စုပါ၊ ရောင်းပါ (မန္တလေး၊ မေဃဝတီ၊ တောင်သမန်တိုက်ရှိ ပိဋကတ်တိုက်ကို ဦးသော်ကောင်း၊ ဦးမောင်မောင်၊ ဦးထင်ကြီးတို့ကို ကျွန်တော် ခေါ်ပြဖူးတယ်။ ဗမာ ဝန်ကြီး မှူးမတ်တွေရဲ့ စာအုပ်တွေပါ တွေ့ရပါတယ်)။
အင်းဝကို မစ်ရှင် လာရောက်တဲ့ ကပ္ပိတန် ဆိုင်းမ် ဆိုတာ မှတ်တမ်းရေးဖူးတယ်။ ဘိုးတော် ဗဒုံမင်းကြီးရဲ့ စာကြည့်တိုက်ဟာ မှန်စီရွှေချ သေတ္တာကြီးတွေနဲ့ စနစ်တကျ အများကြီးရှိကြောင်း ဒင်နယုတ်မြစ်ရဲ့ အရှေ့ဘက်မှာ ရှိရှိသမျှ စာကြည့်တိုက်တွေထက် ကြီးကျယ် ကောင်းမွန်ကြောင်း အံ့သြခဲ့ဖူးပါတယ်။ စာအုပ်ထည့်တဲ့ သေတ္တာတွေကို “စာတိုက်” လို့ ခေါ်တယ်။ အသံထွက် “ဇံဒိုက်” တဲ့။ ညောင်ရမ်းမင်းသား ပိဋကတ် တိုက်နဲ့၊ ကင်းဝန် ပိဋကတ်တိုက်တို့လည်း နာမည်ကြီးပါတယ်။

ခုအခါ တစ်ချို့ ဘုန်းကြီးကျောင်းတွေမှာ “ဇံဒိုက်” တွေမှာ ထမင်းခြောက်၊ ငါးခြောက် ငါးခြမ်း စသည် ထည့်နေတာ တွေ့ရပြီး၊ တစ်ချို့ “ဇံဒိုက်” မှာတော့ ခွေး၊ ကြောင်၊ ကြွက်တို့ရဲ့ မီးနေခန်း ဖြစ်ကုန်ပါပြီ။ ဒါပေမဲ့ နောက်ထပ် စာကြည့်တိုက်မှုး အာဇာနည် တစ်ယောက်ယောက် ပေါ်ထွန်းလာလို့ လိုက်လံ စုဆောင်းဦးမယ်ဆိုရင် ဦးသော်ကောင်းလို ကမ္ဘာကျော် ဖူကူအိုကာ ဆုရှင် စာကြည့်တိုက်မှူးကြီး မုချ ဖြစ်နိုင်ပါသေးတယ် အများကြီး ကျန်သေးတယ်။
သားရိုးကိုင် ရွှေချ စာတိုက်သေတ္တာ
ခေတ်သစ် စာကြည့်တိုက်တွေဟာ ဗမာပြည် အနှံ့အပြားမှာ ၁၉၁၀ လောက်ကစပြီး ပေါ်ခဲ့တယ်။ မြန်မာစာပေ ပြန့်ပွားရေး အသင်းဆိုတာ ၁၉၂၅ လောက်မှာ တည်ထောင်ပြီး စာကြည့်တိုက် ထွန်းကားရေးကို အထူးအားပေး လှုံ့ဆော်ခဲ့တယ်။ ခေါင်းဆောင်က ကြေးတိုင်မင်းကြီးဟောင်း မစ္စတာ ဖာနီဗယ် တဲ့။ ခေတ်စမ်း စာပေခေတ်မှာ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ တက္ကသိုလ် မောင်သန့်စင်၊ မြကေတု၊ မောင်သုတ၊ ကုသ၊ ဒေါက်တာလှဖေ တို့နဲ့တကွ သခင်ဘသောင်း တို့ကိုပါ စင်တင် မွေးထုတ် ပေးခဲ့သူပါ။ ပဲရော့ဦးဆန်နီ၊ ဆရာဇော်ဂျီ၊ လူထုဦးလှ (ကြီးပွားရေး ဦးလှ) တို့ဟာ စာကြည့်တိုက် ဖွံ့ဖြိုးရေးမှာ အထူး အရေးပါခဲ့ပါတယ်။ သူတို့နာမည်ကြားရင် လက်အုပ် ချီရပါတယ်။

မစ္စတာ ဖာနီဗယ်ဟာ သမိုင်းနဲ့ စာပေသုတေသီ၊ ဘောဂဗေဒ ပညာရှင်ပါ။ ဦးနုက သတိုးသီရိ သုဓမ္မဘွဲ့ ပေးခဲ့ပါတယ်။ ဗိုလ်နေဝင်းက စီအိုင်အေဆိုပြီး နှင်ထုတ်ခဲ့ပြီး သူတို့ တည်ထောင်ခဲ့တဲ့ သုတေသနအသင်းကို ဖျက်ပစ် လိုက်ခဲ့ပါတယ်။ ဦးသော်ကောင်းအကြောင်း ရေးတဲ့ စာအုပ်မှာ ဦးသော်ကောင်းဟာ အဲဒီအကြောင်းတွေကို ထည့်ပြောခဲ့ပါတယ်။ ငိုသံပါနေတယ်လို့ ထင်မိပါတယ်။
ဗမာပြည် လွတ်လပ်ရေးရတော့ ဘားနဒ် ပိဋကတ်တိုက်ကို ငုံပြီး နိုင်ငံတော် ဂုဏ်နဲ့အညီ နိုင်ငံတော် စာကြည့်တိုက်ရယ်လို့ ထူထောင်တယ်။ နောင်အခါ အမျိုးသား စာကြည့်တိုက်လို့ အမည်ပြောင်းတယ်။ နေရာ ရှစ်ခါပြောင်းလို့ စာအုပ်ဟောင်းတွေနဲ့ ပေပုရပိုက်တွေ ကျိုးပျက်ရတယ်။ ခုထက်ထိ စာကြည့်တိုက် အဆောက်အအုံ ကိုယ်ပိုင် လုံးဝမရှိသေး၊ ရှိတာရောင်းစားလိုက်ရင် ရန်ကုန်မြို့ကြီးဟာ စာကြည့်တိုက် မရှိတဲ့ မြို့အဖြစ် ဟောင်းလောင်းကြီး ကျန်ရစ်ပါတော့မယ်။ ကမ္ဘာမှာ စာကြည့်တိုက် ကိုယ်ပိုင် အဆောက်အအုံ မရှိတာ၊ ကလေးစာကြည့်တိုက် မရှိတာ၊ အမျိုးသား စာစုစာရင်း မရှိတာ၊ နိုင်ငံခြားစာအုပ် မဝယ်တာ ဗမာ အမျိုးသား စာကြည့်တိုက် တစ်ခုတည်းသာ ရှိပါတော့ကြောင်းကို မျက်ရည်နဲ့ ရေးလိုက်ရပါတယ်။

လက်ရှိ အမျိုးသား စာကြည့်တိုက်ကြီးရဲ့ အခြေအနေကို ကျွန်တော် သိရှိမှတ်မိသမျှ တင်ပြချင်ပါတယ်။ အများ သိကြပြီး ဖြစ်တဲ့အတိုင်း အထက်ဗမာနိုင်ငံကို အင်္ဂလိပ်တို့ မသိမ်းမီ ၁၈၈၃ ခုနှစ်မှာ အောက်ဗမာပြည် ဝန်ရှင်တော်မင်းကြီး ဆာချားလ် အက်ဒွပ် ဘားနဒ် (နယ်ချဲ့) တည်ထောင်ခဲ့တဲ့ ဘားနဒ် အခမဲ့ ပိဋကတ်တိုက်ကို ဗမာပြည် လွတ်လပ်ရေး ရတဲ့နှစ်မှာ ရန်ကုန် မြူနီစပယ် စာကြည့်တိုက် သဘောမျိုး ဆက်ခံ ထိန်းသိမ်းခဲ့ရာက ၁၉၅၂ ကျမှ အစိုးရကို ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတော့မှ နိုင်ငံတော် စာကြည့်တိုက် သဘောမျိုးနဲ့ ဂျူဗလီဟောကို ရွှေ့စေခဲ့ပါတယ်။
စစ်တပ် အာဏာသိမ်းတဲ့ ၁၉၆၂ မှာ ပန်းဆိုးတန်း၊ တိုက်အမှတ် ၁၆၆၊ ဒုတိယထပ်နဲ့ တတိယထပ်ကို ပို့ပြီး ပိတ်ထားခဲ့ပါတယ်။ ၁၉၆၅ ခုနှစ် ကုန်ခါနီးမှ ပြန်ဖွင့်ပါတယ်။ မြူနီစပယ် မြို့တော်ခန်းမမှာ ဖွင့်တာပါ။ ၁၉၇၄ ကျမှ ကမ်းနားလမ်း ခြောက်ထပ်ရုံးကို ပြောင်းပြီး ပြန်ဖွင့်ဖြစ်ပါတယ်။ အမည်အမျိုးမျိုး၊ နေရာအမျိုးမျိုး ရှစ်ကြိမ် ပြောင်းပြီးပါပြီ။
21 February 1883 when the Commissioner of Lower Myanmar, Sir Charles Edward Bernard opened a library, with his collection of books, in the centre of Rangoon (presently No 1 State High School, Latha Township). This library was the first free public library in Myanmar.

အခုလက်ရှိ အမျိုးသား စာကြည့်တိုက်ကြီးဟာ ၁၉၉၅ ခုနှစ်က စပြီး တာမွေ သုဿန်ဟောင်းကြီးထဲမှာ စတင် ဆောက်လုပ်ခဲ့ပါတယ်။ မြေဧက ၁၀ ဧကလောက် ကျယ်ပါတယ်။ အထပ် ရှစ်ထပ် ရှိပါတယ်။ သင်္ချိုင်းထဲမှာ ရှိပေမယ့် ခမ်းနားပါတယ်။ ၂ နှစ်နဲ့ အပြီးဆောက်မယ် ဆိုပေမယ့် ကျွန်တော် ပြည်ပ ထွက်လာတဲ့ ၂၀၀၂ နိုဝင်ဘာထိ မပြီးသေးပါဘူး။ ၁၀ နှစ်လောက် ကြာသွားတယ် ထင်ပါတယ်။ မပြီးသေးပေမဲ့ ၁၉၉၉ ခုနှစ်ကစပြီး ရွှေ့ပါတယ်။ ပေပုရပိုက်တွေကို အဖိုးအခယူပြီး ငှားဖို့ဆိုထင်ပါရဲ့၊ ဗိုလ်တစ်ထောင် ကောလိပ်ကို ရွှေ့လိုက်သေးတယ်လို့ ကြားရပါတယ်။ ဆာလာအိတ်တွေနဲ့ ထည့်သွင်း ရွှေ့ပြောင်းတော့၊ ရှစ်ခါရွှေ့ ရှစ်ခါ ကျိုးပဲ့မှာပါပဲ။
ကျွန်တော်ထွက်လာပြီး မြန်မာတိုင်း သတင်းစာမှာ ၂၀၀၃ ခုနှစ်က ဖော်ပြတဲ့ စာရင်းအရ စာနယ်ဇင်း ၆ ဒဿမ ၅ သိန်းခန့်အနက် စာအုပ် ၁ ဒဿမ ရှစ်သိန်းကျော် ရှိတယ်လို့ ဖော်ပြပါတယ်။ ခုအခါ ရွှေ့ပြောင်းပြီးလို့မှ အသားမကျခင် ဒီအဆောက်အအုံကြီးကို လေလံပစ်ပြီး ရောင်းစားတော့မယ်လို့ ကြားလိုက်တော့ အရပ်ရပ် နေပြည်တော် ကြားလို့မတော်ဖြစ်ပြီး သုတေသီ ပညာတတ် လောကမှာ အတော် တုန်လှုပ် သွားခဲ့ရပါတယ်။ သုတေသီတွေက ဝိုင်းပြီး မရွှေ့အောင် ပန်ကြားဖို့ ကောင်းပါတယ်။
During the Second World War, the Library was damaged but many books and almost all manuscripts were saved. In 1952, the Library was transferred to the Myanmar Government. It moved to the Jubilee Hall on the Shwedagon Pagoda Road and was reopened as the National Library of Myanmar under the Ministry of Culture.
တကယ်ဆိုရင် အမျိုးသား စာကြည့်တိုက်ဆိုတာ အမျိုးသားစာပေတွေ သိမ်းဆည်းထားရာ နေရာဖြစ်ပြီး သုတေသီ သုံးစွဲသူတွေနဲ့ နီးကပ် လွယ်ကူတဲ့ နေရာမှာ ရှိရပါမယ်။ အမျိုးသား စာကြည့်တိုက် အမျိုးအစား ပြည်သူ့ စာကြည့်တိုက်တွေဟာ တိုင်းနဲ့ပြည်နယ်တိုင်းမှာ ရှိပါတယ်။ မန္တလေး၊ မော်လမြိုင် စတဲ့ တိုင်းနဲ့ပြည်နယ် မြို့တော်တွေမှာ ရှိပါတယ်။ ဒါကို ရန်ကုန်တိုင်း စာကြည့်တိုက်အဖြစ် နာမည်ပြောင်းပြီး နေပြည်တော်သစ်မှာ စာကြည့်တိုက် အသစ် တည်ထောင် ဖွင့်လှစ် ထားရှိပြီး အထူးလိုအပ်တဲ့ စာအုပ်မျိုးတွေကို အသစ်ကူးယူ ထားရှိသင့်ပါတယ်။
လွတ်လပ်ရေးရတာ နှစ် ၆၀ ကြာမှ ကိုယ်ပိုင် အဆောက်အအုံနဲ့ ထားခွင့်ရတဲ့ စာကြည့်တိုက်ကြီးမှာ ငွေသုံး ဘတ်ဂျက်နည်းလို့ နိုင်ငံခြား စာအုပ်သစ်တွေ မဝယ်နိုင်ပါဘူး။ စာအုပ်ချင်း ဖလှယ်တာပဲ ရှိပါတယ်။ ခဲယမ်းမီးကျောက်၊ စစ်လေယဉ်၊ စစ်ကားတွေပဲ ဝယ်နေရတာကိုး။ ၁၉၉၀ ခုနှစ်က တစ်နှစ်လုံးမှ ငါးသောင်းပဲရပြီး တိုးတောင်းလို့ ခုနစ်သောင်းပဲ ရခဲ့ပါတယ်။ ဝန်ထမ်းက နေ့စား၊ လပေး၊ ဆန် ၁၂ ပြည်နဲ့ ခန့်ထားသူတွေပါမှ ၂၅ ယောက်လောက်ပဲ ရှိခဲ့တာပါ။ ဝန်ထမ်းမလောက်လို့ အမျိုးသား စာစုစာရင်း အပြည့်အစုံ မလုပ်နိုင်ခဲ့တာဟာလည်း ကမ္ဘာ့အံ့ဖွယ်ပါပဲ။ စာကြည့်တိုက် တစ်တိုက်လုံးရဲ့ စာစုစာရင်း စနစ်တကျ မထားနိုင်တော့ စာကြည့်တိုက်ချင်း စာရင်းဖလှယ်တာမျိုး မလုပ်နိုင်တာလည်း ကမ္ဘာ့အံ့ဖွယ်ပါပဲ။

ဘန်ကောက်က အမျိုးသား စာကြည့်တိုက်မှာ ပင်မ စာကြည့်တိုက် အဆောက်အအုံမှာပဲ တစ်ရာ့အစိတ်လောက် ရှိပါတယ်။ စာအုပ်ဆိုင်ကြီးတွေမှာတောင် ကလေးစာဖတ်ခန်း ရှိပေမယ့် ဗမာပြည်မှာ စာကြည့်တိုက်မှာ ကလေးစာဖတ်ခန်း၊ ကလေးစာကြည့်တိုက် မရှိပါဘူး။ သူများနိုင်ငံရောက် ဗမာလူငယ်တွေက ကလေးစာအုပ်ဟောင်းတွေ လှူတော့ သူတောင်းစာနိုင်ငံ မဟုတ်ဘူးဆိုပြီး ဗိုလ်ခင်ညွန့်က ငြင်းပယ် ခဲ့ဖူးပါတယ်။
ဒီမိုကရေစီခေတ်က ရန်ကုန်မှာ ပြည်သူ့ စာကြည့်တိုက်ခေါ် အများသုံး စာကြည့်တိုက် ရှစ်တိုက် ရှိခဲ့သတဲ့။ ခုရှိတဲ့ စာပေဗိမာန် စာကြည့်တိုက်နဲ့ ဂန္ဒီ စာကြည့်တိုက်တို့ဟာ အသက်မဝင်တော့ သလောက်ပါပဲ။ ဒါကြောင့် ပုဂ္ဂလိက စာအုပ်အငှာဆိုင် ကလေးတွေ ပေါ်ပေါက်လာရတာလည်း ကမ္ဘာ့အံ့ဖွယ်ပါပဲ။ နိုင်ငံခြား ကျောင်းသားတစ်ဦးက ထူးဆန်းလို့ အသေအချာ လေ့လာပြီး စာတမ်း ရေးဖူးပါတယ်။ စာကြည့်တိုက်တွေ မရှိလို့ ဒီလိုဖြစ်ရတယ် ဆိုတာကိုတော့ ထပ်ဆင့် အံ့သြသွားရလေရဲ့။
ရန်ကင်းမြို့နယ်၊ ဆည်မြောင်းဝင်း အတွင်းရောက် အိမ်နိမ့်စံ အမျိုးသား စာကြည့်တိုက်။
နိုင်ငံခြားကလှူတဲ့ စာအုပ်ဟောင်းတွေကို ငြင်းပယ်ခဲ့ဖူးပေမယ့် ပြည်တွင်း စာအုပ်ဆိုင်တွေက ရောင်းကျန် စာအုပ်ဟောင်းတွေကိုတော့ အလှူခံပြီး ကျေးလက် စာကြည့်တိုက်၊ ရပ်ကွက် စာကြည့်တိုက် ကလေးတွေ ဖွင့်ခိုင်းနေတယ်လို့ ကြားရပါတယ်။ ဘာပဲဖြစ်ဖြစ် ဝမ်းသာပါတယ်။ ဒါပေမဲ့ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် မရှိပါဘူး။ ကြံ့ဖွတ်နဲ့ စွမ်းအားရှင် အစိတ်သား (တမတ်သား) ပါဝင်ပြီး နိုင်ငံရေးမပါအောင် ကြီးကြပ်နေတယ်လို့ ကြားရတော့ စိတ်မကောင်းပါဘူး။
ကျွန်တော်တို့ ကျောင်းသားဘဝက မန္တလေး လမ်းမတွေတစ်လျှောက်မှာ စာဖတ်ခန်းလေးတွေ မှိုလို ပေါက်နေ ပါတယ်။ အနည်းဆုံးတော့ သတင်းစာမျိုးစုံ ဝင်ကြည့်လို့ ရပါတယ်။ နတ်နွယ်တို့၊ မောင်မိုးသူတို့လို စာပေသမားတွေဟာ မန္တလေး ဒီဘိုးဘိုးတာ စာကြည့်တိုက်က မွေးထုတ် လိုက်ခဲ့တာပါတဲ့။ ကျွန်တော်တို့ဆိုရင် မန္တလေး မီးရထားရပ်ကွက် စာကြည့်တိုက်နဲ့ ကြီးပြင်းလာခဲ့ ပါတယ်။ ကျွန်တော်တို့ရွာ၊ တင်မိုးတို့ရွာတွေမှာလည်း စာကြည့်တိုက်လေးတွေ ရှိပါတယ်။ ကျေးလက် စာကြည့်တိုက် ကလေးတွေက အာရှလူငယ်လေးတွေ ပေါ်ထွက် လာခဲ့ပါတယ်။ သူတို့ဟာ ဖက်ဆစ် တော်လှန်ရေး သားကောင်းလေးတွေအဖြစ် ကြီးပြင်း ထွန်းကားလာခဲ့ပါတယ်။

စာကြည့်တိုက်တွေ ဖွင့်လိုက်တာဟာ ထောင်တံခါးတွေ ပိတ်တာနဲ့ အတူတူပဲလို့ ငယ်ငယ်က မှတ်ခဲ့ရပါတယ်။ ခုတော့ ထောင်တွေပဲ ထပ်တိုးလာပြီး စာကြည့်တိုက်တွေက ပိတ်ကုန်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကို ဒါတစ်ခုနဲ့ပဲ တွက်လို့ ရနေပါပြီ။ မြို့လယ်က ဂျူဗလီဟောလို၊ သမိုင်းဝင် အဆောက်အအုံ၊ စာကြည့်တိုက်၊ ပြတိုက်ဟောင်း နေရာတွေကို ဖျက်ပြီး စစ်သမိုင်းပြတိုက် ဆောက်သတဲ့။ သမိုင်းဝင် အတွင်းဝန်ရုံးကိုလည်း ရောင်းစားတော့မတဲ့။ ဘနှဖူး သိုက်တူးရက်လေခြင်း။ နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်တွေဟာ စစ်တန်းလျားတွေ ရောင်းပစ်ကြပါစို့။ အကျဉ်းထောင် အချုပ်ခန်းတွေ ရောင်းပစ်ကြပါစို့။ ပုဂံခေတ် ပိဋကတ်တိုက် အစဉ်အလာကို ပြန်လည် ထူထောင်ကြပါစို့။
မောင်စွမ်းရည်
၂၀၀၈ ဇန်နဝါရီ
မောင်စွမ်းရည်
၂၀၀၈ ဇန်နဝါရီ
သူတို့ဆီက စာကြည့်တိုက်များ
0 comments:
Post a Comment