မိုးနတ်မင်း နဲ့ သိကြားမင်း သိပါစေ
by Ma Tay Myinl on Wednesday, May 23, 2012 at 2:55pm
ဒီနေ့ ညဘက် ကျတော် မသေးမျှင် တို့ နေထိုင်ရာ ရပ်ကွတ်သည် VIP အသိုင်းအ၀န်း မဟုတ်သဖြင့် မီးပျက်နေကာ ညဘက် ထွန်းဖို့ ဖယောင်းတိုင် ထွက်ဝယ်ဖို့ လမ်းထိပ်ထွက်လာသည်။ ဖယောင်းတိုင် ၀ယ်ရာတွင်လဲ လွယ်လွယ်နဲ့ ဝယ်လို့ မရ။ လျှောက်လွှာတွေဘာတွေ တင်ရသည်။
မည်သည့်အတွက်ကြောင့်ဝယ်သနည်း . . . ဘယ်နှစ်တိုင်ဝယ်သနည်း ဘယ်နေ့ အထိ သုံးမည်နည်း စသည့် မေးခွန်းများစွာပါသော လျှောက်လွှာဖြင့် ၀ယ်သူမှတ်ပုံတင် မိတ္တူ သန်ခေါင်းစာရင်း မိတ္တူဖြင့် တင်ပြမှတာ ထုတ်ပေးသည်။ အခုတလော ဖယောင်းတိုင်ဖြင့် ဆန္ဒထုတ်ဖော်သည် ဆိုလား ဘာလား ။ ကျတော်ကတော့ ငယ်သေးတော့ ဒါမျိုးတွေတော့ စိတ်ဝင်မစားပါ။ ညဘက် မီးခဏလေး လာချိန်တွင် အလုပ်ယူသွားဖို့  မနက်ဖန်ထမင်းချိုင့်အတွက် ဟင်းချက်ဖို့ သာ တွေးရင်း လမ်းလျှောက်နေသည်။
"ရွှတ် . . . ရွှတ် "
"ဟဲ့ကောင်လေး . . . ခေါ်နေတာမကြားဘူးလား . . . ရပ်ဦး"
ကျတော် တော်တော်လန့် သွားသည်။ လက်ထဲတွင်လဲ ဖယောင်းတိုင်ထုတ်ကြီးနဲ့  . . . ကျတော် နိုင်ငံရေး အကြောင်း စိတ်မ၀င်စားသော်လဲ Facebook သုံးသဖြင့် နည်းနည်းတီးမိခေါက်မိတော့ရှိသည်။ ဘာတဲ့ . . . ဖယောင်တိုင်း ကိုင်တဲ့ သူတွေကို စားသုံးလုံး က ဆိုလား စစ်လား မေးလား လုပ်တယ် တဲ့။ ကျတော်လဲ ကြောက်ကြောက်လန့် လန့်  နဲ့  ဖနောင့်နဲ့ တင်ပါး တစ်သားတည်း ကျအောင် ပြေးတော့သည်။ အနောက်မှလဲ လိုက်လာသံကြားသည်။
"အမေရေ သားတော့ ဖယောင်တိုင်ကြောင့် ရေတိမ်နစ်တော့မည် ခင်ဗျ" ဟုတ် စိတ်ထဲတွင်လဲ တွေး ပြေးကလဲပြေး လူကလဲ ခပ်ပြည့်ပြည့်လေး ရှိတောကြောင့် ကြာကြာ မပြေးနိုင် မောလာသည်။ အနောက်က လိုက်လာသူလဲ ကျတော့်နား တမောတပန်းရောက်လာသည်။
"ခွီးနဲ့ မှပဲ . . နင့်မေကလွှားလေး ငါတို့ ခေါ်တာ မကြားဘူးလား . . . နင့်နောက်လိုက်ရတာ အသက်ထွက်တော့မည်"
မောမောပန်းပန်းနဲ့ ပြောလေသည်။
သေချာကြည့်တော့ လူနှစ်ယောက်၊ တစ်ယောက်က ပြဇာတ်ထဲက နတ်ဝတ်နတ်စားတွေ နဲ့ ဖြစ်သည်။ ကျန်တဲ့ တစ်ယောက်ကတော့ ၀ူခုန်းကားထဲက တရုတ်နတ်များနဲ့ တူနေသည်။ ညအမှောင် သူတို့ မျက်နှာ ကို ခပ်ဝါးဝါးသာ မြင်ရသည်။
"ခင်များတို့ က ဘယ်သူတွေလဲ ခင်ဗျ စားသုံးလုံး ကလား . . . ကိုကြီးတို့ ကျတော်ဘာမှ မလုပ်ဘူးနော် သိလား . . ."
ကျတော်လဲ ဖယောင်းတိုင်ထုတ်လေး အနောက်တွင် ဖွက်ထားပြီး မျက်နှာချိုသွေးကာ မေးလိုက်သည်။
"ဟိုက် စွပ်စွပ်စွဲစွဲ မဟုတ်ရပါဘူးကွာ . . . ငါက သိကြားမင်းပါကွ ငါ့ဘေးက တစ်ယောက်က မင်းတို့ ကြည့်ကြည့်နေတဲ့ တရုတ်သိုင်းကား ထဲက မိုးနတ်မင်း လေ . . . ဒါလေးတောင် မသိဘူးလား weakကွာ"
နိတ်ဟ နတ်တွေလဲ ပြောသေးတယ်။ဇာတ်ထဲက နတ်ဝတ်နတ်စားဖြင့် လူက ခေတ်ဘန်းစကားတောင် သုံးပြီး ရှင်းပြနေသည်။ ကိုယ်တွေ ဘန်းစကားကိုတောင် သူတို့ သိနေပါရောလား . . .
ကျတော်လဲ စားသုံးလုံး ကမဟုတ်ဘူး ဆိုတော့ နဲနဲတော့ အကြောက်အလန့် ကင်းသွားသည်။ သူတို့  ပြောတဲ့ အတိုင်း ဟုတ်မှာပါ။ နှစ်ယောက် စလုံး မျက်နှာများက သဘောကောင်းပုံရသည်။
ကျတော်လဲ စပ်စုရတာဝါသနာပါသဖြင့် သိကြားမင်း ဆိုသူကို ထပ်စပ်စုလိုက်သည်။
"ဒါနဲ့ သိကြားမင်းကြီး တို့ က ဘာကိစ္စနဲ့ ဆင်းလေးတာလဲဟင် . . . "
သိကြားမင်း ဆိုသူကလဲ
"ဟေ မဆင်းလာလို့ ရမလားကွ . . . အခုတလော ငါ့ကျောက်ဖျာက တင်းလို့  ဖင်ကို နာလို့  . . . ဟို မိုးနတ်မင်းကလဲ သူလဲ နေရထိုင်ရတာ ဖင်ကြိမ်းနေတယ် တဲ့ . . . ငါတို့ နှစ်ယောက် အတူတူတိုင်ပင်ပြီး ဆင်းလာတာဟေ့ . . . ဒါနဲ့ လူလေး အခုတလေ မြို့ ကြီးတွေမှာ ဖယောင်းတိုင်မီးတွေ ထွန်းပြီး ဘာတွေ လုပ်နေတာလဲကွ "
သိကြားမင်း အနေနဲ့ တော်တော် အထူးအဆန်းဖြစ်နေပုံရသည်။ ကျတော်လဲ သူ့ နားကို ကပ်ကာ လေသံတိုးတိုးလေးဖြင့် ပြောရသည်။
"အဲ့ဒါ မီးမလာလို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတာလေ"
"ဟေ အဲ့လိုလား ခဏ တစ်ဖြုတ်ပျက်တာနေမှာပါကွာ မြန်မာပြည်မှာက သဘာဝအရင်းအမြစ်ကြွယ်ဝပါတယ် . . . ငါ အင်တာနက်မှာ ဖတ်နေရတာပဲ"
သိကြားမင်း အပြောကြောင့် ကျတော် ထပ်အံ့သြရပြန်သည်။ သူတို့ ဆီမှာလဲ အင်တာနက် ရှိပါသလား . . . နတ်ပြည်လဲ ခေတ်မှီနေလောက်ပြီပေါ့ ။ ကျတော်က ဆက်ပြီး
"နို့  နတ်ပြည်မှာ အင်တာနက် ရှိနေရဲ့ သားနဲ့ အခု ဖယောင်းတိုင် ကိစ္စ ကျတော့ ဘာလို့ မသိတာတုန်း . . . "
ကျတော်မေးတာ ဆုံးသည်နဲ့ သိကြားမင်း မျက်နှာကြီး စူပုတ်ပြီး နှာခေါင်းကြီးပွကာ
"ငါတို့  နတ်ပြည်က N.P.T(Natpyay Post and Telecommunication) လိုင်းတွေ မင်းတို့ လူ့ ပြည်က ဖယောင်တိုင်းမီးတွေ အခိုးရိုက်လို့ လိုင်းကျသွားတယ် ပြောတာပါပဲကွာ . . . ဒီလိုပါပဲ ဟိုအကြောင်းပြ ဒီအကြောင်းပြ နဲ့  . . . "
ဟု မဲ့ရွဲ့ ပြီး ဖြေလေသည်။
အော် သနားစရာ ကောင်းလိုက်တာ . . . နတ်ပြည်လဲ ကျတော်တို့ လိုပါလား . . သေရင် နတ်သားဖြစ်ချင်စိတ်တောင် နဲနဲလျော့သွားသည်။
"ဒါနဲ့ မီးပျက်တာက ဘယ်လောက်များ ပျက်လို့ လဲ ပြောပါဦး"
သိကြားမင်းလဲ လာရင်းကိစ္စ အမှတ်ရပြီး ကျတော့်ကို ဆက်မေးသည်။ ကျတော်ကလဲ ငါတို့ ကိုသနားပြီး သူ့ တန်ခိုးနဲ့ များ ဗုံးဖောက်ခံထားရသော တာဝါတိုင် ပြန်ပြင်ပေးလေ မလား ဆိုပြီး မျက်နှာလေးငယ်ကာ မနှဲလေး လေသံဖြင့်
"မပြောချင်ပါဘူး ဘဖိုးသိကြားကြီးရယ် မြန်မာပြည်အထက်ပိုင်းက တာဝါတိုင်လေး တစ်တိုင် အဖောက်ခံလိုက်ရပါတယ် မီးက ပျက်လိုက်တာမှ ခဏခဏပဲ တစ်ခါပျက်မှ ၂နာရီလောက်ပါပဲ . . . ပြီးရင် ငါးမိနစ်လောက် လာတယ်လေ ငါးမိနစ်ပြီးရင် ပြန်ပျက်ရော ၂နာရီ . . . ပြောမပြောချင်ပါဘူးဗျာ မီးခဲပေါ် ယင်နားရင်တောင် သူထက်ကြာပါတယ်"
ဒီတစ်ခါ အံ့သြရသူကတော့ သိကြားမင်း ဖြစ်ပုံရသည်။
"တာဝါတိုင် တစ်တိုင် ထိသွားတာနဲ့ အဲ့လောက်ဖြစ်သွားရောလား ထူးဆန်းပါ . . . မင်းတို့ လျှပ်စစ်ဝန်ကြီး ပြောတော့ ပိုလျှံနေလို့  လျှပ်စစ်တွေကို Marketing သဘောအရ ပြည်ပ ကို ရောင်းစားရတယ်ဆို။ မင်းတို့ ဆီက လျှပ်စစ်မီး နဲ့ တရုတ်အိုလံပစ် ပွဲတော်ကြီးတောင် မီးတွေ ထိန်ထိန်လင်းနေတာ မဟုတ်လား . . . သဘာဝ ဓာတ်ငွေ့တွေ ဟိုကထွက် ဒီကထွက်နဲ့ ကို . . . အဲ့ဒါတောင် မီးဖျက်ထားတယ် ဟုတ်လား . . . "
ကျတော်ကလဲ ဆက်ပြီး ငိုသံပါပါဖြင့်. . .
"အောင်မလေး ဖိုးသိကြားမင်းကြီးရဲ့ မပြောချင်ပါဘူး . . . ပိုလျှံနေတယ် ဆိုတာ သူတို့ နေတဲ့ ရပ်ကွတ်ထဲမှာ ဖြစ်မှာပါဗျာ . . . ကျတော်တို့ ဆီမှာကတော့ မီးကမမှန် . . . လာပြန်တော့လဲ မီးအားက ကျနေတာ့ မှိတ်တုတ်မှိတ်တုတ် နဲ့  မီးချောင်းအောက်မှာ လက်ဖ၀ါး နဲ့  လက်ဖမိုး ကို သေသေချာချာကွဲကွဲပြားပြား မမြင်ရပါဘူးဗျာ . . . တစ်ခုတိုးတက်လာတာတော့ အာစီယံ စံနှုန်းနဲ့ အညီ မီတာခတော့ တိုးကောက်တယ် ခင်ဗျ . . . အီး . . . . "
"ဒါကတော့ တော်တော်လွန်တယ်ကွာ ငါအတော်ဆုံး ဆိုတဲ့ လူကြီးက ဘာမှ ၀င်မပြောဘူးလား ကွ . . . တာဝန်မယူနိုင်ဘူး တဲ့လား တောက်"
သိကြားမင်း ပြောရင်းဆိုရင်း ဒေါသထွက်လာပုံ ရသည်။သိကြားမင်း ရှူးရှူးရှဲရှဲဖြစ်နေသလောက် ဘေးနားမှာ ရှိတဲ့ မိုးနတ်မင်းကတော့ ဘာမှ မပြောဘဲ မျက်နှာကို အရင်ထက်စာပြီး အောက်ကို ငုတ်ထားသည်။ အော် . . . သူလဲ မျက်နှာပူမှာပေါ့ . . . ဒီကရသမျှ အရင်းမြစ်တွေအကုန်လုံး သူ့ နဲ့ ဆွေမကင်းမျိုးမကင်းပေါက်ဖောက် တွေက နင့်ကန်ခွတုတ်နေတာကို။ ကျတော်လဲ သိကြားမင်းအမေးကို ဆက်မဖြေပဲ ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံ၏ ဟူသော မူကို နှလုံးသွင်းပြီး ငြိမ်နေလိုက်သည်။
သိကြားမင်းကတော့ ဒေါသအနည်းငယ် ပြေသွားတာလား စိတ်လျော့လိုက်တာလား မသိဘူး။ သက်ပြင်းရှည်ကြီးကို မှုတ်ထုတ်ကာ
ဆက်မေးသည်။
"တခြားရေအားလျှပ်စစ်တွေကရော .. . "
ကျတော်လဲ ခေါင်းကိုရမ်းကာ
"သူများနိုင်ငံတွေကို ချိတ်ပြီး ရောင်းစားနေရတော့ ပြည်တွင်းမှာ တပ်ဆင်ဖို့ မီးကြိုးတွေ ရှိသေးဘူးတဲ့"
သိကြားမင်း သက်ပြင်းတစ်ခါထပ်ချသည်။ ထပ်မေးသည်
"နေရာအနှံပြတ်တာာလား . . . "
ကျတော်လည်း အသံတိုးတိုးဖြင့်
"လူနေရပ်ကွတ် ဆေးရုံ စက်မှုဇုန်တွေ ပျက်တယ်။ ဘယ်နေရာတွေ မပျက်လဲ ပြောရဲဝူး . .. "
သိကြားမင်း လဲ မပြောထားလဲ သိတယ်သိတယ် ဆိုသည့် အကြည့်ဖြင့် "အော်" ဟုတ် တစ်ချက်ညည်းကာ
"ဒါနဲ့  သူတို့ က ဘယ်လိုတာဝန်ယူပေးမယ်ပြောလဲ"
ဟုတ်ပြီး ကျတော် စောင့်နေတဲ့ ဂွင်တော့ ရောက်လာပြီဖြစ်ကာ မျက်လုံးက အရောင်များတောက်ပလာကာ
"သူတို့ က ဘာပြောလဲ သိလား . . ."
သိကြားမင်း က "ဟင်အင်း မသိဘူး . . . "
ကျတော်က ၀မ်းသာအားရဖြင့် ဆက်ပြီး
"သူတို့ က လျှပ်စစ်မီး အချိန်ပြည့်လိုချင်ရင် မိုးနတ်မင်းကြီး ဆီမှာ ဆုတောင်းပါ တဲ့ . . . သိကြားမင်းအစိုးဆီမှာ တောင်းဆိုပါတဲ့"
"ဟေ . . . "
တစ်ခေါက်တော့ သိကြားမင်းတင် မဟုတ် မိုးနတ်မင်းကြီးပါ မျက်လုံးပြူးသွားလေးတော့သည်။ပါးစပ်က ဘုရားဘုရား ပါ တ သည်။
သိကြားမင်းက သံဝေဂပေါင်းများစွာ ရသည့်လေသံဖြင့်
"လူမစွမ်း နတ်မ ဆိုတဲ့ စကားပုံပဲ ကြားဖူးပါတယ်ကွာ . . . အခုမှ အစိုးရမစွမ်းတိုင်း နတ်တခိုင်း ဆိုတာပါ အသစ်ထွက်နေပါရောလား . . . "
ကျတော်လဲ ရသည့်အခွင့်ရေး လက်လွှတ်မခံပဲ . . .
"ဒါပဲနော် လုပ်ပေးရမည် မလုပ်ပေးရင် ဟိုမှာလာနေတာ ရပ်ကွတ်ထဲက သတင်းထောက်ရူး ရူးနေတဲ့ ကိုသာအေး . . . တွေ့ လား . . . သူ့ ကို နတ်မင်းကြီးတို့ အကြောင်း ပြောလိုက်ရင် နတ်မင်းကြီးတို့ ဘာဖြစ်သွားမည်ထင်လဲ "
သိကြားမင်း က ကျတော်ပြောတာကို စိတ်ဝင်မစားပဲ ကျတော့် အနောက်ကို ကြည့်ကာ မျက်လုံးပြူး မျက်ဆံပြူးဖြင့်
"မင်းမပြောလဲ ဟိုမှာ သိကုန်ပြီထင်တယ် . . . မင်းပြောတဲ့ အကောင် အပြင် အနောက်မှာ သူနဲ့ အပေါင်းအပါတွေပါ ပါတယ်။ ကင်မရာ ကိုယ်စီ နဲ့  ငါတို့ ဆီ လာနေတယ်ဟ. . . မိုးနတ်မင်းရေ ကျတော်တို့ လစ်မှ ဖြစ်တော့မယ် . . . "
မိုးနတ်မင်းလဲ ချက် ကို နားကွက်က မီးတောက်သောကြောင့် ပြေးဖို့ ပြင်တယ်။ ကျတော်သည်လည်း လက်နှစ်ဖက်ကို ဖမ်းဆွဲကာ "မရဘူး လုပ်ပေး " ဟု မြည်တွန်ပီး ဆွဲထားသည်။ ထိုအချိန်တွင် အနောက်မှ
"သိကြားမင်း တဲ့ ဟေ့ လိုက်ဟ မိုးနတ်မင်း တဲ့ ဟေ့ လိုက်ဟ . . . မီးတွေပျက်တာ သူတို့ နဲ ဘာတွေပတ်သတ်နေလဲမသိဘူး သတင်းကို ရအောင် ယူကျဟ ဒီလိုရှားပါးပုံ က ဈေးကောင်းရမှာ . . . "
ဟု ကိုသာအေးဦးဆောင်သော သတင်းထောက်ရူးများ၏ ကြွေးကြော်သံများဖြင့် ပွတ်လောရိုက်နေသည်။
ထိုသူတို့ သည် ကျတော့်ကို အတင်းဖယ်တိုးပြီး သိကြားမင်း နဲ့ မိုးနတ်မင်း ဓာတ်ပုံများကို အပြိုင်အဆိုင်ရိုက်နေကာ ဘယ်သတင်းထောက်၏ တံတောင်ဆစ်လဲ မသိ. . . ကျတော့်မေးစေ့ကို ခွတ် ကနဲဆောင့်ကာ ကျတော်လဲ အနောက်သို့ ပစ်လဲကျသွားသည် ။
ထိုအချိန်တွင် ကျတော်၏ မီးပျက်ကာ ချွေးများဖြင့် စိုရွှဲနေသည့် အိပ်ယာထက်တွင် မက်သော အိမ်မက်ဆိုးကြီးမှ လန့် နိုးလေတော့သည်။
(ဖြစ်ရပ်မှန်များနဲ့ စိတ်ကူးများ ပေါင်းထားသော သရော်စာ (Satire) တစ်ခုသာဖြစ်ပါသည်။ စာအေ၇းအသားမပြေပြစ်လျှင် အမှားပါလျှင် ဒီနေရာကနေပဲ ခွင့်လွှတ်ဖို့ တောင်းပန်လိုက်ပါသည်)
မသေးမျှင် (vakok)
0 comments:
Post a Comment