သာဓု ထွက်တယ်
by Ter Tee on Friday, May 25, 2012 at 12:35pm
သာဓုသည် ကိုယ့်စိတ်ကိုယ်သိသောကြောင့် အသင်းအပင်းဟူသမျှတို့တွင် အသင်းဝင်တယောက်အနေဖြင့်
ပါဝင်သည်ထက်ဘေးမှသာ ကိုယ်ဖိရင်ဖိ ဆောင်ရွက်တတ်၏။ အသင်းအစည်းအဝေး စသည်များကို တက်ရောက်လေ့မရှိ။
အကြောင်းသော်ကား အသင်းဟူသမျှတွင် စည်းမျဉ်းရှိသည်။ အသင်းလူကြီးများ၊ အမှုဆောင်များသည် အများအားဖြင့် စည်းမျဉ်းကို ဘေးချိတ်ပြီး ထင်ရာစွပ်လုပ်တတ်ကြသည်ကို ဘေးမှကြားရရုံမျှနှင့်ပင် သာဓုအသားများတုန်လာတတ်သည်ဖြစ်ရာ အစည်းအဝေးသာ တက်မိပါက သာဓု စိတ်ထိန်းနိုင်တော့မည်မဟုတ်ပေ။
သာဓု ၁၂-နှစ်သားလောက်ကတည်းက ကုန်ဈေးတန်းဝန်းကျင်ရှိ ရပ်ရွာလူကြီးများ တည်ထောင်ထားသော " ရန်ကုန်မြို့မ ဗဟိုအရုဏ်ဆွမ်းတော်အသင်း " ဟူ၍ ရှိခဲ့ရာတွင် စနေနေ့ညနေတိုင်း သိမ်ကြီးဈေးတ၀ိုက်သို့ ဆွမ်းခံထွက်ကြသည်။ တနင်္ဂနွေနေ့ နံနက်တွင် ရွှေတိဂုံစေတီတော်၌ အရုဏ်ဆွမ်းကပ်ကြသည်။
နှစ်စဉ်လည်း နှစ်ပတ်လည် အစည်းအဝေး ကျင်းပကာ အမှုဆောင်သစ်များ ပြန်လည်ရွေးကောက်ကြသည်။ ထိုအခါများ၌ အခြားသော လူငယ်များနှင့်အတူ သာဓုပါ လိုက်၍ ဝေယျာဝစ္စ၀ိုင်းလုပ်ပေးသည်။ အစားအသောက်များ ချပေး သယ်ပေး၊ ပန်းကန်များပါဝိုင်းဆေးပေးသည်။ အလွန်လည်းပျော်စရာကောင်းလှသည်။ သို့သော် အစည်းအဝေးစသည်နှင့် သာဓုစိတ်ညစ်ရတော့သည်။ တယောက်တပေါက် ပြောပြီး တယောက်ကိုတယောက် ပုတ်ခတ်သည်များကိုလည်း ကြားရသည်။ လက်သီးလက်မောင်းတန်းသည်များကိုလည်း တွေ့ရသည်။
ထိုစဉ်က သာဓုမှာ လူငယ်တစ်ယောက်ပင်ဖြစ်သော်လည်း ယင်းသို့သော မြင်ကွင်းများကို မကြိုက်၊ အဘယ်ကြောင့်ဟူ၍ မသိ၊ စိတ်လည်းညစ်၏။ ဘာသာရေးအသင်းဖြစ်ပါလျက် ထိုသို့ငြင်းကြ ဒေါသထကြသည်မှာ အဘယ်ကြောင့်ဟု သာဓုအကြောင်းရှာကြည့်သောအခါ စေတနာနှင့် မှားသည့်ကိစ္စများနှင့် စိတ်ရောကိုယ်ပါ မှားသည်များကိုလည်း တွေ့ရ၏။ မည်သို့ပင်ဖြစ်စေ ထိုအမှားနှစ်မျိုးစလုံးသည် ဥပဒေနှင့် ဆန့်ကျင်နေသည်ချည်းဖြစ်၏။
အဆိုပါအသင်းမှာ ထိုခေတ်စကားအရဆိုသော် မျက်နှာကြီးအသင်းပင်ဖြစ်လျက် ဆာမြဘူး၊ ဒေါက်တာအေးမောင် (၀န်ကြီးဟောင်း)၊ ဒေါ်မေမေခင် (လွှတ်တော်ဝန်ထောက်) စသည်တို့အပြင် အစိုးရ အထက်တန်းအရာရှိများ၊ ထင်ရှားသော ကုန်သည် ပွဲစားများ၊ ဆာဦးသွင်ကဲ့သို့သော သူဌေးများလည်းပါဝင်သကဲ့သို့ အလယ်အလတ်တန်းစားများလည်း အသင်းဝင်ကြ၏။ လစဉ်ကြေးမှာ တလ ငါးမူးဖြစ်သော်လည်း တကြိမ်တည်း ရာသက်ပန်ကြေး တရာကျပ်ပေးသူက ဦးရေများ၏။
သာဓုတို့ကမူ အသင်းဝင်မဟုတ်၊ ၀င်ရန်လည်း စိတ်မ၀င်စားစေကာမူ သာဓု၏ စေတနာလုပ်အားကိုကြည့်၍ လူကြီးများက ရာသက်ပန် အသင်းသားအဖြစ် အခမဲ့ အတည်ပြုလိုက်ကြရုံမက ၁၆-နှစ်သားအရွယ်လောက်တွင် တွဲဖက်အကျိုးဆောင်အဖြစ်ပင် အဆိုတင်သွင်း ထောက်ခံကာ ရာထူးအပ်လိုက်ကြသောကြောင့် သာဓု မနေတတ် မထိုင်တတ်အောင် စိတ်အိုက်သွားရတော့၏။
ထိုမည်သော သင်းလုံးကျွတ်အစည်းအဝေး ပထမပိုင်းမှာပင် အစီရင်ခံစာဖတ်၊ ရှင်းတမ်းများတင်ပြကြရင်း အကျိတ်အနယ်ဝေဖန်ကြရာတွင် တဖက်မှ မူမမှန်သည့် အချက်များကို သာဓုကိုယ်တွေ့ဖြစ်စေကာမူ ပြောပိုင်ခွင့်လည်းမရှိ၊ လူငယ်သာမန်တယောက်မျှသာလည်း ဖြစ်သောကြောင့် ငြိမ်နေခဲ့ကာ နောက်ပိုင်း၌ အမှုဆောင်သစ်ရွေးရာတွင် " တွဲဖက်အကျိုးဆောင် " ဟူသော ရာထူးကို သာဓုရလိုက်သည်နှင့် ပြောရေးဆိုခွင့်လည်း ရှိလာသည်နှင့် အထူးသဖြင့် မတန်တဆ နေရာရလိုက်သောကြောင့်၊ ဘ၀င်လေးလည်းကိုင်လာသောကြောင့်၊ နဂိုကလည်း ပြတ်ပြတ်သားသားပြောတတ်သောကြောင့်-
" လူကြီးမင်းများခင်ဗျား စောစောပိုင်းက ကျွန်တော်ဟာ အသင်းဝင်လည်းမဟုတ်၊ အသက်အားဖြင့်လဲ လူကြီးမင်းများရဲ့ သား-မြေး အရွယ်မျှသာဖြစ်လို့မို့ ကျွန်တော်ဘာမှပြောဆိုခွင့် မရှိခဲ့ပါဘူး၊ ခုတော့ ကျွန်တော်ဟာ တွဲဖက်အကျိုးဆောင်ဖြစ်လာပြီမို့ နဲနဲပြောချင်ပါတယ်၊ အသင်းကြီးရဲ့ နှစ်ပတ်လည်အစည်းအဝေးတိုင်းလိုလိုမှာဘဲ တဖက်နဲ့တဖက် ငြင်းခုံကြတာ၊ ဝေဖန်ကြတာ နှစ်တိုင်းလိုလို ကြားနေရပါတယ်၊ အဲဒါကို ကျွန်တော်မှတ်သားမိသလောက် ပြောရမယ်ဆိုရင် စည်းမျဉ်းဥပဒေကိုကျော်ပြီး လုပ်ကြလို့ဘဲ ဖြစ်ပါတယ်၊ လုပ်တဲ့ပုဂ္ဂိုလ်များကလဲ ဒါကို ၀န်မခံချင်ကြဘဲ စေတနာရိုးနဲ့ မှားတာပါလို့ ခုခံကြပါတယ်၊ အဲဒါ ကျွန်တော်လဲ အမှုဆောင်ထဲ ပါနေပြီမို့ စေတနာရိုးနဲ့ မှားချင်ပါတယ်၊ ခွင့်ပြုနိုင်မပြုနိုင် သိပါရစေ " ဟု ထ၍ပြောလိုက်သောအခါ ဝေဖန်သူများက လက်ခုပ်တီးကြသော်လည်း အမှားပြုသူများက သာဓုကို ဒေါပွကုန်ကြပါတော့၏။
နေရင်းထိုင်ရင်း အမှုဆောင်များတွင် ပါသွားသောကြောင့်၊ လိမ္မာသလို မနေတတ်သောကြောင့် မုန်းသူပေါလာရ၏။ ထို့ကြောင့်လည်း အသင်းအဖွဲ့ဆိုလျှင် သာဓုကြောက်၏။ ဘေးမှသာ ကူညီချင်၏။ "စာရေးဆရာ" ဟူ၍ဖြစ်လာသောအခါတွင်လည်း သာဓု အေးအေးနေခဲ့၏။ မရ၊ စာရေးဆရာကြီးများကအစ စာရေးဆရာအသင်းသို့ ဇွတ်အတင်း ၀င်ခိုင်းကြ၏။ သာဓု မ၀င်၊ ပေကပ်နေခဲ့သော်လည်း တနေ့တွင် နှစ်ပတ်လည် ညီလာခံဖိတ်စာရောက်လာသဖြင့် စုံစမ်းကြည့်ရာ ဒဂုံရွှေမျှားနှင့် ရှုမ၀ဦးကျော် တို့၏ လက်ချက်ဖြစ်ကြောင်း သိရ၏။ အသင်းဝင်ကြေးကို သူတို့စိုက်ပေးလိုက်ကြ၏။
ထိုနှစ်မှာပင် သာဓုအဖို့ ကံဆိုးမိုးမှောင်ကျကာ လူမုန်းခံရပြန်၏။ အကြောင်းသည်ကား ဆိုလျှင် ယင်းညီလာခံကို ၀န်ကြီးချုပ် သခင်နုလည်း တက်ရောက်လာရာ အထွေထွေကိစ္စဆွေးနွေးကြသည်နှင့် သခင်ထွန်းအုပ်က ထတဲ့ကာ နိုင်ငံရေးစကားများဖြင့် သခင်နုအား ကလော်ချေတော့၏။ ဥက္ကဌဖြစ်သူ သံအမတ်ကြီးဟောင်း ဦးတင့်ဆွေမှာလည်း အားတောင့်အားနာဖြစ်နေရှာစဉ် သခင်ထွန်းအုပ်ကလည်း စကားလုံးကြမ်းလာလျက် ပုဂ္ဂလဓိဌာန် ပြောလာသဖြင့် သာဓု ဆတ်ကနဲ ထရပ်ကာ....
" ဥက္ကဌကြီးခင်ဗျား ခုညီလာခံဟာ နိုင်ငံရေးအသင်းညီလာခံလား၊ စာရေးဆရာအသင်းညီလာခံလားဆိုတာ ကျွန်တော်သိချင်ပါတယ် " သို့ ထမေးလိုက်သည်နှင့် ဥက္ကဌကြီးရော အခြားအသင်းသားများကပါ တပြိုင်တည်းလိုလိုပင်...
" စာရေးဆရာ ညီလာခံ- စာရေးဆရာအသင်းညီလာခံ "
" ဥက္ကဌကြီးခင်ဗျာ ဒီလိုဆိုရင် သခင်ထွန်းအုပ်ကို ထိုင်ခိုင်းပါ.... "
ချက်ခြင်းဆိုသလိုပင် ဦးတင့်ဆွေက သခင်ထွန်းအုပ်ကို လှည့်ကြည့်လိုက်သည်နှင့် သူလည်း ပြာကနဲ ထိုင်ချလိုက်၏။ သို့သော် သူ၏မျက်စောင်းကား သာဓုဆီတွင် စူးနေချေတော့၏။
ထိုနှစ်တွင်ပင် သာဓု အမှုဆောင်ထဲ ပါသွားပြန်ကာ နောင်နှစ်ညီလာခံတွင် ရွေးကောက်ပွဲ လုပ်အံ့ဆဲဆဲတွင် လူငယ်ပိုင်းစာရေးဆရာများသည် ၄င်းတို့အရွေးခံရမှုအတွက် မဲလိုအိပနေသဖြင့် နှစ်ကြေးမပေးရသူများအတွက် ငွေစိုက်ထုတ်ပြီး ကမန်းကတမ်း ပြေစာဆုတ်ကြသောကြောင့် သာဓုနှင့် အပြင်းအထန် စကားများကြရ၏။ သာဓု အမုန်းခံရပြန်၏။
နောက်တစ်နှစ်တွင်မူ နှစ်ပတ်လည်ညီလာခံသို့ သာဓုမတက်ဘဲနေရန် ဆုံးဖြတ်ထားသော်လည်း စာရေးဆရာ ရွှေညာမောင် (ဒါရိုက်တာ ဦးချင်းစိန်)၊ ဒဂုံရွှေမျှား၊ ဆရာမောင်ထင်၊ ဆရာသင်္ခါ၊ ဗိုလ်ဗကို၊ လှသမိန်၊ ရွှေပိန်သောင်း၊ ဗိုလ်သခင်ဆရာ (သခင်တင်ဦး) စသူတို့က သာဓုကို မရအရလာဆွဲကြ၏။
လက်ဝဲသမား ကလောင်နီများက စာရေးဆရာအသင်းကို အပိုင်စီးကြလိမ့်မည်၊ ယခင်နှစ်ကအတိုင်းပင် ငွေစိုက်သွင်း၍ မဲစုနေကြပြီဟု ဆို၏။ ညီလာခံမှာ သုံးရက်မျှသာလိုတော့သဖြင့် သာဓုလည်း ကျေညာစာတန်းများ ရိုက်နှိပ်ပြီး အသင်းသားများသို့ လိုက်ဝေ၏။
ညီလာခံနေ့တွင်လည်း သာဓု အပြတ်အသတ်ပြော၏။ စာရေးဆရာအသင်းကို စာရေးဆရာအသင်းအဖြစ်ရပ်တည်နေစေလိုကြောင်း၊ နိုင်ငံရေးသမားတို့၏ ခုတုံးအဖြစ်၎င်း၊ အစိုးရကိုပုတ်ခတ်မည့် စင်မြင့်အဖြစ်၎င်း အသုံးမပြုရန်နှင့် စာရေးဆရာအချင်းချင်းလည်း ၀ိဝါဒ မကွဲစေလိုကြောင်းနှင့် အပြင်းအထန် ဝေဖန်လိုက်သည့်အဆုံး၌ ဗန်းမော်တင်အောင်ကို ဥက္ကဌတင်ရန် အပိုင်ကြံထားသော လက်ဝဲအင်အားစုတစုတွင် ရောယောင်ပါနေသော စာရေးဆရာအချို့က သဘောပေါက်သွားသည့်အတိုင်း ရွှေပိန်သောင်း အရွေးခံရကာ ထိုနှစ်အဖို့၌ စာရေးဆရာအသင်းသည် လက်ဝဲနိုင်ငံရေးခုတုံးအဖြစ်မှ သီသီကလေးကင်းလွတ်သွားတော့၏။
နောင်နှစ်တွင်တဖန် ကလောင်နီတို့ တစခန်းထကြပြန်၏။ ဤတကြိမ်တွင်မူ ယခင်နှစ်ကဲ့သို့ အလံနီအုပ်စု၊ အလံဖြူအုပ်စု ဟူ၍ မပြိုင်ကြတော့ဘဲ ရာထူးဝေယူမည့်သဘောဖြင့် လှုပ်ရှားလာကြသည်တကြောင်း၊ လူကြီးပိုင်း စာရေးဆရာကြီးများပါ စိတ်ပျက်နေသည်တကြောင်းတို့ကြောင့် ညီလာခံတက်သူ ဦးရေမှာ သိသိသာသာ နည်းပါးနေ၏။ သာဓုနှင့် သဘောထားတူကြသူတစုသာလျှင် အကျိတ်အနယ် ထိန်းနေရပြီး နောက်ဆုံး၌ ဒဂုံတာရာ ဥက္ကဌဖြစ်သွားကာ လက်ဝဲနှင့် ကြားနေအုပ်စု မျှနေ၏။
ရောင်စုံလက်ဝဲစာရေးဆရာတို့သည် ခြေကုပ်ကလေးရသည်ဆိုလျှင် နောင်တော့် နောင်တော်ကြီးများ၏ ညွှန်ကြားချက်အတိုင်း (၀ါ) အလံဖြူ အလံနီတို့၏ သြ၀ါဒအတိုင်း အတင်ရဲလာကာ စာရေးဆရာအသင်းတံဆိပ်မှစ၍ ဂျိုးရုပ်တို့ အိုးပုတ်တို့ လုပ်ချင်လာ၏။ ဟိုထောက်ခံ ဒီကန့်ကွက် လုပ်လာကြ၏။ ပထမသုံးလတွင် ထူးထူးခြားခြား သင်းလုံးကျွတ် ညီလာခံခေါ်ကာ အသင်းတံဆိပ်ကိစ္စ ဆွေးနွေးလာ၏။ လက်ဝဲနိုင်ငံရေးလေသံများ မုန်တိုင်းထန်လာသဖြင့် ....
" ဒီမှာ- သာဓု တခုထဲပြောမယ်၊ အဖွဲ့အစည်း အသင်းအပင်းရဲ့ အသက်သွေးကြောဟာ စည်းမျဉ်းဥပဒေဖြစ်ပါတယ်၊ သွေးကြောကိုတော့ မဖြတ်ကြပါနဲ့၊ ခု-ဒီစာရေးဆရာအသင်းရဲ့ စည်းမျဉ်းထဲမှာ "အသင်းအနေနဲ့ နိုင်ငံရေးမလုပ်ရ" လို့ အတိအလင်း တားမြစ်ထားပါတယ်၊ တဦးချင်းအနေနဲ့တော့ တောခိုချင်ခိုကြပါ၊ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်လုပ်တာကို သာဓုဘာမှ ၀င်ရှုပ်စရာ မရှိပါဘူး၊ စည်းမျဉ်းထဲမှာ ဓားပြမတိုက်ရလို့ ဆိုထားရင် မတိုက်ကြပါနဲ့၊ ကောင်းပြီ ဓားပြတိုက်ချင်ကြသလား၊ အများသဘောတူ စည်းမျဉ်းကိုပြင်ပါ၊ "ဓားပြတိုက်-လူသတ်-ပြန်ပေးဆွဲနိုင်ခွင့်ရှိသည်" အဲ- တိုက်ကြပါ၊ ကြိုက်သလိုလုပ်ကြပါ "
ထိုစဉ်က ကလောင်နီများမှာ တယူသန် အစွန်းရောက်များဖြစ်နေသည့်အတိုင်း မည်သို့မျှပြော၍မရ၊ စည်းမဉ်းပြင်ရန်လည်း မဲ အပြည့်မရနိုင်မှန်း သိကြ၍ စည်းမျဉ်းကိုဘေးချိတ်ပြီး ဇွတ်အဓမ္မပင် စာရေးဆရာအသင်းကို အရောင်ခြယ်နေကြသည်နှင့် ပြတ်ပြတ်သားသားပင် သာဓုလည်း ထိုအစည်းအဝေးတွင် အတိအလင်းကျေညာပြီး စာရေးဆရာအသင်းမှ တခါတည်း နှုတ်ထွက်လိုက်သောဟူ၏။
သာဓု
( သာဓု လူဝါးဝတယ် စာအုပ်မှ )
0 comments:
Post a Comment