Friday, May 25, 2012

"စည်းစိမ်"

by Ter Tee on Friday, May 25, 2012 at 12:44pm 
                                                                                                                                                        ရေးသူ - သိပ္ပံမောင်ဝ
မောင်လူအေး ဘီအေအောင်သည်မှာ အတော်ပင်ကြာလေပြီ။ ဘီအေအောင်ပြီးသည့်နောက် ၀န်ထောက် အလုပ်ကိုရသောကြောင့် ငွေဝင်လမ်းမှန်လျက်နေပေ၏။ ၀တ်ရေးစားရေးအတွက် ပူပန်ရန်တစ်စုံတစ်ရာမရှိ။ တင့်တင့်တယ်တယ် နေထိုင်နိုင်သူတစ်ယောက် ဖြစ်လေသည်။

သို့သော်လည်း ယခုထက်တိုင် မောင်လူအေး သားမယားမရှိ။ တစ်ကိုယ်တည်း လူပျိုကြီးလုပ်နေသောကြောင့် မိတ်ဆွေအပေါင်းက မကြာမကြာ ပြောင်လှောင်လေ့ရှိလေသည်။ ဤသို့မိတ်ဆွေများ ပြောင်ကြလှောင်ကြစေကာမူ မောင်လူအေးမှာ အမည်နှင့်လိုက်အောင်ပင် အေးအေးဆေးဆေး တစ်ယောက်တည်းပင် အပူမရှာသေးဘဲ ဘူတာကလေး လုပ်လျက်နေ၏။

ပညာလည်း ပြည့်စုံ၊ အလုပ်အကိုင်ကလည်း လက်ရှိ၊ ရိုးသားကြောင်းကိုလည်း အများအသိပင် ဖြစ်သောကြောင့် မောင်လူအေးအား သားမက်ဖမ်းလိုသောယောက္ခမလောင်းများ အတော်အတန်ပေါ်ပေါက်ခဲ့သည်။


မိဖများကလည်း တစ်ယောက်တည်း အရပ်ဝေးတွင်လွှတ်ထားရမည်ကို စိတ်မချသောကြောင့် သင့်လျော်သောသူ တစ်ယောက်ယောက်၏ သမီးနှင့် နေရာချလိုသဖြင့် မောင်လူအေးအား မကြာမကြာ စာလှမ်းရေး၍ ရေးလေ့ရှိ၏။ မောင်လူအေးလည်း အေးအေးနေပါရစေဟူ၍သာလျှင် မိခင်ဖခင်တို့ထံသို့ စာပြန်လိုက်လေ၏။ ဤနည်းအတိုင်း မောင်လူအေးမှာ အသက် ၃၀ နီးပါးရောက်၍ လာလေတော့သတည်း။


ယခုအခါတွင်ကား မောင်လူအေးသည် အထက်အညာ ဧရာဝတီမြစ်ကမ်းပေါ်တွင် တည်ရှိသော မြို့တစ်မြို့၌ ၀န်ထောက်အလုပ်ဖြင့် နေထိုင်လျက်ရှိ၏။ ဧရာဝတီမြစ်ဖက်သို့ မျက်နှာပြု၍ဆောက်ထားသောအိမ်တွင် မိမိအစေခံများနှင့်အတူတူ တစ်ကိုယ်တည်း နေထိုင်လျက်ရှိပေ၏။


အစေခံဆိုရာမှာလည်း များများစားစား မရှိ။ မောင်သူနှင့် သူ၏မယား မယ်အေး၊ သမီးကလေး သန်းမေပါ သုံးယောက်သာရှိလေသည်။ မိမိသွားလေရာပါသော ကြောင်ကြီး ၂ ကောင်၊ ကြောင်မကြီးမှမွေးသော ကြောင်ကလေး ၃ ကောင်အပြင် အခြား အိမ်သားဟူ၍ မရှိချေ။ ကြောင်ကလေးများမှာလည်း ကစားတတ်တုန်းအရွယ် ၂ လကျော်ကျော်သာရှိကြသေး၏။


အိမ်အသုံးအဆောင်ဆို၍လည်း များစွာမရှိ။ ပက်လက်ကုလားထိုင် တစ်လုံး၊ ရိုးရိုးကုလားထိုင် သုံးလုံး၊ စာရေးစားပွဲ တစ်ခု၊ စာအုပ်တင်သော စင်ကလေး တစ်ခု၊ စာထည့်သော စာခြင်းတစ်လုံး၊ မိမိကောလိပ်တွင်နေစဉ်က မိတ်ဆွေများနှင့် ရော၍ရိုက်ထားသော ဓာတ်ပုံသုံးလေးပုံသာ ဧည့်ခန်းထဲ၌ ရှိ၏။


အိပ်ခန်းတွင်ကား အ၀တ်သေတ္တာတစ်လုံး၊ ဖိနပ်များ ထည့်သောဖာတစ်လုံး၊ ခေါက်ခုတင်တစ်ခုနှင့် အိပ်ရာလိပ်၊ စောင် အစရှိသော အသုံးအဆောင်များသာ ရှိ၏။


ထမင်းစားခန်းတွင်ကား စားပွဲကုလားထိုင်ဟူ၍ မရှိ။ သစ်တုံးကလေး ၂-တုံးပေါ်တွင် ပျဉ်ပြားတစ်ချပ်ခင်း၍ ထမင်းစားပွဲပြုလုပ်ကာထား၏။ ထမင်းစားသောက်သောအခါ ကြမ်းပေါ်တွင်ထိုင်၍စားလေသည်။


ဤသို့တစ်ယောက်တည်း အိမ်အသုံးအဆောင် အနည်းငယ်မျှ၊ အစေခံတစ်ယောက်နှစ်ယောက်မျှနှင့် နေထိုင်ရသည်ကို မည်သူနှစ်သက်ပါအံ့နည်း။ မောင်လူအေးမှာမူကား သူတကာကဲ့သို့ ခမ်းခမ်းနားနား နေထိုင်ခြင်းကို မနှစ်သက်။ ယခုလက်ရှိ အသုံးအဆောင်တို့ပင် များသေးသည်ဟုထင်ကာ ဖြုတ်ပစ်ချင်သေး၏။ လူထူးလူဆန်းတစ်ယောက်ပေတည်း။


တစ်နေ့သ၌ မောင်လူအေး ရုံးမှ စောစောဆင်းလာခဲ့၏။ အိမ်သို့ရောက်လျှင် အစေခံပြင်ထားသော ကာဖီတစ်ခွက်ကို သောက်၊ ဘောင်းဘီတိုနှင့် ရှပ်အင်္ကျီကိုဝတ်၊ တုတ်ကောက်တစ်ချောင်းကိုကိုင်ကာ ဧရာဝတီမြစ်ကမ်းခြေတစ်လျှောက် လျှောက်၍လာခဲ့၏။


မိမိလျှောက်၍လာသော လမ်းတစ်လျှောက်တွင် လူသူမရှိ၊ တိတ်ဆိတ်လျက်နေပေ၏။ တစ်ရံတခါ မြစ်ထဲတွင် ငါးဖမ်းနေကြသော တံငါလှေကလေး တစ်စင်းနှစ်စင်းကို တွေ့မြင်ရ၏။ ရေစပ်တွင် ငါးကိုစောင့်၍ စားနေကြသော ဗျိုင်းများကိုလည်းကောင်း၊ ဒိန်ညင်းငှက်များကိုလည်းကောင်း တွေ့မြင်ရ၏။ ကမ်းခြေတစ်လျှောက်တွင်စိုက်ထားသော ပြောင်းခင်း ပဲခင်းတို့ စိမ်းစိမ်းစိုစိုနေသည်ကို မြင်ရသည်ကိုပင် စိတ်ရွှင်လန်းနေ၏။


ထိုခဏတွင် လောကကြီးကို လုံးလုံးမေ့လျက်နေပြီးလျှင် လောက၏ အပဖြစ်သော နေရာသို့ရောက်နေသကဲ့သို့ ထင်မှတ်မိပေ၏။ ဤသို့ ရွှင်လန်းလျက်နေသည့်အထဲတွင် စိတ်အတွင်း၌ ဟာတာတာဖြစ်၍နေ၏။ တစ်စုံတစ်ခုမှာ မပြည့်စုံသကဲ့သို့ ဖြစ်နေပေ၏။ လွမ်းသလိုလို၊ ဘာလိုလို၊ ဘယ်လိုနေရမှန်းမသိ ဖြစ်နေပေ၏။ ဤသို့ဖြစ်ပြီး စဉ်းစားယင်းပင် အိမ်သို့ပြန်လာခဲ့လေသတည်း။


အိမ်သို့မှောင်မှပြန်ရောက်၏။ အိမ်သို့ရောက်၍ ရေမိုးချိုး၊ ထမင်းဟင်း စားသောက်ပြီးလျှင် အိမ်ရှေ့အပြင်ဖက်ဝရန်တာတွင် ပက်လက်ကုလားထိုင်ကိုထုတ်ကာ ထိုင်ပြီးလျှင် အတွင်းဖက်မှထွက်နေသော မီးရောင်၌ နေ့ခင်းကရောက်လာသော သတင်းစာတစ်စောင်ကို ဖတ်၍နေ၏။


လဆန်း ၁၀-ရက်နေ့ညဖြစ်သောကြောင့် လသာလျက်နေ၏။ အမြဲမပြတ်စီးဆင်းလျက်နေသော ဧရာဝတီမြစ်ပေါ်သို့ လရောင်ကျလျက် နေသောကြောင့် မြစ်တစ်ခုလုံးအရောင်တောက်လျက်နေပေ၏။ ညဉ့်ဦးယံဖြစ်သောကြောင်လည်း လေညှင်းကတိုက်ခတ်လျက်နေ၏။ အနီးအနားရှိသစ်ပင်တို့မှ ပုရစ်အစရှိသော ပိုးမွှားတို့ကလည်း မြူးတူးအော်ဟစ်နေကြ၏။ အိမ်ရှေ့တမာပင်ပေါ်တွင်လည်း ဒီဒုတ်တစ်ကောင်သည် တစ်မိနစ်တွင်တစ်ကြိမ် မှန်မှန်မြည်လျက်နေ၏။ အိမ်တွင်ပေါက်ဖွားကြသော ကြောင်ကလေးသုံးကောင်မှာလည်း ကျလျက်နေသောလုံချည်စကိုဆွဲကာ ကစားနေကြလေသတည်း။


မောင်လူအေးလည်း သတင်းစာကို တစ်ရွက်ပြီးတစ်ရွက် လှန်ကာ လှန်ကာဖတ်လျက်နေ၏။ အတန်ကြာလျှင် မိတ်ဆွေ မောင်သောင်းဖေ ထိမ်းမြားကြောင်းကိုတွေ့မြင်ရ၏။ ဤအကြောင်းကို ဆုံးအောင်ဖတ်ပြီးနောက် သတင်းစာကို ကြမ်းပေါ်သို့ပစ်ချလိုက်၏။ မိမိရှပ်အင်္ကျီအိတ်ထဲမှ ပိုက်ဆံ ၂-ပြားကိုထုတ်ကာ မေးစေ့တွင်ပေါက်လျက်နေသော မုတ်ဆိတ်မွှေး အတိုကလေးများကို ညှပ်ကာညှပ်ကာ နှုတ်လျက်နေ၏။ မျက်နှာကား ကြယ်တွေအစုံဖြင့်ထွန်းလင်းလျက်နေသော ကောင်းကင်သို့ မော့နေ၏။ သို့ရာတွင် မောင်လူအေးမျက်စိထဲ၌ကား လကိုလည်းမမြင်၊ ကြယ်အပေါင်းကိုလည်း မမြင်၊ မိုးကောင်းကင်ကိုလည်း မမြင်၊ ဘာကိုစဉ်းစား၍နေပါသနည်း။


မိတ်ဆွေ မောင်သောင်ဖေမှာ ထိမ်းမြားပြီးပေပြီ။ မိမိလည်း အချိန်တန်၍ အရွယ်ရောက်ပေပြီ။ အရွယ်ရောက်ရုံမျှမက အရွယ်ပင်လွန်ပြီဟူ၍ ဆိုသူများက ဆိုကြလေသည်။ မိန်းမယူလျှင် အဘယ်သို့သောမိန်းမမျိုးကို ယူရအံ့နည်း။


ဦးဘိုးသောင်း၏သမီး မလှတင်သည် ရုပ်ရည်ရူပကာယ အလွန်လှပသော မိန်းကလေးဖြစ်၏။ အသက်လည်းငယ်၏။ ချစ်စဖွယ်လည်းကောင်း၏။ သို့သော် ဦးဘိုးသောင်း၌ ပိုက်ဆံတစ်ပြားမှမရှိ။ မိမိကပင် စိန်နားကပ်၊ စိန်လက်ကောက်၊ စိန်ကြယ်သီးတို့ကို ၀ယ်ပေးရမည်ဖြစ်ချေသည်။ မ၀တ်ချင်လျှင် ကောင်း၏။ မ၀တ်ချင်မှာလည်း မဟုတ်။ မိန်းမဟူက ၀တ်ချင်သူချည်း ဖြစ်လေသည်။ တစ်ယောက်နှင့်တစ်ယောက် ဂုဏ်ပြိုင်နေသူများ ဖြစ်ကြ၏။ စိန်ဝတ်ချင်ရုံမျှမက၊ မော်တော်ကားလည်း စီးချင်ပေဦးမည်။ အိမ်ကိုလည်း ခမ်းခမ်းနားနား ဆင်ချင်ပေဦးမည်။ မိမိရသော လခမှာလည်း များလှသည်ဟုမဆိုနိုင်။ ထိုလခနှင့် လောက်နိုင်ရန်အကြောင်းမမြင်။ "အေးစေလိုလို့တရားနာ၊ ပူဇာစအကျိုး" ဆိုသောစကားကဲ့သို့ မအေးရသည့်ပြင် မယားအတွက် သားအတွက် ပူပင်စရာတွေ များလာရန်အကြောင်းရှိ၏။ ဤသို့ အပူအပင်တွေများလာရသည်ထက်၊ ယခုလို လူပျိုကြီးလုပ်နေရသည်ကပင် ကောင်းသေး၏။


ဦးရွှေဘိုးကား အလွန်ချမ်းသာကြွယ်ဝသော မြေပိုင်ရှင်ကြီးတစ်ဦးဖြစ်လေသည်။ သားသမီးဆို၍လည်း မစိုးခင် တစ်ယောက်တည်းသာရှိ၏။ ဥစ္စာပစ္စည်းအတွက် အနည်းငယ်မျှ စိုးရိမ်ရန်မရှိ။ စိတ်အေးလက်အေးနှင့် လုပ်ကိုင်စားသောက်ရုံရှိလေသည်။ သို့သော် မစိုးခင်မှာ အလွန်အရုပ်ဆိုးသည်ဟု ကြားရ၏။ ဤသို့အရုပ်ဆိုးသော မယားနှင့်အတူတူ ပွဲလမ်းသဘင်သို့ ယှဉ်တွဲ၍သွားမည်ဆိုလျှင် သူတကာ ကဲ့ရဲ့စရာအကြောင်း မြင်၏။ မောင်လူအေးမှာ ငွေမက်သော သိုက်သမားပါကလားဟူ၍ ဆိုမည်ကို စိုးရိမ်ရန်အကြောင်းလည်း ရှိလေသည်။ သူတကာကဲ့ရဲ့မည်ကို မစိုးရိမ်စေကာမူ ကြေးငွေပေါများ ကြွယ်ဝသူ၏ သမီးဖြစ်သောကြောင့် မိမိအပေါ်၌ မယားက အနိုင်ကျင့်မည်ကိုလည်း စိုးရိမ်ရန်ရှိသေး၏။ မိမိသြဇာမရှိဘဲ မယား၏သြဇာလွှမ်းမိုးမည်ကိုလည်း စိုးရိမ်မကင်းဖြစ်မိ၏။


ဝန်ထောက်ဦးသော်တာ၏သမီး မခင်လတ်မှာ ရုပ်လည်းသင့်တင့်၏။ ဦးသော်တာမှာလည်း ကြေးငွေအတောအတန် ပေါများ၏။ သို့ရာတွင် ၀န်ထောက်ကတော်ကြီး မရွှေမှာ အလွန်စက်အလှည့်ကောင်းသည်ဟု ကျော်ကြားလေသည်။ သူ့သမီးကိုယူလျှင် သူ့စက်အလှည့်ကို ခံရမည်ကား မလွဲတည်း။


သူဌေးဦးကြွယ်၏သမီး မလှတင်မှာ ရုပ်လည်းချော၊ သဘောလည်းကောင်း၊ အပြောလည်းပါ၏။ ဆိုစရာမရှိပြီ။ သို့သော် မလှတင်၏ အစ်ကို မောင်တင်မောင်မှာ အလွန်ရမ်းကားသော အရက်သမားဖြစ်၏။ အပျော်အပါးလိုက်ပြီးလျှင် သူတကာနှင့်လည်း မသင့်မတင့်ဖြစ်၏။ ဤလူမျိုးနှင့် ယောက်ဖတော်ရလျှင် နေရာမကျ။


စက်သူဌေး ဦးဒါလီ၏သမီး မသောင်းတင်မှာ အလွန်တော်သည်ဟူ၍ သတင်းကြားရလေသည်။ ဥစ္စပေါ၊ သဘောကောင်း၊ အပြောပါ၊ ရုပ်လည်းချော၊ အလွန်မှပင် သင့်တင့်လှပေ၏။ သို့သော် ဦးဒါလီသည် မိမိ မယားကြီးသေဆုံးပြီးနောက် များမကြာမီ မယားငယ်တစ်ယောက်ယူ၏။ ထိုမယားမှာ မိမိသမီး မသောင်းတင်ထက်ပင် သုံးနှစ်ငယ်သေးသည်ဟု ကြားရ၏။ ဤသို့ မယားငယ်ငယ်ကလေးကိုယူထားသော အဖိုးကြီးအား ယောက္ခမတော်၍ နေရာမကျ။


ပွဲကတော်ကြီး ဒေါ်သိန်းမေမှာ မိမိယောက်ျားဆုံးသွားပြီးနောက် ပစ္စည်းအမြောက်အမြားနှင့် သမီးကလေးတစ်ယောက်သာ ကျန်ရစ်ခဲ့၏။ သမီးရော မအေပါ သဘောလည်းကောင်း၏။ သူတကာကိုလည်း ချစ်ခင်တတ်၏။ အရပ်နှင့်လည်းသင့်တင့်၏။ ပြောစရာ ဘာတစ်ခုမျှမရှိ။ မအေးကြည်ကလေးနှင့်ရလျှင် နေရာကျပြီ။ သို့သော် ဒေါ်သိန်းမေ၏ ဆွေမျိုးတို့မှာ အလွန်နှုတ်သီးကောင်း ဓားထက်သည့်အပြင် အမျိုးလည်းကောင်းကောင်းမသန့်ဟု တီးတိုးစကားပြောသံကြားရ၏။


ဤသို့တွေးတော စဉ်းစားနေသည်အတွင်း မိုးကောင်းကင်တွင် တိမ်တိုက်ကြီးသည် အနောက်ဖက်မှတက်၍လာပြီးလျှင် လမင်းကို ဖုံးကွယ်လိုက်၏။ ဧရာဝတီမြစ်အတွင်း ငှက်ခတ်သွားသော အသံကို ခပ်မှန်မှန်ကြားရ၏။ အိမ်ရှေ့တမာပင်အထက်မှ ဒီးဒုတ်မှာလည်း တစ်မိနစ် တစ်ကြိမ် အစဉ်အတိုင်း မှန်မှန်ပင်မြည်လျက်ရှိနေသေး၏။ တောင်ဖက်ရှိ နယ်ပိုင်ဝန်ထောက်အိမ်မှာလည်း "ဦးကလိန် သီချင်း" ဓာတ်ပြားဖွင့်နေသည်ကို သဲ့သဲ့ကလေးကြားနေရ၏။ ထို အသံများသည် မောင်လူအေး၏စိတ်ထဲတွင် ဝေး၍ဝေး၍ သွားကြလေကုန်၏။ အတန်ကြာလျှင် လုံးလုံးပင်ပျောက်၍သွားကြ၏။ မောင်လူအေးလည်း ပက်လက်ကုလားထိုင်ပေါ်တွင် တရှုးရှုးနှင့် အိပ်ပျော်လျက်နေတော့သတည်း။


ဤစည်းစိမ်ထက် အဘယ်စည်းစိမ် သာနိုင်ပါအံ့နည်း။
                                                                                                                    သိပ္ပံမောင်ဝ                                                                                                           
 ဂန္တလောက မဂ္ဂဇင်း
 ဒီဇင်ဘာလ၊ ၁၉၃၀    

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...