“ဗိုလ် သခင် ဆရာ”
by Soe Min on Saturday, April 7, 2012 at 10:35am
အဖိုးတို့ အဖွားတို့ခေတ်တုန်းက ရပ်ထဲရွာထဲ လူပုံအလယ်မှာ ဗိုလ်တို့ သခင်တို့ ဆရာတို့ဆိုတာ အသက်ကြီးငယ်မဟူ ရိုသေလေးစား အလေးထားအပ်သောသူတွေလို့ အလိုလိုနားလည်ထားကြပြီးသား ဖြစ်ပါတယ်။ အရေးအကြောင်းဆို သူတို့ပဲ အားကိုးစရာရှိတယ် လို့လည်း အောင့်မေ့ကြတာပေါ့။ တခါတခါတော့လည်း တော်တော်မြင်ပြင်းကပ်စရာ ကောင်းလို့ထင်ပါရဲ့။ ဆရာကြီးတစ်ယောက်က သူ့ကိုယ်သူ ဗိုလ်သခင်ဆရာ လို့ နံမယ်တပ်ပြီး သရော်စာတွေ ရေးခဲ့သေးတယ်။ မှတ်ကရော။ ဘယ်သူက မလေးမစား ဆက်ဆံချင်သေးသတုန်း။ သူ့လိုမျိုး ဗိုလ်လည်းဗိုလ် သခင်လည်းသခင် ဆရာလည်းဆရာကျတဲ့သူတွေ မရှိမဟုတ်။ ရှိတော့ ရှိပါတယ်။ အခုလည်း ရှိတာပဲ။ သားယောင်္ကျားလေးမွေးထားရင် စကားပြောတတ်၊ မေးမြန်းစပ်စုတတ်တဲ့ အရွယ်ရောက်လာတိုင်း လူကြီးတွေ မေးလေ့ရှိတဲ့ စကားတစ်ခွန်းရှိသဗျ။ “သားသားကြီးရင် ဘာလုပ်မယ်” ဆိုတာလေ။ ကလေးတိုင်းဖြေတတ်တာကတော့ “စစ်ဗိုလ်ကြီးလုပ်မယ်။” “ဆရာဝန်ကြီးလုပ်မယ်။” ပေါ့။ လူရည်လည်ပြီး လောဘကြီးတဲ့ကလေးတွေကတော့ သားရွှေအိုးထမ်းသလို ဖြေကြတယ်။ “စစ်ဗိုလ်ဆရာဝန်ကြီး လုပ်မယ်” တဲ့။ ဟုတ်တာပေါ့။
စစ်ဗိုလ်ဆရာဝန်ဆိုတာ ဆရာဝန်တွေလို သြဇာလည်းရှိ၊ စစ်ဗိုလ်တွေလို အာဏာလည်းရှိတယ် မဟုတ်ဘူးလား။ ကလေးအတွေးတွေပါကွယ်။ ဟုတ်လည်းဟုတ်ပဲနဲ့ဆိုပြီး ပြုံးတမဲ့မဲ့ ဖြစ်မကုန်ပါနဲ့ဦး။ လူကြီးတွေရော သည်လို မတွေးဘူးထင်လို့လား။ စစ်သူနာပြုဆရာမလေးတွေကို ချိုးချိုးနှိမ်နှိမ် ပြောတဲ့သူတွေက “သူတို့က စစ်ဗိုလ်ကိုမှန်းချင်မှန်း၊ ဆရာဝန်ကို မှန်းချင်မှန်း၊ ဖြစ်နိုင်ရင် စစ်ဗိုလ်ဆရာဝန်ကိုမှ မှန်းကြတာ။ မောင်ရင်တို့လို အရစ်မရှိ၊ အစေ့မရှိတွေကို ဘယ်လူရာဘယ်သွင်းပါ့မလဲ” လို့ မြှောက်ပေးသလိုလိုနဲ့ ဗလာချီကြီး ၀င်ကစ်သွားတတ်သေးတာ။ သွားပုပ်လေလွင့်စကားတွေကို ကိုးကားစရာလား ဆိုပေမယ့် ဆိုလိုရင်းအချက်က စစ်ဗိုလ်ဆရာဝန်ဆိုတာ ဆရာဝန်တွေထက်ရော၊ စစ်ဗိုလ်တွေထက်ပါ တပန်းသာတယ် လို့ ပြောချင်တာပါ။ ဆရာဝန်အတတ်ပညာအပြင်မှာ ရေရာတဲ့ရှေ့ရေးကလေးကလည်း တို့များထက်တော့ သာတယ် မဟုတ်ဘူးလား။ အနည်းဆုံး လခသာတာကတော့ ငြင်းမရဘူးပေါ့။ သို့သော်လည်း မြို့ပေါ်ကဆရာဝန်တွေလို ကုတ်အဖြူကလေးဝတ် နားကြပ်ကလေး ပုခုံးပေါ်တင်ပြီး စတိုင်ကျကျ ဘိုင်ကျကျ အလုပ်လုပ်နေရတာ မဟုတ်ဘူး။ “မြင်စေချင်စမ်းလှသည်။ တောင်တန်းပြာ စစ်စခန်းက ကျောပိုးအိပ်ကို လွယ်ကာ …” ဆိုတဲ့ အစားမျိုးပါ။ လွယ်မယ်ထင်ရင် တစ်လလောက် လာလုပ်ကြည့်ပါလား။ ဟဲ ဟဲ။ အရင်တစ်ပတ်တုန်းက လက်ရှောင်ပါတယ်ဆိုပြီးတော့မှ သည်တခါ ပယ်ပယ်နယ်နယ်ကြီး နွှာတော့မပေါ့လေ လို့ မထင်ပါနဲ့။ တချို့လူတွေက ဘာပြောသွားမှန်းမသိဘူးဆိုလို့ သည်တခါတော့ အရိပ်မပြတော့ပဲ အကောင်လိုက်ကလေး သရုပ်ဖော်မယ်လေ။ စိတ်ဝင်စားစရာကောင်းပါတယ်ဗျ။ မျက်မမြင်ပုဏ္ဏားခြောက်ယောက် ဆင်စမ်းသလိုပေါ့။ ကိုယ်ကိုယ်တိုင် ထဲထဲဝင်ဝင် မလုပ်ခဲ့ဖူးသော်ငြား သိမြင်ခံစားမိသမျှလေးတွေကို “ဆင် ဆိုသည်မှာ” စာဖွဲ့ရတဲ့အခါ ယပ်တောင်ကြီးပါ။ တိုင်လုံးကြီးပါ လို့တော့ တစ်ယောက်တစ်ပေါက် မပြောလိုပါဘူး။ ကောဏ္ဍေညပုဏ္ဏားကလေးလို တစ်ချောင်းတည်းသော လက်ညှိုးထောင်လို့ တစ်ခွန်းတည်းသော စကားဆိုပါ့မယ်။ ဆင်ပြောင်ဘယ်လောက်ကြီးကြီး အမြီးကတော့ ရှူးလှပါသဗျို့။ (ခုမှပဲ မရမ်းတလင်းထွက်မှန်း လူသိကုန်တော့တယ်။ ဧကံသအောက်ကမြင့် လို့ နံမယ်ပေးရကောင်းမလား မသိဘူး။ ရှေ့ကပေါက်တာတော့ ကြွားစရာလား)။
ကိုယ်တွေခေတ်တုန်းကတော့ စစ်ဗိုလ်ဆရာဝန်ဆိုတာ ဆေးကျောင်းသားဘ၀မှာကတည်းက ဗိုလ်ရွေးအဖွဲ့မှာ ဗိုလ်လောင်းစာမေးပွဲဖြေ၊ လူတွေ့စစ်ဆေးပြီးမှ ခေါင်းခေါက်ရွေးထားတာပါ။ ဒုတိယနှစ်ကတည်းက ထောက်ပံကြေးခေါ်မလား လစာခေါ်မလားမသိ၊ ချီးမြှင့်ငွေခံစားနိုင်ကြပြီး သူများတွေလို စာမေးပွဲပြီးလို့ ကျောင်းပိတ်တဲ့အခါ ရပ်ရွာမပြန်နိုင်ပဲ စစ်ပညာတွေ သင်ရသေးတယ်လို့ မှတ်ပါတယ်။ မဆလအစိုးရလက်ထက်ဆိုတော့ တပ်မတော်သားတွေရဲ့ ဇာတာစန်းလဂ်ဟာ ပေါ့သေးသေးတော့ မဟုတ်ခဲ့ဘူးဗျ။ (သည်နေ့ကျမှ လေးကြီးကြီး မဟုတ်တော့တာလို့တော့ မဆိုလိုကြောင်းပါ) မင်္ဂလာဒုံစစ်ဆေးရုံဝန်းကျင်တွေဟာ ဆေးဗိုလ်လောင်းကလေးတွေ ကျင်လည် ကျက်စားခဲ့ရာ နေရာတွေပေါ့။ အစဖော်ပေးလိုက်လို့ လွမ်းမျက်ရည် သီသီဝေ့တဲ့သူတွေ ဝေ့ကုန်ပါဦးမယ်။ ဆေးရုံဝင်းထဲမှာကိုက စစ်ပုံမကျ မ၀င်ရလို့ စာကပ်ထားတာမို့ ယူနီဖောင်းဝတ် ဆရာဝန် လှတပတ ကြွတရွတလေးတွေ ပျားပန်းခပ်နေကြတာ မြင်ရမှာ မလွဲဘူး။ ကိုယ့်အတန်းထဲက ဖလန်းဖလန်းထခဲ့တဲ့သူတွေကတော့ အခုချိန်မှာ အဘဖြစ်တဲ့သူဖြစ်၊ မမဖြစ်တဲ့သူဖြစ်ကုန်ပေါ့။ လူပုံကြီးတွေကလည်း စဥ့်အိုးကြီးလောက် ရှိပေလိမ့်မယ်။ စည်ပိုင်းကြီးလောက် ရှိပေလိမ့်မယ်။ (ဟီး ချစ်လို့စတာ စိတ်ဆိုးနဲ့နော်)။ ငယ်ပေါင်းသူငယ်ချင်းတွေမို့ မတော်တဆ ပြန်ဆုံကြတဲ့အခါ “မရောက်တာကြာပြီ။ မတွေ့တာကြာပြီ။ သတိရလိုက်တာ စာအုရာ” လုပ်မိလေတော့ သူတို့ကလည်း အမြဲခြုံလွှမ်းထားရရှာတဲ့ ဇာတိ ပုည ဂုဏ်မာနတွေ ခနချွတ်လို့ ခိုကောင်ရေကိုးရာအားနဲ့ ညည်းပြကြပါတယ်။ (အဲဒါပေါ့ ခိုကိုးရာမဲ့တယ် ဆိုတာ။ ကိုယ်တောင် မနေနိုင် မထိုင်နိုင် မဲ့ကာရွဲ့ကာ ရေးမိပါပေါ့။) ဆိုလိုရင်းကတော့ အားမကျချင်စမ်းပါနဲ့။ ကိုယ့်ဝမ်းနာ ကိုယ်သာသိတယ် ဆိုပါတော့။ အလိုလေးကွယ်။ ဘွဲ့လွန်တွေလည်း အစီအရီ။ နိင်ငံခြားဆိုလည်း သွားလိုက်ပြန်လိုက်၊ နေရေးထိုင်ရေး စားရေးသောက်ရေးကလည်း တင့်တောင့်တင့်တယ်နဲ့ဟာ “မျက်ထားညို ဘာအလိုများမကျ၊ စကားမဆိုဝံ့အောင်ကွယ် အိုဘယ့် သက်လှယ်” လို့သာ မေးလိုက်ချင်တော့တယ်။ ဒါနဲ့များတောင် “အိမ်မှာပဲနေချင်တယ် မေမေ” လို့ ဆိုလာတော့ ကိုယ်ကလည်း ကြော်ငြာထဲကအတိုင်း “အကြောင်းတစ်ခုခုတော့ ရှိရမယ်။” လို့ ဆက်တွေးမိပြန်ရော။
ကိုယ်ကိုယ်တိုင်ကရော အဲသည်လောက်ကောင်းတဲ့အလုပ်ကို ဘာဖြစ်လို့များ ၀င်မလုပ်ခဲ့မိတာပါလိမ့်။ ရှေ့တန်းလိုက်သွားရရင် “ခရာဆူးခြုံ ဟိုအထဲက မျှော့နက်မည်းကြီး တွယ်တတ်တယ်” ဆိုပြီး ရွှံစင်မှာ ကြောက်တဲ့အစားထဲကတော့ မဟုတ်ပါဘူး။ အလုပ်မ၀င်ခင်မှာ ဘဘအကြီးကြီးတစ်ယောက်က “စစ်ထဲဝင်ပါလား။ ဘာမှ မပူနဲ့။ သူ့တာဝန်ထား။” လို့ မြေတောင်မြှောက်ပေးချင်တာကြောင့် အခွင့်အလမ်းကလေးများ ပေးသနားဖူးပါတယ်။ သူ့ကိုတော့ မယုံနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် မယုံလို့ ရေထဲက ဆွဲတင်မယ့်လက်ကို ဘူးခါခဲ့ရတယ်။ (သူက လက်ပေး လက်ပေး လို့ ပြောတာကိုး။ ငါ့လက်ကိုယူလိုက်လို့မှ မပြောပဲနဲ့။) လူကိုက ကပ်သီးကပ်ဖဲ့ဗျ။ ကောင်းကောင်းဆိုးဆိုး ကိုယ့်ကြမ္မာကို ကိုယ့်ဘာသာပဲ ဖန်တီးချင်တယ်။ သူများဖန်တီးပေးထားတဲ့ဘ၀ကြီးကို စွေ့ကနဲတက်မထိုင်ချင်ဘူး။ ပေကပ်ကပ်နဲ့ စွာကျယ်ဆိုတဲ့အစားမျိုး။ စေတနာနဲ့ မတန်ဘူးလို့ ပြောချင်ပြော။ အဲသည်အထဲကို မ၀င်ချင်ဘူး။ ကြောက်တယ် ဆိုတာ ရှေ့တန်းထွက်ရလို့။ အနေအစားဆင်းရဲမှာစိုးလို့ မဟုတ်ဘူး။ အရှင်မွေးတော့ နေ့ချင်းကြီးနိုင်မှန်း သိပေမယ့် ဘုန်းကြီးကျောင်းသားများလို အရှင့်နောက်ပါး တဖ၀ါးမခွာ မခစားချင်ဘူး။ ဗောင်းတော်ညိတ်လည်း စိတ်တော်မသိချင်ဘူး။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ပဲနေချင်တယ်။ တစ်စုံတစ်ယောက်ကို ကြောက်ရွံ့စွာနဲ့ ပျပ်ဝပ်ကျိုးနွံ မပြုချင်ဘူး။ သည်လိုပြောတော့ အထဲကလူတွေကို အဲလိုနေနေရတယ် လို့ မဆိုလိုပါဘူး။ ကိုယ့်စိတ်နဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ တွေးမိတာ။ အရပ်ဘက်မှာ အထက်လူကြီးကြောက်ရတယ်ဆိုပေမယ့် အိမ်ကမိန်းမတွေ ကလေးတွေ ကိုယ်နဲ့လိုက်ပြီး ခစားဝန်းရံ သစ္စာခံစရာမှ မလိုတာ။ သည်ကနေ့ အလုပ်မလုပ်ချင်တော့ရင် သေချာအောင် ဆုံးဖြတ်။ နောက်နေ့ အလုပ်မသွားပဲ နေလိုက်ရုံပေါ့။ နေရင်းထိုင်ရင်း တပ်ပြေး တရားခံပြေး မဖြစ်ဘူး။ အဓိကကတော့ ကိုယ်ဟာ အမိန့်မနာခံတတ်တဲ့သူမှန်း ကိုယ့်ဘာသာ သိတယ်။ တပ်ထဲမှာ အဲဒါမပါရင် ဘာမှ လုပ်လို့ မရဘူး။ အဲဒါနဲ့ အဓိကဖွဲ့စည်းထားရတာ။ လက်နက်ကိုင်အဖွဲ့အစည်းကြီးကို အဲဒါနဲ့မှ မအုပ်ချုပ်ရင် ဘာနဲ့သွားအုပ်ချုပ်မှာလဲ။ ဒါကြောင့် အတောင်ပါတဲ့ ငှက်တွေကို ရေထဲကငါးက ဖားတု ခရုခုန် မလုပ်ဘူး။
ဘွဲ့လွန်ဝင်ခွင့်အင်တာဗျူးဖြေတော့ ဆရာကြီးဦးသာလှရွှေက “ခွဲစိတ်ရတာချင်းအတူတူ၊ မီးယပ်သားဖွားကျတော့ ဘာလို့ မဖြေတာလဲ” တဲ့။ “ကျွန်တော်က မိန်းမတွေကြားထဲမှာချည့်ပဲ မနေတတ်လို့ပါ။” လို့ ဖြေလိုက်တယ်။ ဆရာကြီးက “သြော် ဆရာလေးက လူပျိုမို့လား။” လို့ မေးရော။ အခုလည်း အဲသလို မေးရမယ့်ပုံပေါက်နေပြီ။ အရပ်ဘက်မှာတော့ စည်းနဲ့ကမ်းနဲ့ အထက်လူကြီးစကား နားမထောင်ပဲနေရတာမို့လား လို့ မေးချင်စရာ။ အာဏာစက်ချင်းတော့ မတူတာ အမှန်ဗျ။ ကျိုက်ထီးရိုးက ၀ယ်လာတဲ့ စက်သေနတ်တွေလို “ပြန်မချစ်ရင် ပစ်သတ်မယ်” ဆိုတာမျိုးတော့ လုပ်လို့ မရဘူး မဟုတ်လား။ ဒါပေမယ့် တပ်ထဲကျရင် အဘအိမ်က ကားဆရာနေမကောင်းတာလည်းပဲ ဗီအိုင်ပီလူနာထဲပါတယ်ဗျ။ ကျားလည်းကြောက်ရတယ်။ ကျားချေးက ပိုကြောက်ရတယ်။ (နံတာကိုးဗျ)။ ကိုယ်က အရပ်ထဲသွားရင်သာ ဗိုလ် သခင် ဆရာ။ အလုပ်ထဲမှာတော့ ငယ်ကျွန် အောက်ဆွဲ တပည့် လက်သား။ ရုတ်ရုတ်ရုတ်ရုတ် မလုပ်နဲ့ ဂုတ်ဂုတ်ဂုတ်ဂုတ် ဖြစ်သွားမယ်။ လူကြီးအိမ် လူနာသွားကြည့်ရတယ်ဆိုတာ ခြင်္သေ့ မျက်စဉ်းခပ်ရသလိုပဲ။ မယုံရင် အခုဆေးရုံမှာ လူနာကြည့်နည်းနဲ့ သွားစမ်းကြည့်ပါလား။ ဒိုင်းညောင့် အမြှောက်တစ်သိန်းနဲ့ လောက်တောင်မလောက်ဘူး။ အိမ်မှာဆင်ထားတဲ့ ပုခက်ပြုတ်ကျလို့ စပွန်ဆာပေးတဲ့ ကံထရိုက်ခေါ်ပြီး နားထင် ခြောက်လုံးပြူးကြီးနဲ့ တေ့တယ်ဆိုလား ကြားဖူးဖတ်ဖူးလိုက်တယ်။ အရပ်သားတွေ လျော်ကြေးတောင်းတာ ဘာဟုတ်သေးတုန်း။ ဘုရားလက်ထက်က ဆရာဇီဝကကြီးတောင် ဥတေနမင်းကိုဆေးကုတော့ ဆင်ကောင်းတစ်စီးနဲ့ အသပြာထောင်ထုပ်တောင်းတာဟာ သူ့အတွက် ခြေကြွခမဟုတ်ပါဘူးတဲ့။ ထောပတ်အနံ့မခံနိုင်တဲ့ ရှင်ဘုရင်ကို အနံ့သတ်ထားတဲ့ထောပတ်နဲ့ ဆေးကုပြီး လေချဉ်တက်လို့ ထောပတ်နံ့ရတဲ့အခါ လိုက်သတ်ခိုင်းလိုက်တဲ့လူတွေလက်က လွတ်အောင်ပြေးနိုင်ဖို့ အတွက်ပါတဲ့။ ဆင်ပေါ်ကနေ အသပြာတွေ ကျဲပြီး ထွက်ပြေးရတာဆိုပဲ။ အဲလိုလူနာမျိုး နေ့တိုင်းကုရမယ်ဆိုရင် သေရချည်ရဲ့ဗျာ။ ဒါပေသိ ၀ါသနာပါတဲ့သူတွေကတော့ အဘအိမ်ကခေါ်တာကိုမှ ကံထရိုက်ဆွဲ ကုချင်တာလည်း ရှိသပေါ့။ ဘုန်းတော်ကြီးဘုရားအတွက် စက်တော်ချင်းတီးပေးရမှ စိန်ဆိုင်းမြဆိုင်း ဖြစ်တာကလား။ နန်းသုံးတော်ဝင် ရွှေသဇင်ဆရာဝန်ကြီးတွေကို နှယ်နှယ်ရရမှတ်လို့။ လူနာဆောင်ထဲရောက်တာတောင် ရှင်ဘုရင့်ဖင်နှိုက်ထားတဲ့ လက်ကလေး ရွှေချထားတော့မလောက် တသသထောင်ထားတယ်။ ကိုယ်လိုငတုံးတွေသာ တောကရွှံ့တပိဿာနဲ့ ငမွဲတွေကို ဆဲဆဲဆိုဆို ဆံထုံးထုံးဆီစိုက် ကုချင်တာ။ သူများတွေဖြင့် ပီယ၀ါစာလေးနဲ့ ရွှေလှည်းစီး ငွေလှည်းစီး။ လိုက်ပါတယ်။ ပြာပုံနဲ့။ နွေးမှနွေး။ ကိုယ့်အကြောင်း ကိုယ်အသိဆုံး။
ကိုယ့်ဘာသာ မလုပ်ချင်တာနဲ့ပဲ စပျစ်သီးချဉ်သလေး ဘာလေး။ အကောင်ကြီး အမြီးရှူးသလေးဘာလေး။ ပုတ်ပုတ်ခတ်ခတ် ပြောစရာလား။ ပြောရဲပေါင်ဗျာ။ ဒါပေသိ သယ်ရင်းကြီးတွေ ကိုယ့်ဘာသာ အသိဆုံးဖြစ်ပေလိမ့်မယ်။ အခက်ကြီး အခွေကြီးတွေ လေးလာတဲ့အခါ ဘ၀တက်လမ်းဆိုတာ ကိုယ်ရည်ကိုယ်သွေး ကြိုးစားအားထုတ်မှုတွေနဲ့ ဘယ်လိုမှ မပတ်သက်တော့ဘူးဗျ။ အိုလို့သေကာမှသေရော၊ လုပ်သက်တွေ စွမ်းဆောင်ရည်တွေကလည်း အသုံးဝင်လိမ့်မယ် မဟုတ်ဘူး။ စင်တော်မကောက်သရွေ့ ဖင်ပေါ်အောင် လျှောက်စေဦး လေတောင် အသလပ်ခံရမယ် ထင်သလား။ အရှင်မွေးတော့ နေ့ချင်းကြီးသလို အရှင်သေတော့ နေ့မကူးခင် ကိုယ်လည်းလိုက်ရရော။ ဘော်ဒါတွေ တစ်ခွန်းတည်းနဲ့ ဓါတ်သွားအောင် ပြောရရင် သည်နေရာမှာ အောက်ဖဲက စကားပြောလာပြီဗျ။ လိမ်မာတယ်။ အဲလောက်ဆို ပေါက်တော့နော်။ တို့များက သွေးခွဲစကားတွေ မဆိုချင်ဘူး။ သူများအတင်းလည်း မပြောတတ်ပါ။ စပ်မိစပ်ရာ ကွိစိကွစလောက်ကလေး။
အခုခေတ်ကာလ သားသမီးတွေများကျတော့ ကိုယ်ကတောင် လွှတ်အားကျဖို့ ကောင်းနေပြန်ရော။ ကျောင်းပြီးရုံနဲ့ လုပ်သက်လည်းမလို၊ ၀င်ခွင့်လည်း ဖြေစရာမလို၊ အော်တိုငုတ်တုတ် ဘွဲ့လွန်တက်ခွင့်ရလေတယ်။ အချိုးပြေတဲ့သူတွေဆို ပြည်တွင်းဘွဲ့လွန်တွေတောင်မဟုတ်။ ဆိုဗီယက်ပြန်နွဲ့နွဲ့စန်းတို့၊ ယိုးဒယားပြန်အမာစိန်တို့ ဖြစ်ကုန်တာ မြန်မှမြန်။ ဗူးကလည်းကောင်း စင်ကလည်းခံဆိုတော့ အညွန့်တလူလူပေါ့နော်။ တစ်ခုတော့ရှိတယ်။ ကိုယ်ဝါသနာပါရာ၊ အားသန်ရာ ဘာသာရပ်ကို ရွေးခွင့်ရဖို့ကတော့ အောက်ဖဲလိုပြန်ရော။ ဇာတ်ဆရာအလိုကျတွေ မကင်းလေဘူးတဲ့။ ခက်တာက ဗူးမခါးသော်ငြား ဆူးကြားမှာ သီးကြရတဲ့အတွက် အနေကြပ်တာကတော့ အမှန်ပါ။ အမြီးတွေဘွဲ့တွေကို မရေပဲ အစေ့တွေအဆန်တွေ ရေတဲ့အရပ်မို့ “ပျော်နိုင်မှာလား။ ရှားဖဲလေး တခြားတစ်ယောက်ထဲပါတာ မသိလိုက်တဲ့ဘ၀” ဆိုတဲ့ မေမြို့ညတွေရဲ့ ခါးသီးမှုတွေကို ခံနိုင်ရည်ရှိဖို့လိုပါတယ်။ တကယ်ပညာတတ်လာလို့ ပညာတတ်မာန်တွေဝင်လာတဲ့အခါ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးနေနိုင်ဖို့ ခက်တာပေါ့။ နဂိုကမှ မြင်းကို ချိုတပ်ပေးထားပြီးသား မဟုတ်လား။
လူတိုင်းလူတိုင်းမှာ အသက်မွေးမှုနယ်ပယ်တိုင်းမှာ ကောင်းတာတွေချည့်ပဲလည်း မရှိဘူး။ ဆိုးတာတွေချည့်ပဲလည်း မရှိဘူး။ အပြင်ကမြင်ရသလောက် ရွှေကျောင်းပြောင်ပြောင်တွေမှာလည်း ၀မ်းခေါင်ခေါင်တွေ သီတင်းသုံးချင်သုံးနေတတ်တာပဲ။ ကိုယ့်စိတ် ကိုယ့်စရိုက်ကို ကိုယ့်ဘာသာသိဖို့ပဲ လိုတာပေါ့။ ကိုယ်တိုင် မကျင်လည်ဖူးတဲ့ သူတပါးရပ်ရွာကို ကောင်းသည်ဆိုးသည်၊ ချိုသည်ခါးသည်၊ ဝေဖန်စရာ အကြောင်း မရှိပါဘူး။ (အောင်မယ်လေး မဝေဖန်ပေလို့သာ တော်တော့တယ်)။ တစ်ခုတော့ သတိပေးချင်ပါတယ်။ အစစအရာရာ ကိုယ့်ခေါင်းမသုံးပဲ သူများဦးနှောက်နဲ့ စေလိုရာစေဘ၀မှာ အသားသေလာမိရင် တနေ့ကျ အလုပ်ကထွက်ပြီးတဲ့အခါမှာတောင် အတွေးအခေါ်တွေက အညွန့်တုံးသွားမှာ စိုးရပါတယ်။ မုန့်ဖိုးပဲဖိုးလောက်နဲ့ ထိုင်ဆိုထိုင် ထဆိုထ အကျင့်ကြီးတွေ ပါနေတဲ့အခါ အဘတို့က ခိုင်းလို့သာ လုပ်နေရတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာတွေလုပ်ပြီး ဘာကောင်ဖြစ်နေမှန်း နည်းနည်းလေးမှ မရိပ်မိလေရှာသူတွေ ဖြစ်ကုန်တော့ မခက်ပါလားကွယ်။ စင်ပေါ်ကယမင်းရုပ်ကလေးများဟာ အသွင်လည်း တင့်တယ်လှပါလေရဲ့။ ဆင်မြန်းပေးထားတာတွေကလည်း ပိုးဖဲကတ္တီပါ၊ ရတနာများတောင် ပါလိမ့်ဦးမယ်။ မီးရောင်အောက်မှာ ဗိုလ်ရှုခံစင်တော်မင်းသမီးဘ၀ပေမယ့် အရုပ်ဆိုးဆိုး အဖိုးမထိုက်တဲ့ သစ်သားရုပ်ကလေး ပင်နော့ချိုလိုတော့ ကိုယ်ပိုင်ဘ၀မရှိလေဘူးဗျ။ ကိုယ့်ဘ၀ကို ကိုယ့်အားကိုယ်ကိုး ကိုယ်ပိုင်အသိဥာဏ်နဲ့ ကိုယ်တိုင်ထုဆစ်နိုင်သူတွေ ဖြစ်နိုင်ကြစေသားလို့ ဆုတောင်းပေးလိုက်ပါတယ်။
0 comments:
Post a Comment