Wednesday, April 25, 2012
မြန်မာမကျော်တဲ့ ကမ္ဘာကျော်စာရေးဆရာများ (၁၇) ဖီးလစ်ဆိုယေး(Philip Soller)(၁၉၃၆- )
by မင်းခက်ရဲ (Min Khet Ye) on Saturday, January 28, 2012 at 5:30pm ·
            ကျွန်တော်တို့ဆီမှာ စာပေနဲ့ ပတ်သတ်လာရင် အားနည်းချက်ရှိနေတဲ့ အပိုင်းတွေထဲက တစ်ခုက စာပေသမိုင်းပဲ ။ စာပေလေ့လာမှုအတွက်သာ မကဘူး ၊ စာပေအနုပညာဖန်တီးမှုတွေအတွက်ပါ စာပေသမိုင်းဟာ အရေးကြီးတယ် ။ ကိုယ့်ရဲ့ စာပေသမိုင်းဆိုတာ ရေးနေဖို့ အမြဲကြိုးစားနေရမယ့် အရာဖြစ်ပြီး ထပ်ခါတလဲလဲ နယ်နမိတ်ပြန်ဆွဲနေရမယ် ။ စာပေသမိုင်းအကြောင်း ပြောရရင် ကိုယ့်ရဲ့ စာပေသမိုင်း အားနည်းချက်ကို မဆိုထားနဲ့ သူများနိုင်ငံက စာပေ သမိုင်းတွေကိုလည်း ကျွန်တော်တို့ ဘာသာပြန်ပေးဖို့ ၊ တတ်နိုင်သလောက် ရှင်းလင်းထုတ်ဖော်ဖို့ ကြိုးစားရမယ်လို့ မြင်တယ် ။                                                                                                                                                “
            စာပေသမိုင်းတွေ ဘာသာပြန်လာမှ ကျွန်တော်တို့ဆီမှာ စာပေသမိုင်းဖတ်တဲ့အတွေ့အကြုံတွေ ပေါများလာ မယ် ၊ပြန်လည်ပြုစု လာဖို့ရာ စိတ်အားထက်သန်မှုတွေ တိုးလာမယ်လို့ မြင်တယ်။ သူများတွေရဲ့ စာပေသမိုင်းတွေကို ဘာသာပြန် ၊ပြုစုပေးခြင်းရဲ့ အကျိုးကျေးဇူးက အများကြီးပါပဲ ။
ဒီအထဲက တစ်ချို့ကို ပြောရရင် စာပေသမိုင်းကို ဖတ်တာ ကြောင့် ကိုယ်ဘာသာပြန်မယ့်စာရေးဆရာ ၊ ကဗျာဆရာဟာ စာပေသမိုင်းရဲ့ ဘယ်လိုအနေအထားမျိုးမှာ ရှိရမလဲဆိုတာ ကောင်းကောင်းနားလည် သွားတယ် ။ သူတို့ရဲ့ သမိုင်းအဆက်အစပ်ကိုနားလည်သွားမယ်။ သူတို့ရဲ့ သမိုင်း အဆက်အစပ်ကို နားလည်သွားဖို့က အရေးကြီးတယ် ။ သူတို့ရဲ့ တီထွင်မှုတွေဟာ သူတို့ရဲ့ သမိုင်း ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှုအဆက်အစပ် အတွင်းက ထွက်လာတာလို့ ဖတ်မိရင် ဒါမှမဟုတ် နားလည်ထားရင်  ကျွန်တော်တို့ ဆီမှာ သူတို့ဆီက စာပေကို မိတ်ဆက်ပေးမှုတွေဟာ အခန့်မသင့်ပဲ  မိတ်ဆက်ပေးမှုကနေ  တင်သွင်းသလိုဖြစ်သွားတတ်တယ် ။ သမိုင်းအဆက်အစပ် မပါဘဲ “၀ါဒ ”လို ၊ လှုပ်ရှားမှုလိုလိုတွေကို ရေးစပ်ပုံလိုလို ၊ တက်ခနိလိုလို  မိတ်ဆက်ပေးတာမျိုးကတော့ ပြဿနာ ရှိလာနိုင်တဲ့ မိတ်ဆက်ပေးမှုမျိုးပဲ။ အကောင်းဆုံးကတော့ သူတို့ရဲ့ သမိုင်းကို နားလည်ထားတဲ့အတွက် မိတ်ဆက်ပေးတဲ့ တက်ခနိတွေကို တိုက်ရိုက်ယူတာမျိုး ၊အားကျတာမျိုး ဖြစ်မလာဘဲ ကိုယ့်ရဲ့ အခြေအခံနဲ့ ညှိဖို့ ၊ ကိုယ့်ရဲ့ ပစ္စုပ္ပာန်အခြေအနေအတွင်းက လူမှုရေးနိုင်ငံရေးအခြေအနေမျိုးနဲ့ ဆက်စပ်တဲ့ ပုံစံမျိုးလုပ်လာမယ်။ ပုံသဏ္ဌာန်ကို ကိုယ့်ရဲ့ အတိတ်ကာလသမိုင်း ဒါမှမဟုတ် ပစ္စုပ္ပန်လူမှုအရေး နိုင်ငံရေး အခြေအနေအတွင်းကနေသာ တီထွင်တော့မှာပါ။         စာပေသမိုင်းရေးသားမှုတွေ အတွက်လည်း အကျိုး ပြု တယ် ။ ယနေ့မှာ သူတို့ဆီက သမိုင်းရေးသားပုံမျိုးဟာ ကျွန်တော်တို့ဆီမှာ ဦးဖေမောင်တင်ရေးသားတဲ့ မြန်မာစာပေသမိုင်းလို အရေးအသားမျိုးမဟုတ်တော့ဘူး ။ အဲဒီလို အရေးအသားမျိုးကိုလည်း ဘယ်သူမှ မရေးသား ကြတော့သလို၊ လက်လည်းမခံတော့ဘူး။ လွယ်လွယ်ဆိုရရင်တော့ စာပေသီအိုရီ၊ သမိုင်းသစ်အမြင်တွေနဲ့ ဆက်စပ်လာပြီ ။  ဇာတ်လမ်းအဆောက်အအုံပညာအရာ သမိုင်းကိုတင်ပြပုံကို မသိလို့ မဖြစ်တော့ဘူး ။ သမိုင်းတစ်ခုကို ရေးတော့မယ် ဆိုရင် သမိုင်းအကြောင်းအရာအရ ၊ အကြောင်းအရာနဲ့ လျောညီတဲ့ တကယ်အခြေအနေနဲ့ လျော်ညီတဲ့ တင်ပြပုံမျိုးတွေဟာ ဇာတ်လမ်းအဆောက်အအုံပညာနဲ့ စာပေသီအိုရီတွေ ကို လေ့လာရမယ် ။ စာပေသမိုင်းကို ရေးမယ့်သူဟာ သမိုင်းပညာရှင်ရဲ့ ကျွမ်းကျင်မှုတစ်ခုထဲသာမကဘူး ၊ စာပေသီအိုရီ ပညာရှင်တွေရဲ့  အနက်ပြန်ပုံနဲ့ ပြန်လည်တည်ဆောက်ပုံတွေပါရှိနေရမယ် ။ ဒါတင်လားဆိုတော့ မဟုတ် စာပေးရဲ့ သဘောသကန်တွေ ၊ တန်ဖိုးစံတွေ ၊ အထက်စီး စာပေးနဲ့ အဖိနှိပ်ခံစာပေးတွေရဲ့ သဘောကိုပါမြင်ရမယ် ။ သမိုင်းရဲ့ အခြေအနေအတွင်း ကိုယ်ဟာ ဘယ်လို စာရေးဆရာတွေကို သာထည့်ဝင်ပြီး သမိုင်းရေးဆွဲမလဲဆိုတာ စာပေသမိုင်းပညာ ရှင်တွေထက် စာပေလေ့လာမှု ၊ သီအိုရီပညာရပ်တွေနဲ့ ထဲထဲဝင်ဝင် မပတ်သတ်လို့ မရဘူး ရယ်လို့ ဖြစ်လာတာပဲ ။ ယခု ပြင်သစ်စာရေးဆရာ ဖီလစ် ဆိုယေးဟာ ပြင်သစ်စာပေသမိုင်းရဲ့ နေရာမှာအရေးကြီးတဲ့ အခန်းဂဏ္ဍကနေပါဝင်တယ် ။ သူဟာ ပုံသဏ္ဌာန်ဆိုင်ရာ စမ်းသပ်တီထွင်သူတစ်ဦးလည်းဖြစ်တယ် ။ ပုံသဏ္ဌာန်ဆိုင်ရာ စမ်းသပ်တီထွင်သူဖြစ်တာကြောင့် သူ့အကြောင်းကို ပြောတဲ့ အခါမှာ သူ့ရဲ့ စမ်းသပ်မှုတွေနဲ့ အတူ သူတို့ရဲ့ ခေတ်သစ်ပြင်သစ် စာပေသမိုင်းကို အဓိကထားပြီးပြောဖို့လိုပါတယ် ။ ဒါကြောင့် ဆိုယေးအကြောင်းမှာ ကျွန်တော့်အနေနဲ့ ပြင်သစ်စာပေ သမိုင်းကို အလေးပေးပြီပြောဖို့ရာ ဆန္ဒရှိတယ်။
ဖီးလစ် ဆိုယေးဆိုတာ ဘယ်သူလဲ။
            ဆိုယေးဆိုတာ ပြင်သစ်ရဲ့ ကမ္ဘာကျော် Tel Quel မဂ္ဂဇင်းကို တည်ထောင်သူပဲ ။ သူရဲ့ ဂျာနယ်ဟာ ပြင်သစ်လို nouveau roman အင်္ဂလိပ်လို the New Novel အရေးအသား လှုပ်ရှားမှုကို ခေါင်းဆောင်သူတွေထဲက တစ်ဦးပဲ ။ ဆိုယေးတို့ ဟာ ယန်းပေါဆာ့တ်နဲ့ ဖြစ်တည်မှုဝါဒီတွေရဲ့ ဖြစ်တည်မှုဝါဒအခြေခံ ၀တ္ထုတွေကို ဆန့်ကျင်စိန်ခေါ်သူတွေပဲ ။ ဆိုယေးအသက် ၂၂နှစ်(၁၉၅၈)မှာ Une curieuse solitude ကိုထုတ်တယ် ။ ၁၉၅၉မှာ A Strange Solitude အဖြစ် အင်္ဂလိပ်ဘာသာပြန်ဆို ခံရတယ် ။ ကမ္ဘာမှာ ထင်ရှားတယ် ။ နိုဗယ်ဆုရ ဆရာဆရာ ဖရွန်ဆွာ မိုးရိ က ချက်ချက်ဆိုသလို ချီးကျူးလိုက်တယ် ။ နောင် ၂နှစ်ကြာတဲ့ အခါမှာ Tel Quel ကို တည်ထောင်ပြီး ယန်းပေါဆာ့တ်အောက်က ဆန့်ကျင်ရုန်း ထွက်မယ့် စာပေလမ်းကြောင်းကို အုတ်မြစ်ချလာတယ်။မှတ်မိသလောက်ဆိုရရင်  မြန်မာပြည်မှာတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဒေါ်ခင်လေးမြင့်က ဆိုယေးရဲ့ ၀တ္ထုတစ်ပုဒ်ကို ဘာသာပြန်ထားတာ ဟန်သစ်မဂ္ဂဇင်းမှာ တွေ့လိုက်ဖူးတယ်။                                                                                                                               
                Historical Dictionary of Postmodernist Literature and Theater (2007)မှာ Nouveau Roman ဆိုတာကို ‘ Movement in French Fiction , also known in English as ‘the New Novel ‘ that developed as a countertendency to existentialist writing in the  1950s and which more significant as a literary movement even though existentialism has more fully entered into wider cultural consciousness’ လိုဖော်ပြထားတယ် ။ ၁၉၅၀ခုနှစ်များက ဖြစ်တည်မှုအခြေခံအရေးအသားများနဲ့ ဆန့်ကျင်တဲ့ ဘက်ကို ဦးတည်ဖွံဖြိုးလာတယ် ။ ဖြစ်တည်မှု ၀ါဒဟာ ပိုကျယ်ပြန့်တဲ့ ယဉ်ကျေးမှုဆိုင်ရာ သိမှုတွေဆီ အပြည့်အ၀ ၀င်ရောက်ခဲ့ပေမယ့် Nouveau Roman ကတော့ စာပေဆိုင်ရာ လှုပ်ရှားမှု အဖြစ် ပိုထင်ရှားတယ် လို့ ဆိုပါတယ်။                                                                             
                 Tel Quel ကို တည်ထောင်သူအဖြစ်သာမကဘဲ ဒဿနအပိုင်းမှာလည်း ဆိုယေးဟာ အသိုင်းအ၀ိုင်းရှိတယ် ။ သူရဲ့ မိတ်တွေအပေါင်းအသင်းတွေက ဒဲရီဒါ ၊ ရိုလန်ဘာ့သ်နဲ့ ထင်ရှားတဲ့ အဆောက်အအုံလွန်ဝါဒီတွေပဲ ။ Tel Quel ဟာ အဲဒီကာလ အဆောက်အအုံဝါဒ အမြင်တွေ ဖော်ဆောင်ရာမဂ္ဂဇင်းဖြစ်တယ်။ ဒဲရီဒါ ကိုယ်တိုင်က သူ့ရဲ့ ဒီကွန်စထရပ်ရှင်း နည်းပရိယာယ်အတွက် အရေးကြီးတဲ့ Dissemination ကျမ်းမှာ ဆိုယေးရဲ့ ၀တ္ထုနဲ့ ပုံသဏ္ဌာန်ဆိုင်ရာ စမ်းသပ်တီထွင်မှု တွေကို ရှင်းပြခဲ့တယ် ။ ရိုလန် ဘာ့သ်က  Writer Soller အမည်နဲ့ ဆိုယေးလေ့လာချက်ကိုလုပ်ခဲ့တယ်။ ဆိုယေးဟာ တရုတ်ယဉ်ကျေးမှုကို အထူးစိတ်ဝင်စားတယ် ။  စာပေသီအိုရီနယ်မှာ က္ကတ္ထိယ၀ါဒီ ၊ ၀တ္ထုရေးဆရာမ ယူလီခရစ္စတီဗာနဲ့ ၁၉၆၇မှာ အိမ်ထောင်ကြတယ် ။ ပြင်သစ်စာပေသမိုင်းအကြောင်း ၊စာပေသီအိုရီအကြောင်းပြောရင် ဆိုယေးနဲ့ သူ့ရဲ့ Tel Quel ဟာ အရေးကြီးတဲ့ နေရာကနေပါဝင်ခဲ့တယ်။
အစောပိုင်း ပြင်သစ်စာပေသမိုင်း
            ပြင်သစ်မော်ဒန်ဝတ္ထုတွေထဲ နှစ်ဆယ်ရာစုအစမှာ ထင်ရှားတာက  Self- referentiality လို့ခေါ်တဲ့ ရေးသားပုံတွေ ပဲ ။ ကိုယ့်ကိုယ်ကို ဗဟိုပြုရေးတာလို့ ယေဘုယျခေါ်နိုင်တယ် ။ မာဆယ်ပရောက်စ်ရဲ့ ၀တ္ထုတွေထဲမှာ ဆိုရင် လူတစ်ယောက်ဟာ ၀တ္ထုကို ဘယ်လိုရေးလာသလဲ ဆိုတဲ့ အပိုင်းတွေကို အဓိကထားတယ်။ ၁၉၂၅ထုတ် Andre Gide ရဲ့ Les Faux Monnayeur ဇာတ်ကောင်က ၀တ္ထုရေးနေပါတယ်ဆိုတဲ့ အသိမျိုးကိုပြန်လည်ထည့်ထားတယ်။ ဇာတ်ကောင်ဖြစ်တဲ့ အေးဒူးအပ် က Les Faux Monnayeur ၀တ္ထုရေးဖို့လုပ်နေပြီး ၀တ္ထုဟာလည်း အဲဒီလိုရေးဖို့ လုပ်နေတဲ့ အေးဒူးအပ်ရဲ့ ဒိုင်ယာရီထဲက အရေးအသားတွေကို ဖြတ်ပြီးထည့်ထားတာမျိုးဖြစ်တယ်။ ဆူရီယာယ်လစ်နဲ့ ဒါဒါ အခြေခံဝတ္ထုတွေလည်းထင်ရှားတယ် ။ ဇိုလာနဲ့ အစဉ်အလာ ၀တ္ထုတွေကို ဆန့်ကျင်ရင်းထွက်လာတာဖြစ်တယ်။ ဘရီတွန်ရဲ့ Nadja(၁၉၂၈) နဲ့ အာရဂွန်ရဲ့ Le Paysan de Paris (၁၉၂၆) တွေမှာ သူတို့ရဲ့ မြင်ကွင်း ၊ရှုခင်းတွေကို ဖော်ပြတဲ့ အခါ ဆူရီယာယ်လစ်အခြေခံမြင်ကွင်းတွေ ၊ ပြီးတော့ သိမှုတွေ နဲ့ ရမက်ဆန္ဒအခြေခံတွေ ရုတ်တရက် ပြောင်းလဲ သွားပုံကို တွေ့ရမယ်။ နိုဗယ်ဆုရ ဖရန်ဆွာ မိုးရီးရဲ့ လက်ရာတွေဟာလည်း ဒီသဘောထင်ရှားတယ် ။ နက်ရှိုင်းတဲ့ စိတ်ခံစားချက်တွေနဲ့ ဘာသာရေးဆိုင်ရာထုတ်ဖော်ချက်တွေကို ရောယှက်ပြီး ထိတ်လန့်ဖွယ်ရာအဖြစ် ထုတ်ဖော်ထားတာ ကို တွေ့ရမယ်။ ယန်းပေါဆာ့တ်ရဲ့ အစောပိုင်း ၀တ္ထုတစ်ပုဒ်ဖြစ်တဲ့ La Nause (၁၉၃၈)လည်း ဒီအတိုင်းပဲ ။ Self-referentiality လို့ ဆိုနိုင်တယ်။  သူ့ရဲ့ဇာတ်ကောင်က သရော်တော်တော်နဲ့ အလုပ်လုပ်နေတယ် ။ ဆူရီယာယ်အမြင်တွေပေါင်းဖက်ထားပြီး ဒေသတွင်းက ချမ်းသာတဲ့ သူတစ်ဦးရဲ့ အကြောင်း ၀တ္ထုရေးဖို့ ကြိုးစား နေတာဖြစ်တယ်။ ဒဿနပညာရှင်း ဘာ့ဂ်ဆန်နဲ့ ဟူးဇယ်တို့ကို အခြေခံကြတယ် ။ သိမှုနဲ့ ကမ္ဘာလောကကြားထဲ အပြန်အလှန် ကူလူး ခေါက်တုံ့ခေါက်ပြန်သွားရင်းနဲ့ ညှိယူနေကြတဲ သဘောပဲ ။                                              
                   ဒီမှာတင် ဆာ့တ်က ခွဲထွက်လာတဲ့ အပိုင်းလေးတွေရှိလာတယ် ။ ဆာ့ရဲ့ ၀တ္ထုတွေမှာ  အဓိပ္ပာယ်ရှိတဲ့ အပြုအမူတွေဆိုတာ အပေါ် မေးခွန်းထုတ် စူးစမ်းလာတာ ။ ဖြစ်တည်မှုဒဿနမှာတွေ့ရဲ့မယ့် ဘ၀အဓိပ္ပာယ် ဆိုတာတွေနဲ့ ဆက်စပ်လာတယ်  ။လူသားနဲ့ ကမ္ဘာလောကရဲ့ ခိုင်မာတဲ့ အဆက်အစပ်ဘာလဲ လို့လဲ မေးခွန်းထုတ်နိုင်မယ့် ပုံသဏ္ဌာန်မျိုးကို သုံးစွဲတယ်။ နောက်ပိုင်း ၀တ္ထုသုံးပုဒ်တွဲဖြစ်တဲ့ Les Chemins do la liberte’ (၁၉၄၅-၄၉)မှာ ဆက်လက် သုံးစွဲတယ် ။ ကွာသွားတာက ယခင်ကလို ဒေသခံနေရာအပေါ်အခြေခံတာထက် သမိုင်းဆိုင်ရာအပေါ်အခြေခံလိုက်တာပဲ။ ဆာတ်ရဲ့ ၀တ္ထုတွေမှာ ဒုတယကမ္ဘာစစ်အတွင် လွတ်လပ်မှုရဲ့ လက္ခဏာတွေ၊  ကိုယ့်ကိုယ့်ကိုယ် ပိုင်စိုးမှုတွေရှိနေတယ် ။  စာဖတ်သူနဲ့ ရင်းနှီးနေတဲ့ ကမ္ဘာသမိုင်းဆိုင်ရာအခြေအနေအတွင်းကနေ ပုဂ္ဂလိကရွေးချယ်မှုအပေါ် အခြေပြုထားတဲ့ မြင်းကွင်းနဲ့ ရွေ့ပြတယ်၊ ဒီလိုလုပ်ပြဖို့အတွက်လည်း ဇာတ်ပြောသူရဲ့ ရှုထောင်အမြင်တွေကို ရွေ့လျားပြတာမျိုးလုပ်တယ် ။  
            သုံးအုပ်စလုံးမှာ အဓိက ကိုင်တွယ်တာက ကမ္ဘာ့သမိုင်းနောက်ခံ အဖြစ်အပျက်တွေကို ဆန့်ကျင်ထားတဲ့ တသီးပုဂ္ဂလလူသားနဲ့ လူအုပ်စုတွေရဲ့ အတ္တဘ၀ဖြစ်တည်မှုနဲ့ ပတ်သတ်တဲ့ ဘ၀အဓိပ္ပာယ်ကို မေးခွန်းတွေထုတ် ထားတယ်။ ကမ္ဘာအဖြစ်အပျက်လို ကျယ်ပြန့်တဲ့ နောက်ခံထဲမှာ တသီးပုဂ္ဂလလူသားရဲ့ ရွေးချယ်မှုကို မီးမောင်းထိုးပြတယ်။ ဒီသဘောကိုလည်း ဆင်မွန်ဒီဗူဗွားက ယူတယ်။ သူရဲ့ ၁၉၄၃ထုတ် L’ invite’e်မှာ  တစ်သီးပုဂ္ဂလလူသားရဲ့ စိုး၇ိမ်ပူပန် မှု အပြင်ဘက်ကအရာတွေနဲ့ စိုးရိမ်ပူပန်မှုကို  L’Sang des autres မှာတော့ ပြင်သစ်ရဲ့ နာဇီခုခံရေးတပ်တွေရဲ့ လှုပ်ရှားမှုနဲ့ ယှဉ်ပြီး တစ်သီးပုဂ္ဂလ ဖြစ်တည်မှုဆိုင်ရာ ရွေးချယ်မှုကို နှိုင်းယှဉ်ပြထားတယ်။ ၁၉၅၄ထုတ် Les Mandarins မှာ  ပုဂ္ဂလိက ၊ စာပေနဲ့ နိုင်ငံရေးဆိုင်ရာတွေကို ၇ှုပ်ရှုပ်ထွေးရောယှက်ပြထားတယ်  ။ သဘောကတော့ ပုဂ္ဂလိကသဘောဟာ နိုင်ငံရေးနဲ့ စွဲမြဲပြီးဖြစ်ပေါ်နေတယ်။                                                                                                                           
                ကာမူးရဲ့ အရေးအသားတွေဟာ ဆာ့တ် ၊ဗူးဗွားတို့ရဲ့ အရေးအသားတွေနဲ့ မတူဘဲ ကွဲပြားခြားနားတယ်။ ယန်းပေါ် ဆာတ်ကိုင်တဲ့ Les Temps modernes ပါ အမြင်တွေနဲ့ကို ခြားနားနေတာ ဖြစ်တယ် ။ ကာမူးရဲ့ ၀တ္ထုတွေက နိုင်ငံရေးဆိုင်ရာအတွင်းမှာ ပုဂ္ဂလိကသဘောကို အထက်ပါအတိုင်းနေရာချထားဖို့ မကြိုးစားခဲ့ဘူး ။ ကာမူးက သမိုင်းဆိုင်ရာ အခြေအနေတစ်ခုအတွင်းမှာ ပုဂ္ဂလိကလူသားရဲ့ ရွေးချယ်မှုကို ဖော်ပြတဲ့နေရာမှာ ဆုံးဖြတ်ရ မရေရာမှုအတွင်းကနေ ဖော်ပြတယ် ။ဆာ့တ်နဲ့ ဗူးဗွားတို့က တကယ်လို့ ဇာတ်ကောင်တစ်ယောက်ရဲ့ အပြုအမူတွေဟာ သူတို့ရဲ့ အခြေအနေတွေရဲ့ ပြဌာန်းမှုကို မခံရဘူးဆို၇င်တောင်မှ အဲဒီအခြေအနေ နီးနီးကပ်ကပ် ပဲ့တင်ထပ် ဖွံ့ဖြိုးလာတယ် လို့ ဆိုတယ် ။ ကာမူးအတွက်ကတော့ သူရဲ့ ဇာတ်ကောင်တွေကို သမိုင်းရဲ့ ပုံစံတစ်မျိုးမျိုးကနေ ဖမ်းဆုပ်နေမှုအတွင်း လွတ်မြောက်ခွင့်ပေးထားတယ်။ သမိုင်းရဲ့ တသီးပုဂ္ဂလအပေါ် ပတ်သတ်မှုဟာ ဆုံးဖြတ်ရမရေရာမှုဖြစ်နေတယ် ။ ဥပမာ La Peste(1947 ) ၀တ္ထုမှာ ပုလိပ်ဖြစ်နေစဉ် မြို့ကို ပိတ်ထားမှုကနေ တာရိုးနဲ့ ရေးတို့နှစ်ဦးကနေ ပင်လယ်သမုဒ္ဒရာထဲကို လွတ်မြောက်ထွက်ပြေးသွားပုံကို ကြည့်ရင်သိနိုင်တယ်။ ကာမူးကွယ်လွန်ပြီး ၁၉၆၀ခုနှစ်များမှာ ဘတိုင်းယီနဲ့ ဘလွန်ရှိုတို့ရဲ့ စာ ဟာ ပုံစံတစ်မျိုးနဲ့ ပြန်လည်ကျော်ကြားလာတယ် ။ ဒီလို ပြန်လည်ကျော်ကြားလာရတာ အကြောင်းနှစ်ခုရှိတယ် ။ တစ်ခုကတော့ ဖီးလစ်ဆိုယေးရဲ့Tel Quel မဂ္ဂဇင်းနဲ့ Nouveau Roman တို့ကြောင့်ပဲ ။ သူတို့တွေအားလုံး နီးပါးလောက်ဟာ ဘတိုင်းယီ ၊ ဘလွန်ရှိုတို့နဲ့ ဆက်စပ်နေတယ် ။ အများစုဟာ  ဘတိုင်းယီရဲ့ ပညာရပ်ဂျာနယ်ဖြစ်တဲ့ Critique ထွက်တွေပဲ ။ ဒုတိယအချက်ကတော့ အဲဒီလူတွေဟာ သူတို့မျိုးဆက်ရဲ့ ကျော်ကြားတဲ့ အဓိက ခေါင်းဆောင်တွေ ဖြစ်လာတဲ့ အတွက်ပဲ ။
ဆိုယေး ၊ New Novel နှင့် Tel Quel
            ဆိုယေးရဲ Tel Quel ကို အမှီပြုပြီး New Novel ထွက်လာတယ် ။ အဓိက လမ်းကြောင်းပေးသူတွေထဲမှာ ဆိုယေး ပါဝင်တယ် ။ ကမ္ဘာကျော် ပို့စ်မော်ဒန်စာရေးဆရာ အေလန် ရော့ ဂယီးယက်( Alan  Robbe-Grillet) ၊ ကလို ဆီမွန်၊  မီရှယ် ဘူတို၊ နာတာလီ ဆာရိုးတို့ ပါဝင်တယ် ။ ထင်ရှားတဲ့ နာမည်ကျော် ၀တ္ထုရေးဆရာ ၀ါ New Novelist ရယောက်ကို ပေါင်း ပြီး ဆိုးယေးက သူ့ရဲ့ Tel Quel မဂ္ဂဇင်းအမှတ် ၂ မှာ  New Novelist အေလန် ဂရီးယက်အပေါ် အခြေခံပြီး Senen Proposition on Alan Robbe-Grillet ဆိုပြီးထုတ်လိုက်တယ် ။ နောက်ပိုင်းမှာ သူအပါမ၀င် ၀တ္ထုသစ်ဟာ Tel Quel နဲ့ မဖြစ်မနေ ဆက်စပ်လာတယ်။                                                                                                                   
               ဂရီးယာက်က ၀တ္ထုသစ်အတွက် ၁၉၆၃မှာ ကြေညာစာတမ်းထုတ်ဖူးတယ် ။ ထုတ်ပြီးတဲ့ နောက်ပြောရေး ဆိုခွင့် ရှိလာတယ် ။ ဝေဖန်ဆရာအများစုက ပြင်းထန်တဲ့ ပုံသဏ္ဌာန်ဆိုင်ရာ စမ်းသပ်တီထွင်မှုကြောင့် မနှစ်မြို့ကြဘူး ။ ရိုလန်ဘာ့သ်နဲ့ ဂျားရတ်ဂျဲနက်တို့ နှစ်ဦးကသာလျင်ထောက်ခံတယ် ။ ဆိုယေးတို့လို ၀တ္ထုသစ်သမားတွေဟာ အစဉ်အလာကနေခံယူထားတဲ့ ၀တ္ထုကိရိ ယာတွေဖြစ်တဲ့  အစဉ်အလာဇာတ်ကွက်၊ ဇာတ်ကောင် စရိုက်၊ ဒိုင်ယာလော့ခ် ၊ ဇာတ်ပြောဖြစ်စဉ်ရဲ့ တည်ငြိမ်မှုတွေကို စိန်ခေါ်ပြီး ဘာသာဗေဒနဲ့ စာသားရုပ်သဏ္ဌာန်အပေါ်အခြေပြုထားတဲ့ အဓိပ္ပာယ် ချင်းအပြန်အလှန် ဆက်စပ်နေပုံကို အဓိကထားကြတယ် ။ ဇာတ်ပြော ဖြစ်စဉ်ကို မတည်မငြိမ်နဲ့ လှုပ်ရှားပြောင်းလဲနေခြင်း ဟာ ဆိုယေးတို့အတွက်အရေးကြီးတယ် ။ ဒီလိုလုပ်ခြင်းအားဖြင့် စာသားအက္ခရာတွေရဲ့ ရုပ်သဏ္ဌာန်နဲ့ အဓိပ္ပာယ်တွေ အပြန်အလှန် ဆက်စပ်နေတဲ့ အရာအဖြစ်မှတ်ယူထားတယ်။                                                                            
                   New Novel နဲ့ Tel Quel နဲ့က ခွဲထုတ်လို့မရဘူး ။ Tel Quel မှာ စာပေသီအိုရီပညာရှင် အမြောက်အမြားရေးကြ တယ် ။ New Novel နဲ့ Tel Quel တို့က အယ်ဂျီယားစစ်ပွဲကို အပြင်းအထန် ဆန့်ကျင်နေတဲ့ အချိန်မှာတောင် အစွန်းရောက် ပုံသဏ္ဌာန်ဆိုင်ရာ စမ်းသပ်မှုကိုလုပ်ကိုင်တာ ၊ အားပေးနေတာတွေရှိတယ် ။ နိုင်ငံရေးအရ ဘက်မလိုက်ရေးလိုဖြစ်နေပြီး နိုင်ငံရေးယုံကြည်စွဲမြဲမှုမရှိဘူးလို့ ဝေဖန်ခံရတယ်။ ၁၉၆၅မှာ ရုရှပုံသဏ္ဌာန်ဝါဒီတွေရဲ့ စာကို ဘာသာပြန်ဆိုလာကြတယ် ။ ဒဲရီဒါနဲ့ ယူလီယာ ခရစ္စတီဗာတို့ မတိုင်ခင်မှာ New Novel ရော ၊ Tel Quel မှာပါ ရုရှပုံသဏ္ဌာန်ဝါဒ လွှမ်မိုးတယ် ။ တူဒိုရော့ဗ်က အဓိကအခန်းဂဏ္ဍကနေပါဝင်တယ် ။ တူဒိုရော့ဗ်ရဲ့ ဘာသာပြန် ၊ သူ့ရဲ့ အဆောက်အအုံဝါဒအမြင် ၊ New Novel နဲ့ Tel Quel ဟာ  အမေရိကန်က L=A=G=U=A=G=E poetry အထိ သြဇာ သက်ရောက်မှုရှိတယ် ။ တူဒိုရော့ဗ်ကို ဆိုယေးကလည်း နှစ်ခြိုက်တယ် ။ တူဒိုရော့ဗ်ရဲ့ ဘာသာပြန်အချို့မှာ မစ်ခေးဘာ့တင်မပါဝင်ဘူး ။ ဘာ့ခ်တင်ကု ယူလီယာခရစ္စတီဗာက တင်သွင်းလာတဲ့ အခါ ပိုပြီး ပြည့်စုံလာတယ်လို့ မြင်ကြတယ်။                                                                                                                                                     
               ၁၉၆၅ထုတ်မှာ ဒဲရီဒါကို မဂ္ဂဇင်မှာ စတင်ဖော်ပြတယ် ။ ဒဲရီဒါရဲ့ အသက် ၃၅နှစ်သာ ရှိသေးတဲ့ အချိန်ပါပဲ ။ Tel Quel ကို ဒဲရီဒါရဲ့ အမြင်တွေ နက်နက်ရှိုင်းရှိုင်းလွှမ်မိုးတယ် ။ ဒီရီဒါကို ဖိတ်ခေါ်ပြီးဆွေးနွေးကြတယ် ။ Tel Quel ကို ဒဲရီဒါနဲ့ ချိတ်ဆက်လိုက်ကြတယ်  ။ ဒဲရီဒါလည်း စာပေဆိုင်ရာ အက်ဆေးတွေရေးသားတယ် ။ ၁၉၆၉မှာ မာလေမေအပေါ် လေ့လာချက်ဟာ Tel Quel ရဲ့ စာပေလေ့လာမှုအုပ်စုအတွင်း အကျိုးသက်ရောက်မှုရှိပြီး ထင်ရှားကျော်ကြားတဲ့ အက်ဆေးပဲ ။ ဒဲရီဒါကိုယ်တိုင်လည်း စာပေဆိုင်ရာအက်ဆေးတွေ နောင် စာအုပ်ခေါင်းစဉ်ဖြစ်လာမယ့်  ခေါင်းစဉ် Dissemination ကို ဖီးလစ်ဆိုယေးရဲ့ Nombres ကနေယူသုံးတယ်။ Dissemination မှာပဲ ဆိုယေးရဲ့ ၀တ္ထု တက်စ်တွေ အကြောင်းစမ်းသပ်တီထွင်မှုလုပ်ထားတဲ့ ၀တ္ထုသစ်တစ်ပုဒ်ဖြစ်ကြောင်းဆိုတယ် ။ ဆိုယေးရဲ့ ၀တ္ထုရော ၊ဒဲရီဒါရဲ့ အက်ဆေးပါ Tel Quel နဲ့ New Novel တွေ အားထားစရာ အကိုးအထောက်ဖြစ်လာတော့တာပါပဲ ။ ရိုလန်ဘာ့သ်က လည်း ဆိုယေးရဲ့ ၀တ္ထုကိုလေ့လာတယ် ။ ၁၉၆၅ ကာလဟာ New Novel ရော ၊ Tel Quel ပါ အထွတ်အထိပ်ရောက်နေ တဲ့ ကာလပဲ ။
ဆိုယေးနှင့် သူ၏လက်ရာများ
            ဆိုယေးရဲ့ ပထမဆုံးဝတ္ထု A Strange Solitude (၁၉၅၈) ဟာ ဆူရီယာလစ်ဆန်တယ် ။ သူ Tel Quel ကို တည်ထောင်ပြီးတဲ့ အခါ သူ့ရဲ့ အရေးအသားဟန်တွေဟာ ပြောင်းလဲသွားတယ် ။ ဒါကြောင့် ဆိုယေးရဲ့ ၀တ္ထုတွေ အကြောင်းပြောရင် သူ့ရဲ့ ပုံသဏ္ဌာန်ဆိုင်ရာ စမ်းသပ်တီထွင်မှုကို စတင်ခဲ့တဲ့ ၁၉၆၁ခုနှစ်ထုတ်             The Park ကနေ စတင်ပြောဆိုကြတယ် ။  ပထမ၀တ္ထုကနေ ဇာတ်လမ်းအဆောက်အအုံဖန်တီးမှုအပိုင်းမှာ အစွန်းရောက်ပြောင်းလဲသွား တယ်။  အရေးအသားရဲ့ အဓိပ္ပာယ်ဟာ ပြင်ပလောကကို ညွန်းဆိုထားတာမျိုးမရှိဘဲ သူ့ရဲ့ စာသားအဆက်အစပ်တွေ အညွန်းခံတွေ အတွင်းလည်ပတ်အလုပ်လုပ်နေတဲ့ ဘာသာဗေဒသဘောကို ကိုင်တွယ်တယ်  ။ ပြင်ပလောကကို ညွန်းဆို ကိုယ်စားပြုတဲ့ အရေးအသားကို ဆန့်ကျင်လိုက်ကြတယ် ။ The Park မှာ ဒီလိုဟန်အတွင်းကနေ နေ့စဉ်လူနေမှုကြားထဲက ကွဲပြားခြားနားမှုအမျိုးမျိုးကို စူးစမ်းထားတယ်။  အချိန်ကာလအပေါ်တွေ့ကြုံခံစားမှု ၊ စိတ်ကူးကွန့်မြူးခြင်း ၊  ၎င်းအရာတွေရဲ့ ဖွဲ့စည်းပုံကြားထဲမှာ အရေးအသားဖြစ်စဉ်တွေက ဘယ်လို ပြောင်းလဲ ဖွဲ့စည်းနေသလဲ ဆိုတာကိုပါ လေ့လာစူးစမ်းထားတာ ။                                                                                              
                 ဆိုယေးက ဒီလက်ရာသုံးခုမှာထက် ပုံသဏ္ဌာန်ဆိုင်စမ်းသပ်တီထွင်မှုကို ဘာသာဗေဒဆန်ဆန် တက်ခနိတွေနဲ့ လုပ်လာတာကတော့ ၁၉၇၂ခုနှစ်ထုတ် Lois မှာဖြစ်တယ် ။ Nombres မှာ ဇာတ်လမ်းတွဲလေးခု အခန်း ၂၅ခုကို အပြန်အလှန်ချိတ်ဆက်ဖတ်ရှုနိုင်တဲ့ ပုံသဏ္ဌာန်မျိုးကို တီထွင်တယ် ။ စားသားချင်းအပြန်အလှန် ချိန်ဆက်ခြင်း (Intertextuality)ကို ဇာတ်လမ်း ၊ ဇာတ်ပြော အဆောက်အအုံအတွင်းကနေ အသုံးပြုလာတာဖြစ်တယ် ။ Lois မှာတော့ ဘာသာဗေဒဆိုင်ရာ တီထွင်မှုတွေ လုပ်လာခဲ့တယ် ။ စကားလုံးတွေကို ကစားတယ် ။ ဇာတ်လမ်း အဆောက်အအုံ အတွင်းက ပုံသဏ္ဌာန်ဆိုင်ရာ တီထွင်မှုကို လျော့ချလိုက်တယ် ။ ဒီအတွက် အစွန်းရောက်တီထွင်မှုလို့ဆိုနိုင်တယ် ။ New New Novel ဘက်ကို ရောက်သွားတဲ့ ကာလတရားလည်းဖြစ်တယ်။                                                                
                    Tel Quel ကို ရပ်တန့်လိုက်ပြီး ဆိုယေးရေးသားတဲ့ အရေးအသားတွေမှာ ပုံသဏ္ဌာန်ဆိုင်ရာ စမ်းသက်တီထွင်မှု တွေကိုလျော့ချပြီး သရုပ်မှန်ရဲ့ ဇာတ်ကွက်ကို အဆင့်တစ်ဆင့်လောက်အထိပြန်လည်ကိုင်တွယ်လာတယ် ။  ဇာတ်ကွက် ၊ ဇာတ်ကောင်စရိုက် ၊ အကြောင်းအရာဖွံ့ဖြိုးမှုတွေကို အသုံးပြုတယ် ။ သူ့ရဲ့ Women (၁၉၈၃) ၊ Portrait du jueur (၁၉၈၄)၊ Le ceour absolu (၁၉၈၆)၊ Watteau in Venice (၁၉၉၁)၊ Studio (၁၉၉၇)၊ Passion fixe (၂၀၀၀) ၊ L’ etoile des amants (၂၀၀၂) တွေမှာပါပဲ ။ သူတို့အားလုံးမှာ နိုင်ငံရေး ၊ မီဒီယာ ၊ ဘာသာရေး ၊ နဲ့ အနုပညာတွေအပေါ်ကို ပြန်လည်အခြေပြု စူးစမ်းဖော်ထုတ်တယ် ။ တရုတ်ယဉ်ကျေးမှုနဲ့ နိုင်ငံရေးကို စိတ်ဝင်စားခဲ့တဲ့ အလျောက် ဒီဝတ္ထုတွေအား လုံးမှာ တရုတ်မြို့ပြလူ့အဖွဲ့ အစည်းအပေါ်မှာ ဆိုယေးအနေနဲ့ စိတ်ဝင်စားခဲ့တဲ့ အရာတွေဟာ အရေးကြီးတဲ့ အခန်းဂဏ္ဍက နေပါဝင်လာတယ် ။                                                                                                                 
                              ဆိုယေးရဲ့ အရေးအသားတွေမှာ နောက်ထပ် အရေးပါတဲ့ အရာတစ်ခုက ဂီတရဲ့ ဂုဏ်အရည်အသွေးတွေပဲ ။ ဂီတရဲ့သဘောကို တခြားသော အနုပညာရဲ့ သဘောထက် ဆိုယေးရဲ့လက်ရာမှာ ဖန်တီးတည်ဆောက်ထားတာ တွေ့ရမယ် ။ အသံနေ အသံထားပြောင်းလဲမှု ၊ပြောစကားများကို နှစ်ခြိုက်မှုတွေဟာ ဆိုယေးရဲ့  အရေးအသားတက်ခနိ ပုံစံတွေထက်တောင် အရင်ဦးစားပေးဖြစ်ပေါ်နေတာပါ။ သူ့ရဲ့ Women မှာ ဆိုရင် ဂီတ ၊ အသံနဲ့ ပြဇာတ်တွေရဲ့  ဂုဏ်ကို အချိုးကျကျပေါင်းစပ်ထားပုံတွေ့ရတယ်လို့ဆိုတယ် ။  ဆိုယေးက သူစကားပြောအသံတွေကို စိတ်ဝင်စားလာရတာ ဂျိမ်းဂျွိုက်ကြောင့်ပါလို့ဆိုတယ် ။ သူနဲ့ စတက်ဖင် ဟိသ် နှစ်ယောက်ပေါင်းပြီး ဂျွိုက်ရဲ့Finnegans Wake ကို ပြင်သစ်ဘာသာပြန်ဆိုခဲ့တယ် ။ ၁၉၇၅  ဂျွိုက်အကြောင်း နိုင်ငံတကာတွေ့ဆုံပွဲမှာ ဆိုယေးက စစ်ကြီးနှစ်ခုကြားပေါ်ပေါက်ခဲ့ တဲ့ ဖက်ဆစ်ကိုအဆန့်ကျင်ဆုံး ကြီးကျယ်ခန့်ညားတဲ့ စာအုပ်တစ်အုပ်  လို့ ညွန်းခဲ့တယ် ။
ဖီးလစ်ဆိုယေး၏ ဘဝ
            ဆိုယေးကို ၁၉၃၆ နိုဝင်ဘာ ၂၈မှာမွေးတယ်။ ပြင်သစ် ဘော်ဒိုးမှာပါပဲ ။  ပြင်သစ် ၀တ္ထုရေးဆရာ ၊ သင်္ကတပညာကနေ စာပေကို ချည်းကပ်သူ ၊ TeL Quel နဲ့ L’infini ကိုတည်ထောင်သူအဖြစ်ကျော်ကြားတယ်။ ၀တ္ထုတွေသာမကဘူး အက်ဆေးအတော်မျာများကိုလည်းရေးခဲ့တယ် ။  သူရဲ့ အရေးအသားက ဂျပန် ရော့ခ်ဂီတ တီးဝိုင်း တစ်ခုကို နှိုးဆွနိုင်တယ် ။ ဒီဂီတာဝိုင်းက သူတို့အဖွဲ့ကို ဆိုယေး လို့ ပေးထားတယ် ။
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...