Sunday, April 29, 2012

“ဥပဒေအထက်တွင် မည်သူမျှမရှိ”



Written by မြင့်ငွေ(မော်ကျွန်း)| Sunday, 29 April 2012 07:33


သိပ်မကြာလှသေးသော အချိန်ကာလများအတွင်း ခေတ်စားနေသော လူပြောများနေသော စကားရပ်တစ်ခု ရှိသည်။
‘ဥပဒေအထက်တွင် မည်သူမျှမရှိ’ တဲ့။ ပြည်သူတို့၏ ရင်ကို လာထိသော စကားလုံးဟုပင် ဆိုရချေမည်။
ဝမ်းမြောက်စွာ ကြိုဆိုသင့်သော စကားရပ်ပင်။ စကားရပ်များ၊ အဆို အမိန့်များသည် ဖတ်၍ကောင်း၊ နံရံတွင် ကပ်ထား၍ ကောင်းသော်လည်း လက်တွေ့ အကောင်အထည် မဖော်နိုင်၊ မလိုက်နာနိုင်သောအခါ ထိုဆောင်ပုဒ်၊ ထိုအဆို အမိန့်၊ ထိုစကားရပ်တို့၏ တန်ဖိုး လျော့ကျ ရလေသည်။

ဥပမာအားဖြင့် . . ‘အချိန်နှင့်ဒီရေသည် လူကိုမစောင့်’
‘အိပ်ပျော်နေသော ကေသရာဇာခြင်္သေ့မင်း၏ အာခံတွင်းသို့ မည်သည့် သားကောင်မှ ၀င်ရောက်မလာနိုင်’ စသည့် ဆောင်ပုဒ်များ၊ နီတိများ စာကြည့်စားပွဲမှာ ကပ်ထားပြီး ပက်ပက်စက်စက် အိပ်တတ်သော ကျောင်းသားလည်း ရှိတတ်လေသည်။

အလားတူပင် . . ‘မြန်မာအားကစား ကမ္ဘာကိုလွှမ်းရမည်’
‘နွေးထွေးစွာကြိုဆိုပါ၏’ ‘ကူညီပါရစေ’ စသည် ဆောင်ပုဒ်များ၊ စကားရပ်များသည် ဖတ်၍ကောင်းသော်လည်း ဆန့်ကျင်ဘက်ဖြစ်ရပ်များ ကြုံတွေ့ရလေသောအခါ လူတို့၏ ယုံကြည်မှုများ လျော့ကျသွားလေသည်။

‘ဥပဒေ၏ အထက်တွင် မည်သူမျှမရှိ’ ဟူသော ဆောင်ပုဒ်သည် ယခုအချိန်၌ ခေတ်စားတွင်ကျယ်နေသော်လည်း ယင်းဆောင်ပုဒ်ကို လက်တွေ့ အကောင်အထည်ဖော်ခဲ့သော ပုဂ္ဂိုလ်ကြီးများသည် မြန်မာ့ သမိုင်း၌ အမှန်တကယ်ရှိခဲ့သည်ကို တွေ့ရလေသောအခါ ထိုပုဂ္ဂိုလ်ကြီးများအား ကျောက်ထီးတန္တု အလေးပြုမိ ရပါတော့သည်။

ကုန်းဘောင်ခေတ် ‘မင်းတုန်းမင်းကြီး’ လက်ထက်တွင် ပခန်းဝန်ကြီး ဦးရန်ဝေး အမည်ရှိ ပုဂ္ဂိုလ်ကြီးတစ်ဦး ပေါ်ထွန်းခဲ့သည်။

ပခန်းကြီးမြို့ဇာတိဖြစ်ပြီး ‘ပခန်းကြီးမြို့ မင်းကျောင်း ဆရာတော်ကြီး’ ဟူ၍ ထင်ရှားပြီး မင်းတုန်းမင်းကြီး အထွတ်အမြတ်သို့ ရောက်သောအခါ လူဝတ်လဲ၍ တိုင်းရေးပြည်ရာ၌ အကြံဉာဏ်ပေးပါရန် တောင်းပန်သောကြောင့် လူဝတ်လဲပြီးလျှင် မင်းတုန်းမင်းကြီးထံပါး၌ မင်းတိုင်ပင်အမတ်၊ လွှတ်တော်ဝန်ကြီး ရာထူးတို့ဖြင့် ချီးမြှောက်ခံရပြီးလျှင် ‘ပခန်းမင်းကြီး’ ဟု ကျော်ကြားလေသည်။

တစ်ခါတွင် မင်းတုန်းမင်းကြီးသည် ယောအတွင်းဝန်မင်းနှင့် တိုင်ပင်သည်မှာ-

“ငါ၏ အမှုတော်ထမ်းဖြစ်သော ၀န်စု၊ မှူးစုတို့သည် အလုပ်အကျွေး တစ်ယောက်၊ နှစ်ယောက်နှင့် မပြီးကြပေ။ မယားငယ်များစွာ ယူနေကြ သဖြင့် ငါ ပေးသနားတော်မူသော လစာရိက္ခာတော် မလောက် ကြဖြစ်သည်။

သူတို့ ယူထားသော မယားငယ်များကို ကျွေးမွေးရန် ငါ၏ကျေးတော်မျိုး၊ ကျွန်တော်မျိုးများထံ မတရားသဖြင့် ကြေးပိုလာဘ်များ ယူကြသောကြောင့် ငါ၏ ကျွန်တော်မျိုးများ အလွန်နစ်နာ ဆင်းရဲခြင်းဖြစ်နေကြသည်ကို ငါသိတော်မူရသည်။

ထို့ကြောင့် ၀န်ကြီးစုမှာ မယားမည်မျှ၊ ၀န်စုမှာ မယားမည်မျှ၊ မှူးစုမှာ မယားမည်မျှ ယူကြရမည်။

ဤထက် ပိုမိုယူသော အရာထမ်း၊ အမှုထမ်းများကို ရာထူးမှနုတ်ပယ်ရန် ဤ ဥပဒေကို စီမံတော်မူမည်။
သို့သော် မင်းနဲ့ငါချည်း ပြီးမည်မဟုတ်။ မင်းပခန်းရှင် ဘုရင်ကြီးကို သွား၍ လျှောက်ထားချေဦး” ဟု အမိန့်တော် ရှိလေသည်။

ယောအတွင်းဝန်မင်းလည်း အမိန့်တော်မြတ်နှင့် ပညတ်သော ဥပဒေ ပုရပိုက်ကို ယူဆောင်၍ ပခန်းမင်းကြီးထံဝင်ရာ ပခန်းမင်းကြီးက

“ဘာအကြောင်းရှိပြန်သလဲကွဲ့ မောင်ရင်လှိုင်” ဟု မေးရာ

“မှန်ပါ ဘုန်းတော်ကြီးဘုရားက ဥပဒေတစ်ခု စီမံပါကြောင်း၊ သို့သော် ကျေးဇူးရှင်ဘုရား၏ အမိန့်ကို နာခံချေဦးဟု အမိန့်တော်မြတ်အရ ရောက်ရပါကြောင်းဘုရား” ဟု လျှောက်တင်လျှင်

“မင်းတို့ ရှင်ဘုရင်ပညတ်တဲ့ ဥပဒေကို ဖတ်စမ်းကွယ့်” ဟု အမိန့်ရှိရာ ယောအတွင်းဝန်မင်းက ဖတ်ပြလေ၏။

ထိုအခါ ပခန်းမင်းကြီးက “အင်း ကောင်းပါပေ့ကွယ် .. တယ်ကောင်းဟေ့။
သို့သော် ရှင်ဘုရင် မယားများများ ယူတာတော့ ပညတ်ချက် မပါသေးဘူး။ အဲဒါ လိုသေးသည်။ မင်းတို့ ရှင်ဘုရင်ကို လျှောက်ထားဦး” ဟု အမိန့် ရှိပုံသည် မင်းတုန်းမင်းကြီးအကြောင်း အတန်အသင့် သိထားသော ကျွန်တော်တို့အဖို့ ပြုံးချင်စရာ ကောင်းလှသည်။

ပခန်းမင်းကြီး၏ စကားကို ယောအတွင်းဝန်မင်းက မင်းတုန်းမင်းတရားကြီးအား ပြန်လည်လျှောက်ထားရာ မင်းကြီးက “ပခန်းရှင်ဘုရင်ကြီး မကြိုက်ဖူး မှတ်တယ်ကွဲ့။ ဤ ဥပဒေကို ဖျက်လိုက်ပါဘိ” ဟု အမိန့်တော် ရှိလေသည်။

ရောက်ရာအရပ်၊ ကျရာ တာဝန်ကို ထမ်းဆောင်ကြရာ၌ တိုင်းပြည်နှင့် လူမျိုးကို ချစ်သောစိတ်၊ ဥပဒေအပေါ်လေးစားလိုက်နာသော စိတ်တို့ဖြင့် စီမံဆောင်ရွက်ကြပါက ‘ငွေများတရားနိုင်’ ‘သားရေကြိုးဥပဒေ’္ဒ‘လူခင်ရင်မူပြင်မယ်’ စသော တရားဥပဒေ၏ ဂုဏ်သိက္ခာကို ထိခိုက် ညစ်နွမ်းစေမည့် စကားရပ်များ လွင့်ပါးပျောက်ကွယ်သွားမည်သာ ဖြစ်သည်။


ဤ အဖြစ်အပျက်လေးကိုကြည့်လျှင် ဥပဒေ၏ အထက်၌ မသိမသာနေလိုသော မင်းတုန်းမင်းကြီးအား ပခန်းမင်းကြီးက - ‘ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး။ အားလုံးတစ်ပြေးညီမှ သင့်တော်မှန်ကန်ပါလိမ့်မယ်’ ဟု ပြန်လည် သတိပေးလိုက်သကဲ့သို့ ကျွန်တော်တွေးမိပါသည်။

အလားတူပင် ‘ဥပဒေအထက်၌ မည်သူမျှ မရှိကြောင်း’ ရခိုင်ဘုရင် မင်းထီးကလည်း သက်သေပြခဲ့ပါသေးသည်။

နန်းတော်တိုင်၌ (ကွမ်းစားပြီးလက်မှ) ထုံးကိုသုတ်လေ့ရှိကြသော မှူးမတ် မင်းညီ မင်းသားတို့အား ‘နန်းတော်တိုင်များကို ထုံးမသုတ်ကြရန် သုတ်မိပါက သုတ်သူ၏ လက်ညှိုးကိုဖြတ်၍ ဒဏ်ခတ်ရန်’ ဟု စည်းကမ်းသတ်မှတ်ပညတ် (ဥပဒေထုတ်) ပြီးကာမှ နန်းတော်တိုင်တွင် အမှတ်တမဲ့ ထုံးသုတ်မိသော ဘုရင်မင်းထီးသည် မိမိထုတ်ပြန်သော ဥပဒေကို မိမိလိုက်နာပြသော အနေဖြင့် ထုံးသုတ်မိသော လက်ညှိုးကို လူပုံ အလယ်တွင် သန်လျက်ဖြင့်ဖြတ်ကာ တရားစီရင်ခဲ့ကြောင်း ကျွန်တော်တို့ မှတ်သား ခဲ့ရဖူးပါသည်။

မိမိစကား မိမိထုတ်ပြန်ထားသည့် ဥပဒေကို ရဲဝံ့ပြတ်သားစွာ စောင့်ထိန်းပြသော ရခိုင်ဘုရင် မင်းထီး၏ အံ့သြလေးစားဖွယ် လုပ်ရပ်နှင့် စိတ်ထားပင်ဖြစ်သည်။

လူတိုင်း လူတိုင်းသည် နေရာဒေသ ဌာနအလျှောက် အရေးရောက်ကြသူများချည်း ဖြစ်ကြပေရာ မိမိရောက်ရာအရပ်၊ ကျရာတာဝန်ကို ထမ်းဆောင်ကြရာ၌ တိုင်းပြည်နှင့် လူမျိုးကို ချစ်သောစိတ်၊ ဥပဒေအပေါ် လေးစားလိုက်နာသောစိတ်တို့ဖြင့် စီမံဆောင်ရွက်ကြပါက ‘ငွေများတရားနိုင်’ ‘သားရေကြိုးဥပဒေ’ ‘လူခင်ရင် မူပြင်မယ်’ စသော တရားဥပဒေ၏ ဂုဏ်သိက္ခာကို ထိခိုက်ညစ်နွမ်းစေမည့် စကားရပ်များ လွင့်ပါးပျောက်ကွယ် သွားမည်သာဖြစ်သည်။

ထို့ကြောင့် ‘ဥပဒေအထက်၌ မည်သူမျှမရှိ’ ဟူသော စကားရပ်အား အဂတိတရား ကင်းစင်ခဲ့ပြီး ရဲဝံ့ပြတ်သားစွာဖြင့် အကောင်အထည်ဖော် သက်သေပြကြပါစို့ ဟူ၍သာ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...