သူရဿဝါ ၏ လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ
by Moenge Aung on Friday, April 27, 2012 at 7:11pm
လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ သူရဿဝါ ဧပြီလ 23, 2012 4:32pmတွင်သူရဿဝါ မှတင်ပြသောဘလော့ပို့(စ်)ဖြစ်ပါသည်
စကားပုံ တစ်ခုရှိသည်။ “လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ” …။ သဘောက လူတစ်ယောက်တွင် ပူပန် သောက၊ ဒုက္ခများ၊ ပြဿနာများ သိန်း သန်း ကုဋေချီ၍ ရှိနေနိုင်သည်ဟု ပြောခြင်း။ လူတိုင်း လက်ခံသည့် သဘောတရား ဖြစ်သည်။ ကျွန်တော်လည်း လက်ခံသည်။ သို့သော် ကျွန်တော်က လက်ခံသည့် အပြင် တစ်ဖက်ကနေ ပူပုံပူနည်းများ မတူအောင် လှည့်တွေးသည်။ ပူရသည် .. ကျွန်တော်တို့မှာ ပူစရာတွေ၊ ပူရတာတွေ အများကြီး ရှိသည်။
စကားပုံ ဆိုလိုရင်း အတိုင်း စိတ်ဒုက္ခ ရောက်ပြီး ပူရသည့် အရာတွေ အပြင် မိမိ၏ အင်္ဂါ အစိတ်အပိုင်း များကို အသုံးပြု၍ ပူရတာတွေလည်း အများကြီး ရှိသည်။ နည်းနည်းချင်းစီ ဥပမာ ပြောပါ့မည်။
ကိုယ်ပူခြင်း
ဖျားနာခါနီး ဖြစ်လေ့ရှိသည်။ ကိုယ်ခန္ဓာ၊ နဖူးများ၊ ခြေလက်များ ပူနွေး၍ ထိုင်းထိုင်းမှိုင်းမှိုင်း ဖြစ်နေခြင်းပင်။
ခေါင်းပူခြင်း
နေပူထဲ ခေါင်းဆောင်းစရာ ထီး၊ ဦးထုပ်တို့ မပါဘဲ လျှောက်သွား သဖြင့် ပူခြင်းမျိုး ဖြစ်နိုင်သလို ရှုပ်ထွေး ပွေလီသည့် လောကီကိစ္စ များကြောင့် ဘာကိုမှ တွေးမရ ကြံမရ ဖြစ်သည့် အခါမျိုးတွင် “ခေါင်းတွေ ပူနေပြီ၊ ဘာမှကို တွေးလို့ မရတော့ဘူး” စသည်ဖြင့် ငြီးငြူနေ တတ်ကြသည်။ ဒါလည်း လူတို့၏ ပူခြင်းတွေ ထဲက အပူတစ်မျိုး ဖြစ်၏။
ရင်ပူခြင်း
ကျွန်တော် လေ့လာ မိသလောက် ခေါက်ဆွဲ၊ ကြာဇံ စသည်တို့ကို သုပ်၍ လည်းကောင်း၊ ကြော်၍ လည်းကောင်း ထမင်းနှင့် တွဲမစားဘဲ သူ့ချည်း စားမိလျှင် ရင်ပူသည်။ ရေခဲရေ အများကြီး သောက်မိလျှင် ရင်ပူသည်။ နောက်ပြီး တခြား နည်းဖြင့် ရင်ပူ၍ ရသည်။ ကိုယ့် ချစ်သူ ခင်သူ တစ်ဦးဦး ဖြစ်စေ၊ မိသားစုဝင် တစ်ဦးဦး ဖြစ်စေ အန္တရာယ် တစ်ခုခု ကြုံတော့မည့် အရေးကို ကိုယ်က မြင်နေလျှင် တွေး၍ ရင်ပူ ရတတ်သည်။
“ဒီကောင်လေး ဒီလိုလုပ်နေ … တစ်နေ့တော့ ဒုက္ခ ဖြစ်လိမ့်မယ်၊ တွေးပြီး ငါတော့ ရင်ပူ လိုက်တာဟယ်”
အဲဒါမျိုး ပြောတတ် ကြသည်။
နားပူခြင်း
ကိုယ်က တစ်ဦးဦးကို နားပူနားဆာ လုပ်ခြင်း ကိုလည်း နားပူသည်ဟု သုံးစွဲ ကြသလို ကိုယ့်ကို တစ်ဦး တစ်ယောက်က အဆက်မပြတ် လာ၍ “ပွား” နေလျှင်လည်း နားပူလိုက်တာဟု ပြောဆို ကြသည်။
“အဘိုးကြီးတော့ ငါ့ကို ဘာတွေ ပြောမလဲ မသိဘူး … နားပူ ဦးတော့မှာပဲကွာ” ဆိုတာမျိုး
“လိုချင်တဲ့ ပစ္စည်းက ပိုက်ဆံလေး နည်းနည်း လိုနေတယ် .. အဲဒါ ဖြည့်ပြီး ဝယ်ပေးဖို့ အမေ့ကို နားပူ လိုက်ဦး မယ်” ဆိုတာမျိုးပေါ့။
အဲဒီလို ပူပုံပူနည်း အမျိုးမျိုး ထဲတွင်မှ ကျွန်တော် ဆိုးဆိုးရွားရွား ခံစား ခဲ့ရသော ကိစ္စမှာ စိတ်ပူခြင်း ဖြစ်ပါသည်။ ဘာကို စိတ်ပူ ပါသနည်း။ အထင်အမြင် သေးသွားမှာကို စိတ်ပူပါသည်။ ဘယ်သူ့ကြောင့် စိတ်ပူသနည်း။ မြန်မာ နိုင်ငံသို့ လာရောက် လည်ပတ် ကြသော ကမ္ဘာလှည့် ခရီးသည် များကြောင့် စိတ်ပူပါသည်။ ဘယ်သူတွေကို စိတ်ပူ သနည်း။ ကျွန်တော်တို့ မြန်မာ လူမျိုးများကို စိတ်ပူ ပါသည်။ ရှုပ်သွားပြီ ထင်၏။ ရှင်းပါမည်။
ပြီးခဲ့သော သင်္ကြန်တွင် ဖြစ်သည်။ မြန်မာ့ နှစ်သစ်ကူး အတာရေ သဘင်ပွဲ ကာလ ဖြစ်သည့် အလျောက် မြန်မာ လူမျိုးများ ရေလောင်း ရေပက် ကစားကြသည့် နေ့ရက်များ ဖြစ်ပါသည်။ မဏ္ဍပ် ကြီးများ ထိုး၍ .. ပက်ကြ လောင်းကြ သလို ကားကြီး ကားငှယ် အသွယ်သွယ်ဖြင့် လည်ကြ ပတ်ကြ ရေပက်ခံ ကြသည်။ မြန်မာများ၏ ရိုးရာ အတာ နှစ်ကူး ပွဲတော်ကို မြန်မာများ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲ ကြသလို မြန်မာ နိုင်ငံရောက် ကမ္ဘာလှည့် ခရီးသည် များလည်း ပျော်ရွှင်စွာ ဝင်ရောက် ဆင်နွှဲရင်း တစေ့တစောင်း လေ့လာကြသည်။
ရန်ကုန်မြို့၏ စည်ကားသော နေရာများတွင် မဏ္ဍပ်များစွာ၊ လူများစွာ၊ ကားများစွာ။ မဏ္ဍပ်ပေါ်မှ လူတွေလည်း ပက်ရင်း သောက်ကြသည်။ ရေပက်ခံ ကားပေါ်မှ လူတွေလည်း အပက်ခံရင်း ပုလင်းလိုက် ဂလုကြ ဂလွတ်ကြသည်။ ထို အခြင်းအရာကို ကြည့်၍ နိုင်ငံခြားသား များက “မြန်မာ့ရိုးရာ အစဉ်အလာ မပျက် ဆင်နွှဲကြတဲ့ သင်္ကြန်ပွဲ ဆိုတာ လက်စသတ်တော့ တစ်မြို့လုံး လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးကြီး သောက်ပွဲ ကျင်းပကြတဲ့ ပွဲပေကိုး” ဟု ထင်မြင် သွားမှာကို ကျွန်တော်တော့ စိတ်ပူပါသည်။ ထိုသို့ စိတ်မပူ မှာကိုလည်း မစိုးရိမ်ပါနှင့် … နေရာတိုင်းမှာ ဒီအတိုင်းပဲ ဖြစ်ပါသည်။
ယောင်္ကျားလေးများ နည်းတူပဲ မိန်းကလေး များလည်းသောက် .. သောက်ပြီးမူး .. မူးပြီးလျှင် ကားပေါ်မှာ၊ မဏ္ဍပ် ပေါ်မှာ ကွေးကောက်၍ နေအောင် ကကြသည်။ ဝါသနာ ပါလို့ကသည်လား .. ကပါ။ သို့သော် ထိုသို့ ကခြင်းကို ကျွန်တော် မြင်၍ မျက်လုံး ပြူးခဲ့သည့် အချိန်မှာပင် ကျွန်တော့် မလှမ်းမကမ်းမှ နိုင်ငံခြားသားများ မျက်လုံးပြူး ခဲ့ကြသည်ကို ကိုယ်တွေ့ ကြုံခဲ့ပါသည်။ ထိုမိန်းကလေးက မဏ္ဍပ်ပေါ်မှ မူး၍က ပါသည်။ ဝတ်ထားသော စကပ်က ပေါင်ရင်း ဖြစ်ပါသည်။ ဖွင့်ထားသော တီးလုံးက နိုင်ငံခြား DJ တီးလုံး ဖြစ်ပြီး အလွန်မြူး ပါသည်။ ထို မိန်းကလေး ကသော အကမှာ မည်သို့ နာမည်တပ်ရ မည်မှန်း မသိသည့် တစ်ကိုယ်လုံး နေရာစုံ လှုပ်ခါ ကနည်းမျိုး ဖြစ်ပါသည်။ မြူးမြူးနှင့် မူးမူး ပေါင်း၍ စကပ် အတိုအနှံ့ ဝတ်ကာ မဏ္ဍပ်ပေါ်မှ ကသောအခါ မဏ္ဍပ် အောက်တည့်တည့် ရေပက်ခံ ရောက်နေသော ကားပေါ်မှ မူးမူးနှင့် မြူးမြူးတို့က တစ်ဖန် သံသေး သံကြောင် အော်ဟစ်ကာ ပြန်လည် အားပေး ကြပါသည်။ မမှီမကမ်း လက်ဖြင့် လှမ်းဆွဲ ကြပါသည်။ ဒါကို ကျွန်တော် မြင်ခဲ့သည်။ ကျွန်တော့်နား မလှမ်းမကမ်းမှ ကမ္ဘာလှည့် စုံတွဲကလည်း မြင်သည်။ နိုင်ငံခြားသူ မိန်းမကြီးက ထိုမိန်းကလေး စကပ်တိုတို ရေစိုစိုနှင့် ကနေပုံကို မဏ္ဍပ်အောက် မလှမ်းမကမ်းမှ မြင်သော အခါ “အိုး ..” ဟု အော်၍ တစ်ဖက်လှည့် သွားသည်။ ဘာကိုမြင်၍ ဘာကြောင့် လန့်သွားသလဲတော့ ကျွန်တော် မပြောတတ်။ သူတို့စိတ်ထဲ ကျွန်တော်တို့ လူမျိုးနှင့် ကျွန်တော်တို့ ပွဲတော်ကို ဘယ်လို တွေးသွားမလဲ ဆိုတာကိုပဲ ကျွန်တော် စိတ်ပူနေ မိပါသည်။
ဒီလိုအချိန် ရောက်ပြီ ဆိုလျှင် ကျွန်တော်တို့ မြန်မာ လူမျိုးများ မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကို ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲလေ့ ရှိကြပါသည်။ ကျွန်တော်တို့ချည်း မဟုတ်ပါ၊ ကျွန်တော်တို့ နိုင်ငံသို့ အလည်ရောက် နေသော ကမ္ဘာလှည့် ခရီးသည် များလည်း ပါဝင်ပါသည်။ ကျွန်တော် အထက်တွင် ပြောခဲ့တာတွေကို ကျွန်တော်တို့ ကြုံသလို သူတို့လည်း တွေ့ကြုံ မြင်ကြား နေကြပါသည်။ ကျွန်တော့်မှာ ခဏခဏ စိတ်ပူ၍သာ နေရပါသည်။ လူတစ်ခု၏ ပူမှုပေါင်း ဆယ်ကုဋေတွင် ကျွန်တော့် အတွက်တော့ စိတ်ပူခြင်း အမှုသည် အဆိုးရွားဆုံး ဖြစ်ပါသည်။
(အထက်ဖော်ပြပါ ဆောင်းပါးကို ယခုတစ်ပတ်ထုတ် Net Guide Journal, Volume 2, Issue 30 တွင် ပုံနှိပ်ဖော်ပြခဲ့ပါ သည်)
သူရဿဝါ
၂၃ - ဧပရယ်လ် - ၂၀၁၂
0 comments:
Post a Comment