Monday, April 30, 2012

နိုင်ငံ့အနာဂါတ် (သို့) အလုပ်သမားနေ့အတွက် အဖြေမရှိသေးသော ပုစ္ဆာတစ်ခု


by Naing Htoo Aung on Monday, April 30, 2012 at 8:55pm 

ဒီလိုစာမျိုး ပြည်တော်ပြန်ခရီးက ပြန်ရောက်ရောက်ချင်း ရေးခဲ့ဖူးတယ်ဗျ။

စပြီးတော့ သတိထားမိတာကတော့ ရန်ကုန်မှာဆိုင်ခွဲတွေ အများကြီးဖွင့်ပြီး အကြီးအကျယ် လုပ်ငန်းလုပ်ကိုင်နေတဲ့ တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်ကြီး တစ်ဆိုင်ရဲ့ ဆိုင်ခွဲတစ်ခုမှာ ထိုင်စားနေရင်းနဲ့ပါ။ စားသောက်ဆိုင်မှာ လုပ်နေကြတဲ့ အလုပ်သမားတွေရဲ့ ၈၀ ကနေ ၉၀ ရာခိုင်နှုန်းလောက်က အသက် ၁၅နှစ်အောက် ကလေးတွေနဲ့ လုပ်ကိုင် လည်ပတ်နေတာပါ။ မြန်မာစကား လည်လည်ဝယ်ဝယ် မပြောတတ်တဲ့ ကလေးတွေက ခုံသုတ်၊ ပုဂံသိမ်းကနေ စပြီးတော့ လည်လည်ဝယ်ဝယ် ဖြစ်လာကြတဲ့ ကလေးတွေက ငွေသိမ်း စာပွဲထိုး လုပ်ကြရတာပါ။ ဆိုင်တစ်ဆိုင်ကို အယောက်လေးငါးဆယ်တော့ ရှိမယ်မှန်းမိပါတယ်။ ဆိုင်ခွဲတွေ အများကြီးဖွင့်ထားတော့ ကလေးပေါင်းက သူ့အလုပ်မှာတင် မနည်းဘူးဆိုရမှာပါ။

အဲဒါနဲ့ ဆက်စပ်ပြီးတော့ စဉ်းစားမိတာက လက်ဖက်ရည်ဆိုင်တွေပါ။ ရန်ကုန်တို့၊ ပဲခူးတို့၊ မန္တလေးတို့ကစလို့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတွေမှာ လက်ဖက်ရည်ဆိုင်ဆိုတာက တစ်ရပ်ကွတ် တစ်ရပ်ကွတ်ကို လေးငါးဆိုင်လောက် ရှိကြတာပါ။
ကျေးရွာတွေမှာလဲ မနည်းပါဘူး။ ပြီးတော့ မြန်မာနိုင်ငံရဲ့ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုဆိုတာ ထွန်းကားခဲ့တာ အတော်ကြာပြိလို့ ဆိုနိုင်ပါတယ်။ ဒီလိုဆိုင်တွေမှာ မိသားစု လုပ်ငန်းပုံစံမျိုးနဲ့ အလုပ်လုပ်နေကြတဲ့ ကလေးစားပွဲထိုးတွေ အများကြီးပါ။ ကလေးတွေကို ဒီဆိုင်တွေမှာ ငှားရမ်းအသုံးပြုကြတဲ့ ရည်ရွယ်ချက်က လုပ်ခဈေးသက်သာမယ်၊ ခိုင်းရတာ အဆင်ပြေမယ်၊ ညအိပ်ညနေဖြစ်လို့ ထားရတာ အဆင်ပြေမယ် စသဖြင့် အများကြီးပါပဲ။

ပြီးတော့ ကားဂိတ်တွေ၊ သင်္ဘောဆိပ်တွေ၊ အဝေးပြေးကားလမ်းတွေပေါ်က ညလုံးပေါက်ဆိုင်တွေမှာ အလုပ်လုပ်ကြရတဲ့ ကလေးတွေ ဆိုတာလဲ မနည်းလှပါဘူး။ ဒိထက် ထပ်ပြီးတော့ မြင်အောင်ကြည့်မိရင် ရေခဲထုပ်တို့ ရေခဲချောင်းတို့လို ဈေးလိုက်ရောင်းနေရတဲ့ ကလေးလေးတွေ၊ အမှိုက်လိုက်ကောက်နေသူတွေ၊ မီးပွိုင်ထိပ်လမ်းဆုံတွေမှာ စံပါယ်ပန်းလို ဂျာနယ်လို ကွမ်းလို လိုက်ရောင်းနေရတဲ့ ကလေးတွေများ အိုစုံလို့ စုံလို့ပါပဲ။ ခုလို တစ်ခုချင်း လိုက်ရေးနေတာက မြန်မာပြည်မှာ ကလေးတွေ ဘယ်လောက်များများ ဝမ်းရေးအတွက် အလုပ်လုပ်နေရသလဲ ဆိုတာလေးကို သတိမူစေချင်ရုံပါ။ ဒိထက် ထပ်တွေးမိရင် အိမ်အကူလုပ်နေကြရတဲ့ ကလေးတွေလည်း နည်းမယ်မထင်ပါဘူး။

ဒီကလေးတွေ အများစု (အားလုံးလိုလို)ဟာ ကျောင်းမနေနိုင်ကြပါဘူး။ သူတို့မှာ ကျောင်းစာသင်နိုင်တဲ့ အချိန်မရှိပါဘူး။ စာသင်နေဖို့ထက် ထမင်းစားရဖို့က ပိုအရေးကြီးနေပါတယ်။ သူတို့ဟာ ဘဝကပေးတဲ့ သင်ခန်းစာတွေပဲ သင်ကြရပါတယ်။ နုနယ်တဲ့ အတူခိုးလွယ် တတ်လွယ် သင်လွယ်တဲ့ အရွယ်မှာ လုပ်ငန်းခွင်ထဲ ရောက်နေကြပါတယ်။ များသောအားဖြင့် သူတို့အလုပ်လုပ်ရတဲ့ ဝန်းကျင်ဟာ လူပေါင်းစုံ စရိုက်ပေါင်းစုံပြီး မကောင်းတဲ့ အသိတွေ အကျင့်ဆိုးတွေကို မြင်တွေ့ရဖို့ အင်မတန်မှကို လွယ်ကူတဲ့ နေရာတွေ ဖြစ်နေတယ် ဆိုတာ ငြင်းမရပါဘူး။

Photo Credit Go To Ashin Acara

တကယ်တော့ သူတို့ဟာ ကလေးအလုပ်သမားလေးတွေပါ။ ကမ္ဘာပေါ်မှာ ကလေးအလုပ်သမားတွေ မရှိရအောင် ဥပဒေတွေနဲ့ ကာကွယ်ပေးထားပါတယ်။ မြန်မာနိုင်ငံမှာလဲ အသက် ၁၃နှစ်အောက် ကလေးတွေကို မိသားစုလုပ်ငန်းတွေက လွဲပြီးတော့ ဝင်ရောက်လုပ်ကိုင်ခွင့် မပြုဖို့ တားမြစ်ကာကွယ် ပေးထားပါတယ်။ သို့ပေမယ့် ဥပဒေဆိုတာက မေတ္တာတရားမဟုတ်ပါဘူး၊ ဥပဒေနဲ့ မညီရင် အပြစ်ပဲ ပေးပိုင်ခွင့် ရှိပါတယ်။ ဥပဒေဆိုတာကြီးက ထမင်းမကျွေးထားပါဘူး။ မိဘတွေကို ထောက်ပံ့မပေးထားသလို၊ ညီလေးတွေ ညီမလေးတွေကိုလဲ မုန့်ဝယ်မကျွေးပါဘူး၊ ကျောင်းစိမ်းဝတ်စုံ ထောက်ပံ့မပေးပါဘူး ပြီးတော့ စာသင်ကျောင်းမှာ ပြေးလွှားဆော့စကား ခွင့် ပေးထားတာ မဟုတ်ပါဘူး။ အလုပ်လုပ်ခွင့် မပြုတာက ကျောင်းမတက်ရတာထက် ပိုပြီးခံစားရခက်တဲ့ ဝေဒနာတွေ ပေးပါတယ်။

အဲဒိတော့ သူတို့တစ်တွေရဲ့ ဘဝလေးတွေကို ထဲထဲဝင်ဝင် ကြည့်ကြရင် ပိုမကောင်းဘူးလား။ ဒီကလေးတွေရဲ့ မူလဇစ်မြစ်က ဝေးလံခေါင်သီတဲ့ တောရွာတွေက ဖြစ်တာများသလို မြို့ကြီး ရွာကြီးကဆိုလဲ စားသောက်ဖို့တောင် အနိုင်နိုင် ဖြစ်ကြတဲ့ မိသားစုတွေက ပေါက်ဖွားလာကြတာပါ။ မိဘတွေက အလုပ်ကြမ်းသမား လက်လုပ် လက်စားတွေ၊ လယ်ယာလုပ်ငန်းတွေကို ပင်ပန်းစွာ လုပ်ကိုင်ရသူတွေ၊ ပညာမတက်ကြတဲ့သူတွေ များသောအားဖြင့် တွေ့ရတက်ပါတယ်။ အားလုံးကို မဆိုလိုပေမယ့် ဆင်းရဲမွဲတေမှုရဲ့ နောက်ဆက်တွဲ ရလဒ်ဖြစ်တဲ့ အိမ်ထောင်ရေး ပဋ္ဋိပက္ခတွေလဲ ရှိနေတက်ကြပါတယ်။

သူတို့လေးတွေ မွေးဖွားလာတဲ့နေရာမှာ ကျန်းမာရေးအသိနည်းမှု၊ ဂရုစိုက်နိုင်စွမ်း အိမ်ထောင်ရေး အစီအစဉ် မရှိကြလို့ မွေးချင်းတွေ များကြတဲ့ မိသားစုတွေလဲ ဖြစ်ကြတာ များပါတယ်။ မိမိကလေးကို အတန်းပညာ သင်ကြားစေဖို့ထက် ထမင်းဝအောင် ကျွေးနိုင်ဖို့က နေ့စဉ်နေ့တိုင်း ကြုံနေရတဲ့ မရိုးနိုင်သော အဓိက ပြဿနာကြီးပါ။ အဲဒိတော့ နည်းနည်းလေး အရွယ်ရလာတာနဲ့ မိဘတွေကို ကူညီပြီး လယ်ယာအလုပ်လို၊ အလုပ်ကြမ်း လိုမျိုးတွေမှာ ဝင်ရောက်ကူညီ လုပ်ကိုင်ရပါတယ်။

အဲဒိတော့ ခုနင်က အစချီလာတဲ့ အလုပ်သမား ဈေးကွတ်ဖြစ်တဲ့ စားသောက်ဆိုင်လို၊ အိမ်ဖော်လို၊ လက်ဖက်ရည်ဆိုင်လို နေရာမျိုးတွေကို ဆွေမျိုးနီးစပ်တွေက တဆင့်ခံပြီး သွားရောက် အလုပ်လုပ်ကြဖို့ အခြေအနေတွေက ဖန်တီးလာပါတယ်။ ဒီလိုကလေးတွေအတွက် အခုအလုပ်တွေက မူလလုပ်ကိုင်ရတဲ့ အလုပ်တွေထက် ပိုပြီးသက်သာပါတယ်၊ ပြီးတော့ ရှာသလောက် စားကုန်သွားတာမျိုး မဟုတ်ပဲ စားပြီးသောက်ပြီး တစ်လကို နှစ်သောင်း သုံးသောင်း အိမ်ကိုပြန် ထောက်ပံ့နိုင်ပါသေးတယ်။ မူလလုပ်ကိုင်ရတဲ့ အလုပ်မှာထက် ပတ်ဝန်းကျင်နဲ့ ပိုပြီးထိတွေ့ခွင့် ရနိုင်ပါသေးတယ်။ ပြောရရင် အလုပ်ရှင်တွေက သူတို့ရဲ့ ကျေးဇူးရှင် လိုမျိုး ဖြစ်နေကြတာပါ။

အလုပ်ရှင်တွေအနေနဲ့ကလည်း လုပ်ခဈေးသက်သာတာ နောက်ကလေးတွေဖြစ်လို့ ကလေးသဘာဝ ကရိကထ များတာထက် တခြားအလုပ်သမားတွေထက် ထိမ်သိန်းရလွယ်တာ တွေကြောင့် သူတို့ကို ပိုပြီးသုံးချင်ကြပါတယ်။ နောက်တစ်ခုက အလုပ်ရှင်တွေက သူတို့စိတ်ထဲမှာတင် ဒီကလေးတွေကို ကယ်တင်ထားတယ်ဆိုတဲ့ စိတ်ရှိနေတာပါ။ အစပိုင်က ပြောခဲ့တဲ့ တိုင်းရင်းသား စားသောက်ဆိုင်ကြီးဆို သူတို့မျိုးနွယ်တွေကိုပဲ ခေါ်လာပြီး အလုပ်ပေးထားတာပါ။ ရွာမှာဆိုရင် ဒိထက်ဆိုတဲ့ အခြေအနေနဲ့မို့ လာကြတာပါ။ တစ်ချို့တွေ့ဖူးသူတွေဆိုရင် ထမင်းတောင် နပ်မှန်အောင် မစားရတာတွေ ဒုနဲ့ဒေးပါပဲ။

ဒီအခြေအနေကို ပြန်သုံးသပ်ကြည့်ရရင်။ အပေါ်ယံကြည့်လိုက်ရင် ဒီလိုမျိုးလုပ်ရပ်တွေက ဒုက္ခသုက္ခတွေကနေ အလုပ်ရှင်တွေက တတ်နိုင်သလောက် ကူညီကြတယ်လို့ အလုပ်ရှင်ကော အလုပ်သမားကောက ထင်မြင်ယူဆကြပါတယ်။ ပြန်ပြီးတော့ တွက်ချက်ကြည့်ရင် ဒီလို စားသောက်ဆိုင်ပေါင်း မြန်မာပြည်မှာ ဘယ်နှစ်ခုလောက်ရှိပြီး ခုလို အလုပ်လုပ်နေကြတဲ့ ကလေးပေါင်း ဘယ်လောက် ရှိပါမလဲ။ မြန်မာပြည်မှာ နှစ်နှစ်ဆယ်ကျော်လောက် အသာကျနေတဲ့ လက်ဖက်ရည်ဆိုင် ယဉ်ကျေးမှုကနေ ကြီးပြင်းလာတဲ့ ကလေးအလုပ်သမားတွေဟာ လူကြီးတန်း ရောက်နေလောက်ပါပြီ။ သူတို့တစ်တွေက ငွေရေတွက်တာနဲ့ ပတ်ဝန်းကျင်က စရိုက်ပေါင်းစုံကို လေ့လာသင်ကြား ကျွမ်းကျင်သူတွေပါ။

နောက်ထပ် ဘယ်လောက်များများသော အတန်းပညာ သင်ကြားခဲ့ဖူးခြင်း မရှိတဲ့ကလေးတွေ ဘယ်လောက်များ နိုင်ငံကို တည်ဆောက်ကြမှာလဲ...။ အလုပ်ရှင်တွေအနေနဲ့ကလည်း သူတို့ရင်သွေးတွေဆိုရင် ဒီလိုသဘောထားမှာ မဟုတ်ပေမယ့် သူတို့လဲ တက်နိုင်သလောက် ကူညီထားကြတယ်ဆိုတာ လက်ခံပေးလို့ရပါတယ်။ တစ်ချို့ကလွဲရင်ပေါ့ဗျာ။ ခုနေ အလုပ်လုပ်နေရတဲ့ ကလေးပေါင်းကို စာရင်းပေါင်းကြည့်ရင် နည်းမယ်မထင်ပါဘူး။ သူတို့လဲ တခြားကလေးတွေလို ပတ်ဝန်းကျင်က သင်ယူကြပါတယ်။ အသက်တွေ ကြီးလာကြပါမယ်။ နိုင်ငံထဲမှာ အလုပ်တွေလုပ်ကြပါမယ်။ သူတို့တွေနဲ့ တခြားကလေးတွေနဲ့ ဘာတွေများ ကွာကြပါမလဲ။ နိုင်ငံအပေါ် လူ့ပတ်ဝန်းကျင်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိလာကြပါမလဲ။

လူတိုင်း စာတက်မြောက်ရေးဆိုတာ ကျောင်းတွေမှာ ကျောင်းဝင်ကြေးတွေ အလှူငွေတွေ မကောက်တော့တာနဲ့ ပြီးမသွား ပါဘူး။ ရေးတဲ့ခဲတံ၊ သားတဲ့ပေတံ၊ စာအုပ်နဲ့ ကျောင်ဝတ်စုံတွေ ပေးတိုင်း လူတိုင်ကျောင်းတက်လို့ရပြီလို့ အဖြေမထွက်သလို၊ ကလေးတွေကို အလုပ်မလုပ်ခိုင်းရ ဆိုပြီးတော့ ဥပဒေချမှတ်လဲ ပြီးသွားမယ့် ကိစ္စမဟုတ်ပါဘူး။

အဲဒိတော့ဗျာ။
ပင်လယ်ကမ်းစပ်မှာ တွေ့ရတဲ့ ကြယ်ငါးတွေကို ပင်လယ်ထဲ ကောက်ပြီးပစ်ချမယ် ပစ်ချခံရတဲ့ကောင်တော့ အသက်ရှင်မယ်ဆိုပြီး နီးစပ်ရာ လုပ်ကြရမှာလား။

ဒါခင်ဗျားတို့ အသုံးမကျလို့ ဖြစ်နေတာဆိုပြီး ထိုင်ဆဲနေကြရမှာလား။

ရှေးကုသိုလ်နည်းတာဆိုပြီး နီးစပ်ရာ ကျောင်းကဆရာတော်တွေက သင်္ကန်းခေါ်စည်းပေးကြရမှာလား။

လူတိုင်း ဘဏ်စာရင်းဖွင့်ခိုင်းပြီး အိမ်ထောင်ပြုရင် ဘယ်လောက်၊ ကလေးတစ်ယောက်ယူရင် ဘယ်လောက် ဒီပို့ဇစ် အရင်တင်ရမယ်လို့ ဥပဒေထုတ်ဖို့ ကြိုးစားကြရမှာလား။

NGOs တွေ ပိုပြီးတော့ အလုပ်များများရလာအောင် စွမ်းဆောင်ကြရမှာလား။

ဘာလား ညာလားနဲ့ပေါ့ဗျာ... အဖြေမတွေ့ရင်တော့ ပုဇွန်ခေါင်းပဲ ဖြတ်ပြစ်ကြရမယ် ထင်တာပါပဲ။ ခုနေခါ တွေးနေမိတဲ့ အတွေးတစ်စပါပဲ။

Luminox
1.5.2012 (May Day)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...