Thursday, April 26, 2012

မျှော်လင့်ချက် တကယ် မဲ့ သလား


by Zay Ya on Friday, April 27, 2012 at 2:01am 

A: ကျုပ် နှစ်နဲ့ ချီပြီး ကြိုးစားခဲ့ ~ အားထုတ်ခဲ့ ~ လုံးပန်း ခဲ့တယ်။ အခုထိ အရာ မထင် ဖြစ်နေ တာတွေ ချည်းပဲ။ ဒါကို ကြည့်ပြီး ရှက်တယ်။ ရှေ့လျောက်ပြီး လည်း ဘာမှ မဖြစ်နိုင်တော့ ဘူးလို့ မြင်နေပါတယ်။ အခု ကျနော့ဘဝ ကြီး ဟာ မျှော်လင့် ချက် မဲ့နေ တယ်ဗျာ ။ ဘာလုပ်သင့် သလဲ။

B: ကျနော် နှစ်သိမ့်ပြီး ဖြေပြော မယ် ထင်ရင် အကို လူမှားပြီး လာမေး တာ ဖြစ်ပါ တယ်။ အခု အွန်လိုင်း မှာ ရှိတဲ့ နူးနူး ညံ့ညံ့ နှစ်သိမ့် တတ်ကြသူ ဆရာ့ ဆရာ များဆီ သွားမေးတာ ပိုကောင်း လိမ့် မယ်။ အကို မေးတဲ့ "ကျနော့ဘဝ ကြီးဟာ မျှော်လင့် ချက် မဲ့နေ တယ်ဗျာ" ဆိုတာ ကို - ကျနော့ အနေနဲ့ ပြောရင် - ခင်ဗျား ကောင်းကောင်း - မျှော်လင့်ချက် မ "မဲ့"သေးလို့ ဖြစ်ပါတယ်။ အခု မျှော်လင့် ချက် မဲ့ တာ နည်းနေ ပါသေးတယ်။ အပြည့်အဝ မျှော်လင့်ချက် မဲ့ သွား ဖို့ လိုပါတယ်။ အခု ရှိနေတာ ထက် ပိုပြီး မျှော်လင့်ချက် မဲ့ သွားအောင် လုပ်လိုက် ပါ လို့ ကျနော် တိုက်တွန်း လို ပါတယ်။
နောက်ဆုံးမှာ ဘာကိုမှ "ဘာမှ" မမျှော်လင့် တော့၊ မတွေးတော့တဲ့ အထိ ~ မိမိသန္တာန် ကို မိမိ ကြည့်ကြည့် စေချင် တယ်။

အခု ပြောနေ တဲ့ "မျော်လင့်ချက် မဲ့နေ တယ်ဗျာ" ဆိုတဲ့ စကားဟာ အတွင်းကို နှိုက် ကြည့်ရင် "ဆက်မျှော်လင့်" နေသေး တယ် လို့ ဆိုလို ကြောင်း မြင်ရပါလိမ့်မယ်။ အဲ့ဒီ မျှော်လင့်ချက် မဲ့မှု ကို ကဗျာ ဆန်ဆန်၊ စာဆန်ဆန် နဲ့ အကို့ဘဝကို အဓိပ္ပာယ် မဲ့တယ် လို့ ဘာလို့ သတ်မှတ် ပစ်ရတာလဲ။ ဖတ်ဖူး မှတ်ဖူး သမျှ ကဗျာဂျိုး စာဂျိုး တွေ နဲ့ ကိုယ့်ကိုယ် ကိုယ် မလှည့်ပတ် ပါနဲ့။ ခင်ဗျား မျှော်လင့် ချက် မဲ့နေတာ မဟုတ်ပါဘူး။ အခုဖြစ်လာ သမျှ လက်မခံချင် တဲ့ စိတ် အကို့ဆီမှာ ရှိနေတယ်။ အဲ့ဒါကို က မျှော်လင့်နေ ပါသေး တယ်။ ဒါပေမယ့် ဒါကို မမြင်ရင်- "ကျွန်တော် - မျှော်လင့်ချက် မဲ့နေတယ်ဗျာ" ဆိုတာရဲ့ အခြားတစ်ဘက်မှာ - ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားနိုင်ပါ တယ်။ အဲ့ဒါကလည်း အကို့ရဲ့ မပျောက်ပျက်တဲ့ မျှော်လင့်စိတ် ကြောင့် ပဲ။

ဘာလို့ ဆို - "ဒီနေရာကနေ ထွက်ခွာ သွား ရင် အရာ အားလုံး ပြေလည် သွားမှာပဲ ~ ဒီနေရာ မှာ ငါ ရှိနေဖို့ မလိုအပ်ဘူး ~ ငါနေလို့ မရဘူး ~ ဒီနေရာက လွဲလို့ အခြား ဘယ်နေရာ ရောက်ရောက် ငါ့ အတွက် အိုကေ တယ်~ ဒီလောကကြီးမှာ ဘယ်မှာမှ ငါနဲ့ အံမဝင်ဘူး~ ငါ ဖြတ်ခနဲ ပျောက် သွားရင် ဘယ်လောက် ကောင်းမလဲ" ~ စသဖြင့် အဲ့ဒါတွေ ဟာလည်း ခင်ဗျား ရဲ့ မျှော်လင့်ချက်တွေ သာ ဖြစ် ပါတယ်။ "မျှော်လင့်ချက်" ဆိုတာ - ခင်ဗျားရဲ့ ဆန္ဒ၊ တမ်းတချက်၊ ရည်ရွယ်ချက် တွေ အားလုံးကို အမည်ပြောင်း ထားတဲ့ အမည် သက်သက် ပါ။


ခင်ဗျားရဲ့ ဆန္ဒ တွေ ဖြစ်မလာတော့ဘူး ဆိုတဲ့ အခါ၊
ခင်ဗျား တမ်းတချက်တွေ တကယ် မဖြစ်လာတဲ့ အခါ၊
ခင်ဗျား ရည်ရွယ်ချက်တွေ ပျက်သုဉ်း သွားတဲ့ အခါ - ခင်ဗျား သန္တာန် မှာ မျှော်လင့်ချက် မဲ့တယ်~ ဘဝကြီးကို အဓိပ္ပာယ် မဲ့သွားပြီ လို့ သတ်မှတ် လိုက်တယ်။

ဒါပေမယ့် - အကို့ အခု ဘဝ ကို ~ "အခုတည့်တည့်"- ကြည့်ကြည့်။ ~ နိုင်ငံရေး သမားတွေ ပြောပြောနေ တဲ့ ~ "ရှေ့ကို ကျနော်တို့/ ကျမတို့ ကြိုးပမ်း နေတယ်၊ ကျနော်တို့/ ကျမ တို့ မျှော်မှန်းတဲ့ ပန်းတိုင် အတွက် ရှေ့ ဆက်ကြမယ်" ဆိုတဲ့ စကားတွေ ကို ဖယ်ပါ။

အကို့ဘဝဟာ အခု ကြည့်- အခု ရှင်သန်နေတာ ဖြစ်ပါတယ်။ အကို သေသွားရင်တော့ လည်း ဒါတွေ ကျနော် ပြောစရာ မလိုဘူးပဲ။ ဒါ့ကြောင့် အဝေးကို ၊ အနီးဆုံး ရှေ့တစ်နာရီ ကိုတောင် မကျိန်းသေ မရေရာ၊ ကြုံရာတွေ ပြည့်နှက်နေတဲ့ - ကျနော် တို့ ဘဝ မှာ - ရှင်သန်နေ တဲ့ ပန်းတိုင် တိုင်း ဟာ အခြား မဟုတ်ဘူး ။ "အခုတည့်တည့်" သာ ဖြစ်ပါတယ် ~ အခု ကြည့်ကြည့် ရင် သိတယ်။ ပြီးခဲ့တဲ့ အချိန်က ချမှတ် ထားခဲ့တဲ့ လိုချင်ခဲ့တဲ့ ဆန္ဒ တွေ မရှိတဲ့ အခါ၊ မျှော်လင့် ချက် တွေ မရှိ၊ ရည်ရွယ် ချက်တွေ ရှိမနေ တဲ့ အခါမှာ လည်း - အကို့ဘဝ ဘယ်ရောက် သွားလို့ လဲ။ - ဘယ်မှ မရောက်သွားဘူး - အကို့ ဘဝ ဟာ "အခု" စင်စစ်မှာ - ရှိနေပါတယ်။ အဲ့ဒီ ရှိနေတဲ့ အခု ပစ္စုပ္ပန် တည့်တည့် ရှင်သန်နေမှု ကနေ - ဘယ်ကို များ ထွက်သွားလို့ ရခဲ့ဖူး ပါသလဲ။

မျှော်လင့်ချက် ဆိုတာ တစ်နည်းအားဖြင့် - ခင်ဗျား အခု တည့်တည့် ရှင်သန်မှု ကို မမြင်ဘဲ ထွက်ပြေးမယ် ဆိုတဲ့ နည်းလမ်း သာ ဖြစ် ပါတယ်။ အလိုဆန္ဒ က လည်း ပြေးတယ်။ ခင်ဗျား ရည်ရွယ်ချက်တွေ ကလည်း အခု ထိုင်မနေ နိုင်အောင် ရှောင်လွှဲ ရင်း ပြေးတယ်။ အဲ့ဒါတွေနဲ့ အကို မောဟိုက် ရင်း ဆက်ကာ ဆက်ကာ ပြေး- အမြဲတမ်း ပြေးလာခဲ့တယ်။ ဘဝ ဖြစ်စဉ် တစ်လျောက်လုံးက ဒါပဲ ဖြစ်ခဲ့တယ် မဟုတ်လား။

"အခု ဘာမှ မျှော်လင့်လို့ မရတော့ဘူး ဗျာ" ဆိုတဲ့ ခဏ ~ အစဉ်အမြဲ ပြေးလာ ခဲ့တဲ့ အကို့စိတ် ထပ်ပြေးချင်နေ ပါသေးတယ်။ အခု ခဏ ရဲ့ အခု ချမ်းမြေ့မှု ကို "အခုချက်ချင်း" ကြည့်ဖို့ တစ်ခါမှ အာရုံ မကျခဲ့ဘူးလား။ အကို့ဘဝကို အခု ကြည့်မယ် ဆိုပြီး တစ်ခါမှ မကြည့် ခဲ့ ဖူး ဘူးလား။ ဒီအကြောင်း ကြောင့် ပဲ ~ လူအများဟာ တရားဘာဝနာ အလုပ် ကို ပင်ပန်း တကြီး လုပ်ကြရ တာ ဖြစ်ပါတယ်။ "တရားဘာဝနာ" သက်သက် က စင်စစ် ပင်ပန်းတာ မဟုတ်ဘူး ~ အကျင့်ပါနေတဲ့ "အဲ့ဒီ မျှော်လင့် သမျှ၊ ရည်မှန်းစိတ်ကူးသမျှ" အတိုင်း အလိုတူ အလိုပါ အဖြစ် ကို မဖြစ်ရအောင် ~ တွန်းလှန် ရပ်ဆိုင်းနေ ရတာ မှာသာ ပင်ပန်း ရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ခင်ဗျား တကယ် (အပြည့်အဝ) မျှော်လင့်ချက် မဲ့နေတာ ဆိုရင် ဘာပြဿနာ မှ မရှိဘူး လို့ ပြောလိုတယ်။ အဲ့ဒီအခါ လည်း အကို ဒီမေးခွန်း ကို မေးတော့မှာ မဟုတ်ဘူးရယ်။ ဘာလို့ ဆို အကို အေးချမ်းပြီး သား ဖြစ်သွား မှာ မို့လို့။ ဆိတ်ငြိမ် သေဝပ်ပြီး သား ဖြစ်နေတော့မှာ မို့လို့ပဲ။

တကယ်တမ်း ဘယ်မျှော်လင့်ချက် ဆန္ဒမှ မရှိတဲ့ အခါ ဘယ်မေးခွန်းမှ၊ ဘယ် ခံစားချက် မှ မထွက် ဘူး။ ပြည့်ဝနေတဲ့ တိတ်ဆိတ်မှု တစ်ခုတည်း ရှိနေ ပါတယ်။ တစ်နည်း- အဲ့ဒီ မျှော်လင့်ချက်၊ ဆန္ဒ၊ အလိုအာသာ၊ ရည်ရွယ်ချက်တွေ တကယ် "မဲ့" သွား၊ ပျောက်သွားမယ် ဆိုစို့။ - အကို့ -ဆီမှာ "အခု" သာ ကျန်ရစ် တယ်။ အဲ့ဒီ "အခု၊ ပစ္စုပ္ပန်" တည့်တည့် တစ်ခုတည်း တကယ် ရှိနေ ပါတယ်။

"အခုပစ္စုပ္ပန်" ဟာ "အတိတ်၊ အနာဂတ်" လို - ကာလ မဟုတ်ဘူး။ အဖြစ်အပျက် တို့ ဆုံကြုံရာ လေး သက်သက် သာ ဖြစ် တယ်။ ပြီးရင် ပျောက်သွား ~ နောက်တစ်ခဏ ~ ရောက် လာပါလိမ့်မယ်။ ဒါဟာ လည်း မျှော်လင့်စရာ မဟုတ်ဘူး ~ သူ့သဘာဝ သက်သက်။ ဒီအပ်ဖျားလေး အပေါ် ရှင်သန်နေတဲ့ အဖြစ်ကို ရှင်းရှင်း မြင်တဲ့ အခါ အကို့ အနေနဲ့ - ဘယ်အရာ ကိုကော မျှော်လင့်နေ ဦးမလဲ။

ဒါ့ကြောင့် ကျနော့အနေနဲ့ ပြောရင် - မျှော်လင့်ချက် မဲ့ရင် - အပြည့်အဝ ကင်းမဲ့ သွားပါစေ။ မျှော်လင့် ချက် မဲ့ သလိုလို နဲ့ - အခြား တစ်ဖက် ကို မျှော်လင့်နေ တာ ကတော့ အန္တရာယ် ဖြစ်ပါတယ်။ အဲ့လို ဖြစ်နေ ရင့်  အကို ဒုက္ခ များပါ လိမ့်မယ်။ အဲ့လို ဟန် မဆောင်ပါနဲ့ ~ သူ့ရဲ့ အဆုံးသတ်မှာ - အကို အခု တည့်တည့် မှာ မနေနိုင် ဘူး ။ လက်ရှိအဖြစ်ကို ရင်မဆိုင် နိုင်ဘူး။ ကျဆင်းသွား တဲ့ စိတ်ဓာတ် ရှိလာတယ်။ ကစဥ့်ကလျား ဖြစ်တယ်။ အဲ့ဒီ စိတ်ရဲ့ အဆုံး - ခင်ဗျား ကိုယ့် ကိုယ် ကိုယ် သတ်သေ သွားမှာပဲ။

တကယ် လို့ အဲ့လို လုပ်တယ် ဆိုရင် လည်း ~ "အကို အခုအချိန် ကတည်းက ကြည့်ကြည့် ထားပါ"- အဲ့ဒါဟာ အကို တကယ် မျှော်လင့်ချက် မမဲ့ သွားဘူး လို့ ပြဆို တာ သက်သက် ဖြစ်ပါတယ်။ အကို့သန္တာန်မှာ "အခု ခံစားရသမျှ ဒုက္ခတွေ ပျောက် သွားချင်တယ်" ဆိုတဲ့ စိတ် အပြင်းပြဆုံး ရှိနေ ရင်း ဖြစ်ပျက် သွား တာ သက်သက်ပါ။

ဒါ့ကြောင့် - အကို အခု တကယ် လုပ်ဖို့က ~ မျှော်လင့်ချက်၊ တမ်းတချက်၊ ရည်သန်ချက်တွေ အားလုံး (အကို ပြောတဲ့ အတိုင်း) "တကယ်" ရပ်ဆိုင်း သွားဖို့ ပဲ။ မျှော်လင့်ချက် မဲ့တယ် ဆိုရင် တကယ် မဲ့သွားဖို့ပဲ ~ အဲ့နောက် ကျန်ရစ်တဲ့- အခု ရှင်သန် နေတဲ့ ခဏမှာ "အခု" အပြည့် အဝ အကြည်လင်ဆုံး ရှင်သန်နေဖို့ ~ ဒါလေးပါပဲ။

......................
April 26th 2012 at 1:30 PM
......................
http://zayya.wordpress.com/
http://zayya.blog.com/
......................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...