Saturday, April 28, 2012

ဝသုနြေ္ဒရီ ရှိရဲ့လား


 by သစ္စာနီ on Saturday, April 28, 2012 at 1:58am ·
မကြာသေးမီက ရွှေတိဂုံ ဘုရားသမိုင်းကို ရုပ်မြင်သံကြားတွင် နှစ်ရက်ခွဲ၍ ပြသသွားရာ၊ ပြဇာတ်အဖြစ် တင်ဆက်စဉ်က အကြောင်းအမျိုးမျိုးကြောင့် မကြည့်ရှုလိုက်ရသူများ၊ တစ်ခဲနက်အားပေး ကြည့်ရှုကြပါသည်။ ဆက်တင်အခမ်းအနား အပြင်အဆင် အဝတ်အစားများ တောက်ပြောင် ခမ်းနားပါသည်။ နာမည်ကျော် မင်းသား မင်းသမီးများကို တစုတဝေးတည်း ကြည့်ရှုရသည့်အတွက် ကျေနပ်ကြပါသည်။ ဦးဆောင်စီစဉ်သူများမှာ နာမည်ကျော် စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခ ဆိုသည့်အတွက် ဘုရင့်ပုဆိုး ပိုးချည်းပဲဟု ဆိုနိုင်ပါသည်။ သို့သော် ထိုပုဆိုးတွင် ပိုးပေါက်ကလေး အနည်းငယ်ကို မြင်မိသဖြင့် အပြစ်ရှာသည်ဟု မယူဆဘဲ ပြောခွင့် ပြုစေလိုပါသည်။
တင်ဆက်ပုံနှင့် သရုပ်ဆောင်များ၏ အမူအရာ စသည်တို့ကို မဝေဖန်လိုပါ။
တတ်နိုင်သမျှထဲမှ အကောင်းဆုံး လုပ်ဆောင်သွားကြသည် ဟုသာ ယူဆပါသည်။ ဗုဒ္ဓဝင်ဖြစ်စဉ်ကို ပြသရာ၌၊ လွဲချော်နေသော အချက်တစ်ချက်ကိုမျှသာ (အနည်းငယ် အရေးကြီးသည် ထင်သဖြင့်) ထောက်ပြလိုပါသည်။ မာရ်နတ်ကို အောင်မြင်ခန်းတွင် ဘုရားရှင်၏ ပလ္လင်တော်ကို လုယူရန် ရောက်ရှိလာသော မာရ်နတ်နှင့် သူ့စစ်သည်တွေကို ဝသုနြေ္ဒရီ ခေါ် မြေစောင့်နတ်သမီးက သူ့ဆံပင်ကို ရေညှစ်ချကာ၊ ဆံညှစ်ရေတွင် မျောပါပျက်စီးစေခြင်းဖြင့် ရှင်းလင်းဖယ်ရှားပုံကို ပြခဲ့ပါသည်။ ထိုအခန်းတွင် ဝသုနြေ္ဒရီ နတ်သမီးအဖြစ် သရုပ်ဆောင်သော နန္ဒာလှိုင်မှာ ခေါင်းလျှော်ရည် ကြော်ငြာရိုက်နေသလိုပင် လှပပါသည်။ အကျည်းတန်နေသော အချက်က ဖြစ်ရပ်မှန်တွင် ဝသုနြေ္ဒရီ နတ်သမီးဟူ၍ တကယ်ရှိမနေခြင်းသာ ဖြစ်ပါသည်။



မာရ်နတ်ရောက်လာသောအခါ သူ့အရှိန်အဝါမှာ ကြီးမားလွန်းသဖြင့် ဘုရားရှင်အပါးတွင် ခစားနေကြသော သိကြားမင်း၊ ဗြဟ္မာမင်းများပင်  ကြောက်ရွံ့ကာ ထွက်ပြေးကုန်ကြသဖြင့် ဗောဓိပင်အောက်တွင် ဘုရားရှင်တစ်ပါးတည်းသာ ကျန်ရစ်တော် မူခဲ့ပါသည်။ မြေစောင့်နတ်မျှသာဖြစ်သော ဝသုနြေ္ဒရီ နတ်သမီး၊ အနားပင် သီဝံ့မည် မထင်ပါ။ မာရ်နတ်ကို ရင်ဆိုင်သူမှာ ဘုရားရှင်တစ်ပါး တည်းသာဖြစ်ပါသည်။ ဘုရားရှင်သည် သူ့ဘဝ အဆက်ဆက်က  ဖြည့်ဆည်းတော်မူခဲ့သော သူ့ပါရမီတော်တွေကို  ဖော်ညွှန်းကာ မြေပြင်ကို သူ့ယာလက်ဖြင့် ညွှန်၍ သစ္စာပြုတော်မူသောကြောင့် နှစ်သိန်းလေးသောင်း အထုရှိသော ပထဝီမြေကြီးသည် အိုးထိန်းစက်ကဲ့သို ခြာခြာလည် တုန်လှုပ်သဖြင့် မာရ်နတ်နှင့် သူ့စစ်သည်များ  ဆောက်တည်ရာမရဖြစ်ကာ အကွဲကွဲ အပြားပြား ပြိုထွက်ပြေးကြ ခြင်းသာ ဖြစ်ပါသည်။


ဝသုနြေ္ဒရီ နတ်သမီးပေါ်ကာ ဆံပင်ရေညှစ်ချသည်ဆိုသည်မှာ တစ်ဆင့်စကား တစ်ဆင့်နား အရပ်ပြော ဇာတ်ပြောမျှသာ ဖြစ်ပါသည်။ ဗုဒ္ဓဝင်နှင့် ပတ်သတ်၍ ခိုင်မာ ကိုးကားလောက်သော မည်သည့် စာအုပ် စာတန်းမှာမှ မပါပါ။ (နုယဉ်၏ ကလေးများအဖို့ ဗုဒ္ဓဝင် စာအုပ်ထဲတွင်ပင် မပါပါ။) ကျွန်တော်တို့တွင် ဗုဒ္ဓဝင်နှင့် ပတ်သတ်၍ ခိုင်မာကိုးကားလောက်သော ကျမ်းကြီးကျမ်းခိုင်များ ရှိနေပါသည်။ ထိုစာ အုပ်များမှာ မရှားပါးလှပါ။

မြန်မာနိုင်ငံတွင် အစောဆုံးပေါ်ခဲ့သည်ဆိုသော “ပထမ ငါးခုန်ဆရာတော် ဘုရားကြီး” ၏ မဟာဗုဒ္ဓဝင် ဝတ္ထုတော်ကြီး နှစ်တွဲကို မကြာသေးမီ နှစ်များကမှ သာသနာရေးဦးစီးဌာနမှ ပြန်လည်ထုတ်ဝေထားပါသည်။ အထင်ရှား အကျော်ကြားဆုံး ဗုဒ္ဓဝင်စာအုပ်ဟု ဆိုရမည်ဖြစ်သော ဗုဒ္ဓဘာသာဝင်အိမ်တိုင်း တစ်အိမ်တွင် တစ်အုပ် ရှိတတ်သည့် “ကျီးသည်းလေးထပ် ဆရာတော် ဘုရားကြီး” ၏ ဇိနတ္တပကာသနီကျမ်းကိုလည်း ဘုရားဈေးတွင် အချိန်မရွေး အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။ ဘာသာရေး စာအုပ်များ ထုတ်ဝေရာ၌ ဟံသာဝတီ၊ ပညာ့အလင်း စသော စာပေတိုက်ကြီးများကဲ့သို့ပင်၊ အစဉ်အလာကြီးခဲ့သော သုဓမ္မဝတီ ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် “သုဓမ္မဝတီ ဗုဒ္ဓဝင်” ကျမ်းလည်း ရှိပါသည်။ အပြည့်ဆုံစုံး၊ အကျယ်ပြန့်ဆုံးဟု ဆိုနိုင်သော တိပိဋက ဆရာတော် ဦးဝိစိတ္တသာရဘိဝံသ၏ မဟာဗုဒ္ဓဝင် ကျမ်းခုနှစ်ကျမ်းတွဲ (ရှစ်အုပ်) လည်း ရှိနေပါသည်။ ထိုစာအုပ်များတွင် ဝသုနြေ္ဒရီ နတ်သမီးကို မတွေ့ရပါ။

မခိုင်မာသော အရပ်ပြော စကားများကြောင့် ဗုဒ္ဓတွင် လွဲမှားစွာ တွင်ကျယ်နေသော အချက်များ ရှိပါသည်။ ဥပမာ-- ဘုရားရှင်ရှေ့တွင် ပဉ္စင်္သိခ နတ်သားက မလျော့မတင်း စောင်းကြိုးညှင်းကာ လာရောက်တီးခတ်ပြမှ ဘုရားရှင်သည် အမြင်မှန်ရကာ ဘုရားအဖြစ်သို့  ရောက်တော်မူသည် ဆိုသော အပြော အရေးမျိုး ဖြစ်ပါသည်။ (ထိုအချက်မှာ ဘယ်ခိုင်မာသော ဗုဒ္ဓဝင်ကျမ်းများတွင်မှ မပါပါ။) ပဉ္စင်္သိခ နတ်သားကို ဇန်းတင်ကာ ကပြသော ဇာတ်ပုံပြင်များမှ ထိုအယူအဆ ပြန့်ပွားလာဟန်တူပါသည်။ ပဉ္စင်္သိခ နတ်သား လမ်းညွှန်မှ အလောင်းတော်သည် ဘုရားဖြစ်ရမည်ဆိုလျှင် သူကိုယ်တိုင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း ဖြည့်ဆည်းတော်မူခဲ့သော ပါရမီတော် တွေကို အမှိုက်ပုံ သွားလွှင့်ပစ်ဖို့သာ ရှိပါသည်။ မည်သူ့ကိုမှ ထိခိုက်နစ်နာစေလိုသော စိတ်မရှိပါ။ အရပ်စကား၊ ဇာတ်စကားဖြင့် ဗုဒ္ဓဝင်ကို အလွဲလွဲ အမှားမှား သိနေသော၊ သာမန်လူများ အကောက်အယူ မလွဲကြစေရန် စေတနာမှန်ဖြင့် တင်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။

သစ္စာနီ (သန္တာရသလွင်ပြင် - ၂၊ ပထမအကြိမ်၊ ၂၀၀၄ မတ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...