ပညာရေးဒဿန -လစ်ဘရယ်ဒီမိုကရေစီ
- Published on Saturday, 28 April 2012 15:03
- Written by မင်းခက်ရဲ
ဂျွန်ရောလ် (John Rawls) ဟာ နှစ်ဆယ်ရာစု နိုင်ငံရေးဒဿနပညာရှင်တစ်ဦးပါပဲ။ ၁၉၇၁မှာ သူ့ရဲ့ ‘Theory of Justice’ စာအုပ်ကို ထုတ်ဝေတယ်။ ဒဿနပညာနဲ့ ပတ်သတ်လို့ အင်္ဂလိပ် အမေရိကန်တင်မကတော့ပဲ၊ ဥရောပတိုက်ကိုပါ နှိုးဆွလိုက်တယ်။
သူရဲ့ ဒဿနအမြင်ကို သဘောမတူတဲ့ ပညာရှင်တွေလည်း ရှိတယ်။ ဥပမာ သူ့လို ထင်ရှားတဲ့ ဒဿနပညာရှင်တွေထဲက ဆိုရရင် ရောဘတ်နော့ဇစ်နဲ့ မတ်အိုင်တိုင်းယာတို့ဟာ သူ့အမြင်ကို ဝေဖန်ကြပါတယ်။
ရောလ်ကလည်း နောက်ပိုင်း ၁၉၉၃ ခုနှစ်မှာ သူ့အမြင်ကို ပြန်လည်ခုခံကာကွယ်တဲ့ အနေနဲ့ နောက်ထပ်တစ်အုပ် ရေးသားထုတ်ဝေတယ်။
ရောလ်ရဲ့ အရေးအသားတွေထဲမှာ ကျွန်တော်တို့ ထင်ထင်ရှားရှားတွေ့နိုင်တာက လစ်ဘရယ်ဒီမိုကရေစီကို ဘယ်လို အင်အားတောင့်တင်းခိုင်မာအောင် ကြိုးစားမလဲဆိုတဲ့ အပိုင်းပါပဲ။ ဒီအပိုင်းကို ရှင်းပြတဲ့အခါမှာ ရောလ်ဟာ ပညာရေးရဲ့ အခန်းကဏ္ဍကို အတော်ကလေးအားကိုးခဲ့တာကို တွေ့ရမယ်။
ရောလ်က လစ်ဘရယ်ဒီမိုကရေစီမှာ နိုင်ငံရေး လွတ်လပ်မှုနဲ့ ညီမျှမှုတန်ဖိုးစံတွေကို ဌာပနာတည်ထားရမယ်၊ အကျိုးအမြတ်မတူတဲ့ အုပ်စုအမျိုးမျိုးကို စောင့်ရှောက်နိုင်ရမယ်လို့ တောင်းဆိုတယ်။ အကျိုးအမြတ်မတူတဲ့ အုပ်စုတွေမှာ ကောင်းမွန်တဲ့ ဘ၀နဲ့ ပတ်သတ်လို့ သူတို့ရဲ့ ကိုယ်ပိုင်သိမှုနဲ့ အတူသူတို့ရှိနေတာကြောင့် အုပ်စုမျိုးစုံကို လစ်ဘရယ်တန်ဖိုး စံတွေနဲ့အညီ စောင့်ရှောက်ရမယ်လို့ယူတာပါ။
အုပ်စုကလေးတွေအထိ လစ်ဘရယ်တန်ဖိုးစံကို လျော့ချလိုက်တာကြောင့် ရောလ်ရဲ့ အတွေးအခေါ်ဟာ လစ်ဘရယ်ဒီမိုက ရေစီအကျိုးအမြတ်တွေကို အသေးငယ်ဆုံးအစိတ်အပိုင်းအထိရောက်စေတဲ့ အမြင်ရယ်လို့ဆိုကြတယ်။ အုပ်စုကလေးတွေ အထိ လစ်ဘရယ်ရဲ့ အဓိကအတွေးအခေါ်ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်ပိုင်စိုးမှုနဲ့ တသီးပုဂ္ဂလသဘာဝကို ပေးအပ်နိုင်ရမယ်။ ဒီလိုပေးအပ်ဖို့ရာ ပညာရေးအဆောက်အအုံအတွင်း ဘယ်လိုတည်ဆောက်ရမယ်ဆိုတဲ့ အပိုင်းကိုလည်း ရောလ်ရဲ့ အတွေးအခေါ်မှာ တွေ့ရမှာ ဖြစ်တယ်။
လစ်ဘရယ် လူ့အဖွဲ့အစည်းအတွက် ပညာရေးရဲ့ အပိုင်းကို ရောလ်က “ကလေးငယ်တွေရဲ့ ပညာရေးမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ထည့်ဝင်ထားရမယ်။ ဒါမှ လူအဖွဲ့အစည်းအတွင်းမှာ လွတ်လပ်မှုကို မြတ်နိုးတဲ့ သိမှုတွေ ကိန်းအောင်နေတယ်ဆိုတာကို ကလေးငယ်တွေ သဘောပေါက်နားလည်လာမယ်။ ကလေးငယ်တွေဟာ သူတို့ရဲ့ အကျိုးအမြတ် အုပ်စုထဲမှာ သူတို့ ဆက်လက်ဖြတ်သန်းနေပေမယ့် သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို လစ်လျူရှုတဲ့ စိတ်နဲ့ ဖြတ်သန်းနေတာမျိုး ဖြစ်မလာတော့ဘူး” လို့ဆိုတယ်။
ရောလ်ရဲ့ အမြင်မှာ ပညာရေးရဲ့ အခန်းဂဏ္ဍဟာ လစ်ဘရယ်ဒီမိုကရေစီ၊ လူ့အခွင့်အရေးတွေနဲ့ နက်နက်ရှိုင်းရှိုင်း အမြတ်တွယ်နေတာကိုတွေ့ရမယ်။ ပညာရေးပညာရှင်တွေကို နိုင်ငံရေးလူ့အဖွဲ့အစည်းမှာ ကွဲပြားခြားနားမှုတွေ ရှိနေတယ်၊ ပညရေးပေါ်လစီတွေကို ရေးဆွဲရာမှာ ကွဲပြားခြားနားမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်အောင်ကြိုးစားနိုင်ရမယ်လို့ ဖိအားပေးတယ်။
ပညာရေးမှာ အဓိကကိုင်တွယ်ဆွေးနွေးရမယ့်အရာတွေကလည်း ကိုယ့်ကိုယ်ကို ပိုင်စိုးမှု၊ နိုင်ငံသား ပညာရေး၊ လူ့အဖွဲ့အစည်း အသင်းအပင်းနဲ့ ပါဝင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေး ၊ ဗဟုယဉ်ကျေးမှုဝါဒ ၊ လူအများကောင်းစားရေးတွေဖြစ်တယ်လို့ ထုတ်ဖော်ပြသနေတယ်။
နိုင်ငံရေးလွတ်လပ်ခွင့် ကို ပြုစုပျိုးထောင်ဖို့ပြောတဲ့ နေရာမှာလည်း နိုင်ငံရေးလွတ်လပ်ခွင့်ရဲ့ အကျိုးကျေးဇူးက လူတွေကို ဆင်ခြင်တုံတရားနဲ့ ဆောင်ရွက်လာဖို့၊ သူတိုရဲ့ ရွေးချယ်မှုတွေကို သူတို့ လေးစားဖို့၊ အပြန်အလှန်တာဝန်ယူ နိုင်ဖို့ လုပ်ပေးနိုင်ရမယ်လို့ ဖွင့်ဆိုတယ်။
ကလေးတွေနဲ့ ပတ်သတ်လို့ အထူးသတိပေးထားတဲ့ ပြဿနာတစ်ခုက ကလေးတွေဟာ လူကြီးတွေ ပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုအဖြစ် မသတ်မှတ်ကြဖို့ပဲ။ လူကြီးတွေဟာ သူတို့သားသမီးတွေကို သူတို့ပိုင်ပစ္စည်းအဖြစ် သဘောထားပြီး နေရာတကာ ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေတာ၊ အဲဒီလို စွက်ဖက်နိုင်တဲ့ ပညာရေးမျိုး ပေးထားတာဟာ လစ်ဘရယ်ဆိုတာနဲ့ ဆန့်ကျင်သွေဖယ်နေတယ်လို့ ဆိုတယ်။
ကလေးငယ်တွေရဲ့ ကိုယ်ကိုယ်ကို ပိုင်စိုးမှုကို အတွက် သူတို့ဟာ ရွေးချယ်မှုတွေကို သူတို့ကိုယ်တိုင်ရွေးချယ်ရင်း၊ တာဝန်ယူမှုတွေဖြစ်ပေါ်လာအောင်လုပ်ပေးရမယ်။ အစဉ်းအလာပုံစံမှာ မိဘတွေက ကလေးငယ်တွေအတွက် တာဝန်ယူရင် ရွေးချယ်မှုတွေကို ကလေးငယ်ကိုယ်စားလုပ်ကိုင်ပေးတတ်ကြတယ်။ ဒါဟာကိုယ့်ကိုယ်ကိုယ် ပိုင်စိုးမှု ပျောက်ဆုံး နေတဲ့ သဘောပဲ။
လစ်ဘရယ်ဒီမိုကရေစီ လူ့အဖွဲ့အစည်းလို့ ကိုယ့်ကိုယ်ကိုယ် ခံယူကြတော့မယ်ဆိုရင် လူ့အဖွဲ့အစည်းဝင်လူသားတွေရဲ့ တာဝန်က ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးမှုကို အနှောင့်အယှက်ပေးမယ့်အရာတွေကို ဖယ်ရှားပစ်ဖို့ပဲ ။ ဒီအတွေးအခေါ်ကို ဖော်ပြတဲ့ နေရာမှာ ရောလ်က ဆက်လက်ပြီး ကိုယ့်ကိုယ်ကိုယ်ပိုင်စိုးမှုရှိတဲ့ အခြေအနေတစ်ရပ်ဖြစ်ပေါ်လာဖို့အတွက် နိုင်ငံသားအခွင့်အရေးကို အပြည့်အ၀ရရှိနေဖို့ အရေးကြီးတဲ့ ဆိုတဲ့ အယူအဆနဲ့ ဆက်ပြီး ဒေါက်ထောက်ထားတာကိုတွေ့ရမယ်။ သူက ပညာရေးရဲ့ နောက်ထပ်မပြီးပြတ်သေးတဲ့ တာဝန်အဖြစ်နဲ့-
“ဒါ့အပြင် ပညာရေးက လူသားတွေကို သူတို့ရဲ့ လူ့အဖွဲ့အစည်းအဖွဲ့ဝင်တွေ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်တတ်ဖို့အတွက် ပြင်ဆင်ပေးရမယ်။ သူတို့တွေအချင်းချင်း အကူအညီအထောက်အပံ့ပေးနိုင်အောင်လုပ်ပေးရမယ်။ ဒီလိုလုပ် ပေးနိုင်ဖို့ နိုင်ငံရေး ကောင်းမြတ်မှုတရားတွေကို ပေးအပ်ရမယ်။ တကယ်လို့ သူတို့ဟာ လူ့အဖွဲ့အစည်းနဲ့ လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တာဟာ မျှတတဲ့ လုပ်ဆောင်ဖြစ်ပြီး ဂုဏ်ယူစရာဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးဆိုင်ရာ ကောင်းမြတ်မှုတရားကို ပညာရေးက ပေးအပ်ထားနိုင်ရမယ်” လို့ ဆိုတယ်။
အထက်ပါအရေးအသားကို ဖော်ပြပြီးတဲ့ အခါရောလ်ဆက်လက်ဖော်ပြတာက ကလေးငယ်တွေဟာ လစ်ဘရယ် လူ့အဖွဲ့အစည်းအတွင်း သူတို့ရဲ့ အခွင့်အရေးကို သူတို့ သိအောင်လုပ်ပေးရုံတင်မကဘူး၊ ပညာရေး လစ်ဘရယ်တရားတွေ အပြည့်အ၀ဖွံ့ဖြိုးလာအောင် လုပ်ရမယ်။
ဒါပေမယ့် ရောလ်ထက် လစ်ဘရယ်ပိုဆန်သူ ပညာရှင်တစ်ချို့တော့ ရောလ်အနေနဲ့ ပညာရေးမှာ လစ်ဘရယ်တရားတွေ ဖွံ့ဖြိုးအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ အပိုင်းကို မဆွေးနွေးခဲ့တာကို အားမရကြဘူး။ သူတို့က ရောလ်ပြောတဲ့ လစ်ဘရယ်တရားတွေ ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ အပိုင်းဟာ မသေချာမရေရာဖြစ်နေတယ်လို့ မြင်တယ်။
နိုင်ငံရေးဆိုင်ရာ လစ်ဘရယ်ဝါဒအနေနဲ့ နောက်ထပ်လုပ်ရမယ့် အရာတစ်ခုက တိုင်းရေးပြည်ရေးမှန်သမျှဟာ လစ်ဘရယ် ဒီမိုကရေစီ ဖြစ်နေဖို့ အခြေခံ ကောက်ကြောင်းတွေ ရှာဖွေဖော်ထုတ်ပေးရတာပဲလို့လည်း ဆိုကြတယ်။ နောက် အရည်အသွေးပြည့်ဝတဲ့ နိုင်ငံသားတွေကြား အပြန်အလှန် ဆက်ဆံမှုကိုလည်း တည်ဆောက်ပေးနိုင်ရမယ်။ ဒါကို ပညာရေးက အပြည့်အ၀မဟုတ်ရင်တောင်မှာ ကြီးကြီးမားမား ဖြည့်ဆည်းပေးရမှာ ဖြစ်တယ်။
ရောလ်နဲ့ သူ့နောက်လိုက်တွေ ကလည်း လစ်ဘရယ်ဒီမိုကရေစီကို ယုံကြည်သက်ဝင်တဲ့ ဘယ်လို လူ့အဖွဲ့အစည်းမျိုးမဆို လစ်ဘရယ်တန်ဖိုးစံကို ကလေးငယ်ကနေ လူကြီးဘ၀အထိ တောက်လျောက်ဖြည့်ဆည်းပေးနေမယ့် ပညာရေးပေါ်လစီမျိုး ရှိနေသင့်တယ်လို့ ဆိုတယ်။
ကလေးငယ်ကနေ လူကြီး (၀ါ) ကလေးရဲ့ အနာဂတ်ကာလအထိ ရေးရမယ့် ပညာရေးပေါ်လစီဟာ လက်တွေ့ဆန်တဲ့ အရှိတရားပေါ် အခြေခံရမယ်။ လက်တွေ့ကြတဲ့ တနည်းအာဖြင့် အခွင့်အရေးအပေါ် အခြေခံတဲ့ ပေါ်လစီမျိုးဖြစ်ရမယ်။
ဒီလို ပေါ်လစီကသာ ပညာရေးမှာ ပါဝင်တဲ့ လူအများစုကို လစ်ဘရယ်တန်ဖိုးစံတွေရရှိလာအောင် လုပ်ပေးနိုင်မှာဖြစ်တယ်။ ရောလ်ရဲ့ အမြင်ပါ အခွင့်အရေးဆိုတာ ရွေးချယ်နိုင်မှုနဲ့ကိုယ်ကိုယ်ကိုယ်ပိုင်စိုးမှုကိုသာ အခြေခံ ပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိအောင် လုပ်ပေးမယ် အခွင့်အရေးအမျိုးမဟုတ်ဘူး။
ပညာရေးဟာ အလုပ်အကိုင် အခွင့်အလမ်းနောက်ကိုသာ လုပ်နေမယ်ဆိုရင် လစ်ဘရယ်ဝါဒကနေ သွေဖယ်ကောင်း သွေဖယ်သွားနိုင်တယ်။ ပညာရေးမှာ ထည့်ဝင်ရမယ့် စာပေနဲ့ ပတ်သတ်ပြီးရောလ်က လစ်ဘရယ်ဝါဒကို ပိုမိုကြေလည်သဘောပေါက်တဲ့ စာမျိုးသာမက လစ်ဘရယ်တန်ဖိုးစံတွေကို ချဲ့ထွင်နိုင်တဲ ပိုမိုကျယ်ပြန့်တဲ့ ပညာရေးအမြင်တွေဆီကို ဦးတည်နိုင်မယ့် စာပေးမျိုးတွေ ထည့်ဝင်ဖို့ အရေးကြီတယ်လို့ မြင်တယ်။
မင်းခက်ရဲ
0 comments:
Post a Comment